လူဖြူတဦးက လူမဲနှစ်ဦးကို ကုန်စုံဆိုင်တခုတွင် သတ်ဖြတ်ခဲ့သည်။ လူဖြူအချင်းချင်း မသတ်သောကြောင့် ဆိုင်ပြင်ပတွင် တွေ့သော လူဖြူတဦးကိုမူ သတ်ဖြတ်ခဲ့ခြင်းမရှိပေ။ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတဦးနှင့် လူဖြူကြီးစိုးရေးသမားများကို အထင်ကြီးသော ဂျူးဆန့်ကျင်ရေးသမားတဦးက သမ္မတကို အတိုက်အခံ လုပ်သူများထံသို့ ဗုံးများပေးပို့သည်။ ဂျူးဆန့်ကျင်ရေးသမား တဦးက ဂျူးဘုရားကျောင်းအတွင်း ဝင်လာပြီး “ဂျူးတွေ သေရမယ်” ဟု အော်ဟစ်ကာ လူ ၁၁ ဦးကို သတ်ဖြတ်ခဲ့သည်။
ပြီးခဲ့သော တပတ်သည် အမေရိကန် အမုန်း ရက်သတ္တပတ် ဖြစ်သည်။
မကြာသေးမီက ဖြစ်ပွားသည့် အမေရိကန်ရှိ သွေးထွက်သံယို အများဆုံးနှင့် အစူးရှ အနာကျင်ဆုံး သတင်းများသည် တခုနှင့် တခု ဆင်တူရိုးမှားဖြစ်နေပြီး လူမျိုးရေး၊ ပြင်းထန်သော စကားများနှင့် ဒေါသ စသည့် ခေါင်းစဉ်များ အောက်တွင် အကျုံးဝင်နေသည်။
လွန်ခဲ့သော တပတ်နှင့် တပတ်အကြား တခုတည်းသော ကွဲပြားခြားနားမှုမှာ ထိုခေါင်းစဉ်အောက်မှ ဒေါသထွက်နေသော၊ အမုန်းများဖြင့် ပြည့်နေသော လူအနည်းငယ်က ပြင်ပသို့ထွက်ပြီး ၎င်းတို့၏ အမုန်းများကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ပိုက်ဗုံးများပါသော အထုတ်များသည် လွန်ခဲ့သော တနင်္လာနေ့တွင် ဘီလ်နှင့် ဟီလာရီ ကလင်တန်၊ ဘားရက် အိုဘားမား၊ ဂျိုးဘိုင်ဒင်၊ အောက်လွှတ်တော်အမတ် မက်ဆိုင်း ဝေါတားနှင့် အမေရိကန် ဗဟို ထောက်လှမ်းရေး ဌာန ညွှန်ကြားရေးမှူး ဂျွန် ဘရန်နန်တို့ အပါအဝင် ထင်ရှားသော ဒီမိုကရက်များ၏ နေအိမ်နှင့် ရုံးများသို့ ရောက်လာကြသည်။
ဗုံးပါသည့် အထုတ်သည် လက်ယာသမားများ၏ စိတ်တိုင်းကျ ပစ်မှတ်၊ လိျှု့ဝှက် ကြံစည်မှုမျိုးစုံနှင့် ပတ်သက်နေသူနှင့် မကောင်းဆိုးရွား ကောင်ကြီး ဖြစ်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သော ဘီလျံနာ ပရဟိတသမား ဂျော့ ဆိုးရော့စ်၏ အိမ်သို့ လည်း ရောက်လာသည်။
ထိုသို့ ဗုံးထုတ်များ အပို့ခံရသူ အားလုံးသည် သမ္မတ ထရမ့်၏ လူသိရှင်ကြား ရန်သူများ ဖြစ်ကြောင်းနှင့် ထရမ့်သည် ထိုသူများကို အကြမ်းဖက်ရန် သူ၏ နောက်လိုက်များကို ယခင်က တွန်းအားပေးခဲ့ကြောင်း သတင်းမီဒီယာက ထောက်ပြသည်။
သမ္မတ အပါအဝင် ရှေးရိုးစဉ်လာ ဝါဒီများက ထိုဗုံးများသည် ဒီမိုကရက်တစ်များက ပြုလုပ်သည့် အယောင်ဆောင် စစ်ဆင်ရေးများဖြစ်သည်ဟု တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပြောကြသည်။
ထိုအချက်သည် မမှန်ကြောင်း နောင်တွင်သိလာရသည်။ သောကြာနေ့ညတွင် ရဲတပ်ဖွဲ့သည် ထရမ့်ကို အမာခံ ထောက်ခံသူ၊ လျှို့ဝှက်ကြံစည်ရေး သဘောတရားသမား ဖြစ်သော အသက် ၅၆ နှစ်အရွယ် ဆီဇာ ဆေးယော့ ကို ဖမ်းဆီးခဲ့သည်။
သူသည် သူ့ကို စွပ်စွဲထားသည့် ပြစ်မှုများကို သမ္မတအတွက် အကြောင်းပြ လုပ်ဆောင်ခဲ့ကြောင်း စတစ်ကာများ ကပ်ထားသော သူ၏ ဗင်ကားက ပြသနေသည်။ သူ၏ ဗင်ကားမှ တချို့သော စတစ်ကာများတွင် သူ ဗုံးပို့ဆောင်ခဲ့သူများ၏ မျက်နှာများတွင် ပစ်မှတ်များ ရေးဆွဲထားပြီး တခြား စတစ်ကာများမှာမူ ထရမ့်နှင့် ဒု သမ္မတ မိုက်ပန့်စ်တို့ကို ချစ်ခင်လေးစားစွာ ချီးကျူး ဂုဏ်ပြုထားသည်များ ဖြစ်နေသည်။ တချိန်တည်းမှာပင် ထရမ့်က ဆိုးရော့စ်ကို ဟာသ လုပ်နေပြန်သည်။
သို့သော် ဆီဇာ ဆေးယော့၏ နှလုံးသားတွင် ပြောင်ကျ သက်တမ်းရှည်ကြာ လှပြီဖြစ်သော အမုန်းလည်းရှိနေသည်။ ဆေးယော့က သူသည် အမေရိကန် ဌာနေတိုင်းရင်းသား မျိုးရိုးဖြစ်သည်ဟု ပြောသော်လည်း ခေတ်ဟောင်းက လူဖြူကြီးစိုးရေးသမားများကို အထင်ကြီးသူဖြစ်ကြောင်းနှင့် ဟစ်တလာခေတ်သို့ ပြန်သွားလိုသူဖြစ်ကြောင်း သူ၏ အလုပ်ရှင်ဟောင်းက စနေနေ့တွင် HuffPost သို့ ပြောသည်။ ဆီမင်နိုး မျိုးနွယ်စုကမူ ဆေးယော့သည် အမေရိကန် ဌာနေတိုင်းရင်းသား မျိုးရိုးဖြစ်သည်ဟူသော အချက်ကို ငြင်းဆိုသည်။
ထိုသို့သော သတင်းများတွင် ကနဦးပျောက်နေသော သတင်းတခုမှာ ဗုဒ္ဓဟူးနေ့က ကင်တပ်ကီပြည်နယ်ရှိ ခရိုဂါတွင် ဖြစ်ပွားသော ပစ်ခတ်မှုဖြစ်သည်။ အမေရိကန်နိုင်ငံတွင် နေ့စဉ် လူ ၉၆ ဦး သေနတ်ဖြင့် သတ်ဖြတ် ခံရပြီး ထိုထက်များစွာ ပစ်ခတ်ခံနေရသောကြောင့် ကုန်စုံဆိုင်ပစ်ခတ်မှုတွင် လူ နှစ်ယောက် သေသည့် သတင်းမှာ အံ့သြစရာမဟုတ်ပေ။ သို့သော် နောက်ပိုင်းတွင် ထိုပစ်ခတ်မှုတွင် ထူးခြားမှု ရှိကြောင်း သိလာရသည်။
ဂရီဂေါ်ရီ အလန် ဘုရှ် သည် ကုန်စုံဆိုင်တခုတွင် လူမဲတဦးကို နောက်စေ့မှ ပစ်သတ်ပြီး လဲကျနေစဉ် ထိုသူကို နောက်ထပ် အချက်ပေါင်းများစွာ ထပ်မံပစ်ခတ်သည်။ ထိ့ုနောက် ဆိုင်မှထွက်လာပြီး လူမဲအမျိုးသမီးတဦးကို ထပ်မံ ပစ်သတ်သည်။ ထိုသို့ သတ်ဖြတ်ခြင်းနှင့် ပတ်သက်သော တရားဝင် အကြောင်းရင်းကို စနေနေ့အထိ မှတ်တမ်း တင်ထားခြင်း မရှိသေးသော်လည်း ဘုရှ်သည် သူထိုနေရာသို့ အမှုမဲ့အမှတ်မဲ့ လျှောက်လာချိန်တွင် “လူဖြူက လူဖြူကို မသတ်ဘူး” ဟု အော်ဟစ်ခဲ့ကြောင်း ထိုအချိန်က လက်နက်ပါလာသော မျက်မြင် သက်သေ တဦးက Louisville Courier-Journal သို့ပြောခဲ့သည်။
ဘုရှ်သည် မိနစ်အနည်းငယ် စောစောပိုင်းက လူမဲအများစုရှိသော ဘုရားကျောင်းသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ သော်လည်း အောင်မြင်ခြင်း မရှိခဲ့ကြောင်း ပေါ်ပေါက်လာခဲ့သည်။
ချက်ခြင်း ဆိုသလိုပင် ပုံမှန် အမေရိကန်ပစ်ခတ်မှု သတင်းသည် ပုံမှန်အမေရိကန် အမုန်းဇာတ်လမ်း ဖြစ်လာခဲ့သည်။ စနေနေ့တွင်မူ အမေရိကန် အမုန်းဇာတ်လမ်းသည် တပတ်လည်သွားတော့သည်။
ရောဘတ် ဘိုးဝါးအမည်ရှိ ဂျူးဆန့်ကျင်ရေးသမား တဦးသည် ပစ်စဘတ်ရှိ ဂျူးဘုရားကျောင်းအတွင်းသို့ ဝင်လာပြီး “ဂျူးအားလုံးသေရမယ်” ဟု အော်ဟစ်ကာ ပစ်ခတ်သဖြင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး အခြားသူများလည်း ဒဏ်ရာရကြသည်။
ဘိုးဝါး၏ လူမှုကွန်ရက် လှုပ်ရှားမှုကို ကြည့်သောအခါ သူသည် ဂျူးများကို မုန်းတီးသူဖြစ်ကြောင်း တွေ့ရသည်။ သူသည် အကြမ်းဖက် နာဇီလက်သစ်များ၏ အချက်အခြာဖြစ်သော Gab တွင် အများဆုံး ရေးသားသည်။
ဂျူးများသည် အမေရိကန်နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းအခြေချများကို ခေါ်ဆောင်လာပြီး လူဖြူများ၏ နေရာကို သိမ်းယူနေသည် ဟူသော အယူအဆက သူ၏ ဒေါသနှင့် စိုးရိမ်ပူပန်မှုများကို မီးထိုးပေးနေသည်။ နောက်ဆုံးတွင် အမေရိကန် နိုင်ငံသမိုင်းတွင် ဂျူးအသိုင်းအဝန်း အပေါ် ကျူးလွန်သည့် အသေအပျောက် အများဆုံး တိုက်ခိုက်မှုကို ကျူးလွန်လိုက်တော့သည်။
ဘိုးဝါး၏ အမုန်းသည် တခြားသူများ၏ အမုန်းနှင့် တူညီသည်။ မျက်ကန်းအမုန်းဖြစ်သည်။ ထိုအမုန်းကို မိမိတို့၏ သမ္မတနှင့် ပညာရှင်များ၏ ပြင်းထန်သော စကားများက ထောက်ခံနေသည်။ ထိုအမုန်းကို ပြုစုပျိုးထောင် ကြီးထွားစေမည့် ခိုင်မာသော အသိုင်းအဝန်းလည်း ရှိနေသည်။
ထိုတပတ်အတွင်းတွင် အမုန်းတရားသည် အမေရိကန်နိုင်ငံတွင် မည်သည်တို့ကို အမှန်တကယ် လုပ်ဆောင်နိုင်သည်ကို ပြသလိုက်ခြင်းပင်။
(www.huffingtonpost.com သတင်းထောက်များဖြစ်သော Andy Campbell နှင့် Sebastian Murdock တို့၏ A Week Of American Hate: Bombs Mailed, Black People Executed, Jews Slaughtered ကို ဘာသာပြန်သည်။)