ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တော်ခန်းမ အတွင်း၌ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏အသံက ဟိန်းထွက် နေသည်။ ခန်းမတခုလုံး အပ်ကျသံပင် ကြားရလောက်သည်အထိ ငြိမ်သက်ကာ သမ္မတ အသံကို နားထောင် နေကြသည်။ အမှာစကား ပြောကြားနေသည့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် မျက်နှာတွင် အပြုံးအရယ်မရှိ တင်းမာနေပြီး အစိုးရသက်တမ်း ၂ နှစ်ကျော်လာသည့်တိုင် အောက်ခြေတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ခရီးမတွင်သည်ကို ဘဝင်မကျ ဖြစ်နေပုံရသည်။
“တချို့ ပြည်နယ်နဲ့ တိုင်းတွေမှာ ကိုယ်က ဌာနဆိုင်ရာတွေကို လမ်းညွှန်ကြီးကြပ်ဖို့နေနေသာသာ
ဌာနဆိုင်ရာက လမ်းညွှန်ကြီးကြပ်တာကို ဝန်ကြီးတွေက ပြန်ပြီးခံနေရတယ်။ အဲဒီတော့ဘယ်သူက ဝန်ကြီးလဲ၊ ဘယ်သူက ရုံးအုပ်ကြီးလဲဆိုတာ စဉ်းစားပေတော့။ နားလည်အောင် လေ့လာသင်ယူချင်စိတ် ရှိပါ။ အချိန် ပေးခဲ့တာ ၂ နှစ်ကျော်သွားပြီ။ တချို့အခုထိ အဲဒီလို အလွဲလွဲအမှားမှား ဖြစ်နေဆဲပဲ” ဟု မြန်မာနိုင်ငံ ဒေသ တချို့တွင် ပြုပြင်ပြောင်းလဲရေး ခရီးမတွင်သေးသည့် အခြေအနေကို အောက်တိုဘာလ ၂၇ ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံပွဲ၌ သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
ပုသိမ်တံတားအမှတ် ၂ ဆောက်လုပ်ရေး စီမံကိန်းအား အောက်တိုဘာ ၂၇ ရက်နေ့တွင် လာရောက် ဖွင့်လှစ်ပြီးနောက် နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်း၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားရေးမဏ္ဍိုင်မှ အကြီးအကဲများနှင့် တာဝန်ရှိသူများကို သမ္မတ ဦးဝင်းမြင့်က ပုသိမ်မြို့တော်ခန်းမတွင် အမှာစကား ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ပြည်နယ်နှင့်တိုင်း ဒေသကြီးအစိုးရများ အနေဖြင့် မလုပ်၊ မရှုပ်၊ မပြုတ် နည်းလမ်းအတိုင်း အဲယားကွန်းနှင့် ပန်ကာ အောက်တွင်ထိုင်ကာ မိမိအတွက် သက်သာရာ လမ်းကြောင်းကို ရှာဖွေနေထိုင်ခြင်းက ပြည်သူကို ဝန်ဆောင်မှု ပေးခြင်းမဟုတ်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောဆိုသည်။
“ပြည်သူကို တကယ်ဝန်ဆောင်မှု ပေးမယ်ဆိုရင်တော့ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခဝေဒနာတွေကို ပြည်နယ်နဲ့ တိုင်းအစိုးရတွေက ကုစားပေးနိုင်ရမယ်။ ပြည်ထောင်စုပဲ ကြည့်ကြည့်၊ ပြည်နယ်နဲ့ တိုင်းအစိုးရပဲ ကြည့်ကြည့်၊ ဝန်ထမ်းတွေ အားလုံးပဲကြည်ကြည့် အားလုံးက ကိုယ့်ဒုက္ခနဲ့ကိုယ် ရှိကြတာ နားလည်ပါတယ်။ အဲဒီ ကိုယ့်ဝေဒနာတွေ၊ ကိုယ့်ဒုက္ခတွေ၊ အခက်အခဲတွေ ဘေးဖယ်ထားပြီး ပြည်သူရဲ့အခက်အခဲ၊ အကြပ်အတည်းနဲ့ ဝေဒနာတွေကို ကုစားပေးခြင်းဟာ ခင်ဗျားတို့ ကျနော်တို့ရဲ့တာဝန်နဲ့ ကိုယ့်ရဲ့ အလှတရားဆိုတာ ခေါင်းထဲမှာထည့်ထားပါ” ဟု သမ္မတ ဦးဝင်းမြင့်က အမှာစကားပြောဆိုသည်။
သမ္မတ ဦးဝင်းမြင့်သည် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တွင် မွေးဖွားခဲ့သူ ဧရာဝတီတိုင်းသား ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပုသိမ်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်း အချိန်အထိ ထမ်းဆောင်ခဲ့သည်။
သမ္မတ ဦးဝင်းမြင့်မှာ ယခုနှစ် မတ်လ ၂၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတ တာဝန်ကို လက်ခံထမ်းဆောင် ပြီးနောက် ၎င်းမွေးဖွားရာဒေသဖြစ်သည့် ဧရာဝတီတိုင်းသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ ဧရာဝတီတိုင်း ပထမဆုံးခရီးစဉ်တွင် ဧရာဝတီတိုင်း အစိုးရအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အစိုးရအဖွဲ့များ သိရှိလိုက်နာရန် လမ်းညွှန်ချက်များကို သမ္မတ ဦးဝင်းမြင့်က မှာကြားပြောဆိုခဲ့သည်။
“ဘယ်နိုင်ငံ၊ ဘယ်စနစ်ပဲဖြစ်ဖြစ် စနစ်ကောင်းရုံနဲ့ အုပ်ချုပ်မှုကောင်းတာ မဟုတ်ဘူး။ ဒီမိုကရေစီစနစ်က ကမ္ဘာမှာ ဘာပဲပြောပြော အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေရှိပေမယ့် အကောင်းဆုံးစနစ်လို့ ပြောတယ်။ အဲဒီအကောင်းဆုံး စနစ်ဆိုတဲ့ စနစ်ပင်လျှင် အုပ်ချုပ်မှု မကောင်းလို့ရှိရင် အဲဒီစနစ် မအောင်မြင်ဘူး။ အဲဒီမှာမှ ပိုဆိုးတာက အုပ်ချုပ်မှု မကောင်းရုံတင် မဟုတ်ဘူး၊ ပြည်နယ်နဲ့တိုင်းမှာရှိတဲ့ အစိုးရအဖွဲ့တွေက စီမံခန့်ခွဲမှု မကောင်းရင်၊ စီမံခန့်ခွဲမှု ညံ့ဖျင်းရင် ဒီမိုကရေစီတောင် ပျောက်သွားနိုင်တယ်” ဟု သမ္မတ ဦးဝင်းမြင့်က သတိပေး ပြောဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် အုပ်ချုပ်သူအစိုးရ ပြောင်းလဲခဲ့သော်လည်း အောက်ခြေဌာနဆိုင်ရာ ဝန်ထမ်းများ အကုန်မပြောင်းလဲဘဲ ပြောင်းလဲရန် တွန့်ဆုတ်ခြင်း၊ ခုခံခြင်း၊ ငြင်းဆန်ခြင်းနှင့် ဝန်လေးခြင်းများ ဖြစ်နေသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သမ္မတ ဦးဝင်းမြင့်က ဝန်ခံပြောကြားခဲ့သည်။
“ကျနော် ပြောပြမယ်နော်။ ဘယ်နိုင်ငံမှာမဆို ဘယ်စနစ် ဘယ်ခေတ်ပဲပြောင်းပြောင်း၊ အစိုးရပြောင်းလဲရုံနဲ့ အုပ်ချုပ်ရေး ပြောင်းလဲတာ မဟုတ်ဘူး။ အုပ်ချုပ်ရေး ပြောင်းလဲတယ်ဆိုတာ အုပ်ချုပ်ရေးမှာပါတဲ့ ဌာနဆိုင်ရာ အသီးသီးကနေ လိုက်ပြောင်းလဲမှ အဲဒီအစိုးရ ပြောင်းလဲလို့ရတာ။ တချို့ ထင်တယ်၊ အစိုးရပြောင်းသွားပြီ၊ ပြည်ထောင်စု အစိုးရပြောင်းပြီ၊ အောက်ကအကုန်ပြောင်းပြီ ဆိုပြီးတော့။ အောက်က အကုန်မပြောင်းလဲ သေးဘူးလေ” ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။
ထိုသို့ ပြောင်းလဲရန် ဝန်လေးငြင်းဆန်နေသည့် ဝန်ထမ်းများ၏ ပြောဆိုမှုအတိုင်း လိုက်လံဆောင်ရွက်နေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများအနေဖြင့် လဲသေဖို့သာ ကောင်းသည်ဟု သမ္မတက ပြောဆိုခဲ့သည်။
“တွန့်ဆုတ်နေတာတွေ ပြောင်းလဲရမယ်။ တချို့ ခုခံနေတာတွေ၊ ဝန်လေးနေတာ၊ ငြင်းဆန်နေတာတွေ အဲဒီ အရာတွေအပေါ်မှာ ကိုယ့်ပြည်နယ်နဲ့ တိုင်းအစိုးရဝန်ကြီးတွေက ပြန်ပြီးတော့ အဲဒီဌာနဆိုင်ရာ ပြောသမျှပဲ လုပ်မယ်၊ ပြည်ထောင်စုအစိုးရ ညွှန်ကြားတာ မလုပ်ဘူးဆိုတော့ အဲဒါ ကိုယ်ကဘယ်အဆင့်မှာရှိလဲ။ လဲသေဖို့သာ ကောင်းတော့တယ်” ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။
တရားလွှတ်တော်ရှေ့နေ တဦးအဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် သမ္မတ ဦးဝင်းမြင့်မှာ ၁၉၈၈ လူထု အရေးတော်ပုံတွင် ဓနုဖြူမြို့၌ ပါဝင်လှုပ်ရှားပြီး အာဏာသိမ်း စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်း ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းအစိုးရများအနေဖြင့် မိမိတို့ အစိုးရ ဖြစ်ချိန်တွင် ကိုယ်ချင်းစာတရား ထားပြီး ပြည်သူကို ခြိမ်းခြောက်ဟိန်းဟောက်ခြင်း မလုပ်ကြရန် ကြမ်းတမ်းသည့် နိုင်ငံရေး ခရီးကြမ်းကို ဖြတ်သန်း၍ သမ္မတ ဖြစ်လာခဲ့သည့်ဦးဝင်းမြင့်က ပုသိမ် ခရီးစဉ်တွင် ပြောဆိုခဲ့သည်။
“ပြည်သူကို ဟိန်းဟယ် ဟောက်ဟယ်၊ ကြိမ်းမောင်းခြိမ်းခြောက်တာတွေ မလုပ်ပါနဲ့လို့ ကျနော် ပြောထားတယ်။ ကိုယ်အဲဒီလို ဘဝမျိုးကို ဖြတ်သန်းစဉ်တုန်းက ကိုယ်ဘယ်လို ခံစားခဲ့ရလဲ။ ကိုယ်နှစ်သက်ခဲ့လား။ ကျေနပ်ခဲ့လား။ ကိုယ်မကျေနပ်လို့၊ မနှစ်သက်လို့ ဒီအလုပ်လုပ်ပြီး ဒီနေရာတွေရတော့မှ ကိုယ်က အဲဒီလို ပြန်လုပ်မယ်ဆို ကိုယ်ချင်းစာကြပါ။ လူဆိုတာ ကိုယ်ချင်းစာတရား ထားရတယ်” ဟု သမ္မတ ဦးဝင်းမြင့်က မှာကြားသည်။
တဆက်တည်းမှာပင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူများအနေဖြင့် ရာထူးဆက်လက် မထမ်းဆောင်နိုင်ပါက အေးအေးဆေးဆေးနေရန်နှင့် ပြည်သူကို ထပ်မံ၍ ဒုက္ခမပေးရန် သမ္မတ ဦးဝင်းမြင့်က ပြတ်သားစွာပင် သတိပေး ပြောကြားခဲ့သည်။
“ပြည်သူတွေဟာ နှစ် ၅၀ ကျော်ကာလ ဒုက္ခသုက္ခ၊ အနာတရတွေ မမေ့ပျောက်သေးပါဘူး။ အဲဒီလိုအနာတရ၊ ဒုက္ခသုက္ခတွေ မမေ့ပျောက်သေးတဲ့ ကာလမှာ ကိုယ့်ကြောင့် နောက်ထပ်ပြီးတော့ ဒုက္ခသုက္ခ အနာတရတွေ ပြည်သူကို မပေးပါနဲ့။ ကိုယ်မလုပ်နိုင်ရင် အေးအေးဆေးဆေးပဲ နေလိုက်ပါ။ အချိန်မရွေးပဲ။ ကိုယ်လုပ်နိုင်တယ် ဆိုရင် တာဝန်ကျေအောင် လုပ်ပါ” ဟု သမ္မတ ဦးဝင်းမြင့်က ပြောဆိုသည်။
ဧရာဝတီတိုင်းဒေသကြီးသို့ ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လာရောက်စဉ်အချိန်များတွင် ယခုကဲ့သို့ပင် တွေ့ဆုံပွဲများ ပြုလုပ်ခဲ့ပြီး အမှာစကားများ ပြောဆိုခဲ့ရာ၌ အစိုးရ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၏ အားနည်းချက်၊ လိုအပ်ချက်များကို လူသိရှင်ကြား ဝေဖန်ထောက်ပြ ပြောဆိုခြင်း မရှိသလောက် နည်းပါးခဲ့သည်။ NLD အစိုးရလက်ထက် သမ္မတဖြစ်လာသည့် သမ္မတ ဦးဝင်းမြင့် ကမူ ဧရာဝတီတိုင်း၏ ပထမဆုံးခရီးစဉ်မှာပင် အရပ်သားနားလည်နိုင်သည့် စကားလုံး များဖြင့် ဧရာဝတီတိုင်းအစိုးရ၊ လွှတ်တော် အကြီးအကဲများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တရားရေးဌာန အကြီးအကဲများအပြင် ဝန်ထမ်းများကိုပါ ပြောင်ကျကျ ပြောဆိုဆုံးမခဲ့သည်။
“အခုကျနော်တို့ တွေ့နေရတာက ဘယ်လိုဖြစ်နေသလဲဆိုတော့ ပြုပြင်ပြောင်းလဲရေးတော့ ပြောနေကြတယ်။ ကိုယ်ကိုယ်တိုင်က မပြုပြင်၊ မပြောင်းလဲဘူး။ လုပ်ပိုင်ခွင့် ရှိသွားတဲ့လူတွေက ကိုယ့်အလှည့်လည်းကျရော ရှိရင်းစွဲ အမြင်တွေ၊ အတွေးတွေ ပြန်ရောက်ပြီး ကိုယ်က အဲဒီလို ပြန်ကျင့်သုံးချင်နေတယ်။ ဒါက ပြုပြင် ပြောင်းလဲရေး သမားမဟုတ်ဘူး” ဟု သမ္မတ ဦးဝင်းမြင့်က တွေ့ဆုံပွဲတွင် ပြောဆိုသည်။
တချို့သော ပြည်နယ်နှင့်တိုင်း အစိုးရများအနေဖြင့် တိုင်းဒေသကြီး ဥပဒေချုပ်များကို တိုင်ပင်မှုမရှိဘဲ လုပ်ကိုင် ဆောင်ရွက်မှုများ တွေ့နေရသည့်အပေါ် သမ္မတ ဦးဝင်းမြင့်က ဘဝင်မကျ ဖြစ်နေပြီး ပြည်နယ်နှင့် တိုင်း အစိုးရများ ဘာပဲလုပ်လုပ် ဥပဒေချုပ်များနှင့်တိုင်ပင်ကြရန် လမ်းညွန်ခဲ့သည်။
“ဘာလုပ်လုပ် ဥပဒေသမားနဲ့ တိုင်ပင်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ တရားဥပဒေစိုးမိုးမှု မရှိဘဲ ဒီမိုကရေစီကို သွားလို့မရဘူး။ ဒီမှာလည်း ရှိပါတယ်၊ တချို့ ပြည်နယ်နဲ့ တိုင်းတွေမှာလည်းရှိတယ်။ ဘာလဲဆိုတော့၊ ကိုယ် လုပ်ချင်တာပဲ စွတ်ပြီး လုပ်ချင်နေသလား မသိဘူး။ ဥပဒေချုပ်တို့ စာရင်းစစ်ချုပ်တို့ကို မတိုင်ပင်ဘူး။ လွဲတော့ မှားတော့ ဘယ်သူ ခံရမလဲ။ ကိုယ်ပဲခံရမှာ” ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။
မသိတာကို မေးမြန်းခြင်းမှာ ရှက်စရာမဟုတ်ကြောင်း၊ မိမိကိုယ်တိုင်ပင်လျှင် ငွေစာရင်း နားမလည်သည့် အတွက် ငွေစာရင်းဌာန တာဝန်ရှိသူများကို မေးမြန်းရကြောင်း သမ္မတ ဦးဝင်းမြင့်က ၎င်းဖြစ်အင်ကို ဥပမာပေး၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များ လိုက်နာရန် ဆုံးမခဲ့သည်။
“ကျနော် တည့်တည့်ပြောမယ်။ ကျနော်ငွေစာရင်း နာမလည်ဘူး။ ဒါအမှန်ပဲ။ ကိုယ်နားမလည်တာ နားမလည်ဘူး ပြောတာ ဘာမှ ရှက်စရာ မဟုတ်ဘူး။ ဒါပေမယ့် လွှတ်တော်မှာဖြစ်ဖြစ်၊ အခုသမ္မတရုံးမှာဖြစ်ဖြစ် ငွေစာရင်းနဲ့ ပတ်သတ်လို့ရှိရင် ကျနော်ကြည့်တယ်။ မရှင်းရင် သေချာမေးတယ်။ သေချာရှင်းခိုင်းတယ်။ စာရင်းအင်း ပညာရှင် ခန့်ထားတာ အလကား မဟုတ်ဘူး။ စာရင်းစစ်ချုပ်၊ ဥပဒေချုပ်ဆိုတာ ပြည်နယ်နဲ့တိုင်း အစိုးရကို အထောက်အပံ့ ဖြစ်ပါစေတော့ဆိုပြီး အဆောင်အယောင်၊ လစာခံစားခွင့်၊ ချီးမြှင့်ငွေတွေ ပေးထားတာ အလကား သက်သက်ပေးထားတာ မဟုတ်ဘူး။ ဒါတွေ တိုင်ပင်ဖို့လိုတယ်” ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဘဝကတည်းက လွှတ်တော်အစည်းအဝေး များတွင် လာရောက်ဖြေကြားသည့် ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးတို့၏အဖြေများ ထိရောက်မှုမရှိလျှင် တင်းတင်းမာမာပြောတတ်သူ၊ လွှတ်တော် ကိုယ်စားလှယ်များ လုပ်ပုံကိုင်ပုံ လွဲမှားနေလျှင်လည်း မကွယ်မဝှက် တည့်တည့်ပြောတတ်သူ ဦးဝင်းမြင့်မှာ သမ္မတ တာဝန်ယူချိန်တွင်လည်း နားလည်ရခက်သည့် နိုင်ငံရေးစကားလုံးများ ပြည့်နှက်နေသော မိန့်ခွန်းရှည်များ ပြောဆိုမနေဘဲ သူ၏ မူလပုံစံအတိုင်း ဧရာဝတီတိုင်း အစိုးရအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူများကို ရိုးရှင်းသည့် စကားလုံးများအသုံးပြုကာ ရှင်းလင်းပြတ်သားစွာ လမ်းညွှန် မှာကြားသည်ကို တွေ့ရသည်။
သမ္မတ ဦးဝင်းမြင့် ပြောကြားခဲ့သည့်အမှာစကားကို အနှစ်ချုပ်ကြည့်လျှင် ၂၀၁၅ ရွေးကောက်ပွဲအရ အစိုးရ ပြောင်းလဲခဲ့သော်လည်း အောက်ခြေတွင် ပြုပြင်ပြောင်းလဲမှု နှေးကွေးနေသည့်အနေအထားကို အားမလို အားမရဖြစ်နေပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပိုမိုဖြစ်ထွန်းလာစေရန် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများက အစွမ်းကုန်ကြိုးစားပြသည်ကို တွေ့မြင်လိုသည့် နိုင်ငံတော် သမ္မတ၏သဘောထားကို အထင်းသား မြင်တွေ့နိုင်သည်။
ပုသိမ်မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲ အမှာစကား နိဂုံးချုပ်ခါနီးတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များအနေဖြင့် ရာထူး အဆောင်အယောင်အပေါ် သာယာ
ပျော်မွေ့မနေဘဲ ပြောင်းလဲကြရန်နှင့် ကြိုးစားကြရန် သတိပေးပြောကြားခဲ့သည်။
“ပြောင်းပါ၊ အချိန်ရှိပါသေးတယ်။ ကြိုးစားပါ။ ကျနော် ပွင့်ပွင့်လင်းလင်းပြောပါမယ်။ ဆန္ဒရှိတယ်၊ ဝိရိယရှိတယ်၊ ဉာဏ်ပညာ ရှိတယ်။ လုံ့လရှိတယ်ဆိုရင် ပြောင်းလဲစရာရှိတယ်။ ဒီလိုမဟုတ်ဘဲနဲ့ လစာနဲ့၊ အဆောင်အယောင်နဲ့၊ ချီးမြှင့်ငွေပေါ်မှာ သာယာပြီးတော့၊ ဒီရာထူးအပေါ်မှာ ပျော်မွေ့ပြီးတော့၊ မလုပ် မရှုပ် မပြုတ် လုပ်မယ် ဆိုရင်တော့ ကျနော်တို့ သွားချင်တဲ့ ရည်ရွယ်ချက်၊ ကျနော်တို့ လျှောက်ချင်တဲ့ပန်းတိုင်နဲ့ ဝေးနေဦးမှာပဲ” ဟု နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က လမ်းညွှန်ပြောဆိုခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပြတ်အသတ် အနိုင်ရရှိပြီးနောက် အစိုးရတရပ် ဖွဲ့စည်းကာ ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တင်မြှောက်ခဲ့သည့် သမ္မတ ဦးသိန်းစိန် အစိုးရထံမှ အုပ်ချုပ်မှုအရပ်ရပ်ကို လွဲှပြောင်းရယူ၍ တိုင်းပြည်ကို တာဝန်ယူ အုပ်ချုပ်ခဲ့သည်မှာ အချိန်အားဖြင့် ၂ နှစ်နှင့် ၆ လ သက်တမ်း ရှိခဲ့ပြီ ဖြစ်သည်။
NLD ပါတီမှ ဖွဲ့စည်းပေးခဲ့သည့် အစိုးရ၏ အဆိုပါ သက်တမ်း ၂ နှစ်ခွဲကာလအတွင်း ပြည်ထောင်စုဝန်ကြီး တချို့ အပါအဝင် တိုင်းဒေသကြီး ဝန်ကြီးချုပ်တချို့နှင့် ဝန်ကြီးများ အပြောင်းအလဲဖြစ်ခဲ့ပြီး သမ္မတ ဦးထင်ကျော် မှာလည်း ကျန်းမာရေး အကြောင်းပြု၍ ရာထူးမှ နုတ်ထွက်ခဲ့သည့်အတွက် ၎င်း၏နေရာကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်က ဆက်ခံရယူကာ နိုင်ငံတော် သမ္မတအဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များကို ဦးဆောင်ခဲ့သည်။
ကျန်ရှိသည့် အစိုးရသက်တမ်း ၂ နှစ်ကျော် အချိန်ကာလအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များအနေဖြင့် မိမိ၏ လမ်းညွှန်မှာကြားချက်ကို လိုက်နာပြီး ပြည်သူလူထုအတွက် မည်မျှလောက် အတိုင်းအတာ အထိ ကြိုးစား စွမ်းဆောင်ပြနိုင်မည် ဆိုသည်ကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က စောင့်ကြည့်နေမည်မှာ အသေအချာပင် ဖြစ်သည်။