ဆောင်းပါး

NLD အတွက် ကြားဖြတ် အချက်ပေး ခေါင်းလောင်းသံ

Want create site? Find Free WordPress Themes and plugins.

“ကျနော်ကတော့ ၂၀၂၀ ဟာ NLD အတွက် စိုးရိမ်စရာ တော်တော် ကောင်းနေပြီလို့ မြင်တယ်”ဟု သီပေါမြို့နယ် ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲ ရလဒ်အပေါ် မေးမြန်းချက်ကို တိုတိုတုတ်တုတ်ဖြင့် တုံ့ပြန်သည်။

ယခုအကြိမ် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၃ နေရာ ရှိရာ လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) က ၇ နေရာတွင် အနိုင်ရရှိခဲ့ပြီး ၆ နေရာ ရှုံးနိမ့်သွားခဲ့ရသည်။ ရှုံးနိမ့်သည့် နေရာ ၆ ခုမှာ ရန်ကုန်တွင် ဆိပ်ကမ်း မြို့နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ ရှမ်းပြည်နယ် လဲချား၊ ရခိုင်ပြည်နယ် ရသေ့တောင်၊ စစ်ကိုင်းတိုင်း တမူးနှင့် ချင်းပြည်နယ် မတူ ပီတို့ပင် ဖြစ်သည်။

ယင်းနေရာ ၆ ခုတွင် ၄ နေရာမှာ NLD ယခင် အနိုင်ရရှိခဲ့သော မဲဆန္ဒနယ်များ ဖြစ်သည်။ ယင်းတို့မှာ ရန်ကုန်တိုင်းဆိပ်ကမ်း မြို့နယ် မဲဆန္ဒနယ် အမှတ် ၁၊ စစ်ကိုင်းတိုင်း တမူး၊ ကချင်ပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်နှင့် ချင်းပြည်နယ် မတူပီတို့ဖြစ်သည်။

ရန်ကုန်ဆိပ်ကမ်း မြို့နယ်၊ စစ်ကိုင်းတိုင်း တမူး နှင့် ကချင် အမျိုးသား လွှတ်တော်တို့တွင် အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိခဲ့ပြီး ချင်းပြည်နယ်တွင် ဒေသခံ ချင်းပါတီ ဖြစ်သည့် ချင်းအမျိုးသား ဒီမိုကရေစီ ပါတီက အနိုင်ရခဲ့သည်။

အစိုးရ ဝန်ထမ်း များသည့် ဆိပ်ကမ်းသည် NLD မဟုတ်ဘဲ မည်သူမဆို အနိုင်မရနိုင်ကြောင်း၊ဆိပ်ကမ်း မြို့နယ်းတွင် စည်းရုံး၍ မရသည့်အပြင် အဝေးမှ ဆောင်းဘောက်ဖြင့် အော်သည့် အဆင့်ဖြင့် ကျေနပ်ခဲ့ရကြောင်း၊ လိုင်းခန်းများထဲသို့ ဝင်ပါက အပေါ်မှ ရေဖြင့် လောင်းချခြင်း၊ အမှိုက်ထုတ် သွန်ချခြင်းများ ခံခဲ့ရသည့်အပြင် “အနီမလာရ” ဆိုသည့် စာတန်းမျိုးပင် ကပ်ထားကြောင်း NLD ပါတီ သတင်းရင်းမြစ်များက ဆိုကြသည်။

NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “ဆိပ်ကမ်းမှာ ဝန်ထမ်းအများစုနဲ့ ဖွဲ့ စည်းထားတယ်။ ၂ ရပ်ကွက်ထဲ ရှိတာမှာ တဖက်ပါတီက နိုင်ငံပိုင်မြေမှာကို ပါတီရုံးလည်း ဖွင့်နိုင်တယ်။ အခမဲ့ဆေးခန်းလည်း ဖွင့်နိုင်တယ်။ ကျနော်တို့က အဲဒီမှာ ခြေကုတ် ဘာမှ မရှိခဲ့ပါဘူး။ သူတို့က ၂၀၁၅ ဆုံးရှုံးပြီးကတည်းက စည်းရုံးရေးကို စနိုင်ခဲ့ပါတယ်။ ကျနော်တို့ကတော့ နီးမှ လုပ်ရပါတယ်။ ဒီကွာခြား ချက်တွေ ရှိပါတယ်” ဟု သုံးသပ်သည်။

ယခင် NLD ပါတီ နိုင်သော မဲဆန္ဒနယ်မြေများတွင် ယခု ကြားဖြတ်ရွေးကောက်ပွဲ ရှုံးရသည်မှာ မဲထွက်ပေးသူ နည်းခြင်းကြောင့်လည်း ပါသည်ဟု သုံးသပ်ချက်များလည်း ရှိသည်။

“ကြားဖြတ်ဖြစ်တဲ့အတွက် ပြည်သူတွေ စိတ်မဝင်စားဖူး။ မဲလာပေးတဲ့သူ နည်းတယ်။ ၂၅ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ပြည်သူတွေ ကလည်း ကျနော်တို့ ပြည်နယ် အစိုးရကို အားမရတဲ့အခါ အဲလို အချက်တွေ စုသွားတာ။ ဒါပေမယ့် ကျနေ်ာတို့ အဲဒီ အားနည်းချက် တွေကို ပြင်ဆင်မှာပါ”ဟု ကချင်ပြည်နယ် ကြားဖြတ် အောင်နိုင်ရေး ပါဝင်ကူညီခဲ့သူ ရွှေကူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇာနည်မင်းက ပြောသည်။

တမူးခရိုင် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်အောင်ရွှေ၏ သုံးသပ်ချက်ကမူ အမြင်ကွဲပြားသည်။ သူက “၂၀၁၀-၂၀၁၅ မှာတုန်းက ကြံ့ခိုင်ရေးက အစိုးရ ဖြစ်တုန်းက ဒေသဖွံ့ ဖြိုးရေး တော်တော်များများ လုပ်ပေးတယ်။ အဲဒါတချက်။ အရွေးခံရတဲ့ ကိုယ်စားလှယ်ကလည်း အဲဒီဒေသမှာ လူသိများတယ်။ ကိုယ်စားလှယ်က သိပ်နာမည်ပျက် မရှိဘူး။ အရည်အချင်းလည်း ရှိတယ်။ အဓိကကတော့ ပြည်သူရဲ့ အဆုံးအဖြတ်ပါပဲ။ မဲက ၃၈၀၀ နီးပါး ပြတ်ပါတယ်”ဟု ပြောသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် ၃ နေရာသာ အနိုင်ရရှိခဲ့၍ မျှော်လင့်သလောက် ဖြစ်မလာခဲ့သော်လည်း ၂၀၁၅ နှင့် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတို့ထက် ရလဒ် ပိုကောင်းလာကြောင်း၊ ပါတီကို ပြည်သူလူထုက အတိုင်းအတာတခုအထိ နားလည်လာပြီဟု ထင်ကြောင်း ကြံ့ခိုင်ရေးပါတီပြောခွင့်ရသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။

“ကြားဖြတ်ရလဒ်ထက် ကျနော်တို့ပါတီရဲ့ ရပ်တည်ချက် သဘောထားကို တိုင်းရင်းသားပါတီတွေက နားလည်တယ်လို့ မြင်တာပေါ့။ ၂၀၂၀ မှာတော့ သေချာစဉ်းစား၊ သေချာပြင်ဆင်ပြီးတော့မှ အားနည်းချက်တွေကို သေချာသုံးသပ်ပြီးတော့ ပြင်ဆင် ယှဉ်ပြိုင်သွား မယ်”ဟု ၎င်းက ဆိုသည်။

ယခင် ရွေးကောက်ပွဲအပြင် ယခု ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း NLD ရှုံးနေရသည့် မဲဆန္ဒနယ်မြေများမှာ တိုင်းရင်းသား ဒေသများ ဖြစ်သည့် ရခိုင်ပြည်နယ် ရသေ့တောင်နှင့် ရှမ်းပြည်နယ် လဲချားတို့ ဖြစ် သည်။

ရသေ့တောင် ဒေသခံ ဦးမောင်စောဝင်းက ၎င်းတို့၏ မဲဆန္ဒနယ်မြေတွင် ရခိုင်အမျိုးသား ပါတီ (ANP) ကိုပင် ကျော်ဖြတ်ပြီး ဒေါက်တာ အေးမောင်၏ သားဖြစ်သူ အနိုင်ရသွားခြင်းမှာ ၎င်းအဖေ၏ မျက်နှာကြောင့် ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။

“အဲဒီမှာ သူနိုင်သွားတာက ပုဂ္ဂိုလ်ရေးတွေလည်း ပါတယ်။ ဒေါက်တာ အေးမောင် ထောင်ချသွားတာက တချက်။ လွှတ်တော် ကိုယ် စားလှယ်လောင်း တယောက်ရဲ့ အရည်အချင်းနဲ့လည်း ဆိုင်တယ်ပေါ့။ နောက် ANP က ၂ နှစ်ခွဲသွားပြီ ဘာမှ မလုပ်နိုင်ဘူး ဆိုတဲ့ အမြင်လည်း ရှိတာပေါ့။ အဲဒါနဲ့ ဒေါက်တာသားကို စုပြုံပြီး ပေးလိုက်ကြတာပဲ”ဟု ပြောသည်။

တိုင်းရင်းသား ပြည်သူများသည် ဖက်ဒရယ်ကို သိပ်နားမလည်သော်လည်း ၎င်းတို့၏ ဘဝလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့်သူ၊ စားဝတ်နေရေး၊ အလုပ်အကိုင် ဖန်တီးပေးမည့်သူ၊ ပါတီ အဖွဲ့ အစည်း မျိုးကိုသာ အားကိုးလိမ့်မည်ဟု ရှမ်းပြည်နယ် သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်သည်။

ပြည်မ ရှိ မဲဆန္ဒနယ်မြေများတွင်မူ မဲထွက်ပေးသူ ကျဆင်းသွားသော်လည်း NLD သည် ဆက်လက် ထောက်ခံမှု ရနေသည်။ မကွေးတိုင်း မင်းဘူး၊ ရန်ကုန် တာမွေ ၊ ချင်းပြည်နယ် ကန်ပက်လက်၊ မန္တလေးတွင် ရှမ်းဝန်ကြီးနေရာ၊ သပိတ်ကျင်း၊ ပဲခူးတိုင်း အုတ်တွင်းတို့တွင် အနိုင်ရရှိခဲ့သည်။

သပိတ်ကျင်းမြို့နယ် တိုင်းလွှတ်တော်တွင် အနိုင်ရရှိခဲ့သူ ဦးစိုးလွင်က ၎င်းအနိုင်ရရှိခဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီ၏ ပုံရိပ်သည် အဓိက ကျကြောင်း၊ ကျန်သည့်အချက်မှာ မြို့နယ်တွင် လူမှုရေး၊ ဒေသဖွံ့ ဖြိုးရေးများကို ၎င်း၏ ဦးဆောင်ခဲ့မှုများကြောင်း ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။

“ကိုယ့်ထမင်းကိုယ်စားပြီး လိုက်လုပ်ခဲ့တာတွေကို ပြည်သူလူထုက ယုံကြည်လို့ အားကိုးတာပါ”ဟု ဦးစိုးလွင်က ပြောပြခဲ့သည်။

မြန်မာ့နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းကမူ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်သည့် NLD ပါတီအတွက် နိုင်ငံရေးအရ အချက်ပေး ခေါင်းလောင်းသံတခု ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ဖူးသည့် နေရာများတွင် ယခု ရှုံးနိမ့်ခြင်းကို အမြော်အမြင် ရှိရှိဖြင့် သင်ခန်းစာ ယူတတ်ရန် လိုကြောင်း ပြောသည်။

ယခု ကြားဖြတ် ရွေးကောက်ပွဲ ရလဒ်သည် NLD အစိုးရ၊ လွှတ်တော်တို့၏ စွမ်းဆောင်ရည်အပေါ်တွင် ပြည်သူလူထု၏ အားမလို၊ အားမရ ဖြစ်ခြင်း၊ စိတ်တိုင်းမကျခြင်းတို့နှင့်ပါ ဆက်စပ်နေသည်ဟု ၎င်းက ဆိုသည်။

ယခု လွှတ်တော်သက်တမ်း ရက်ပေါင်း ၁၀၀၀ ကျော်တွင် ယနေ့အချိန်အထိ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက် ပြီးတော့ တရားဝင် ဆောင်ရွက်ခြင်း မရှိကြောင်း၊ ပထမအကြိမ် လွှတ်တော် သက်တမ်း ခန့်မှန်းချေ ရက် ၈၀၀ လောက်တွင် ကြံ့ခိုင် ရေးပါတီက ဖွဲ့ စည်းပုံ ပြင်ဆင်ရေးကို လွှတ်တော်ထဲတွင် စပြီး ဆောင်ရွက်သည်ကို တွေ့ရကြောင်းလည်း ပြောသည်။

“အစိုးရ၊ လွှတ်တော်နဲ့ အာဏာရပါတီ အနေနဲ့ အရှိကို အရှိအတိုင်း အမှန်ကို အမှန်တိုင်း ဘက်မလိုက်ဘဲနဲ့ ကြက်မွှေးလေးနဲ့ မသတ်ဘဲနဲ့ သံဘရတ် ခပ်ကြမ်းကြမ်းလေးနဲ့ တိုက်ပြီးတော့ ဆန်းစစ်သုံးသပ်နိုင်ဖို့ လိုတယ်”ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

ထို့ပြင် NLD အနေဖြင့် နိုင်ငံရေးအရ တိုင်းရင်းသားများနှင့် မဟာမိတ်ပြုပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မိမိ၏ မဟာမိတ် တိုင်းရင်းသားပါတီများ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များအားလုံးတွင် လုံးဝ ဝင်မပြိုင်ရေးမူကို ချမှတ်ပြီး တိုင်းရင်းသားများနှင့် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း ၎င်းက အကြံပြုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading