အိမ်လခ ပေးရန်အတွက် ဇာဇာလင်းကို ဆံပင်များက ကူညီသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ရန်ကုန်ရှိ လမ်းဘေး ဆိုင်ခန်း တခုတွင် ကျင့်သားရနေသော လက်များဖြင့် သူ၏ ရှည်လျားသော အနက်ရောင် ဆံပင်များကို ဘီးနှင့် ဖြီး၍ ဖြတ် ယူပြီး စုထုံးလိုက်သည့် အချိန်တွင် သူ၏ မျက်လုံးများထဲ၌ မျက်ရည်များ ပြည့်နေသည်။
“နည်းနည်း နာတယ်” ဟု ၅၁ စင်တီမီတာ (လက်မ ၂၀ကျော်) ရှည်သည့် ဆံပင်အတွက် ၁၃ အမေရိကန်ဒေါ်လာ နှင့် ညီမျှသော ငွေကို ဆံပင်ဝယ် ယူသူ မဇင်မာက လှမ်းပေးချိန်တွင် အသက် ၁၅ နှစ်အရွယ် ဇာဇာလင်းက ပြောလိုက်သည်။ အကြမ်းဖျင်းအားဖြင့် မြန်မာနိုင်ငံမှ တပတ်စာ အနည်းဆုံး အခြေခံလုပ်ခ နှင့် ညီမျှသော ငွေလည်းဖြစ်ပါသည်။
“အိမ်လခ ပေးရမယ့် အချိန်လေ” ဟု သူက ပြောသည်။
ကမ္ဘာ၏ အခြားတဘက်တွင် “မြန်မာဆံပင် ကုန်ကြမ်း” အဖြစ် ပြင်ဆင်မွမ်းမံ ပြန်လည် ထုပ်ပိုးထားသော ဆံပင်များကို ရှားပါးသည့် ပစ္စည်းဖြင့်ပြုလုပ်ထားသော ဆံပင်တုနှင့် ဆံပင်အဆက်များကို အလွန်အမင်း လိုချင်နေကြသည့် ဖောက်သည် များသို့ ဒေါ်လာ ရာနှင့်ချီသော တန်ဖိုးဖြင့် ရောင်းချကြမည် ဖြစ်သည်။
ဆံပင်ရှည်ကို အလှအပ၏ အမှတ်အသားအဖြစ် အမြတ်တနိုးထားကြသည်။ ဘုန်းတော်ကြီးများနှင့် သီလရှင်များက နှိမ်ချ သည့် သင်္ကေတတခု အနေဖြင့် သူတို့၏ ဦးခေါင်းမှ ဆံပင်များကို ရိတ်ပယ်ထားကြသည့် ဗုဒ္ဓဘာသာ အများစုနေထိုင်ရာ မြန်မာနိုင်ငံတွင် ဘာသာရေးဆိုင်ရာ နက်ရှိုင်းသော အဓိပ္ပါယ်လည်း ရှိသည်။
“ကမ္ဘာတလွှားက လူတွေက ကျနော်တို့ တိုင်းပြည်က ဆံပင်ကို လိုချင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ခေါင်းလျှော်ရည် နဲ့ ဆံပင်ပျော့ဆေးတွေ သုံးလိုက်မယ်ဆိုရင် အဲဒါက ပုလဲရောင် ပြောင်လက်လာတယ်” ဟု အသက် ၂၃ နှစ် အရွယ် ဝင်းကိုက ပြောသည်။ သူက လူတယောက်ချင်းစီနှင့် ဈေးအတွင်းမှ ဆိုင်များကဲ့သို့သော အသေးစား အရောင်းသမားများထံမှ ဆံပင်များ ဝယ်ယူနေသူ ဖြစ်သည်။
လူသားတို့၏ ဆံပင်ကို ကုန်ကူးနေကြသည်မှာ ရာစုနှစ်နှင့် ချီ၍ ရှိပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ ပြည်သူများ စီးပွားရေး အခွင့်အလမ်းများကို စတင် ဖမ်းဆုပ်နိုင်ခဲ့ရန် ပြင်ပကမ္ဘာနှင့် တံခါး ဖွင့်ခဲ့သည့် ပြီးခဲ့သည့် ဆယ်စုနှစ် လောက်ကမှသာ ရှိလာခဲ့ခြင်း ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံက ဒေါ်လာသန်းပေါင်းများစွာ တန်သည့် လုပ်ငန်း၏ အသည်းနှလုံးနေရာတွင် ရောက်နေသည်။ ၂၀၁၀ ခုနှစ်မှစ၍ ဆံပင် တင်ပို့မှုက နှစ်စဉ် ၄ ဆ တက်လာနေပြီး ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အများဆုံးနိုင်ငံခြားသို့ တင်ပို့သည့် နိုင်ငံ ဖြစ်လာသည်ဟု ကုလသမဂ္ဂက ဆိုသည်။
၂၀၁၇ ခုနှစ်တခုတည်း အတွင်းမှာပင် မြန်မာနိုင်ငံက နိုင်ငံခြားသို့ ပုံမှန် အရွယ်အစားရှိ ကားအစီးရေ ၁၁၆၀ ၏ အလေးချိန် နှင့် ညီမျှသော ဆံပင်တင်ပို့ခြင်းမှ အမေရိကန် ဒေါ်လာ ၆.၂ သန်း ရရှိ ခဲ့သည်။
ထိုကုန်သွယ်ရေးတွင် ပါဝင်နေသူ ထောင်နှင့်ချီ၍ ရှိနေသည်။ သူတို့က ဇာဇာလင်းကဲ့သို့ မရောင်းမဖြစ်၍ ရောင်းရသူများ ထံမှ သို့မဟုတ် ဖုန်တက်နေသော ဆံပင်အထွေးအလုံးများကို ကီလိုနှင့် ဝယ်၍ သန့်စင်မွမ်းမံပြီး နိုင်ငံခြားသို့ တင်ပို့ကြသည်။
ဝယ်ယူစုဆောင်းပြီးသော အခါ ဆံပင်များသည် ဈေးသယ်များထံမှနေ၍ နိုင်ငံခြားသို့ မတင်ပို့မီ ဆေးကျောသန့်စင် ရှင်း လင်း၍ ပြန်လည်စည်းနှောင် ထုပ်ပိုးရန် စက်ရုံများသို့ ရောက်ရှိသွားသည်။ တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ပေး ရ ပြီး ထို့နောက်တွင် ဆံပင်တုများ နှင့် ဆံပင် အဆက်များ ဖြစ်လာကြသည်။
လုပ်ငန်း အတွက် စည်းကမ်း ဥပဒေများ တိကျစွာပြဌာန်းသတ်မှတ်ထားခြင်း မရှိသည့်အတွက် လုပ်ကိုင်နေသည့် ကုမ္ပဏီ မည်မျှရှိကြောင်း သိရှိနိုင်ရန် ခက်ခဲပါသည်။ သို့သော်လည်း ၂၀၀၀ ခုနှစ် အလယ်ပိုင်းလောက်ကတည်းက ဆံပင်တင်ပို့ သည့် လုပ်ငန်းကို လုပ်ကိုင်နေခဲ့သော တက်နေလင်း ကုမ္ပဏီမှ ဦးမင်းဇော်ဦးက ဗြိတိန်၊ နိုင်ဂျီးရီးယား ၊ တောင်အာဖရိက နှင့် အမေရိကန်နိုင်ငံမှ လူမည်း အမျိုးသမီးများသို့ အများဆုံးရောင်းချရကြောင်း ပြောသည်။
“အဲဒါ ကျနော်တို့ ဈေးကွက်ပဲ။ လူမည်းတွေ”
မကြာသေးမီက YouTube တွင် “Burmese hair” ဟု ရှာဖွေကြည့်လိုက်ရာ ဆံပင်အတုများနှင့် အဆက်များကို အမျိုးသ မီးများက သုံးသပ်ထားသည့် ထောင်နှင့် ချီသော ဗီဒီယိုများကို တွေ့ရသည်။
“အဲဒါ(မြန်မာ ဆံပင်)က အိန္ဒိယ ဆံပင်လောက်လဲ မပျော့ပြောင်းဘူး။ ဘရာဇီး ဆံပင်လောက်လည်း မကြမ်းတမ်းဘူး။ နည်းနည်း အလယ် အလတ်ကျတယ်” ဟု follower ၆၀၀၀၀၀ ကျော်ရှိသော အလှအပအရေးရာ ဘလော့ဂါ တယောက်ဖြစ်သည့် MakeupD0ll က ပြောသည်။ သူပြုလုပ်သည့် ဆံပင်တု အချို့က ဒေါ်လာ ၉၀၀ အထိဈေးရသည်။
သို့သော်လည်း ခေတ်မီ ဖက်ရှင်ပုံစံများကြောင့် မြန်မာနိုင်ငံတွင် ရှည်လျား ဖြောင့်စင်း၍ ဓာတုဆေးဝါးဖြင့် ပြုပြင်ပြောင်းလဲ ထားခြင်း မရှိသော ဆံပင်များ ဝယ်လိုအားနှင့် ကိုက်ညီအောင် ရရှိရေးက ခက်ခဲလာသည်ဟု ရန်ကုန်တိုင်း အင်းစိန်မြို့နယ် တွင် ဆိုင်ဖွင့်ထားသူ ၂ ဦးက ပြောသည်။
“အခု ဆံပင်တွေက အရောင်ဆိုးထားကြတယ်။ ပုံစံသွင်းထားတယ်။ တိုလာကြတယ်” ဟု ဆံပင်အရောင်း အဝယ်လုပ်ငန်း ကို ၁၃ နှစ်ကြာ လုပ်ကိုင်ခဲ့သော အသက် ၄၄ နှစ်အရွယ် ဒေါ်မွှေးမွှေးက ပြောသည်။
မြန်မာ နှစ်သစ်ကူးကာလ ဖြစ်သည့် ဧပြီလက သူတို့အတွက် အကောင်းဆုံး ဖြစ်သည်ဟု ဆံပင်အရောင်း အဝယ်လုပ်သူ များက ပြောကြသည်။ အမျိုးသမီး အများအပြားက သီလရှင် မဝတ်မီ သူတို့၏ ဆံပင်များကို ဖြတ်ရောင်းကြသောကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံမှ တင်ပို့ရောင်းချသည့် ဆံပင် အများစုမှာ လောလောလတ်လတ် ဖြတ်တောက်ထားခြင်း မဟုတ်ဘဲ စွန့်ပစ် ထားသည့် ဆံပင်များဖြစ်ကြသည်။ ဘီးဖြီးရာမှ သဘာဝအလျှောက် ကျွတ်ကျသည့် ဆံပင်များကို သူဝယ်ယူခဲ့ကြောင်း အန်တီချိုဟု သိကြသည့် လုပ်ငန်းရှင်တဦးက ပြောသည်။
မိသားစုဝင်များ၊ အိမ်နီးချင်းများ ဘီးဖြီးရာမှ၊ စည်းနှောင်ရာမှ ကျွတ်ထွက်သောဆံပင်များကို ပလပ်စတစ် အိတ်များ အတွင်း သို့ သိပ်ထည့်စေပြီး တအောင်စလျှင် ၅၅ဆင့် ခန့်ပေး၍ သူကဝယ်သည်။ ထို့နောက် ၎င်းတို့ကို ထုပ်ပိုး၍ ကြားခံ ကိုယ်စား လှယ် များ သို့ သူကပြန်ရောင်းသည်။
ထိုသူများထဲတွင် ဝင်းကိုလည်း အပါအဝင်ဖြစ်သည်။ သူက ဆံပင်များကို ထရပ်ကားတစီး ပေါ်သို့တင်၍ နာရီပေါင်းများစွာ မောင်းရသည့် မြန်မာနယ်စပ်မြို့ မူဆယ် သို့ ပို့ပေးသည်။ မူဆယ်တွင် တရုတ်ကုန်သည် တဒါဇင်ခန့်က စောင့်နေသည်။
“ခင်ဗျားကြိုက်တဲ့ (ကုန်သည်)တယောက်ကို ရွေးလိုက်ရုံပဲ။ သူက ခင်ဗျားကို တရုတ်ဝယ်လက်တွေဆီမှာ ရောင်းဖို့ စီစဉ် ပေးလိမ့်မယ်” ဟု ဝင်းကိုက ပြောသည်။
သူ၏ ဆံပင်ရှည်များကို ဆုံးရှုံးလိုက်ရသည့်အတွက် ဇာဇာလင်း၏ ဝမ်းနည်းမှုကို သတိပြုမိသော သီဟ ဆံပင်ရောင်းဝယ် ရေး ဆိုင်ပိုင်ရှင် ဇင်မာက စာနာစကားပြောသည်။ “ဒါက ဆံပင်အညှပ်ခံရင်း ပိုက်ဆံ ရနေသလိုပါပဲ” ဟု သူက ပြောလိုက် သည်။
(Reuters သတင်းထောက် Aye Min Thant ၏ ‘Shines With the Color of Pearls’: Myanmar’s Trade in Human Hair Booms ကို ဘာသာပြန်သည်။)