အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်အောင် အစွမ်းကုန်ကြိုးစားနေချိန်တွင် လူ့အခွင့်အရေး ချိုးဖောက်သော ထိပ်တန်း တပ်မတော်အရာရှိများ အပါအဝင် မြန်မာစစ်တပ်ကို အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
အနောက်နိုင်ငံများက စိုးရိမ်သည့် ကိစ္စရပ်များ ဖြစ်သော ရိုဟင်ဂျာ မွတ်စလင်များအပေါ် မြန်မာနိုင်ငံက ဆက်ဆံပုံနှင့် မီဒီယာများအပေါ် ဖိနှိပ်မှုတို့မှာ အိန္ဒိယနိုင်ငံအတွက်မူ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်း နိုင်ငံများ အပေါ် ထားရှိသည့် ၎င်း၏ မူဝါဒအရ အရေးတယူ စဉ်းစားရလောက်သည့် ပြဿနာများ မဟုတ်ကြောင်း ယခုအချိန်တွင် ထင်ရှားလာပြီဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ လက်တွေ့ကျသော နည်းလမ်းအတွက် အပြန်အလှန် ဆက်စပ်နေသော အကြောင်းရင်း များစွာရှိနေသည်။ ပထမ အချက်မှာ မြန်မာနိုင်ငံသည် အိန္ဒိယ၏ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ အရှေ့ဘက်သို့ မျက်နှာမူ လုပ်ဆောင်ရေးမူဝါဒတွင် အရေးပါသော အချိတ်အဆက် ဖြစ်နေသည်။ ထိုမူဝါဒသည် အရှေ့တောင် အာရှမှ စီးပွားတိုးတက်သော နိုင်ငံများနှင့် ပိုမိုကောင်းမွန်စွာ ချိတ်ဆက်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရန် သေနင်္ဂဗျူဟာ ဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ ကျယ်ပြန့်လာသော စီးပွားရေး ဆက်လက်ကြီးထွားရန် လောင်စာလိုအပ်နေပြီး နယူးဒေလီသည် မြန်မာနိုင်ငံမှ ရေနံနှင့် ဓာတ်ငွေ့ကို တင်သွင်းရန်လွန်စွာ စိတ်ဝင်စားနေသည်။ တချိန်တည်းမှာပင် နှစ်နိုင်ငံ ကုန်သွယ်ရေး ပိုမိုလျင်မြန် လွယ်ကူစေရန် မြန်မာနယ်စပ်ရှိ ဟောင်းနွမ်း စုတ်ပြတ်နေသော လမ်းများကိုလည်း အဆင့်မြှင့်တင်နေသည်။
မေလက လက်မှတ်ရေးထိုးခဲ့သော သဘောတူစာချုပ် တခုကြောင့် အိန္ဒိယနိုင်ငံ မိုရေးနှင့် မြန်မာနိုင်ငံ တမူး၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ ချင်းပြည်နယ်နယ်စပ်ရှိ ရိခေါဒါ-ဇိုခေါတာ တို့တွင် နယ်စပ် ဝင်ပေါက် ထွက်ပေါက်များ တည်ထောင်ရန် လမ်းပွင့်သွားခဲ့သည်။
ဒုတိယအချက်မှာ အိန္ဒိယသည် သူ၏ အိမ်နီးချင်းနိုင်ငံကို တရုတ်နိုင်ငံထက် လက်ဦးမှုရယူရန် နေပြည်တော်နှင့် အပြည့်အ၀ ဆက်ဆံရေး ဖြစ်သည်။ တရုတ်နိုင်ငံသည် ၎င်း၏ နိုင်ငံတကာ အခြေခံအဆောက်အအုံ စီမံကိန်းများ အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် အိန္ဒိယ၏ တခြား အိမ်နီးချင်းများဖြစ်သော ပါကစ္စတန်၊ နိပေါ၊ သီရိလင်္ကာနှင့် မော်လဒိုက်တို့တွင် အခိုင်အမာ ရှေ့တန်းရောက်လာနေသည်။
အလားတူ အရေးကြီးသော အချက်တခုမှာ နယူးဒေလီမှ လုံခြုံရေးဆိုင်ရာ စီမံသူများသည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ဝေးကွာသော ဒေသများတွင် အခြေစိုက်သည့် အာသံ၊ နာဂ နှင့် မဏိပူရ် လူမျိုးစု သူပုန်များ ခိုလှုံရန် နေရာမရှိအောင် လုပ်ဆောင်လိုခြင်းဖြစ်သည်။
ထိုသူပုန်များသည် မြန်မာနိုင်ငံရှိ စခန်းမှနေပြီး အိန္ဒိယ အရှေ့မြောက်ပိုင်းသို့ဝင်ကာ အသေအပျောက်များသော စစ်ဆင်ရေးများ လုပ်ဆောင်ပြီး မြန်မာနိုင်ငံထဲသို့ ပြန်လည်ဝင်ရောက် သွားသောကြောင့် အိန္ဒိယ စစ်တပ်က လက်လှမ်းမမီ ဖြစ်နေသည်။
၂၀၁၅ ခုနှစ် ဇွန်လတွင် အိန္ဒိယ လုံခြုံရေး အာဏာပိုင်များသည် စိတ်မရှည်နိုင်တော့ဘဲ အထူးတပ်များကို နယ်စပ် ဖြတ်ကျော် စေလွှတ်ပြီး သူပုန်စခန်းများကို ဝင်တိုက်သည်။ ထိုသို့ တိုက်ခိုက်မှုမရှိကြောင်း မြန်မာအာဏာပိုင်များက ငြင်းပြီး မြန်မာပိုင်နက်ထဲတွင် ထိုသူပုန်စခန်းများမရှိကြောင်း အမြဲပြောဆိုသည်။
သို့သော် အောက်တိုဘာလ နှောင်းပိုင်းက မြန်မာပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် အိန္ဒိယပြည်ထဲရေး အတွင်းဝန် ရာဂျစ်ဂေါ်ဘာတို့ နယူးဒေလီတွင် တွေ့ဆုံသောအခါ ထိုသူပုန်များအကြောင်းသည် သတင်းခေါင်းကြီး များတွင် ပါဝင်လာပြန်သည်။
ထိုအဆင့်မြင့် အရာရှိနှစ်ဦးတို့သည် အကြောင်းအရာ မျိုးစုံကို ဆွေးနွေးကြသည်ဟု သတင်းများထွက်လာပြီး Sentinel သတင်းစာ ခေါင်းစဉ်တွင်မူ “အိန္ဒိယနှင့်မြန်မာ ပူးပေါင်းပြီး အရှေ့မြောက်မှ သူပုန်များကို တိုက်မည်” ဟုပင် ဖော်ပြထားသည်။
“အိန္ဒိယနှင့် မြန်မာတို့သည် ၎င်းတို့ပိုင်နက်များတွင် လှုပ်ရှားနေသော သူပုန်အုပ်စုများကို တိုက်ခိုက်ရန်သဘောတူ” ဟု Business Standard က ရေးသည်။ အိန္ဒိယ သတင်းဝက်ဘ်ဆိုက်ဖြစ်သော LiveMint က အိန္ဒိယနှင့် မြန်မာတို့ သူပုန်နှိမ်နှင်းရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ရေးဆွဲသည်ဟု ရေးသည်။
ထိုသတင်းများအားလုံး မှန်ပါက နှစ်နိုင်ငံတွေ့ဆုံခြင်းသည် အိန္ဒိယ – မြန်မာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွင် အဓိကကျသော တိုးတက်မှုတခု ဖြစ်သည်။
နယူးဒေလီ၏ အုပ်ချုပ်ရေးကို ဆန့်ကျင်သော လူမျိုးစု သူပုန်များသည် မြန်မာနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော်ပြီး ခိုလှုံနေကြသည်မှာ ၁၉၆၀ ပြည့်နှစ်များ၏ နှောင်းပိုင်းကပင် ဖြစ်ပြီး အိန္ဒိယက မြန်မာ့တပ်မတော်ကို အထူးသဖြင့် Sentinel သတင်းစာက ဖော်ပြသကဲ့သို့ ပူးပေါင်းစစ်ဆင်ရေးများဖြင့် ထိုသူပုန်များကို အရေးယူရန် ဖျောင်းဖျ နေခဲ့သည်။
ထိုသို့ စိတ်လှုပ်ရှားစရာ သတင်းခေါင်းစဉ်များ ရှိနေသော်လည်း ဗိုလ်ချုပ်အောင်သူ၏ ခရီးစဉ်အတွင်း ထိုကဲ့သို့သော အချက်များကို သဘောတူခဲ့ခြင်း မရှိပေ။ မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့သည် မူးယစ်ဆေးနှင့် သဘာ၀ တောရိုင်းတိရစ္ဆာန်များ မှောင်ခိုခြင်းကို အတူတကွ တားဆီးရန်နှင့် နှစ်နိုင်ငံ နယ်စပ်တလျှောက် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်တိုးမြှင့်မည့် သဘောမျိုးသာရှိသည်။ ထိုအချက်များသည် အသစ်အဆန်း မဟုတ်ကြပေ။
လက်တွေ့တွင် မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အိန္ဒိယနှင့် မြန်မာ့တပ်မတော်တို့ အကြား သူပုန်နှိမ်နင်းရေး စစ်ဆင်ရေး ပူးတွဲလုပ်ဆောင်နိုင်ခြင်း မရှိပေ။ “ပြည်ထောင်စု၏ ပိုင်နက်အတွင်း မည်သည့် နိုင်ငံခြား တပ်ကိုမျှ ခွင့်မပြုရ” ဟု ဖွဲ့စည်းပုံအခြေခံဥပဒေက ဆိုသည်။
အိန္ဒိယ အရှေ့မြောက်သူပုန်များ၏ အဓိက စခန်းများသည် စင်ကယ်လင်း ခမ်းတီး၏ မြောက်ဖက်ရှိ တာဂါတွင် ရှိသည်ကို ကျယ်ကျယ်ပြန့်ပြန့် သိကြသည်။ ထိုနေရာသည် အိန္ဒိယနယ်စပ်မှ မိုင်ပေါင်းများစွာဝေးပြီး တောင်ပေါ် ခြေလျင်ခရီး တပတ်ခန့်သွားရကာ ၎င်းတို့သည် အနီးအနားရှိ မြန်မာ စစ်တပ်စခန်းများနှင့်လည်း ဆက်ဆံရေး ကောင်းပုံ ရနေသည်။
အိန္ဒိယဘက်ခြမ်းရှိ နာဂသူပုန် ခေါင်းဆောင်များသည် ၎င်းတို့အခြေစိုက်သော စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ရွှေတွင်းများနှင့် တခြား အကျိုးအမြတ်များသည့် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံထားသည်ဟု သိထားကြသည်။
အာသံနှင့် မဏိပူရ် သူပုန်များသည် တာဂါ စခန်းမှ မြန်မာနိုင်ငံမြောက်ပိုင်းကို ဖြတ်ပြီး တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ်မှ ရွှေလီအထိ အနည်းနှင့်အများ ဆိုသလို လွတ်လပ်မှုဖြင့် သွားလာကာ စစ်လက်နက်နှင့် တခြား လိုအပ်သော ပစ္စည်းများ ဝယ်ယူနေကြသည်။
မြန်မာ့တပ်မတော်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုက်ပွဲများကိုသာ အာရုံစိုက်နေရပြီး ဒေသတွင်း စီးပွားရေးကို အထောက်အကူ ပြုနေသော အိန္ဒိယ အရှေ့မြောက် သူပုန်များ ရှိနေခြင်းကို မည်သို့မျှ ဆောင်ရွက်နိုင်ခြင်းမရှိပေ။
ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ လက်အောက်တွင် ၂၀၁၄ ခုနှစ်က ပြန်လည်ပြုပြင် အမည်ပေးခဲ့သည့် ယခင်က “အရှေ့မျှော်ဝါဒ” ဟု သိထားကြပြီး ယခု “အရှေ့ဘက်တွင် လှုပ်ရှားဆောင်ရွက်ရေး” မူဝါဒက အရှေ့ဘက် နယ်စပ်တွင် တည်ငြိမ်မှုရှိအောင် လုပ်ဆောင်ရေးကိုလည်း အာရုံစိုက်သည်မှာ ထင်ရှားသည်။
သို့သော် အိန္ဒိယသည် မြန်မာနိုင်ငံ၏ ဈေးကွက်နှင့် ရင်းမြစ်များအရကြည့်လျှင် တရုတ်နိုင်ငံထက် များစွာ နောက်ကျနေသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမှာ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၆ ဘီလျံရှိပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၏ ပထမ ၈ လအတွင်းတွင် ဒေါ်လာ ၇.၄၂ ဘီလျံဖိုးရှိသည်။
တရုတ်နိုင်ငံသည် ယူနန်ပြည်နယ် မြို့တော် ကူမင်းမှ ရွှေလီနှင့် မြန်မာနိုင်ငံ နယ်စပ်မြို့များသို့ ဆက်သွယ်သော နှစ်လမ်းသွား လမ်းသစ်ကိုလည်း တည်ဆောက်ထားပြီး ဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဘက် အခြမ်းတွင် မူဆယ်မှ မန္တလေးအထိ ရထားလမ်း တည်ဆောက်ရန်လည်း သဘောတူထားပြီး ဖြစ်သည်။ ထိုရထားလမ်းသည် နောက်ဆုံးတွင် တရုတ်ကို အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက် ရစေသည့် ဘင်္ဂလားပင်လယ်အော်ရှိ ကျောက်ဖြူဆိပ်ကမ်းအထိ အဆိုပြုထားသည့် ရထားလမ်းနှင့် ချိတ်ဆက်မည် ဖြစ်သည်။
ကြီးထွားနေသော တရုတ်-မြန်မာ ကုန်သွယ်ရေးက အိန္ဒိယ အရှေ့မြောက်ပိုင်းအထိပင် သက်ရောက်နေသည်။ တရုတ်နိုင်ငံလုပ် လျှပ်စစ်ပစ္စည်းများ၊ အဝတ်အထည်၊ အိတ်၊ အိမ်သုံး ပစ္စည်းများနှင့် တခြားဈေးချိုသော ထုတ်ကုန်များကို မြန်မာနိုင်ငံကိုဖြတ်သန်းပြီး အိန္ဒိယ အရှေ့မြောက်ပိုင်းဈေးများသို့ ရောက်နေကြသည်။
နှိုင်းယှဉ်ကြည့်ပါက အိန္ဒိယ-မြန်မာအကြား နှစ်စဉ် ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၂ ဘီလျံသာရှိပြီး အိန္ဒိယဘက်မှ မြန်မာနိုင်ငံသို့ လာသောလမ်းများက ကြမ်းတမ်းသည်၊ မြန်မာနယ်စပ် တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်မှ လမ်းများ၏ အရည်အသွေးကို မမီသလို၊ စံချိန်လည်းမီလမ်းများလည်း မဟုတ်ကြပေ။
သို့သော် ထိုအခြေအနေများ အားလုံးကို မိုဒီက ပြောင်းလဲပစ်လိုသည်။ မြန်မာနိုင်ငံမှ ရိုဟင်ဂျာ သိန်းနှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးပြီး အနောက်နိုင်ငံများက ရှုတ်ချနေသည့် ကာလအတွင်း သူသည် ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်သည်။
ထိုနှစ်ဇူလိုင်လတွင်ပင် အိန္ဒိယနိုင်ငံသည် မြန်မာ့တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့ရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယသို့ ၈ ရက်ကြာ သွားရောက် လည်ပတ်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုအခါ ရိုဟင်ဂျာများကို နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကြောင့် ဖြစ်နိုင်ခြေရှိသော လူမျိုးတုံး သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် စွပ်စွဲ ခံနေရသည်။
တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံသို့ ထိုးဖောက်မှုကို တန်ုပြန်ရန်အတွက် အိန္ဒိယနိုင်ငံက မြန်မာ့တပ်မတော်ကို စစ်ဖက် အထောက်အပံ့များပေးရန် အသင့်ရှိကြောင်း ဇူလိုင်လ ၈ ရက်နေ့တွင် Times of India သတင်းစာက ဖော်ပြသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ လက်နက် အဓိက ထောက်ပံ့နေသော နိုင်ငံဖြစ်ပြီး အိန္ဒိယသည် မြန်မာနိုင်ငံသို့ လက်နက်ယှဉ်ပြိုင်တင်ပို့ရန် ပြင်ဆင်နေကြောင်းလည်း ထင်ရှားသည်။
ထိုသို့သော အခြေအနေကို ပိုမိုခိုင်မာစေသည်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယသို့ ဇန်နဝါရီလတွင် သွားရောက် လည်ပတ်ခဲ့သည်။ အနောက်နိုင်ငံများ၏ ပစ်ပယ်ခြင်း ခံနေရသော ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်၊ ဂျပန်နှင့် အရှေ့တောင်အာရှ နိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံလာသည်။
မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်အကြား အသစ်တဖန် ပြန်လည်ထူထောင်ထားသည့် ဆက်ဆံရေးကလည်း အိန္ဒိယနိုင်ငံ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ခိုင်မာသော ဆက်ဆံရေး ထူထောင်ရန် တွန်းအားပေးနေသကဲ့သို့ ဖြစ်နေသည်။
မြန်မာပိုင်နက်အတွင်း စခန်းချနေထိုင်သော အိန္ဒိယ အရှေ့မြောက် သူပုန်များကို ပူးပေါင်းစစ်ဆင်ရန်မှာ လက်တွေ့မကျသော စိတ်ကူးယဉ်မှုသာ ဖြစ်နေပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးသည် တရုတ်မြန်မာ ကုန်သွယ်ရေးကို မီရန် များစွာ လိုနေသေးသော်လည်း အိန္ဒိယ၏ ရည်မှန်ချက်များက ရှင်းလင်းသည်။
လူ့အခွင့်အရေးနှင့် ရိုဟင်ဂျာ အကျပ်အတည်းထက် တရုတ်သြဇာ ချဲ့ထွင်မှုကို ဦးစားပေးခြင်းသည် မိုဒီ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော အရှေ့ဘက်မျက်နှာမူ လုပ်ဆောင်သည့် မူဝါဒအတွက် တွန်းအားဖြစ်စေသည်မှာ ထင်ရှားသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့က ထိတွေ့ဆက်ဆံရေးမူကို အရေးယူမှု အသစ်များဖြင့် အစားထိုး နေချိန်တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ပြဿနာများကို မည်သို့ တုံ့ပြန်မည်ဆိုသည်နှင့် ပတ်သက်သည့် အရှေ့- အနောက် အကွဲအပြဲကို ဖြစ်စေသည်။
“ရိုဟင်ဂျာကိစ္စအတွက် မြန်မာနိုင်ငံကို ကုန်သွယ်ရေးပိတ်ဆို့မှု ချမှတ်ဖို့ လုပ်ဆောင်တဲ့ တချို့နိုင်ငံတွေကို ဂျပန်က လုံး၀ ဆန့်ကျင်တယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး အီချီရို မာရူယာမာက ဧရာဝတီ သတင်းဌာန၏ အောက်တိုဘာလ ၁၉ ရက်နေ့ တွေ့ဆုံမေးမြန်းခန်းတွင် ပြောခဲ့သည်။
တရုတ်နိုင်ငံ၏ ဒေါ်လာ ၁ ထရီလျံတန် ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်နှင့်အပြိုင် တခြား ရွေးစရာ လမ်းကြောင်းတခု လုပ်ဆောင်လိုသော ဂျပန်နိုင်ငံ၏မူဝါဒနှင့် နွေးထွေးသော ဆက်ဆံရေးများကို ကြည့်ပါက မြန်မာနိုင်ငံတွင် တရုတ်သြဇာကြီးမားမှုကို တန်ပြန်ရန် ပိုမို အရေးကြီးသည်ဟူသော အိန္ဒိယနိုင်ငံ၏ အမြင်ကို မာရူယာမာကလည်း ဆုပ်ကိုင်ထားကြောင်း ယူဆနိုင်သည်။
(Asia Times ပါ Bertil Lintner ၏ Why India looks the other way on Myanmar ကို ဘာသာပြန်ဆိုသည်။)