ရခိုင်လူထု တရပ်လုံးကို နိုင်ငံရေးအရ စိတ်ဝင်စားမှု မြင့်တက်စေခဲ့သည့် ရသေ့တောင် ကြားဖြတ် ရွေးကောက်ပွဲက မဲရလဒ်များ ထွက်ပေါ်လာသည့်အခါ ရခိုင် နိုင်ငံရေးပါတီများကို အံ့သြ တုန်လှုပ်စေခဲ့သည်။
နိုဝင်ဘာလ ၃ ရက်တွင် ပြုလုပ်ခဲ့သည့် ရသေ့တောင်မြို့နယ်အတွင်း ကျင်းပသော ကြားဖြတ် ရွေးကောက်ပွဲက အထူး စည်ကားခဲ့သည်။
မြို့ပေါ်ရပ်ကွက်တခုဖြစ်သည့် အရှေ့တောင် ရပ်ကွက် မဲရုံအမှတ် (၂) တွင် ညနေစောင်းလာသည်နှင့် အမျှ အဆက် မပြတ် ထွက်ပေါ်လာသည့် မဲရေတွက်သံများက အလွန်တရာမှ စိတ်လှုပ်ရှားစရာ ကောင်းလှသည်။
ပါတီအသီးသီး၏ အောင်နိုင်ရေး ရုံးခန်းများတွင်လည်း ပြိုင်ပွဲဝင် ကိုယ်စားလှယ်လောင်းများက ရင်တထိတ်ထိတ်နှင့် စောင့်ဆိုင်း နေကြသည်။
ညနေ ၄ နာရီ ကျော်လာသည်နှင့် ဖေ့စ်ဘုတ် လူမှုစာမျက်နှာများတွင် ဦးတင်မောင်ဝင်း ဆိုသည့် နာမည်တက်လာသလို မဲရုံများတွင် ရေတွက်သံများတွင်လည်း တသီးပုဂ္ဂလကိုယ်စားလှယ် ဦးတင်မောင်ဝင်း ဆိုသည့် အသံကိုသာ အများဆုံး ကြားလာရသည်။
များမကြာမီ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်း မဲအပြတ်အသတ် အနိုင်ရရှိသွားကြောင်း ပြိုင်ဘက် ပါတီအားလုံးက လက်ခံလိုက်ကြကာ မိမိတို့ ရှုံးနိမ့်သွားပြီဖြစ်ကြောင်းကို ထုတ်ဖော်ပြောဆိုလာပြီးနောက် ရသေ့ တောင် ကြားဖြတ်ရွေးကောက်ပွဲ ပြိုင်ဆိုင်မှု တခန်း ရပ်နားသွားတော့သည်။
ပြည်နယ်လွှတ်တော် ရသေ့တောင် လစ်လပ်မဲဆန္ဒနယ်အတွက် ကြားဖြတ်ရွေးကောက်ပွဲ မဲရလဒ်များကတော့ တသီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်းက ၂၄,၄၁၇ မဲ ၊ ရခိုင်အမျိုးသား (ANP) ပါတီမှ ဦးမောင်လှမြင့်က ၃,၇၉၄ မဲ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဦးခင်သန်းမောင်က ၉၄၆ မဲ၊ ရခိုင်ဒီမိုအရေစီအဖွဲ့ချုပ် (ALD) ပါတီမှ ဦးသိန်းမောင်က ၅၇၂ မဲ ရရှိခဲ့သည့် အတွက် ပြိုင်ဘက်များ အပေါ် မဲအပြတ်အသတ် နှင့် ဦးတင်မောင်ဝင်း က အနိုင်ရခဲ့သည်။
ရသေ့တောင် ကြားဖြတ်သည် တနိုင်ငံလုံး အတိုင်းအတာဖြင့် စိတ်ဝင်စားခြင်း ခံရသည့် လစ်လပ်မဲဆန္ဒနယ် တခုဖြစ်ပြီး ဒေသတွင်း ပြည်သူလူထု၏ စိတ်ဝင်စားမှုလည်း ရေချိန်အမြင့်ဆုံးတွင် ရှိနေခဲ့သည်ဟု ရန်ကုန်မြို့မှ လာရောက်ကာ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့သည့် ကိုဇင်မောင်က ပြောသည်။
၎င်းက“တော်တော်ထူးခြားတဲ့ ကြားဖြတ်ရွေးကောက်ပွဲတခုလို့ ကျနော်တို့ မြင်တယ်။ ယှဉ်ပြိုင်တဲ့ အခါမှာလည်း ပြည်သူ တွေ ပါဝင်လာအောင် တဖက်နဲ့တဖက် စည်းရုံးလှုံ့ဆော်တာမျိုးတွေလည်း တွေ့ရတယ်”ဟု ဧရာဝတီကို ပြောပြ သည်။
ထို့ပြင် ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးကာလကလည်း အနိုင်ရသွားသည့် တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်း ဦးတင်မောင်ဝင်းသည် ဒေသခံ လူထုနှင့် ထိတွေ့မှု အများဆုံး လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း လည်း သူက ဆိုသည်။
ကိုဇင်မောင်က“တခြား ပြည်နယ်တွေမှာ ဒီရွေးကောက်ပွဲက ပုံမှန်လောက်ပဲပေါ့။ ရန်ကုန်မှာဆိုရင် သမ္မတမဲပေးမယ့် နေရာလောက်ပဲ လူစည်တာ။ ဒါပေမယ့် ရသေ့တောင်မြို့နယ်မှာတော့ တော်တော်လေးကို သူတို့ အပြောင်းအလဲ အတွက် ယုံကြည်တဲ့လူကို ယုံကြည်ချက်၊ မျှော်လင့်ချက်တွေနဲ့ မဲလာပေးတာကို တွေ့ရတယ်”ဟုလည်း ပြောဆိုသည်။
နိုင်ငံရေးလောက မျက်နှာစိမ်းဖြစ်နေသည့် ဦးတင်မောင်ဝင်းအား ဒေသခံ ပြည်သူများ ပုံအော မဲထည့်ခဲ့ခြင်းသည် သူ၏ ဖခင်ဖြစ်သူ ဒေါက်တာ အေးမောင်၏ အရှိန်အဝါကြောင့် ဖြစ်သည်ဟုလည်း ဒေသခံများက ပြောဆို နေကြသည်။
မယူကမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး အသင်း ဥက္ကဌ ဦးမောင်စောဝင်းက“ဒေါက်တာ အေးမောင်ရဲ့ပုံရိပ်ကြောင့် သားကို မဲပေးတယ်။ နောက်တပိုင်းက ရခိုင်ပါတီတွေကို အပြောင်းအလဲ လိုချင်တဲ့အတွက် ဘယ်လို အခြေအနေမျိုးတွေပဲ ရှိရှိ မဲပေးလာခဲ့ကြတယ်။ ဒါပေမယ့် အပြောင်းအလဲ ဘာမှ ဖြစ်မလာဘူး။ ဒေသခံတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်ပေါ်နေတာ အပြောင်းအလဲကို အရမ်း လိုချင်ကြတယ်”ဟု ပြောသည်။
မဲဆွယ်စည်းရုံးရေး ကာလများတွင်လည်း ဦးတင်မောင်ဝင်းက“ကျနော့် ဖခင်ရဲ့ တာဝန်ပေးချက်အရ ကျနော် လာပြိုင် ခြင်းသာ ဖြစ်ပါတယ်”ဟု မဲဆွယ်စည်းရုံးရေး ဟောပြောမှုများတွင် ပြည်သူများထံ သတင်းစကား ပေးထားသည်။
ထိုစကားတခွန်းကြောင့်ပင် ရသေ့တောင်မြို့နယ် ပြည်သူများက ကရုဏာသက်ကာ ဒေါက်တာ အေးမောင် သားဖြစ်သူ နိုင်ငံရေးလောက ဇာတ်ကောင်သစ် ဦးတင်မောင်ဝင်းကို ပုံအော မဲပေးလိုက်ကြခြင်းပင် ဖြစ်သည်။
ဦးတင်မောင်ဝင်းအား ထောက်ခံမဲ ပေးသူများတွင် ဌာနေ ဒေသခံများသာမက ပြင်ပရောက် ဒေသခံများလည်း ရှိကြ သည်။
ရသေ့တောင်မြို့ပေါ်ရပ်ကွက် မဲရုံ ၃ ခုရှိသည့်အနက် အရှေ့တောင်ရပ်ကွက် မဲရုံ (၂) တွင် ရန်ကုန်မြို့ကပင် ပြန်လာ ကာ ကိုယ်တိုင်ကိုယ်ကျ မဲလာပေးသူ ဒေါ်ခင်နွယ် ဆိုသည့် အမျိုးသမီးလည်း တွေ့ရသည်။ သူသည် ဦးတင်မောင်ဝင်း ကို မဲပေးလိုသည့်အတွက် တကူးတက ပြန်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒေါ်ခင်နွယ်က“ကျမက ကိုတင်မောင်ဝင်းကို မဲပေးဖို့အတွက် ရန်ကုန်ကနေ တကူးတက ဆင်းလာတာပါ။ သူ့ကို ရွေး ချယ်ရတဲ့ အကြောင်းရင်းက သူဟာ ဒေါက်တာ အေးမောင်ရဲ့ သားတယောက် ဖြစ်တယ်။ ရခိုင် ပြည်သူလူထု အကျိုး အတွက် သူများတွေထက် ပိုလုပ်နိုင်မယ်လို့ ထင်လို့ သူကို မဲပေးခဲ့တာပါ”ဟု ပြောသည်။
ရွေးကောက်ပွဲ မဲဆွယ်ကာလက ဒေသခံ ပြည်သူများကြား စကားလုံးတရပ် ရေပန်းစားခဲ့သည်။ အဆိုပါ စကားရပ်မှာ “သား တယောက်သာ”ဟူ၍ ဖြစ်သည်။
ဒေသခံအချင်းချင်း တွေ့ဆုံတိုင်း မည်သူ့ကို မဲပေးမလဲ၊ မည်သည့်ပါတီကို သဘောကျသလဲဟု အပြန်အလှန် မေးမြန်း ပြောဆိုကြရာတွင် ယင်းစကားရပ်ကို သုံးနှုန်းပြောဆိုကြခြင်း ဖြစ်ပြီး “သား တယောက်သာ” ဆိုသည့် စကားသည် ဒေါက်တာ အေးမောင်၏ သားဖြစ်သူ ဦးတင်မောင်ဝင်းကို ဆိုလိုခြင်း ဖြစ်သည်။
အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်သည် ရသေ့တောင်တွင် ပြုလုပ်သည့် စာပေ ဟောပြောပွဲတခုနှင့် ပတ်သက်၍ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ဖမ်းဆီး အရေးယူ တရားစွဲဆိုခံနေရသည်။
ဦးတင်မောင်ဝင်း ကြားဖြတ်အတွက် မဲဆွယ်စည်းရုံးမှု ပြုလုပ်သည့်အခါ ထိုစာပေ ဟောပြောပွဲကို ဦးဆောင်ပြုလုပ်ခဲ့ သည့် လူငယ်များက မိမိတို့ကြောင့် ဒေါက်တာ အေးမောင် ဖမ်းဆီးခံရသည်ဆိုသည့် ခံယူချက်ဖြင့် သားဖြစ်သူအပေါ် ကရုဏာသက်ကာ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တလျှောက် လိုက်ပါကူညီ ဝန်းရံပေးခဲ့သည်ဟု သိရသည်။
ဒေသခံများ၏ တခဲနက် ထောက်ခံမဲဖြင့် ပါတီလက်မဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်း အနိုင်ရခဲ့ သော်လည်း တပ်တွင်းမဲရုံများကမူ သူ့အား ထောက်ခံခြင်း မရှိခဲ့သည်ကို မဲရလဒ်များက ဖော်ပြလျက် ရှိသည်။
ရသေ့တောင် တပ်တွင်း မဲရုံ နှစ်ခုဖြစ်သည့် အမှတ် (၅၃၆) ခြေမြန်တပ်ရင်း တပ်ရင်း မဲရုံနှင့် အမှတ် (၅၃၈) ခြေမြန် တပ်ရင်း မဲရုံတို့တွင် ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားလှယ်လောင်း ဦးမောင်လှမြင့် ထောက်ခံမဲ အများဆုံး ရခဲ့ သော်လည်း အခြားမဲရုံများတွင် ရှုံးနိမ့်ခဲ့သည်။
ဦးမောင်လှမြင့်က“တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်းကို ရသေ့တောင် မဲဆန္ဒရှင်ပြည်သူတွေက မြို့ရဲ့အကျိုးစီးပွားကို ဆောင်ရွက်နိုင်ဖို့ ယုံကြည်လက်ခံပြီး မဲပေးလိုက်ကြတယ်ပေါ့။ အဲဒါကြောင့် အနိုင်ရရှိသွား တယ်။ သူ အနိုင်ရရှိတဲ့အပေါ် ကြိုဆိုပါတယ်”ဟု ဧရာဝတီမှတဆင့် မုဒိတာစကား ပြောကြားသည်။
သို့သော် ယင်းတပ်မဲရုံနှစ်ခုတွင် ဦးမောင်လှမြင့် တဦးတည်းကို စုပြုံထောက်ခံခြင်းမှာ သံသယဖြစ်ဖွယ်ရှိပြီး လွတ်လပ် မှု မရှိသည်ကို တွေ့မြင်မိကြောင်းလည်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက သုံးသပ်နေကြသည်။
ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာသူ ကိုဇင်မောင်က“တပ်က မဲတွေက မဲပြန့်တာ၊ မဲကွဲ တာ မရှိဘူး။ တခုတည်းကို တိုင်ပင်ပြီးတော့ ပေးထားသလိုမျိုး တွေ့ရတယ်။ အဲဒါတွေဟာ ဘာလဲဆိုတော့ Independent (လွတ်လပ်မှု) မဖြစ်တာပေါ့။ မဲရုံတွေဟာ လွတ်လပ်မှု မရှိသလိုမျိုး တွေ့ရတယ်။ သူတို့ပေးချင်တဲ့သူကို မပေးရဲဘဲ သူတို့အတွက် အန္တရာယ် မရှိဘူးဆိုတဲ့ လူကိုပဲ မဲပေးတယ်လို့ ကျနော်တို့က သုံးသပ်တယ်။ တကယ်လို့များ အရပ်ဘက် မဲရုံတွေနဲ့များ ပေါင်းလိုက်ရင် သူတို့ပေးချင်တဲ့လူကို ပေးလို့ရမယ်လို့ ခန့်မှန်းမိတယ်”ဟု ဆိုသည်။
ရွေးကောက်ပွဲ အောင်နိုင်သွားသည့် ဦးတင်မောင်ဝင်းကမူ ရွေးကောက်ပွဲ အောင်နိုင်ခြင်းနှင့် ပတ်သက်၍ ယခုအချိန် အထိ သတင်း မီဒီယာများသို့ တစုံတရာ ပြောဆိုခြင်း မပြုသေးပေ။
ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်သည့် အချိန်သည် ရခိုင်အခြေစိုက် နိုင်ငံရေး ပါတီများအား ဒေသခံ ပြည်သူ များက စိတ်ပျက်လက်ပျက် ဖြစ်နေချိန်နှင့် တိုက်ဆိုင်လျက် ရှိသည်။
ရခိုင်ပြည်သူ အများစု၏ ထောက်ခံမှု ရထားသည့် ရခိုင်အမျိုးသားပါတီ (ANP) သည်“အမျုးိသား အကျိုးစီးပွား” အတွက် လွှတ်တော်တွင် တိုင်ပွဲဝင်မည်ဟု ကြွေးကြော်ထားသော်လည်း လက်တွေ့တွင်မူ ပုဂ္ဂိုလ်ရေး နေရာရရှိရေး ကိုသာ ရှေ့တန်းတင်မှုများ ရှိနေသည်ဟု ဝေဖန်မှုများလည်း ရှိသည်။
ရသေ့တောင်မြို့နယ် မယူကမ်းဒေသဖွံ့ဖြိုးတိုးတက်ရေး အသင်း ဥက္ကဌ ဦးမောင်စောဝင်းက“ANP မှာ ပါတီ တည်ဆောက် ရေးကို မလုပ်ဘူး။ ပုဂ္ဂိုလ်ရေး နေရာရလိုမှုတွေနဲ့ သွားနေတယ်။ နယ်မှာလည်း မလုပ်ဘူး၊ မြို့ပေါ်မှာ လည်း မလုပ်ဘူး။ အရင်လိုပဲ မဲပေးလိမ့်မယ်လို့ ထင်ထားကြတယ်။ လူထုရေချိန် ပြောင်းသွားတာကို မရိပ်မိဘူး”ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး ANP ခေါင်းဆောင်တချို့နှင့် အမတ်တချို့မှာ ပါတီတွင်း မညီညွတ်မှုများကို ပြန်လည် တည်ဆောက် လိုခြင်း နည်းပါးနေသည်ဟုလည်း ပြောဆိုသည်။
“ပြည်သူတွေက ထောက်ခံသလောက် ANP က အပြောင်းအလဲ မလုပ်နိုင်ဘူး။ မူစဲကျွန်းမှာဆို ကြီးကြီးကျယ်ကျယ်ကို ရှုံးတာ။ မြောက်ဦး အရေးအခင်းကိစ္စတွေမှာလည်း တခုမှ ဝင်လုပ်နိုင်တာကို မတွေ့ရဘူး။ ပြည်သူတွေက အလုပ် မလုပ် ဘဲ အဆီကျနေတယ်လို့ မြင်တယ်”ဟု ဦးမောင်စောဝင်းက ထောက်ပြ ဝေဖန်သည်။
တချိန်တခါက သမိုင်းအစဉ်အလာ ကြီးမားခဲ့သည့် ALD သည်လည်း လူထုနှင့် ကင်းကွာနေကာ လူထု၏ အသဲကြားက မဲတပြားကို မဖမ်းဆုပ်နိုင်တော့ပေ။
ထို့ပြင် လက်ရှိ NLD မှာလည်း ဒေသတွင်း ပြဿနာများ အပါအဝင် ပြည်နယ်အစိုးရ၏ စွမ်းဆောင်ရည် အားနည်းချက် များကြောင့် ဒေသခံများ၏ ထောက်ခံ အားပေးမှုထက် ပြစ်တင်ဝေဖန်မှုများနှင့်သာ ရင်ဆိုင်နေရသည်။
ယင်းအတွက်ကြောင့် ရသေ့တောင် ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေါက်တာအေးမောင်၏ ပါတီဟောင်း ဖြစ်သည့် ANP ပါတီနှင့် ၎င်း၏ သားဖြစ်သူ ဦးတင်မောင်ဝင်းတို့သာ အဓိက ယှဉ်ပြိုင်ခဲ့ရသည်ဟု ဆိုရမည် ဖြစ်သည်။
တနည်းဆိုရသော် ဒေါက်တာ အေးမောင် တဦးတည်း နိုင်ငံရေး အရှိန်အဝါဖြင့် ANP ကို အင်အားချိန်ခွင်လျှာ ညှိခဲ့ခြင်း ဟုလည်း ဆိုနိုင်ပေသည်။
လူထုဘက်ကမူ ဒေါက်တာ အေးမောင်ကို ထောက်ခံသည် ဆိုခြင်းထက် ANP ပါတီ အမတ်တချို့၏ နိုင်ငံရေး စွမ်းဆောင် ရည်ကို စိတ်ပျက်နေချိန် ဖြစ်သည်က ဦးတင်မောင်ဝင်းအား မျက်နှာသာ ပေးလိုက်ခြင်းဟု သုံးသပ်မှုများ ရှိသည်။
ယခင်က လူထုမှာ ANP ပါတီ တခုတည်းကို စုပြုံ အားပေးထောက်ခံ ခဲ့သော်လည်း ယခုအချိန်တွင် ပြိုင်ဘက်ကောင်း တဦး ပေါ်ထွက်လာသည်ဟု သတ်မှတ်ကာ အပြောင်းအလဲ လုပ်ခဲ့ကြသည်ဟု ဆိုရပေမည်။
ထို့ပြင် သားဖြစ်သူ ရွေးကောက်ပွဲ ရှုံးနိမ့်ပါက နိုင်ငံရေးလောကက ကျောခိုင်းထွက်ခွာမည်ဟု ဒေါက်တာ အေးမောင်က လူထုထံ သတင်းစကား ပေးထားကာ ကြားဖြတ်တွင် သားဖြစ်သူ အနိုင်ရသွားသည့်အတွက် ရခိုင့်နိုင်ငံရေး ကြေးမုံပြင် တွင် ဒေါက်တာအေးမောင်ကို ဆက်မြင်တွေ့ရဦးမှာ ဖြစ်သလို ၎င်းအတွက် အင်အားသစ်တခု ရရှိသွားခြင်းလည်း ဖြစ် သည်။
ရသေ့တောင် မဲဆန္ဒနယ် (၂) မှာ ၂၀၁၅ ခုနှစ်က အနိုင်ရသွားသည့် ANP ပါတီ၏ ပြည်နယ်လွှတ်တော် အမတ် ဦးဖိုးမင်း၏ မဲဆန္ဒနယ် ဖြစ်ပြီး ၎င်းကွယ်လွန်သွားသည့်အတွက် ၂၀၁၈ ကြားဖြတ်တွင် လစ်လပ်မဲဆန္ဒနယ်အဖြစ် ပါဝင်လာခြင်း ဖြစ်သည်။
ယင်းနေရာ အတွက် ANP ပါတီမှ ဦးမောင်လှမြင့်၊ ALD ပါတီမှ ဦးသိန်းမောင်၊ NLD ပါတီမှ ဦးခင်သန်းမောင်၊ တသီး ပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် ဦးတင်မောင်ဝင်းတို့ ဖြစ်သည်။
နိုဝင်ဘာလ ၃ ရက် ကြားဖြတ်တွင် ရသေ့တောင် မဲဆန္ဒနယ် (၂) အတွက် မဲရုံ ၈၆ ရုံနှင့် မဲပေးသူ ၅၂,၃၀၀ ရှိသော် လည်း မဲပေးသူ ၃၀,၄၇၈ သာ ရှိပြီး ၂၀၀၀၀ ကျော် မဲမပေးခဲ့ကြသော်လည်း ဦးတင်မောင်ဝင်းမှာ မဲရလဒ် အသာဖြင့် အနိုင် ရခဲ့ခြင်းလည်း ဖြစ်သည်။
ကျန်ရှိသည့် အစိုးရသက်တမ်းအရ ရသေ့တောင် ပြည်နယ်လွှတ်တော် အမတ် ၁ နေရာသည် အလုပ်လုပ်ပြနိုင်ရန် အတွက် အချိန် ခပ်များများ မကျန်တော့သလို ပါတီများအတွက်လည်း နောက်ထပ် ကိုယ်စားလှယ် ၁ နေရာ ထပ်မံ အနိုင်ရရှိလိုက်ရုံမှလွဲ၍ မည်သို့သော ထူးခြားပြောင်းလဲမှုများ ဖြစ်မလာနိုင်တော့ဟု သုံးသပ်မှုများ ရှိသည်။
သို့သော် ရခိုင်ဒေသတွင်း ပါတီများအတွက် ယင်းလစ်လပ် ၁ နေရာသည် အသက်တမျှ အရေးကြီးသည့်အပြင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် လူထုသဘောထား စစ်တမ်း ကောက်ယူသည့် အားစမ်းပွဲ တခုလည်း ဖြစ်သည်။
ကြားဖြတ်ကာလ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများတွင် ဒေါက်တာအေးမောင်၏ သားဖြစ်သူ ဦးတင်မောင်ဝင်းအား
ANP ပါတီ အမတ်တချို့က ပြောင်ပြောင်တင်းတင်းပင် ဝင်ရောက်ကူညီ ဝန်းရံ ဆောင်ရွက်ပေးမှုများ ရှိခဲ့သည့်အတွက် ရခိုင်နိုင်ငံရေးလောကတွင် သို့လောသို့လော မေးခွန်းများလည်း ထွက်ပေါ်နေသည်။
ANP အမာခံ ပါတီဝင်များသည် ယခင် လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ပါတီဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင် နောက် လိုက်ကာ ၎င်း၏ ပါတီသစ် ရခိုင့်ဦးဆောင်ပါတီသို့ ဘက်ပြောင်းသွားကြမည်လားဟု ခန့်မှန်း စောင့်ကြည့်မှုများ ရှိနေ သည်။
ထို့ပြင် ANP ဘက်ကလည်း ၂၀၁၈ ကြားဖြတ်တွင် ကြုံခဲ့၊ ထိတွေ့ခဲ့ရသည့် ရွေးကောက်ပွဲရလဒ်နှင့် ဖြစ်ရပ်များအပေါ် အခြေခံကာ ၎င်းတို့၏ အားနည်းချက်ကို အချိန်မီ ပြင်ဆင်နိုင်ပါ့မလားဟူသည့် မေးခွန်း ရှိနေသည်။
မည်သို့ပင်ဖြစ်စေ ၂၀၁၈ ကြားဖြတ် ရသေ့တောင် မဲဆန္ဒနယ်မှသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ နီးလာ သည်နှင့် အမျှ ရခိုင်ဒေသတွင်း နိုင်ငံရေးသည် ပါတီခေါင်းဆောင် အချင်းချင်း ရင်ကြားစေ့ရေးကို သွားမည်လား၊ သို့တည်း မဟုတ် ရင်ကြားစေ့မရဘဲ အကွဲအပြဲ ဇာတ်လမ်းဘက်ကို ဦးတည်မည်လား ဆိုသည့်အပေါ် ဒေသခံပြည်သူများ၏ သိလိုမှု ရေချိန် မြင့်သထက် မြင့်တက် လာနေပြီဖြစ်ကြောင်း ကိုတော့ ခန့်မှန်းသုံး သပ်လိုက်ရပါသည်။ ။