ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အကျပ်အတည်း ဖြစ်နေသလော ဟူ၍ လွန်ခဲ့သော နှစ်များကတည်းက မေးခွန်းထုတ်ခဲ့ ကြသည်။ ယခုတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်တန့်သွားတော့ မည်လောဟု မေးခွန်း ထုတ်လာကြသည်။
ဤမေးခွန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က ပြုလုပ်သည့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီး ခေါင်းဆောင်များ ပါဝင်သည့် သီးသန့် ဆွေးနွေးပွဲ နောက်ပိုင်းတွင် ကျယ်ကျယ် လောင်လောင် ထွက်ပေါ် လာခဲ့သည်ကို တွေ့ရသည်။
ဤမေးခွန်းသည် အကြောင်းမဲ့ ထွက်ပေါ်လာသည်တော့ မဟုတ်ပေ။ သီးသန့် ဆွေးနွေးပွဲအတွင်း ပြောကြားသည့် ထိပ်သီး ခေါင်းဆောင်များ၏ မတူညီသော နိုင်ငံရေးအမြင်များက အခြေပြု လာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ငြိမ်းချမ်းရေး လုပ်စဉ်အတွင်းရှိ အစည်းအဝေးများ၌ ပါဝင်တက်ရောက်ခြင်းအား ယာယီရပ်ဆိုင်းကြောင်း ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ ပေးစာ ထွက်လာခြင်း၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့် ရေး ကော်မတီ (JMC) အစည်းအဝေးများတွင် ပါဝင်မှုအား ခေတ္တရပ်ဆိုင်းကြောင်း ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) ၏ ထုတ်ပြန်ချက်တို့ ထွက်လာပြီးနောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အနာဂတ်အား ကျယ်ကျယ်လောင်လောင် မေးခွန်း ထုတ်လာကြသည်ဟု ဆိုရပါမည်။
ဤသို့ ကျယ်ကျယ်လောင်လောင် မေးခွန်း ထုတ်လာကြခြင်းသည် ထင်သာမြင်သာ အခြေအနေကြောင့်ဟု ဆိုရပါမည်။
သို့သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေသို့ ဆိုက်ရောက်နေသည်မှာ တနှစ်ကျော် ရှိခဲ့ပြီ ဖြစ်သည်။
၂၀၁၇ ခုနှစ်အတွင်း ကျင်းပခဲ့သော ဒုတိယအကြိမ် ပင်လုံညီလာခံတွင် တိုင်းရင်းသား ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် သက် ဆိုင် သော ပြည်နယ်များ ဖွဲ့စည်းပုံရေးဆွဲရေး အတွက် မူဝါဒများ သတ်မှတ်နိုင်ရေးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခွဲမထွက်ရေး ကတိကဝတ်နှင့် ဆက်စပ်ထားသည်ကို ဖြေရှင်း မရခဲ့ပေ။
ထိုဒုတိယအကြိမ် ညီလာခံကတည်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ခွဲမထွက်ပါဟု ကတိကဝတ်ပေးမှ သာ ပြည်နယ်များ၏ ဖွဲ့စည်းပုံရေးဆွဲရေးအား လက်ခံနိုင်မည်ဟု တပ်မတော်က ရပ်ခံခဲ့သည်။ တိုင်းရင်းသား လက် နက် ကိုင် များက မူအရ ခွဲမထွက်ပါဟု ကတိကဝတ် မပေးနိုင်ခဲ့ရာ နိုင်ငံရေး ဆွေးနွေးမှုများ ရှေ့ဆက်နိုင်ခြင်း မရှိ ခဲ့ပေ။
သို့နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း နိုင်ငံရေး ဆွေးနွေးမှုများသည်၂၀၁၇ ခုနှစ် ဒုတိယအကြိမ် ညီလာခံပြီး ကတည်းက အထစ်အငေါ့ ဖြစ်နေခဲ့သည်ဟု ဆိုရမည်။
ထို့ပြင် ၂၀၁၇ ခု နှစ်ကုန်ပိုင်း ရှမ်းပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပမှုနှင့် ပတ်သက်၍ တပ် နှင့် RCSS ကြား နားလည်မှု ပိုမိုကွဲလွဲခဲ့ကြပြီး ပိုမိုထစ်ငေါ့မှုများ ဖြစ်ခဲ့သည်ဟု ဆိုရပါမည်။
သို့နှင့် တနှစ်ခန့် အကြာတွင် တတိယအကြိမ် ပင်လုံညီလာခံကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အသက်ဆက်ရေး အတွက် ကျင်းပ ခဲ့ကြသော်လည်း အရေးပါသည့် ထိပ်တိုက်ကွဲလွဲနေသော နိုင်ငံရေး ပြဿနာများကို ရှောင်လွှဲခဲ့သည်။
ထို့ပြင် ဒုတိယနှင့် တတိယ ညီလာခံနှစ်ခုတွင် ပြည်ထောင်စု သဘောတူညီချက် ၅၁ ချက်ရယူနိုင်ခဲ့သည် ဆိုသော် လည်း ကဏ္ဍ ၅ ခုအနက် လုံခြုံရေးကဏ္ဍ၌ သဘောတူညီချက် တချက်မှ မရသေးသည်ကို တွေ့ရသည်။
သီးသန့် ဆွေးနွေးပွဲ
၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးသည့် ၃ နှစ်ပြည့်တွင် နေပြည်တော်၌ အစိုးရ၊ တပ်မတော် နှင့် NCA လက်မှတ် ထိုးထားသည့် တိုင်း ရင်း သား လက်နက်ကိုင်အဖွဲ့ ထိပ်သီးများ ပါဝင်သည့် သီးသန့် အစည်းအဝေးတခု ကျင်းပခဲ့သည်။
တတိယအကြိမ် ပင်လုံညီလာခံအပြီး နိုင်ငံရေးဆွေးနွေးပွဲများ ရှေ့ဆက်မရသည့် ကာလတွင် ထို ရှေ့မတိုး နောက် မဆုတ်သာ ဖြစ်နေမှုများအား ကျော်လွှားနိုင်ရန် အတွက် ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံကြသည့် ဆွေးနွေးပွဲ တရပ် ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါသီးသန့် ဆွေးနွေးပွဲသည် တချို့မျှော်လင့်ခဲ့ကြသည့် အလွတ်သဘော တွေ့ဆုံမှုမျိုး၊ တဖက်နှင့်တဖက် နားလည်မှု ရယူနိုင်ရန် ကြိုးစားသည့် တွေ့ဆုံမှုမျိုးတော့ မဟုတ်ပေ။ သီးသန့် ဆွေးနွေးပွဲသည် ပုံမှန်တရားဝင် ဆွေးနွေးပွဲ အဖြစ်သာ ကျင်းပခဲ့သည်ကို တွေ့ရသည်။
ထိုသီးသန့် ဆွေးနွေးပွဲတွင် အစိုးရသည် လည်းကောင်း၊ တပ်မတော်သည် လည်းကောင်း တိုင်းရင်းသား အဖွဲ့များ သည် လည်းကောင်း မိမိတို့၏ သဘောထား ရပ်တည်ချက်များကို ပွင့်လင်းစွာ ဖော်ထုတ်ခဲ့ကြပြီးနောက် သဘော ထား ကွဲလွဲမှုများ မြင်သာထင်သာ ရှိခဲ့သည်ကို တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်က ပြဿနာရှိသည်ကို ဖုန်းကွယ်ထား၍မရဘဲ ပွင့်လင်းစွာ ဖော်ထုတ် အသိမှတ်ပြုပြီး ဖြေရှင်း နိုင်ရေး ကြိုးပမ်းရန်သာ လိုသည်ဟု ဆိုခဲ့သည်။
အဆိုပါ သီးသန့် ဆွေးနွေးပွဲတွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ သဘောထားများ ကို ပွင့်လင်းစွာဖော်ပြသည့် အခြေခံပေါ်မှ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် စိန်ခေါ်မှု ၅ ခုအား ကျော်လွှား နိုင်ရန် လိုအပ်နေသည်ကို တွေ့ရပေသည်။
စိန်ခေါ်မှု ၅ ခု
ပထမ စိန်ခေါ်မှုမှာ ကိုယ်ပိုင်ပြဌာန်းခွင့် မူအရ ပြည်နယ်များ ဖွဲ့စည်းပုံ ရေးဆွဲရေးနှင့် ခွဲမထွက်ရေး ကတိကဝတ် ပြဿနာ ဖြစ်သည်။
တပ်မတော်၏ သဘောထားမှာ ပြည်နယ် ဖွဲ့စည်းပုံရေးဆွဲရေး အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အနေ နှင့် ပြည်ထောင်စုမှ ခွဲမထွက်ပါဟု ကတိကဝတ်ပေးရန် လိုအပ်သည်ဟု ဆိုခဲ့သည်။ ပြည်ထောင်စုမှ ခွဲမထွက်ပါ ဆို သည့် ကတိကဝတ်အား ပြည်ထောင်စု သဘောတူညီချက်တွင် ထည့်သွင်းရန် လိုအပ်သည်ဟု တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်က အခိုင်အမာ ဆိုခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ KNU ဥက္ကဋ္ဌက ပြည်နယ် ဖွဲ့စည်းပုံရေးဆွဲခြင်း ဆိုသည်မှာ ပြည်ထောင်စုကြီး အတွင်း ရှိ ပြည်နယ် ဖွဲ့စည်းပုံကို ရေးဆွဲခြင်းဖြစ်ပေရာ ပြည်နယ် ဖွဲ့စည်းပုံ ရေးဆွဲရေးနှင့် ခွဲမထွက်ပါ ဆိုသည့် ကတိ ကဝတ် ချိတ်ဆက် ထားရန် မလိုအပ်ဟု ဆိုခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ ပြည်ထောင်စုမှ ခွဲမထွက် ရေး သည် အရေးကြီးသည်ဟု ဆိုနိုင်သော်လည်း “ခွဲထွက်စရာ မလိုသည့် ပြည်ထောင်စု တည်ဆောက်ရေး” က ပို အရေးကြီးသည် ဟု ဆိုခဲ့သည်။
နိုင်ငံရေး ဆွေးနွေးပွဲများ ရှေ့တဆင့်တက်ရေး ပြည်နယ် ဖွဲ့စည်းပုံရေးဆွဲရေး အတွက် ခွဲမထွက်ရ ကတိကဝတ် ပေးရေး နှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား မတူကွဲပြားသည့် အမြင်များ ကို တွေ့မြင်နေရသည်ဟု ဆိုရမည်။ သို့ဖြစ်ရာ အဆိုပါ ခွဲမထွက်ရေး ကတိကဝတ်နှင့် ပတ်သက်ပြီး ညှိနှိုင်း ဖြေရှင်း နိုင်ရေးသည် ပထမဦးစွာ ကျော်လွှားရမည့် စိန်ခေါ်မှု ဖြစ်ပေသည်။
ဒုတိယ ကျော်လွှားရန် လိုအပ်သည့် စိန်ခေါ်မှုမှာ တခုတည်းသော တပ်မတော် ပြဿနာဟု ဆိုရပါမည်။ အနာဂတ် တပ်မတော် နှင့် ပတ်သက်၍ တပ်မတော်၏ သဘောထားမှာ “တခုတည်းသော တပ်မတော်”ဟု ဆိုသည်။
NLD အစိုးရ ကတော့ “ရွေးကောက်ခံ အရပ်သား အစိုးရ လက်အောက်ရှိ တခုတည်းသော တပ်မတော်”ဟု ဆိုပါ သည်။
တိုင်းရင်းသား လက်နက်ကိုင်များ ကတော့”ရွေးကောက်ခံ အရပ်သားအစိုးရ လက်အောက်ရှိ တခုတည်းသော ဖက်ဒရယ် တပ်မတော်”ဟု ဆိုကြသည်။
သို့ဖြစ်ရာ တခုတည်းသော တပ်မတော်နှင့် ပတ်သက်၍ ကွဲလွဲနေသော ဖွင့်ဆိုချက်များကို တွေ့ရသည်။ အဆိုပါ ပြဿနာနှင့် ပတ်သက်၍ ညှိနှိုင်း ဖြေရှင်းနိုင်ရေးသည် ဒုတိယ စိန်ခေါ်မှု ဖြစ်ပေသည်။
တတိယ စိန်ခေါ်မှုမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကာလ အနားသတ်ဖြစ်သည်။ ၂၀၁၈ ခုနှစ် နှစ်လယ်တွင် ကျင်းပသည့် တတိယ ပင်လုံညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ငြိမ်းချမ်းရေး ညီလာခံတကြိမ်၊ ၂၀၁၉ ခုနှစ် အတွင်း ငြိမ်းချမ်းရေး ညီလာခံ ၂ ကြိမ် ကျင်းပမည်ဟု ဆိုခဲ့သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကမူ ၂၀၂၀ တွင် ကျင်းပသည့် ဒုတိယ အကြိမ်မြောက် ညီလာခံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးမြောက်အောင် ဆောင်ရွက်မည်ဟု ဆိုခဲ့သည်။
NCA သဘောတူညီချက် အရ ငြိမ်းချမ်းရေး ညီလာခံကို တနှစ်လျင် ၂ ကြိမ်ကျင်းပမည်ဟုဆိုရာ ၂၀၂၀ ပြည့်နှစ် အတွင်း နောက်ဆုံးအကြိမ် အဖြစ် ကျင်းပသွားမည်ဟု အချိန်ကာလ အနားသတ်အား တပ်မတော်က စတင်ဆိုခဲ့ သည်။
ထို့ပြင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်သည့် သီးသန့် ဆွေးနွေးပွဲတွင်လည်း ၂၀၂၀ တွင် ငြိမ်းချမ်း ရေး အား လူထုလက်သို့ ပေးအပ်မည်ဟုဆိုကာ ငြိမ်းချမ်းရေး ကာလ အနားသတ်အား ထပ်မံဆိုခဲ့သည်။
၂၀၁၅ ခုနှစ်အောက်တိုဘာ ၁၅ ရက်က NCA လက်မှတ် ရေးထိုးခဲ့ပြီး နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်မှာ ၃ နှစ် ရှိခဲ့ပြီ ဖြစ်သည်။ တဖက်ကကြည့်လျှင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား အချိန် အကန့်အသတ်မရှိ ကျင်းပရန် မဖြစ်နိုင်ပေ။ တဖက်က ကြည့်လျှင်လည်း လာမည့် ၂ နှစ်အတွင်း နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း နိုင်မည်လောဟူသော မေးခွန်း ရှိနေပေသည်။
လက်ရှိ အခြေအနေတွင် ၂၀၂၀ ၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အနည်းဆုံး အကန့်တခုဖြတ်ရန် ပြောဆိုခဲ့သော တပ် မတော် ၏ သဘောထားမှာ တိုင်းရင်းသား အရေးနှင့်ပတ်သက်၍ ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မတချို့ကို ပြင်ဆင် ဖြည့် စွက်ခြင်းဖြင့်သွားရန် စဉ်းစားထားသည်ကို တွေ့ရသည်။
သီးသန့် ဆွေးနွေးပွဲတွင် ပြောသော ကာကွယ်ရေး ဦးစီးချုပ် မိန့်ခွန်းတွင် ပုဒ်မ ၂၆၁ ကဲ့သို့ ပြည်နယ်လွှတ်တော်မှ ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့်မရှိသည့် ပုဒ်မများကို ပြင်ဆင်ရန် လိုအပ်ပါက ပြင်ဆင်သွားရန် လမ်းကြောင်း ဖွင့်ပြောဆို သွားသည်ကိုလည်း တွေ့ရသည်။
ဤသို့ တပ်မတော်က ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မတချို့ ပြင်ဆင်ဖြည့်စွက်ပြီး လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အကန့်တခု အဆုံးသတ်ရန် စဉ်းစားမှုသည် NLD အစိုးရ၏ ၂၀၁၅ ရွေးကောက်ပွဲ ကတိကဝတ်အပြင် လက်ရှိ ခြေလှမ်း တို့နှင့် သဟဇာတ ဖြစ်နေသည်ကို တွေ့ရသည်။
NLD အစိုးရ အနေနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ကတိကဝတ် ပေးခဲ့သည်ဖြစ်ရာ ၂၀၂၀ တွင် အခြေခံဥပဒေပါ ပုဒ်မတချို့အား ပြင်ဆင်ပြီး အဆိုပါ ကတိကဝတ်ကို အကောင်အထည် ဖော်ရန် လိုအပ် နေပေသည်။
၂၀၁၈ အောက်တိုဘာ ၁၅ ရက်က ပြုလုပ်သည့် သီးသန့်ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားများ တွင် ဖက်ဒရယ်စံ အိပ်မက်များရှိနေသကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံ အရှိတရားကိုလည်း အသိအမှတ်ပြုရန် လိုအပ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခကို ဖြစ်ပွားစေသည့် အခြေခံဥပဒေ ပုဒ်မများကို ပြင်ဆင်ပြီး တဆင့်ချင်းသွားရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်ကို တွေ့ရသည်။
လက်တွေ့တွင်လည်း အစိုးရနှင့် တပ်မတော်ကြားတွင် အခြေခံဥပဒေပါ ပုဒ်မ ၇၀ ကျော်ကို ပြင်ဆင် ဖြည့်စွက်ရန် ညှိနှိုင်း နေသည်ဟု ဆိုသည်။
၎င်းတိ့ုတွင်း ညှိနှိုင်းပြီးပါက တိုင်းရင်းသား လက်နက်ကိုင်များနှင့် ထပ်မံ၍ ညှိနှိုင်းမှု ပြုလုပ်သည့် လမ်းကြောင်းဖြင့် အခြေခံ ဥပဒေပါ ပုဒ်မတချို့ကို ပြင်ဆင် သွားဖွယ်ရာ ရှိပါသည်။
သို့ဖြစ်ရာ အဆိုပါ ကာလအတွင်း အဆုံးအဖြတ် ပေးနိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်များ အဆင်သင့်ရှိ မရှိ နှင့် အခြခံဥပဒေပါ ပုဒ်မများအား ပြင်ဆင်ဖြည့်စွက်ရာတွင် ကျေနပ်လက်ခံမှု ရှိ မရှိ ဆိုသည်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် တတိယ စိန်ခေါ်မှုဟု ဆိုရပါမည်။
စတုတ္ထ စိန်ခေါ်မှုမှာ NCA လက်မှတ် ရေးထိုးထားသော KNU၊ RCSS တို့နှင့် စစ်ရေးတင်းမာမှုများကို ဖြေရှင်း ကျော် လွှား နိုင်ရန်ဖြစ်သည်။ လက်ရှိ KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ဒေသ၌ ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် လမ်းဖောက် လုပ်ရန် တပ်မတော်က ဆောင်ရွက်လာသဖြင့် တင်းမာမှုများ ဖြစ်ပွားခဲ့သည်။
လက်ရှိအချိန်တွင် လမ်းဖောက်လုပ်မှု ရပ်တန့်ထားသဖြင့် တင်းမာမှုအတော်အသင့် လျော့ကျနေသော်လည်း လမ်း ပြန်လည် ဖောက်လုပ်ပါက ပြန်လည်တင်းမာမှု ဖြစ်ပွားဖွယ် ရှိသည်။
၂၀၁၆ ခု နှစ်ကုန်ပိုင်းကစပြီး မိုင်းလားနှင့် ကျိုင်းတုံ ကားလမ်းအား စစ်ရေး ရည်ရွယ်ချက်ဖြင့် တပ်မတော်က ပိတ်ဆို့ ထား ရာ ယခု ဖာပွန်ဒေသသို့ ဒေသဖွံ့ဖြိုးရေး ရည်ရွယ်ချက်ဖြင့် လမ်းဖောက်သည် ဆိုခြင်းကို KNU တပ်ဖွဲ့များ ယုံကြည် ရန် ခက်ခဲနေပြီး ၎င်းတို့အား ထိုးစစ်ဆင်နိုင်ရန် လမ်းဖောက်သည်ဟု ယူဆထားရာမှ စစ်ရေး တင်းမာမှု ဖြစ်ပွားနေခြင်း ဖြစ်သည်။
ထို့အတူ RCSS နှင့် တပ်မတော်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး RCSS ဘက်က NCA သဘော တူညီချက် ကို ဖောက်ဖျက်သည်ဟု တပ်မတော်ဘက်က ဆိုသည်။ RCSS ဘက်ကလည်း လွယ်တိုင်းလျံ ဌာနချုပ် နေရာမှလွဲ၍ ကျန်ဒေသများတွင် တပ်နေရာ ချထားရေးနှင့်ပတ်သက်၍ ဆွေးနွေးမှု မပြီးပြတ်ဟု ဆိုနေသည်။
အဆိုပါ KNU ဖာပွန်ဒေသ စစ်ရေးတင်းမာမှုအား လည်းကောင်း၊ RCSS/SSA နှင့် တပ်နေရာ ချထားရေးအား လည်းကောင်း ဖြေရှင်းနိုင်ရေးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ စတုတ္ထစိန်ခေါ်မှု ဟု ဆိုရပါမည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မပါဝင်သေးသော မြောက်ပိုင်း မဟာမိတ်၇ ဖွဲ့နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် ပါဝင်လာရေးမှာ ပဉ္စမစိန်ခေါ်မှု ဟုဆိုရမည်။
ထိုအဖွဲ့များ၏ လက်နက်ကိုင် အင်အားသည် စုစုပေါင်း တိုင်းရင်းသား လက်နက်ကိုင် အင်အား၏ ၈၀ ရာခိုင်နှုန်း အထိ ရှိပေရာ အလွန် အရေးပါသည့် စိန်ခေါ်မှုဟု ဆိုရပါမည်။
၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွင်း ပါဝင်ရန်ငြင်းပယ်ခံရသည့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်မတော် (AA) အဖွဲ့ ၃ ဖွဲ့နှင့် ပတ်သက်သည့် တပ်မတော်၏ သဘောထားသည် တဖြည်းဖြည်းချင်း ပြောင်း လဲ သည်ကို တွေ့ရသည်။
၂၀၁၅ နှစ်ကုန်ပိုင်းက ထို ၃ ဖွဲ့သာမက KIA တပ်မဟာ ၄ ပါ လက်နက် စွန့်ရမည်ဟု တပ်မတော်က သဘောထား ခဲ့ သည်။
၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် ထို ၃ ဖွဲ့အနေနှင့် လက်နက်ကိုင် တော်လှန်ရေးအား စွန့်လွှတ်မည်ဟု ကြေညာချက် ထုတ်ပြန် ပါက ပထမအကြိမ် ၂၁ ရာစုပင်လုံ တက်ခွင့်ပြုမည်ဟု ဆိုခဲ့သော်လည်း အဆိုပါ ၃ ဖွဲ့က လက်နက်ကိုင် တော်လှန်ရေး အား စွန့်လွှတ်ပါမည်ဟု ကြေညာချက် မထုတ်ဘဲ လက်နက်ကိုင် ပဋိပက္ခအား နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့၍ တပ်မတော်ဘက် လက်မခံသဖြင့် ညီလာခံ တက်ရောက်ခွင့် မရခဲ့ပေ။
၂၀၁၇ ခုနှစ် နှစ်လယ်တွင် ကျင်းပသည့် ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ညီလာခံတွင် တရုတ်တို့၏ ကြားဝင် ညှိနှိုင်း ပေးမှု ကြောင့် TNLA၊ MNDAA၊ AA အဖွဲ့ ၃ ဖွဲ့ တက်ရောက်ခဲ့သော်လည်း ဖွင့်ပွဲသို့ တက်ရောက်ခြင်းမျှသာ ဖြစ်ပြီး ဝင်ရောက် ဆွေးနွေးခွင့်မရှိခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြား တွေ့ဆုံခဲ့သော်လည်း တပ်မတော် ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း မရှိခဲ့ပေ။
ထို့ပြင် ၎င်းတို့ ဖွဲ့စည်းထားသည့် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA-မိုးလားအဖွဲ့)၊ TNLA၊ MNDAA၊ AA အဖွဲ့ ၇ ဖွဲ့အားလည်း အသိ အမှတ် မပြုဘဲ သီးခြားခွဲ၍ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
၂၀၁၈ ခုနှစ် နှစ်လယ်တွင် ကျင်းပသည့် တတိယအကြိမ် ၂၁ ပင်လုံတွင် တရုတ်၏ ညှိနှိုင်းပေးမှုကြောင့် မြောက်ပိုင်း ၇ ဖွဲ့ တက်ရောက်သော်လည်း ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကေ်ာမတီ (FPNCC) အနေဖြင့် အသိ အမှတ် မပြုသေးပေ။
ဒေါ်အောင်ဆန်းစုကြည် သည်လည်းကောင်း၊ တပ်မတော် ခေါင်းဆောင်များသည် လည်းကောင်း ထိုအဖွဲ့ ၇ ဖွဲ့အား ၂ ဖွဲ့ ခွဲ၍ တွေ့ဆုံခဲ့ပြီး ဆက်လက် ဆွေးနွေးသွားမည်ဟု ဆိုခဲ့သဖြင့် ယခင်ထက် တိုးတက်လာသည်ဟု ဆိုနိုင်သည်။
သို့သော် တတိယအကြိမ် ညီလာခံအပြီး KIA နှင့် တပ်မတော် ကိုယ်စားလည်တို့ တွေ့ဆုံရာတွင် အပစ်အခတ် ရပ်စဲ ရေး အတွက် ပြေလည်မှု မရှိခဲ့ပေ။
TNLA၊ MNDAA၊ AA အဖွဲ့ ၃ ဖွဲ့နှင့် ၂ ကြိမ်တွေ့ဆုံရာတွင် ပိုမိုနားလည်မှု ရရှိခဲ့သည်ဆိုသော်လည်း ယခုအချိန်ထိ နှစ်ဖက် လက်ခံနိုင်သော ကြေညာချက် မထုတ်ပြန်နိုင်သေးပါ။
ထို့ပြင် ငြိမ်းချမ်းရေး ကော်မရှင်၏ စဉ်းစားထားမှုမှာ TNLA၊ MNDAA၊ AA တို့နှင့် သဘောတူညီချက် ရလျှင် အပစ် အခတ် ရပ်စဲရေး Bilateral ရေးထိုးမည်။ KIA နှင့်လည်း Bilateral ရေးထိုးရန် ဆောင်ရွက်မည်။ ပြီးလျှင် မြောက်ပိုင်း ၇ဖွဲ့လုံးကို NCA ရေးထိုးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ပါဝင်စေရန် ဖြစ်သည်။
သို့သော် သီးသန့် ဆွေးနွေးပွဲအား ထောက်ခံသည့် မြောက်ပိုင်း ၇ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ၎င်းတို့အနေနှင့် အစိုးရ၊ တပ်မတော် တို့နှင့် သုံးပွင့်ဆိုင် ဆွေးနွေးလိုကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
ငြိမ်းချမ်းရေး ကော်မရှင်က စဉ်းစားထားသည့် NCA လက်မှတ်ရေးထိုးပြီး NCA လုပ်ငန်းစဉ်တွင်း အခြား NCA ထိုးပြီး သား အဖွဲ့များနှင့်အတူ ပါဝင်ရေးနှင့် မြောက်ပိုင်း ၇ ဖွဲ့ စဉ်းစားထားသည့် အစိုးရ၊ တပ်မတော်နှင့် FPNCC တို့ သီးခြား တွေ့ဆုံ ဆွေးနွေးရေးတို့ကြားတွင် ကွာဟမှု ရှိနေဆဲဖြစ်သည်။
သို့ဖြစ်ရာ မြောက်ပိုင်း ၇ ဖွဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ နိုင်ငံရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွင်း ပါဝင်ရေးမှာ ကြီးမား သည့် စိန်ခေါ်မှု တခု၊ ပဉ္စမမြောက် စိန်ခေါ်မှု ဖြစ်နေပေတော့သည်။
ဆက်လက် ဖော်ပြပါမည်။
(မောင်မောင်စိုးသည် ဖက်ဒရယ်နှင့်တိုင်းရင်းသားရေးရာ သုတေသီတဦးဖြစ်သည်။)