ဆောင်းပါး

ငြိမ်းချမ်းရေးအတွက် KNU ခြေလှမ်း ဘာလဲ ဘယ်လဲ

Want create site? Find Free WordPress Themes and plugins.

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်မှု ယာယီ ဆိုင်းငံ့ထားရန် ဆုံးဖြတ်ချက်အတိုင်းသာ အခိုင်အမာရပ်တည်နေသော်လည်း အကျပ်အတည်းများ ကျော်လွှားရန် အလွတ်သဘောဆွေးနွေးမှုများမှတဆင့် အဖြေရှာသွားမည်ဖြစ်ကြောင်း KNU ဗဟို အမြဲတမ်း ကော်မတီအစည်းအဝေးအပြီး နိုဝင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖေါ်ပြထားသည်။

KNU ခေါင်းဆောင်ပိုင်းသည် လွန်ခဲ့သည့်အပတ်က အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများတို့အကြား နေပြည်တော်သီးသန့်ဆွေးနွေးပွဲမှ သဘောတူညီချက်များ အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်မှု၏ အားနည်းချက် အားသာချက်များကို ပြန်လည်သုံးသပ်ခဲ့ကြသည်။

KNU သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ၎င်းတဖွဲ့လုံး အဓိပ္ပါယ်ပြည့်ဝစွာပါဝင်လာနိုင်ရန် အဖွဲ့တွင်း တိုင်ပင်ညှိနှိုင်းရမည်ဖြစ်သဖြင့် ဆွေးနွေးပွဲများတွင် ပါဝင်မှု ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း လွန်ခဲ့သော နှစ်ပါတ်ကတည်းက ပြောဆိုထားခဲ့သည်။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသူများအနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ် နားလည်မှုများ ကွဲလွဲနေသော်လည်း ၎င်းကို ဖြေရှင်းခြင်း ထက် ရှောင်ကွင်းကာ အဖွဲ့အသီးသီးက ၎င်းတို့ နားလည်ချက်အတိုင်း အကောင်အထည် ဖော်နေခြင်းက ရှုပ်ထွေးမှုများ ဆင့်ကဲ ဖြစ်ပေါ်စေသည်ဟု KNU က ဆိုသည်။

NCA အကောင်အထည်ဖေါ်ရေးဆိုင်ရာ အခက်အခဲများကိုကျော်လွှားရန် အဖြေရှာနိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများ လိုကြောင်းကို KNU က အလေးထားပြောဆိုသည်။

“KNU သည် NCA သဘောတူစာချုပ်ပါအတိုင်း တခုတည်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရမည် ဖြစ်သည်” ဟု KNU ၏ကြေညာချက်တွင် ဖေါ်ပြထားသည်။

အစိုးရနှင့်တပ်မတော်ဘက်က NCA သဘောတူစာချုပ်တွင် ပါဝင်မှုမရှိသော ခွဲထွက်ရေးနှင့် တခုတည်းသော တပ်မတော် ကိစ္စရပ်များကို ဆွေးနွေးရန် ပြောဆိုခဲ့ပြီး၊ ထိုပြောဆိုချက်အရ ယင်းကြိုတင်သတ်မှတ်ချက်များကို လက်ခံပြီးမှသာလျှင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် သဘောထားတူသော အကြောင်းအရာများကို ဆွေးနွေးမည်ဟူ၍ ဖြစ်နေပါသည် ဟုဆိုသည်။

KNU အနေဖြင့် နိုင်ငံတော် လုံခြုံရေးစနစ်ကို ကျေကျေလည်လည်ဆွေးနွေးပြီးမှသာလျှင် တခုတည်းသော တပ်မတော်ကဲ့သို့သော ကိစ္စကို ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း KNU က ပြောဆိုထားပြီး ဖြစ်သည်။

အဖွဲ့အစည်းတိုင်းကို စနစ်တကျ ကိုယ်စားပြုနိုင်ရန်နှင့် ခိုင်မာသော ငြိမ်းချမ်းရေးအောင်မြင်ရန် အခြေခံမူများချမှတ်ရာတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများသာမက နိုင်ငံရေးဆွေးနွေးပွဲတွင် မပါဝင်သေးသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများလည်း ပါဝင်နိုင်ရေးကိုလည်း KNU က တိုက်တွန်းပြောဆိုထားသည်။

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အကျပ်အတည်းသည် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များအတွင်း NCA စာချုပ်မူကြမ်းရေးဆွဲချိန်က ကြုံရသော အကျပ်အတည်းနှင့် ခပ်ဆင်ဆင်တူသည်။ ထိုကာလက ဆွေးနွေးမှုများ ရပ်တန့်မလိုဖြစ်ခဲ့ရသည့် အဓိကအကြောင်းရင်းထဲတွင် တပ်မတော်က အဆိုပြုလာသော တပ်မတော်မူ ၆ ချက်နှင့် တိုင်းရင်းသားများတောင်းဆိုသော အားလုံးပါဝင်ရေးကိစ္စတို့ ဖြစ်သည်။

အားလုံးပါဝင်ရေးဆိုရာတွင် အဖွဲ့အစည်းတိုင်း ပါဝင်နိုင်ရေးဖြစ်သော်လည်း အစိုးရနှင့် တပ်မတော်ဘက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းသုံးခုဖြစ်သော ရက္ခိုင့်တပ်မတော် (AA) ၊ တအာင်းန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကိုးကန့် အဖွဲ့ဖြစ်သည့် မြန်မာတိုင်းရင်းသားများ ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) တို့ကို ထိုအချိန်ကငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တန်းတူ ပါဝင်ခွင့် မပြုခဲ့ခြင်းကြောင့် ဖြစ်သည်။

၂၀၁၅ ခု အောက်တိုဘာလတွင် NCA ကိုလက်မှတ်မရေးထိုးမီ ၇ လခန့်က သဘောတူစာချုပ်မူကြမ်း ရေးဆွဲရေးနှင့် ပတ်သက်ပြီး ယခုကဲ့သို့ပင် အကျပ်အတည်းဖြစ်ခဲ့သည်ဟု PPST ၏ အကြံပေးတဦးဖြစ်သည့် ဦးခွန်ဆိုင်းက ဆိုသည်။ ထို့ကြောင့် ယခင်အတွေ့အကြုံများအရ လက်ရှိအခြေအနေသည် စိုးရိမ်စရာဖြစ်ကြောင်းလည်း သူပြောသည်။

“လက်ရှိအခြေအနေကို စိုးရိမ်စရာလို့ ယူဆမယ်ဆိုရင် ယူဆလို့ရပါတယ်။ ဒါကြောင့် အရင်ကလိုပဲ အလွတ်သဘော ဆွေးနွေးပွဲတွေ အများကြီးလုပ်ဖို့ လိုတယ်။ ဘာလို့လဲဆိုတော့ ငြိမ်းချမ်းရေးရဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှေ့ဆက်ချင်တဲ့ လူတွေ အစိုးရဘက်မှာ၊ တပ်မတော်ဘက်မှာနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေဘက်မှာပါ အများကြီးရှိနေလို့ပဲ” ဟု သူပြောသည်။

KNU ၏ဆုံးဖြတ်ချက်အပေါ်အမြင်များ

KNU ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး လေ့လာသူများ၏ အမြင်အမျိုးမျိုး ကွဲပြားနေသည်။ အချို့က အပြုသဘောဆောင်သော တုံ့ပြန်မှုဟုမြင်ပြီး အချို့က KNU ခေါင်းဆောင်များအကြား အကွဲအပြဲ ဖြစ်နေကြောင်းကို ပြသနေသည်ဟု ခန့်မှန်းကြသည်။

ထို့အတွက်ကြောင့် KNU ထိန်းချုပ်ဒေသများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်လာမည်လား၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အင်အားချိနဲ့သွားမည်လား၊ ၂၀၂၀ မတိုင်မီပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ သုံးကြိမ် နှောင့်နှေးသွားမည်လားစသည့် စိုးရိမ်မှုများ ပေါ်ပေါက်နေသည်။

မတ်လအတွင်းကလည်း တပ်မတော်က ဖါပွန်ခရိုင်ရှိ KNU တပ်မဟာ (၅) ထိန်းချုပ်ဒေသတွင် လမ်းဟောင်းတခုကို ပြန်လည်တည်ဆောက်ရာမှ တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် အရပ်သားများ နေရပ်စွန့်ခွာ ထွက်ပြေးကြရပြီး ဒေသခံများ၏ နေ့စဉ်လူမှုဘဝများ ထိခိုက်ခဲ့ရသည်။

အစိုးရနှင့် နီးစပ်သော သတင်းရင်းမြစ်များကမူ KNU ခေါင်းဆောင်များအကြား အကွဲအပြဲဖြစ်နေပြီး၊ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူးတူးစေးဖိုးသည် အဖွဲ့အစည်းကို အပြည့်အ၀ ထိန်းချုပ်နိုင်ခြင်းမရှိတော့ဟုပင် ခန့်မှန်းကြသည်။

မတူကွဲပြားသော အမြင်အမျိုးမျိုး ရှိကြသော်လည်း ထိုကဲ့သို့သော အဖွဲ့တွင်း အကွဲအပြဲများ မရှိကြောင်း KNU ဒု ဥက္ကဌ ဖဒိုစောကွယ်ထူးဝင်းက မကြာသေးမီက ဧရာဝတီသတင်းဌာနသို့ ပြောကြားထားသည်။ သဘောထားကွဲလွဲခြင်းမှာ ဒီမိုကရေစီအဖွဲ့အစည်းများတွင် ဖြစ်လေ့ရှိသော ပုံမှန်အခြေအနေသာ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“တပ်မတော်က သူတို့ထိန်းချုပ်ထားတဲ့နေရာမှာပဲနေပြီး နယ်နမိတ်ကျော်မလာရင် စစ်ပြန်တိုက်စရာ အကြောင်းမရှိဘူး။ ဒါကြောင့် တိုက်ပွဲတွေ ဖြစ်လာမလားဆိုတဲ့အပေါ် စိုးရိမ်စရာတော့မရှိဘူး” ဟု ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ (JMC) မှ အရပ်သားကိုယ်စားပြု စောမက်သရူးအေး ကပြောသည်။ JMC တွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် တပ်မတော်တို့ဘက်မှ စစ်ရေးခေါင်းဆောင်များနှင့် အရပ်သားကိုယ်စားလှယ်များ ပါဝင်သည်။

KNU ၏ဆုံးဖြတ်ချက်သည် အကောင်းဘက် ဦးတည်သော ဆုံးဖြတ်ချက်ဖြစ်သည်ဟု စောမက်သရူးအေးက ယူဆသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် လိပ်ခဲတည်းလည်းဖြစ်လွန်းပြီး ဆုံးဖြတ်ချက်တစုံတရာ တိတိပပ မချမှတ် နိုင်သည့်အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သူများ ပြန်လည်စဉ်းစား သုံးသပ်လိုအပ်သည်ဟု ဆိုသည်။

KNU က ငြိမ်းချမ်းရေးဆွေးနွေးမှုများအား ၎င်းအဖွဲ့အတွင်း ပြန်လည်သုံးသပ်နေချိန်တွင် ယခုလအစောပိုင်း နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ပြင်ဆင်ရေး အစည်းဝေးတွင် ပါဝင်ခြင်းမရှိပေ။ သို့သော် အောက်တိုဘာလကုန်က ပြုလုပ်သော JMC အတွင်းရေးမှူးများအစည်းအဝေးတွင် KNU ကိုယ်စားလှယ်များ ပါဝင်ခဲ့သေးသည်။ တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါဝင်မှု ရပ်ဆိုင်းထားသည့်အတွက် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ လုပ်ငန်းအစည်းအဝေးများပါ အကျုံးဝင်သောကြောင့် ယခုလအတွင်း ကျင်းပမည့် ၁၉ ကြိမ်မြောက် JMC အစည်းအဝေးကို ရွှေ့ဆိုင်းထားသည်ဟု စောမက်သရူးအေးက ပြောသည်။

ငြိမ်းချမ်းရေး ညှိနှိုင်းဖက်များအကြားတွင် ယုံကြည်မှု ကင်းမဲ့နေကြောင်း KNU က ထောက်ပြထားပြီး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးတွင် ကြုံနေရသော အတားအဆီးများ ကျော်လွှားနိုင်ရေး ပါဝင်ဆွေးနွေးသူများအကြား ယုံကြည်မှု တည်ဆောက်ရေး ယန္တရား၊ ဘုံရည်မှန်းချက်ပန်းတိုင်၊ ဘုံတန်ဖိုးများနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလိုသည်ဟု ဆိုသည်။

KNU သည် ၂၀၁၂ ခုနှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပြီးနောက် ပထမဆုံး အစိုးရနှင့် နှစ်ဘက်အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို ထိုနှစ် ဇန်နဝါရီလတွင်ပင် လက်မှတ်ရေးထိုးသည်။ တပ်မတော်နှင့် ဆယ်စုနှစ် ၆ ခုကြာတိုက်ပွဲများ ဖြစ်ပွားခဲ့သည့် KNU သည် လက်နက်ဖြင့်ဖြေရှင်းခြင်းထက် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် အဖြေရှာမည်ဟု ကတိပြုထားသော အဖွဲ့ဖြစ်သည်။

KNU သည် ၎င်းဦးဆောင်သော PPST တွင် ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၏နေရာတွင် အထွေထွေ အတွင်းရေးမှူး ဖဒိုစောတာဒိုမူးကို PPST သို့လာမည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ် အစားထိုးနိုင်သည်ဟူသော ကောလာဟလ များလည်း ထွက်ပေါ်နေသည်။

“အဲဒီလို ခေါင်းဆောင်မှုအပြောင်းအလဲဖြစ်မယ်လို့ကတော့ ကျနော်မထင်ဘူး” ဟု ဦးခွန်းဆိုင်းက ယူဆသည်။ KNU အတွင်းအမြင်မတူမှုများရှိခြင်းသည် သဘောထားကွဲလွဲမှုသာဖြစ်ပြီး ခေါင်းဆောင်မှုအကွဲအပြဲမဟုတ်ကြောင်း ၎င်းကပြောသည်။

PPST အစည်းအဝေး ယခုလအတွင်း ဖြစ်လာနိုင်ခြေရှိ

KNU နှင့် အခြား NCA လက်မှတ်ထိုးထားသောအဖွဲ့ဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့သည် ၎င်းတို့အဖွဲ့အစည်းများအတွင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်နေ သောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ယာယီဆိုင်းငံ့ထားသည်။

RCSS ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်၏ စစ်ရေးဆိုင်ရာ ဆွေးနွေးမှု ယန္တရားဖြစ်သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ (JMC) သည် NCA ကို လိုက်နာခြင်း မရှိသောကြောင့် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် JMC အစည်းအဝေးများတွင် ပါဝင်ခြင်း မပြုရန် ယခင်အပတ်က ဆုံးဖြတ်ထားသည်။

NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားခေါင်းဆောင်အားလုံး မကြာမီတွေ့နိုင်၊ မတွေ့နိုင် မရေရာသေးသော်လည်း ယခုလ အစည်းအဝေးဖြစ်မည်ဟု ဦးခွန်းဆိုင်းက ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအကြား ဘုံရပ်တည်ချက်ရယူရန်၊ အစိုးရနှင့် ဆက်လက်ဆွေးနွေးရန် လိုအပ်သောကြောင့် ထိုကဲ့သို့သော ဆွေးနွေးပွဲများကို ခေါင်းဆောင်များ ရှောင်ရှားမည်မဟုတ်ကြောင်း၊ သို့သော် အချိန်ယူရမည်ဖြစ်ကြောင်းလည်း သူပြောသည်။

လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်အားလုံး၏ PPST တွေ့ဆုံမှုမတိုင်မီ KNU နှင့် RCSS တို့သည် မည်သို့ရှေ့ဆက်မည်ကို သီးခြားဆွေးနွေးကြမည် ဖြစ်သည်။ အောက်တိုဘာလ အစောပိုင်းက နေပြည်တော်တွင် ကျင်းပသည့်အဆင့်မြင့် ဆွေးနွေးပွဲမတိုင်ခင်ကလည်း ထိုဆွေးနွေးပွဲ တက်မတက်ကို ၎င်းတို့ နှစ်ဖွဲ့ကြား တင်ကြိုညှိနှိုင်းခဲ့ကြသကဲ့သို့ပင် ဖြစ်မည်။

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့တခုဖြစ်သော ရခိုင်လွတ်မြောက်ရေးပါတီ (ALP) မှ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ဆွေးနွေးပွဲများ ဆက်လက်ကျင်းပရန် လိုအပ်ပြီး၊ ထိုဆွေးနွေးပွဲများသည် ပွင့်ပွင့်လင်းလင်းဖြင့် အကျေအလည် ညှိနှိုင်းရမည်ဟု ဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်မဆက်ဆုံးဖြတ်ရာတွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတိုင်း၏ အမြင်သဘောထားများလိုသောကြောင့် “KNU ရဲ့ဆုံးဖြတ်ချက်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်မှုကတော့ အနည်းနဲ့အများရှိမှာပဲ” ၎င်းက ပြောဆိုသည်။

ဒေါ်စောမြရာဇာလင်းက “ကျမတို့ တိုင်းရင်းသား တရပ်လုံး လိုချင်တဲ့ ဖယ်ဒရယ်မူ ဘယ်လိုပုံစံလဲ ဆိုတာ တိုင်းရင်းသား တွေဘက်ကလည်း ပွင့်ပွင့်လင်းလင်းချပြဖို့ လိုသလို အစိုးရဘက်ကလည်း ဘယ်လောက်အတိုင်းတာထိ လိုက်လျောပေးမလဲဆိုတာ ပွင့်ပွင့်လင်းလင်းမပြောရင် မရတော့တဲ့အနေအထားကို ရောက်ရှိလာပြီဆိုတာ ထိပ်သီးဆွေးနွေးပွဲမှာကတည်းက သက်သေပြတဲ့လက္ခဏာ ရှိပါတယ်” ဟု ပြောဆိုသည်။

(Analysis: KNU Reiterates Hiatus in Peace Talks  တွင် အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုပါ။)

Did you find apk for android? You can find new Free Android Games and apps.
Loading