ဤသို့သော စိန်ခေါ်မှုများ တွေ့နေချိန်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သည့် ဘက်အားလုံး အနေနှင့် အောက်ပါ အချက် ၅ ချက်အား ထည့်သွင်း စဉ်းစားသင့်ပေသည်။
ပထမဆုံး စဉ်းစားသင့်သည့် အချက်မှာ NCA ကို ပြန်လည်သုံးသပ်ရန် ဖြစ်သည်။ NCA အားပြန်လည် သုံးသပ်ရန် လိုကြောင်း မိမိအပါအဝင် လေ့လာ သုံးသပ်သူများက အကြိမ်ကြိမ် ဆိုခဲ့ပြီး ဖြစ်သည်။
သို့သော် အစိုးရနှင့် တပ်မတော်က နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်ခွင့် ရှိရေးအတွက် NCA မဖြစ်မနေ ထိုးရမည် ဟူ ၍ NCA အား ဆုပ်ကိုင်ထားခဲ့သည်။
မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့က NCA မဟုတ်သည့် လမ်းကြောင်းမှ သွားမည်ဟု ၂၀၁၇ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော အခါ NCA နှင့် ပတ်သက်၍ အစိုးရနှင့် တပ်မတော်တို့၏ ဆုပ်ကိုင် ရပ်ခံမှုသည် ပို၍ တင်းကြပ်လာခဲ့သည်။ တိုင်းရင်း သား အဖွဲ့များ NCA ရေးထိုးရေးသည် မူဝါဒ ပြဿနာသာမက အစိုးရ နှင့် တပ်မတော်၏ ဂုဏ်သိက္ခာ ပြဿနာပါ ဖြစ် လာခဲ့သည်။
သို့သော် NCA တွင် ပါဝင်သော အချက်များသာမက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အားလုံးပါဝင်ရေးနှင့် ပတ်သက်၍ အကန့်အသတ်များ ရှိနေခြင်း၊ အပစ်အခတ်ရပ်စဲရေး Bilateral မရေးထိုးခင် သို့မဟုတ် NCA မရေးထိုးခင် တဖက်က ကြိုတင် သတ်မှတ် ထားသည်များကို သဘောတူခိုင်းခြင်း တို့သည်လည်း NCA ပတ်လည်မှ ပြဿနာများဟု ဆိုရပါ မည်။
မည်သို့ပင် NCA အား ရပ်ခံသည် ဆိုစေကာမူ NCA ပါ အချက်အလက်များအား ပြန်လည် သုံးသပ်ခြင်း မပြုပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေမှုများကို လက်တွေ့တွင် ငြင်းပယ်၍ မရနိုင်ပေ။ ထင် ရှားသည့် အချက် ၂ ချက်ကို ထောက်ပြရလျှင် ပထမအချက်မှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲဖြစ်သည်။
NCA ပါ အမျိုးသား နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်များ ကွဲလွဲနေပေရာ ၂၀၁၇ နှစ်ကုန် တွင် ပြုလုပ်သော ရှမ်းပြည်နယ်မှ မြို့နယ်အလိုက် ပြုလုပ်သည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို တပ်က လိုက်လံ ပိတ်ပင်ခဲ့ခြင်းဖြင့် ပျက်ပြားခဲ့သည်ကို တွေ့ရသည်။
သို့ဖြစ်ရာ ဤအချက်သည် မုချ ပြန်လည် သုံးသပ်သင့်သည့် အချက် ဖြစ်သည်ကို တွေ့ရသည်။
NCA တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လည်ပတ်နိုင်ရန် ယန္တရား သို့မဟုတ် အင်စတီကျူးရှင်း ၄ ခုဖြစ်သော UPDJC/JMC/JICM/UPC တို့ကို ဖွဲ့စည်းထားခဲ့သည်။
သို့သော် လက်တွေ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်းငံ့နေသည့် အခါ ထိုအင်စတီကျူးရှင်း ၄ ခုနှင့် လည်ပတ်၍ မရတော့ဘဲ “သီးသန့် ဆွေးနွေးပွဲ”ဆိုသည်ကို ခေါ်ယူခဲ့ရသည်ကို တွေ့မြင်ရသည်။
သို့ဖြစ်ရာ NCA အား ပြန်လည် သုံးသပ်ပြီး ထို့ကဲ့သို့မဖြစ်စေရန် ပစ်ခတ်မှု စောင့်ကြည့်ရေး JICM ၏ အခန်းကဏ္ဍကို ပြန်လည် သုံးသပ်ရန် လိုအပ်လာသည်။
ထို့ပြင် NCA ပါ အခြား မူဘောင်များနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်ရန် လိုအပ်သည်ဟု တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များက ဆိုနေပေရာ မည်သို့ဆိုစေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့တဆင့် တိုးနိုင်ရေး အတွက် NCA အား ပြန်လည် သုံးသပ်ရေးသည် ထည့်သွင်း စဉ်းစားသင့်သည့် အချက်တချက် ဖြစ်ပါသည်။
ဒုတိယ စဉ်းစားသင့် အချက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုသည်မှာ ရှင်းလင်းစွာဆိုရလျှင် တဖက်နှင့်တဖက် အပြုတ် မတိုက် နိုင်၍ စေ့စပ်ညှိနှိုင်းကြခြင်း ဖြစ်သည်။ တဖက်ဖက်က အပြုတ်တိုက်နိုင်လျှင် မိမိလိုချင်သည်ကို အကုန် ရနိုင် မည် ဖြစ်သော်လည်း ယခုကဲ့သို့ မည်သူကမျှ တဖက်ဖက်ကို အပြုတ်မတိုက်နိုင်သည့် အခြေအနေတွင် မိမိလိုချင်သည် ကို အကုန်မရနိုင်ပေ။
သို့ဖြစ်ရာ ဆွေးနွေးပွဲများတွင် မိမိတောင်းဆိုထားသည့် အချက်များ အားလုံးရရှိရေးထက် သင့်လျော်သည့် အဖြေတခု ရရှိရေးကို ပါဝင်သည့်ဘက် အားလုံးက အားထုတ်သင့်သည်။ ယခုအခြေအနေတွင် အဖြေတခုရရန် လိုအပ်သည်မှာ ဘက် အားလုံးက ပြိုင်တူ ဆုတ်ပေးရန် ဖြစ်သည်။
ဆွေးနွေးပွဲတွင် ပါဝင်သည့်ဘက် တဖက်ဖက်က မိမိရပ်တည်မှုကို မိမိမူဝါဒကို လုံးဝမလျှော့ဘဲ အခြားဘက်များကိုသာ လျှော့ခိုင်းနေလျှင် ဆွေးနွေးပွဲအောင်မြင်ရန် မဖြစ်နိုင်ပေ။ ဤအချက်ကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။ တဖက်ဖက်က မိမိလိုချင်သည်ကို အကုန်ရမှဖြစ်မည် ဆိုလျှင် အပြုတ်တိုက်ရေးဆီသို့ ပြန်လည်ရောက်ရှိ သွားပေလိမ့် မည်။
စီးပွားရေး လုပ်လိုလျှင် ကုမ္ပဏီထောင်၊ နိုင်ငံရေး လုပ်လိုလျှင် ပါတီထောင်၊ ကာကွယ်ရေး လုပ်လိုလျှင် တပ်ထဲဝင်ဟု ဆိုရာ၌ အားလုံးအတွက် ခြွင်းချက်မရှိ တန်းတူဖြစ်မှသာ အားလုံး လက်ခံနိုင်ပေလိမ့်မည်။ တဖက်ဖက်က အထူးအခွင့် အရေး ယူနေလျှင် ဖြစ်နေလိမ့်မည် မဟုတ်ပေ။
တတိယ စဉ်းစားသင့်သည့် အချက်မှာ မြန်မာပြည်၏ လက်နက်ကိုင် ပဋိပက္ခပြဿနာသည် နှစ်ဖက် နှစ်ဖွဲ့တည်း ဖြစ် နေသည့် အချက်မဟုတ် ဆိုခြင်းဖြစ်သည်။
နီပေါ ပဋိပက္ခသည် နီပေါအစိုးရနှင့် မော်ဝါဒီ သူပုန်များ၏ နှစ်ဖက် ပဋိပက္ခဖြစ်သည်။ မီဇိုရမ် ပဋိပက္ခသည် အိန္ဒိယ အစိုးရ နှင့် မီဇိုသူပုန်များ၏ နှစ်ဖက် ပဋိပက္ခဖြစ်သည်။ ချေချင်းပဋိပက္ခသည် အင်ဒိုနီးရှား အစိုးရနှင့် ချေချင်း သူပုန် များ ၏ နှစ်ဖက်ပဋိပက္ခဖြစ်သည်။ ကိုလံဘီယာ ပဋိပက္ခသည် ကိုလံဘီယာ အစိုးရနှင့် FARC သူပုန်များ၏ နှစ်ဖက် ပဋိပက္ခဖြစ်သည်။ ပြဿနာ ဖြစ်ပွားနေသော နှစ်ဖက်ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းရန် လွယ်ကူသည်။
မြန်မာပြည်တွင်ကား နှစ်ဖက် နှစ်ဖွဲ့ပြဿနာမျှသာ မဟုတ်ပေ။ တိုင်းရင်းသား ပြည်နယ်တိုင်း လိုလိုတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ရှိနေသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၀ ခန့်ရှိသည်။ ထိုအဖွဲ့အချို့၌ အဖွဲ့ အချင်း ချင်းလည်း လက်နက်ကိုင် ပဋိပက္ခ ရှိသည်။ ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကြားတွင် ပြည်မ အစိုးရ နှင့် ရင်ဆိုင်ရာတွင် အင်အားရှိစေရန် တတ်နိုင်သမျှ စုစည်းကြသည်။
သို့ရာတွင် တိုင်းရင်းသား လူမျိုးများကြားတွင် ဘာသာ စကား၊ စာပေယဉ်ကျေးမှု၊ သမိုင်းဖြတ်သန်းမှု၊ ဘာသာ ကိုးကွယ်မှုတို့ တူညီမှု မရှိကြ။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ကြားတွင်လည်း လူအင်အား၊ လက်နက်ခဲယမ်း အင်အား၊ ဘတ်ဂျက် အင်အား၊ ထိမ်းချုပ်နိုင်သည့် နယ်မြေအမျိုးအစားနှင့် အကျယ်အဝန်း စသည်တို့ တူညီမှု မရှိကြပေ။
ထို့ပြင် တိုင်းရင်းသား လူမျိုးများ၊ လက်နက်ကိုင် တပ်ဖွဲ့များ၏ အင်အားနှင့် နယ်မြေ အနေအထားသည် စစ်ရေး တပ်ပေါင်း စု ပြုလုပ်ရန် အကန့်အသတ် ရှိပေသည်။ သို့ဖြစ်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့၏ သဘောထား၊ တောင်းဆိုချက် စသည်တို့မှာ မူအရတူသည်ဟု ဆိုသော်လည်း လက်တွေ့ အခြေအနေများအရ ကွာခြားမှုများ ရှိနေသည်။
သို့ဖြစ်ရာ ဤသို့သော အခြေအနေအောက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးအား တနေရာတည်းတွင် စုစည်း၍ ဘုံသဘောတူချက် ရရှိရန် ကြိုးပမ်းမှုသည် မလွယ်ကူသည်ထက် ဖြစ်နိုင်ရန် ခက်ခဲနေပေသည်။
သို့ဖြစ်ရာ မတူကွဲပြားသော အခြေအနေများအား အထူးပြု၍ သီးခြား ဆွေးနွေးမှုများပြုရန် သင့်၏ မသင့်၏ ဆိုသည့် အချက်ပါ ထည့်သွင်း စဉ်းစားသင့်သည်။ သို့သော် ဤအချက်တွင် အရေးကြီးသည်မှာ ဤသို့ သီးခြား ဆွေးနွေးရန် လိုအပ်သည်ကို တိုင်းရင်းသား လက်နက်ကိုင်များ ကိုယ်တိုင်က လက်ခံနိုင်ရန် ဦးစွာလိုအပ်သည်။
အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသား လက်နက်ကိုင်များ အနေနှင့် ၎င်းတို့အား သွေးခွဲရန် ကြိုးစားနေသည်ဟူသော ကြည့်မြင်မှုမျိုး မပေါ်ပေါက်စေရန် အထူးလိုအပ်သည်။ ထိုသို့ဖြစ်ပေါ်ပါက ပို၍ခက်ခဲသည့် အခြေအနေကို ရင်ဆိုင်ရပေလိမ့်မည်။
သို့ဖြစ်ရာ အားလုံးအတူပါပြီး ပြဿနာ ဖြေရှင်းနေခြင်းနှင့် ပတ်သက်၍ အားလုံးပါဝင်ရေး ဆိုသည်ကို လည်းကောင်း၊ တနေရာတည်း စု၍ ပြဿနာ ဖြေရှင်းခြင်းကို လည်းကောင်း သေချာစွာ သုံးသပ်စဉ်းစားသင့်သည့် ပြဿနာဖြစ်ပါသည်။
စတုတ္ထ ထည့်သွင်း စဉ်းစားသင့်သည့် ပြဿနာမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ စဉ်းစားပုံမတူသည့် ပြဿနာ ဖြစ်သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ တပ်မတော်၏ စဉ်းစားမှုမှာ ၂၀၀၈ အခြေခံဥပဒေအား အခြေခံထားပြီး အခြေခံ ဥပဒေပါ ပုဒ်မတချို့အား ပြင်ဆင်ဖြည့်စွက်ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့နှင့် လက်နက်ကိုင် ပဋိပက္ခ ပြဿနာကို ဖြေရှင်းရန် စဉ်းစားသည်။ တပ်မတော် အုပ်ချုပ်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်အတွင်း နိုင်ငံတော် ယန္တရားများကို တည်ဆောက်ခဲ့ပြီး ဖြစ်၍ နိုင်ငံတော် တည်ဆောက်ရေးဟူသော အမြင်ပေါ်မှ မစဉ်းစားပေ။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ NLD အစိုးရ စဉ်းစားပုံ အခြေခံမှာ ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံတော် တရပ် တည်ဆောက်ရေး ဖြစ်သဖြင့် နိုင်ငံတော် တည်ဆောက်ရေး အမြင်မှ စဉ်းစားခြင်း ဖြစ်သည်။ သို့သော် NLD အစိုးရ အနေနှင့် ဒီမိုကရေစီ ဖက်ဒရယ် အိပ်မက်စံအား တဆင့်ချင်း တည်ဆောက်သွားရမည်ဟု စဉ်းစားသုံးသပ်ထားသည်။
စံအိပ်မက်နှင့် လက်တွေ့ အရှိတရားကြား ကွာခြားမှုကို သတိပြု ဆုပ်ကိုင်ရန် လိုအပ်သည်ဟု စဉ်းစားသုံးသပ်သည်။
ထိ့ုပြင် NLD အနေနှင့် လက်ရှိနိုင်ငံရေးလမ်းကြောင်းအား ဥပဒေဘောင်အတွင်းမှသာ လျှောက်လှမ်းရန် စဉ်းစားထားပုံ ရသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်များ၏ စဉ်းစားပုံအခြေခံမှာ ဖက်ဒရယ် နိုင်ငံတော် တရပ် တည်ဆောက်ရေး ဆိုသည့် အခြေခံမှ စဉ်းစားသည်။ ၎င်းတို့အတွက် ဖက်ဒရယ်သည် စံအိပ်မက် သို့မဟုတ် ရည်မှန်းချက် ဖြစ်သည် ဆိုသကဲ့သို့ ၎င်းတို့အတွက် ရသင့်ရထိုက်သော အခွင့်အရေးဖြစ်သည်။ ရသင့် ရထိုက်သည်များ ရရှိနိုင်ရန် လိုအပ်သည်ဟု စဉ်းစားသည်။
အကယ်၍ မရပါက လက်နက်ဆက်လက် စွဲကိုင်ရန် အသင့် ရှိနေသည်။ ဝ ဒေသကဲ့သို့ လက်နက်ကိုင် အင်အားတောင့်တင်းမှ မိမိတိုင်းရင်းသား ဒေသကို ကိုယ်ပိုင် အုပ်ချုပ် ခွင့် ရနိုင်မည်။ လက်နက်မရှိပါက မိမိတို့ ရပိုင်ခွင့်များ မရနိုင်ဟု စဉ်းစားထားသည်။
သို့ဖြစ်ရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ဖြေရှင်းရာတွင် ဤစဉ်းစားပုံ မတူသည့် အခြေအနေများကို အထူးထည့်သွင်း စဉ်းစားရန် လိုအပ်သည်။ ဤသို့သော အခြေအနေအောက်တွင် တရားဥပဒေ ရှေ့မှောက်တွင် အားလုံးအညီအမျှ ဖြစ် ရေး သည် လည်းကောင်း၊ အမျိုးသား ကိုယ်ပိုင်လက္ခဏာပေါ် အခြေပြုသည့် နိုင်ငံရေးအား လည်းကောင်း၊ ဖက်ဒရယ် ဘောင်၊ ဒီမိုကရေစီ မူဘောင် အခြေခံများ တတ်နိုင်သမျှ ချဲ့ထွင်ချမှတ် သွားရန်သည် လည်းကောင်း၊ အရေးကြီး သည် ကို သတိပြု ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။
ပဉ္စမအချက်အဖြစ် ဖြည့်စွက် စဉ်းစားသင့်သည့် အချက်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အကောင်အထည် ဖော်ရာ တွင် အလွတ်သဘော ဆွေးနွေးပွဲများကို အားပြု အလေးထား၍ နားလည်မှု တည်ဆောက်ခြင်း၊ သဘောတူညီမှုများ ရယူခြင်းတို့ ပြုလုပ်သွားရန် လိုအပ်သည်။
လက်ရှိ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အဓိကအားနည်းသည်မှာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှု လွန်စွာ အားနည်းသည်ကို တွေ့နေရသည်။ တရားဝင် ဆွေးနွေးပွဲများကိုသာ ကျင်းပနေရာ ထိုဆွေးနွေးပွဲ များ တွင် မိမိမူဝါဒကိုသာ အပြန်အလှန် ဆုပ်ကိုင်ထားကြပြီး အလျှော့အတင်း မပြုလုပ်နိုင်သည်က များ၍နေသည်။
တကယ်တမ်းဆိုလျှင် အလွတ်သဘော တွေ့ဆုံမှုများပြုလုပ်၍ ရင်းနှီးမှုယူ၍ တင်းမာမှု လျှော့ချခြင်း၊ နားလည်မှု တည် ဆောက်ခြင်း၊ နှစ်ဖက် သဘောတူနိုင်သည့် လမ်းကြောင်း ရှာဖွေခြင်းတို့အား ပြုလုပ်ပြီးမှ တရားဝင်ဆွေးနွေးမှု ပြုလုပ် ၍ ဆုံးဖြတ်ချက်ချပါက လွယ်ကူလျင်မြန် နိုင်ပေမည်။ ဥပမာ အလွတ်သဘော ၁၀ ကြိမ် တွေ့ဆုံညှိနှိုင်းမှုမှ တရားဝင် တကြိမ် တွေ့ဆုံ၍ ဆုံးဖြတ်ချက်များ ချသည်က ပို၍ အဆင်ပြေနိုင်ပေမည်။
လက်ရှိအချိန်တွင် KNU အနေနှင့် တရားဝင် ဆွေးနွေးပွဲများတွင် ပါဝင်မှုအား ရပ်ဆိုင်းထားပြီး အလွတ်သဘော တွေ့ ဆုံ ဆွေးနွေးသွားမည်ဟု ဆိုထားရာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုများသည် ပို၍ အရေး ပါလာနေသည်ကို မဖြစ် မနေ ထည့်သွင်း စဉ်းစားရန် လိုအပ်နေပေသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလားအလာ
လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေမှာ ဆိုင်းငံ့နေရာမှ နောက်သို့ ပြန်လျှောကျသည့် အခြေသို့ ဆိုက်ရောက်နေသည်ဟု ဆိုရပါမည်။
၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်၊ ၁၆ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သော သီးသန့် ဆွေးနွေးပွဲပြီး မကြာခင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွင်းရှိ လတ် တလော ကျင်းပသည့် အစည်းအဝေးများ၌ KNU ပါဝင်မှု ခေတ္တ ရပ်ဆိုင်းထားကြောင်း KNU ဥက္ကဌ မှ ဒေါ်အောင်ဆန်း စုကြည် ထံ ပေးစာ တစောင် ပို့လာပါသည်။ KNU အတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပြန်လည် သုံးသပ် သွားမည်ဟု ဆိုခဲ့သည်။
ထို့နောက် ၆ ကြိမ် KNU အမြဲတမ်း ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးအား ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်နေ့ အထိ ဘားအံခရိုင် လေးဝါး၌ ပြုလုပ်ခဲ့ရာ အမြဲတမ်း ဗဟိုကော်မတီဝင်များ၊ KNU တပ်မှူးကြီးများ အထူးဖိတ် ကြားသူ များပါ ၈၈ ဦး တက်ရောက်ခဲ့သည်ဟု ဆိုသည်။
ထိုအစည်းအဝေး ဆုံးဖြတ်ချက်အား ၂၀၁၈ နိုဝင်ဘာ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ရာတွင် အဓိကအားဖြင့် KNU အနေ နှင့် တရားဝင် ဆွေးနွေးပွဲများတွင် ပါဝင်မှုအား ဆက်လက် ရပ်ဆိုင်းထားမည်ဖြစ်ပြီး အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုများကို ဦးစွာပြုလုပ်သွားမည်ဟု ဆိုပါသည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့က RCSS ၏ ထုတ်ပြန်ကြေညာချက်တွင် ၎င်းတို့အနေနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲကော်မတီ (JMC) အဆင့်ဆင့်၏ အစည်အဝေးများတွင် ပါဝင်မှုအား ခေတ္တ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း၊ RCSS အတွင်း ပြန်လည် သုံးသပ်ဆွေးနွေးပြီးမှသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရပါသည်။
သို့ဖြစ်ရာ လက်ရှိအချိန်တွင် JMC ၌ NCA လက်မှတ် ရေးထိုးထားသော အဖွဲ့ ၁၀ ဖွဲ့မှ လက်နက်ကိုင် အင်အား အကောင်းဆုံး အဖွဲ့ ၂ ခုဖြစ်သည့် KNU ရော RCSS ပါ ပါဝင်မှု ရပ်ဆိုင်းထားသည်ကို တွေ့ရမည်ဖြစ်သည်။
နိုင်ငံရေး ဆွေးနွေးမှုများအား အလွတ်သဘော ဆွေးနွေးသည်မှာ ပြဿနာမကြီးဟု ဆိုနိုင်သော်လည်း စစ်ရေး ပဋိပက္ခ များအား ဖြေရှင်းသည့် နေရာမရှိပါက သို့မဟုတ် ညှိနှိုင်းနိုင်သည့် JMC ကဲ့သို့နေရာ မရှိပါက စစ်ရေး ပဋိပက္ခများ တိုးတက် များပြားလာနိုင်သည်ကို စိုးရိမ်ဖွယ် ဖြစ်ပါသည်။
ဤသို့သော အခြေအနေအောက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေသည် အကောင်းဆုံးကို မျှော်လင့်၍ အဆိုးဆုံး အတွက် ပြင်ဆင်ထားရှိရမည့် အခြေအနေသို့ ဆိုက်ရောက် နေပေတော့သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သည် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့ NCA လက်မှတ် ရေးထိုးသည်မှစ၍ ၃ နှစ်ကျော် ကာလအတွင်း အဆိုးဆုံး အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ဆိုရပါမည်။
ဘဝ၏ အနိမ့်အမြင့်၊ အတက်အကျ၊ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ အောင်မြင်မှု၊ ဆုံးရှုံးမှု တို့အား လောကဓံဟု ခေါ်ကြပါသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည်လည်း လောကဓံ ဝဲဂယက်တွင်း ကျင်လည် နေရသည်ဟု ဆိုရပါမည်။
ဤတွင် ပြီး၏။
(မောင်မောင်စိုးသည် ဖက်ဒရယ်နှင့် တိုင်းရင်းသားရေးရာ သုတေသီတဦး ဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန် – စိန်ခေါ်မှုတွေ များတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် – ၁