ဆောင်းပါး

မြန်မာ့ဈေးကွက်ကို ကယ်တင်မည့် ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံသူများ

မြန်မာနိုင်ငံအတွက် မိုးကုပ်စက်ဝိုင်းအနီးမှ တောက်ပသော အလင်းစက် အနည်းငယ်မျှထဲမှ တခုမှာ ထွန်းသစ်စ ဈေးကွက် များထဲမှ အစွန်အဖျားအကျဆုံးသော ဈေးကွက်တခုတွင် စီးပွားရေးအခွင့်အလမ်းများ အတွက် သတ္တိရှိရှိဖြင့် ရှေ့ဆောင်ဝင် ရောက်လာသူများဖြစ်ကြသည့် ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံသူများထံမှ ရောက်လာခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ် ကဲ့ သို့ ခက်ခဲသော နှစ်တခုအတွင်းမှာပင် မြန်မာ အခြေစိုက် ပုဂ္ဂလိက ရှယ်ယာ ရင်းနှီးမြှုပ်နှံသူများက ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော်ကို ကတိပြု ထားသည့်အတိုင်း ပြုလုပ်ခဲ့ကြသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ အပျံသင်စ ပုဂ္ဂလိက ကဏ္ဍတည်ဆောက်ရေးအတွက် ကူညီပေးခြင်းနှင့် အတူရရှိမည့် ဂုဏ်သိက္ခာ အပါအဝင် အကျိုးအမြတ် ရလဒ်များက ရေရှည်တွင်သာ ဖြစ်သည်။

စည်းအပြင်က အပြန်

များစွာ မကြာသေးသော ကာလတခုအထိ အပယ်ခံနိုင်ငံ ဖြစ်ခဲ့သော မြန်မာက နိုင်ငံတကာ၏ စောင့်ကြည့်မှုအောက်သို့ အသေအချာ ပြန်ရောက်လာသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်တွင် မွတ်ဆလင်များ အပေါ် တပ်မတော်၏ တိုက်ခိုက်မှုကြောင့် ဒုက္ခသည် ၇၀၀၀၀၀ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို တုန်လှုပ်စေခဲ့သည်။ ထိုအဖြစ်က တိုင်းပြည်၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေ အပေါ်တွင် မလိုလားအပ်သော အကျိုးဆက်များ သက်ရောက်ဖွယ်ရာ ရှိနေသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာလအတွင်းက အသေးစိတ် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာတွင် သိသာ ထင်ရှားသော လူမျိုးဖြုတ် သုတ်သင်မှုတခု အဖြစ် တံဆိပ်ကပ်ခဲ့သည်။ တာဝန်ရှိသော စစ်ဗိုလ်ချုပ်များကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာနိုင်ငံ၏ အရပ်သား အစိုးရအနေဖြင့် တပ်မတော်ကို လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်းနှင့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ အစရှိ သည့် အရေးပါသည့် ဝန်ကြီးဌာန ၃ ခုကို ထိန်းချုပ်ခွင့်ပေးထားသည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဖက်စပ် အုပ်ချုပ်နေရသည့် အခြေအနေကြောင့် တောင်းဆိုချက်အတိုင်း ဆောင်ရွက်နိုင်ဖွယ်ရာ မရှိပါ။

ရခိုင်ပြည်နယ် ပြဿနာ၏ မလိုလားအပ်သော အကျိုးဆက်များက ခံစားနေရပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှု အသစ်များအတွက် လျှောက်ထားမှုက ၂၀၁၈ ခုနှစ် ဧပြီလ မှ စက်တင်ဘာလအတွင်းတွင် ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၄၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ အနောက်တိုင်း ကုမ္ပဏီများမှ လျှောက်ထားမှု သိသိသာသာ ကျဆင်းသွားခဲ့သည်။ အနောက်တိုင်း ကမ္ဘာလှည့် ခရီးသည်များက လည်း မြန်မာနိုင်ငံကို ရှောင်ကျဉ်လာကြသည်။ ဥရောပ သမဂ္ဂ(EU) က ရခိုင်ပြည်နယ်တွင် အပေါင်းလက္ခဏာဆောင်သော အရေးယူဆောင်ရွက်မှုများ မရှိခဲ့လျှင် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး အထူးအခွင့်အရေး အဆင့်အတန်း(GSP) ကို ပြန်လည်ရုပ်သိမ်းရန် စဉ်းစားနေသည်။ ပြီးခဲ့သည့် နှစ်အတွင်း က နိုင်ငံခြားတင်ပို့မှု ၂.၇ ဘီလီယံဖိုး ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကဏ္ဍပြီးလျှင် နိုင်ငံခြားငွေ ဒုတိယအများဆုံး ရှာဖွေပေးနိုင်သည့် မြန်မာနိုင်ငံ၏ အရှိန်ရခါစ အထည်ချုပ်လုပ်ငန်းကို ထိခိုက်နစ်နာစေမည့် လုပ်ရပ် တခု ဖြစ်ပါသည်။ ကမ္ဘာဘဏ်က ၂၀၁၈ – ၁၉ ဘဏ္ဍာရေး နှစ်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို ၆.၈ ရာခိုင် နှုန်း ခန့်မှန်းထားရာမှ ၆.၂ ရာခိုင်နှုန်းသို့ မကြာသေးမီက လျှော့ချခဲ့သည်။

လိုက်နာရန် ခက်ခဲသည်

တိုင်းပြည်၏ ရေရှည်စီးပွားရေး အလားအလာအတွက် ပို၍ စိတ်ပျက်ဖွယ်ရာကောင်းသည်မှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် မဲ အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အ ဖွဲ့ချုပ် (NLD) ပါတီ အစိုးရက ယခင်သမ္မတဟောင်း ဦးသိန်းစိန်၏ ဒီမိုကရေစီ အမည်ခံ အစိုးရလက်ထက်တွင် စတင်ခဲ့ သော ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်နိုင်သည်။

နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဦးသိန်းစိန်က များစွာ ပြုလုပ်ခဲ့သည်။ တရုတ် ကျောထောက်နောက်ခံပေးသည့် အငြင်းပွားဖွယ်ရာ မြစ်ဆုံ စီမံကိန်းကို သူက ဆိုင်းငံ့ခဲ့သည်။ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံများက ချမှတ်ထားသည့် ဆယ်စုနှစ် ၂ ခုကြာ စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ၂၀၁၂ ခုနှစ်တွင် ရုပ်သိမ်းရေးကို ဦးတည်၍ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးသို့ ဝင်လာရေး လမ်းဖွင့်ပေးခဲ့သည်။ နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီ ၂ ခု ဖြစ် သည့် Telenor နှင့် Ooredoo တို့ကို မိုဘိုင်းဖုန်း ကွန်ရက် လုပ်ပိုင်ခွင့်များ ရရှိစေခဲ့သည်။ (မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ထိုးဖောက်နိုင်မှုက ၂၀၁၁ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ယခုအခါ ၉၀ ရာခိုင်နှုန်းခန့် ရှိနေပြီ ဖြစ်သည်။) နိုင်ငံခြားဘဏ် ၁၀ ခုကို လုပ်ငန်းလုပ်ကိုင်ရန် လိုင်စင်ချ ထားပေးခဲ့သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်အသစ်များ လုပ်ကိုင်ခွင့် ချထားပေးခဲ့သည်။

နှိုင်းယှဉ်ကြည့်လျှင် NLD ၏ သက်တမ်းဝက် စွမ်းဆောင်ရည်က အားနည်းနေသည်။ NLD က FDI ဥပဒေသစ်တခုကို ပြဌာန်းခဲ့ပြီး ပြည်တွင်းနှင့် နိုင်ငံခြား ကုမ္ပဏီများ ကြားမှ ကစားကွင်းကို မျက်နှာပြင်ညှိခဲ့သည်။ ရှေးကျနေပြီ ဖြစ်သည့် ကုမ္ပဏီများ ဥပဒေကို ပြင်ဆင်၍ နိုင်ငံခြားသားများ မြန်မာနိုင်ငံမှ ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံရာတွင် လွယ်ကူစေခဲ့သည်။ သို့သော်လည်း စီးပွားရေးကို လှုံ့ဆော်ရန် အခွင့် အလမ်းများ ကျန်ရှိနေဆဲ ဖြစ်သည်။

NLD အနေဖြင့် ပြည်တွင်း ဘဏ်များကို သူတို့၏ ကိုယ်ပိုင်အတိုးနှုန်းများ သတ်မှတ်ရန် ခွင့်ပြုသင့်သည်ဟု အချို့က အကြံ ပြုခဲ့ကြသည်။ ငွေထုတ်ချေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဖြစ်သည်။ အထူးသဖြင့် ငွေကြေး အထောက်အပံ့ လိုအပ်နေသော အသေးစားနှင့် အလတ်စား လုပ်ငန်းများသို့ ဖြစ်သည်။ မြန်မာ ဘဏ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်အောင် လုပ်နိုင်ခဲ့သည်ဟု အခြားသူများက ဆိုသည်။ သို့သော်လည်း သီအိုရီအရသာ ခွင့်ပြုခြင်းဖြစ်ပြီး လက်တွေ့တွင် ဖြစ်ပေါ်မလာသေးပေ။

နိုင်ငံခြားကုမ္ပဏီများသို့ အာမခံလုပ်ငန်းလိုင်စင်များ ထုတ်ပေးရန် တောင်းဆိုမှုများလည်း ရှိနေသည်။ ၎င်းတို့မှာ မရှိသလောက်နီးပါး ဖြစ်နေသည့် အာမခံဈေးကွက်အတွင်းသို့ ဝင်ရန် စောင့်ဆိုင်းနေကြသည်မှာ နှစ် နှင့်ချီ၍ ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။ (မကြာသေးမီက မြန်မာနိုင်ငံ ဗဟိုဘဏ်က နိုင်ငံခြားဘဏ်များကို ဈေးကွက်အတွင်း ငွေချေးခွင့်အပါအဝင် မည်သည့် ဘဏ်လုပ်ငန်းမဆို လုပ်ကိုင်ခွင့် ပြုခဲ့ပြီ ဖြစ်သည်။) ထို့ပြင် အာဏာရပါတီအနေဖြင့် စီမံကိန်းများကို ပိုမိုလျှင်မြန်စွာ အတည်ပြုနိုင်ရေးအ တွက် ဝန်ကြီးဌာနများကြားတွင် ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု ရှိသင့်သည်ဆိုသည့် ခံစားချက်တခုက ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်။

ထိုကဲ့သို့သော ပြုပြင်ပြောင်းလဲရေးများက FDI နှင့် စီးပွားရေးကို လှုံ့ဆော်နိုင်လိမ့်မည်ဟု မြန်မာနိုင်ငံမှ ဈေးကွက် စောင့်ကြည့်လေ့လာသူ အများအပြားက ယုံကြည်နေကြသည်။ “ရခိုင် ကိစ္စက အနုတ်သဘောဆောင်တဲ့ သဘောထားတွေကို ဖန်တီးပေးပါတယ်။ ရင်းနှီးမြှုပ်နှံမှု အပေါ်မှာ သက်ရောက်မှု ရှိခဲ့ပါတယ်။ ဒါပေမယ့် စီးပွားရေးက အင်အားကောင်းနေမယ် ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေက ဘယ်လိုပဲဖြစ်ဖြစ် လာကြလိမ့်မယ်လို့ ကျမ ပြောရဲပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှု အကြံပေး အဖွဲ့အစည်းတခု ဖြစ်သည့် Sandanila ၏ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်သီရိသန့်မွန်က ပြောသည်။

ရယ်စရာ ကောင်းသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရက ယခင် တပ်မတော် ကျောထောက်နောက်ခံ အစိုးရနှင့်စာလျှင် ပုဂ္ဂလိကကဏ္ဍနှင့် အကျွမ်းတဝင်ရှိမှု နည်းသည်ဟု အများက မြင်ကြခြင်း ဖြစ်သည်။ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ ဆယ်စုနှစ်များစွာကြာမြင့်ခဲ့သည့် ဆိုရှယ်လစ်စနစ် နောက်ပိုင်း ၁၉၈၉ မှ ၂၀၁၀ အတွင်း စစ်အစိုးရလက်အောက် ခရိုနီ အရင်းရှင်စနစ် အင်အားကောင်းခဲ့ခြင်းတို့ကြောင့် ပုဂ္ဂလိက ကဏ္ဍအပေါ် မယုံကြည်မှု တခု နက်နက်ရှိုင်းရှိုင်း ရှိနေခဲ့ခြင်းဟု ယူဆလျှင် ရနိုင်ပါလိမ့်မည်။ “ဆိုရှယ်လစ် စနစ်နဲ့ ခရိုနီစနစ်ရဲ့ အရိပ်လွှမ်းမိုးမှုကြောင့် ဒီအစိုးရက စီပွားရေးလုပ်ငန်းကို အလွန်သံသယ ရှိတဲ့ သဘောဖြစ်နေပါတယ်။ (သူတို့ စိတ်ထဲမှာ) စီးပွားရေးသမားက လောဘကြီးတဲ့ သူတွေနဲ့ တူတူပဲ” ဟု ဒေါ်သီရိသန့်မွန်က ပြောသည်။

အကြောက်အရွံ့မရှိသော ရှေ့ဆောင်များ

ထိုကဲ့သို့သော အခြေအနေမျိုးတွင် မည်သူက ရင်းနှီးမြှုပ်နှံရဲပါသနည်း။ ပုဂ္ဂလိက ရှယ်ယာ ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများ၊ စတော့ အိတ်ချိန်းတွင် လူသိရှင်ကြား စာရင်းသွင်းထားသော မြန်မာနိုင်ငံ၏ စွန့်စားရမှုများသော ရင်းနှီးမြှုပ်နှံမှုတွင် ကျွမ်းကျင်သည့် ကုမ္ပဏီများမှ ကြိုဆိုပါသည်။ ထိုကဲ့သို့သော ကုမ္ပဏီ ၃ ခု ရှိပါသည်။ သေးငယ်သော်လည်း တိုးတက်နေသော ကုမ္ပဏီများအတွက် လန်ဒန်စတော့ အိတ်ချိန်း၏ နိုင်ငံတကာ ဈေးကွက်တွင် စာရင်းသွင်းထားသည့် Myanmar Investment နှင့် Myanmar Strategic Holdings၊ စင်ကာပူအိတ်ချိန်းတွင် စာရင်းသွင်းထားသော Singapore Myanmar Investco တို့ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံက ကမ္ဘာနှင့် တံခါးဖွင့်လာပြီး အနောက်တိုင်း စီးပွားရေး ပိတ်ဆို့ဒဏ်တ်မှုများ ဖယ်ရှားခဲ့သည့် ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များတွင် ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ရံပုံငွေ (private equity fund) များထဲမှ တခုဖြစ်ပြီး တကမ္ဘာလုံး အတိုင်းအတာအရ အမေရိကန်ဒေါ်လာ ၉၄ ဘီလီယံကို စီမံခန့်ခွဲနေ၍ အာရှတွင် ဒေါ်လာ ၇.၈ ဘီလီယံ ရှိသည့် TPG က မြန်မာနိုင်ငံသို့ အစောဆုံး ရောက်လာသည့် ကုမ္ပဏီများထဲမှ တခုဖြစ်သည်။ TPG က YGA Capital ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးသူရကိုကို ကို မြန်မာနိုင်ငံမှ ၎င်းတို့၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် အကြီးဆုံး ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံသူ ဖြစ်လာသည်။

TPG က တိုင်းပြည်၏ လျှင်မြန်စွာ ဖွံ့ဖြိုးနေသော မိုဘိုင်းဖုန်း ကွန်ရက်များ အထောက် အကူ ဖြစ်စေရန် ဆက်သွယ်ရေး တာဝါတိုင်များ ထောင်သည့် ကုမ္ပဏီတခု ဖြစ်သော Apollo Towers Myanmar တွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့် ရင်းနှီးမြှုပ်နှံခဲ့သည်။ Myanmar Distillery Company တွင်လည်း အစုရှယ်ယာ ထည့်ဝင်ခဲ့ပြီး ထိုင်းနိုင်ငံမှ Thai Beverage သို့ ဒေါ်လာ ၄၉၄ သန်း ဖြင့် အလျှင်အမြန် ပြန်လည်ရောင်းချခဲ့သည်။ TPG က ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ကုမ္ပဏီမှ ၎င်း၏ အစုရှယ်ယာအတွက် အမေရိကန် ဒေါ်လာ သန်း ၁၅၀ ပေးခဲ့သည်။ TPG က နောက်ထပ် တယ်လီဖုန်းတာဝါတိုင် တည်ဆောက်ရေး ကုမ္ပဏီတခုဖြစ်သည့် Pan Asia Pacific နှင့် ပူးပေါင်းရန် ဆောင်ရွက်နေသည်။ အကယ်၍ အောင်မြင်ခဲ့လျှင် Pan Asia Pacific ကို ပြည်တွင်းဈေးကွက်၏ ဦးဆောင်သူ ဖြစ်အောင် လုပ်ပေးနိုင်လိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ခြင်းက ခက်ခဲကောင်း ခက်ခဲနိုင်သော်လည်း (ကမ္ဘာ့ဘဏ်၏ စီးပွားလုပ်ငန်း လုပ်ကိုင်ရာတွင် လွယ်ကူ အဆင်ပြေမှု ညွှန်းကိန်းတွင် မြန်မာနိုင်ငံက နိုင်ငံ ၁၉၀တွင် အဆင့် ၁၇၁ ၌ ရှိနေသည်) TPG ကဲ့သို့ ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ရံပုံငွေများက ဖြစ်နိုင်ကြောင်း ပြသခဲ့ကြပြီး ဖြစ်သည်။

Delta Capital Myanmar က မြန်မာနိုင်ငံကို အဓိကထားသည့် ၎င်းတို့၏ ဒုတိယမြောက် ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ရံပုံငွေ ရှာဖွေမှုကို ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ပိတ်ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ သန်း ၇၀ ဖြစ်ပြီး ၎င်း၏ တဝက်မှာ ကမ္ဘာ့ ဘဏ် ၏ International Finance Corporation (IFC) နှင့် အင်္ဂလန်နိုင်ငံမှ CDC Group တို့ကဲ့သို့သော ဖွံ့ဖြိုးရေး ဘဏ္ဍာရေး အဖွဲ့အစည်းများ (Development financial institutions – DFIs) မှ လာခြင်း ဖြစ်သည်။ ရခိုင်ပြဿနာက မူလက ဒေါ်လာ သန်း ၁၀၀ အထိ ရည်မှန်းထားခဲ့သော ရံပုံငွေ အသစ်အတွက် စိတ်အားထက်သန်မှုများကို လျော့ကျစေခဲ့သည်။ “တကယ်လို့ ရခိုင်ပြဿနာ မဖြစ်ခဲ့ဘူးဆိုရင် ကျနော်တို့ ဒေါ်လာ သန်း ၁၀၀ အထိ ရရှိပြီးဖြစ်ပါလိမ့်မယ်” ဟု Delta Capital Myanmar ၏ မန်နေးဂျင်းပါတနာ Nick Powell ကပြောသည်။ Delta Capital ရံပုံငွေ ၂ ခုပေါင်းလျှင် အမေရိကန်ဒေါ်လာ သန်း ၁၂၀ တန်ဘိုးရှိပါသည်။

Nick Powell က မြန်မာနိုင်ငံ၏ အခွင့်အလမ်းများနှင့် ပတ်သက်၍ သေချာမှု ရှိနေဆဲ ဖြစ်သည်။ “ဒီဈေးကွက်နဲ့ ပတ်သက်တဲ့ အကြောင်းတခုကတော့ ဝင်ရောက်ဖို့အတွက် ကြီးမားတဲ့ အတားအဆီး မရှိတာပဲ။ တချိန်ချိန် တနေရာရာမှာ ခင်ဗျားက တိုင်းပြည်မှာ ရှေ့ဆောင်သူ ဖြစ်လာနိုင်ပါတယ်။ ၃ နှစ်ကနေ ၅ နှစ်အတွင်းမှာ နိုင်ငံထိပ်တန်း ကုမ္ပဏီတခု ဖြစ်လာအောင် ဘာမှမရှိတဲ့ အနေအထားကနေ စတင်နိုင်တဲ့ တခြားနိုင်ငံ မရှိပါဘူး” ဟု သူကပြောသည်။ ဥပမာ အားဖြင့် Delta fund က ပထမပိုင်းတွင် Frontiir ၌ ရင်းနှီး မြှုပ်နှံခဲ့သည်။ ယခုအခါ Frontiir က တိုင်းပြည်တွင် အင်တာနက် ဝန်ဆောင်မှုပေးသည့် ထိပ်တန်း ကုမ္ပဏီတခု ဖြစ်လာသည်။ ထို့ပြင် ပြည်တွင်း အသေးစား ငွေချေးလုပ်ငန်းတခု ဖြစ်သည့် Easy Finance တွင်လည်း ရင်းနှီးမြှုပ်နှံခဲ့သည်။

နောက်ဆုံးတွင် နာလန်ပြန်ထပြီ

မြန်မာနိုင်ငံ၏ ပုဂ္ဂလိက ကဏ္ဍက ကိုယ့်ခြေထောက်ပေါ် ကိုယ်ပြန်ရပ်နိုင်ရန် အတွက် စတင်နေဆဲ ရှိသေးသည်။ ဦးနေဝင်းလက်ထက် ဆိုရှယ်လစ်ခေတ်(၁၉၆၂ မှ ၁၉၈၈) တွင် ပုဂ္ဂလိက ကဏ္ဍက အလုံးစုံ ပျောက်ကွယ်သွားခဲ့သည်။ စစ်အုပ်ချုပ်ရေး ကာလ(၁၉၈၉ မှ ၂၀၁၀) အတွင်းတွင် ခရိုနီ အရင်းရှင် စနစ် ဖြစ်ခဲ့သည်။ စီးပွားရေးလုပ်ငန်းရှင် အများအပြားမှာ အစိုးရ ကျောထောက်နောက်ခံ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် အတုန့်အလှယ်အနေဖြင့် အကျိုးအမြတ် များပြားသည့် သတ္တုတွင်းနှင့် သစ်တော လုပ်ပိုင်ခွင့်များ ရရှိခဲ့သောကြောင့် အကျိုးစီးပွား ဖြစ်ထွန်းခဲ့ကြသည်။ အဆိုပါ စီးပွားရေး လုပ်ငန်းကြီးများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အများအပြားအတွက် ပြဿနာများ ချန်ထားခဲ့ကြသည်။ စာရင်းအင်း၊ ပွင့်လင်းမြင်သာမှုနှင့် ကောင်းမွန်သော အုပ်ချုပ်မှု ကိစ္စများတွင် များသောအားဖြင့် နိုင်ငံတကာ စံနှုန်းများနှင့် အကျွမ်းတဝင် မဖြစ်သေးဘဲ ရှိနေသည်။ ပုဂ္ဂလိက ရှယ်ယာ ရင်းနှီးမြှုပ်နှံမှုအတွက် ရှေ့ဆောင် ဝင်ရောက်လာသူများ အနေဖြင့် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေခြင်းက ကုမ္ပဏီ အသစ်များဖန်တီးခြင်းနှင့် ပမာဏ တူညီနေလေ့ ရှိပါသည်။

အာရှကို ဦးစားပေးသည့် ရင်းနှီးမြှုပ်နှံသူများက ကျောထောက်နောက်ခံပေးထားသည့် လွတ်လပ်သော ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတခု အနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်က လုပ်ငန်းများ စတင်ခဲ့သော Anthem Asia က ပြီးခဲ့သည့် ၄ နှစ်အတွင်း ရန်ကုန်မြို့၏ ထိပ်တန်းစားသောက်ဆိုင်များထဲမှ တခုဖြစ်သည့် Rangoon Tea House အပါအဝင် ကုမ္ပဏီ ၁၀ ခု၏ အစုရှယ်ယာများကို ရယူခဲ့သည်။ အသေးစား ရင်းနှီးမြှုပ်နှံမှုများတွင် ကျွမ်းကျင်သော Anthem Asia က IFC ၊ Dutch Good Growth Fund နှင့် CDC Group စသည့် ဖွံ့ဖြိုးရေး ဘဏ္ဍာရေး အဖွဲ့အစည်း (DFI) ၃ ခု ထံမှ ဒေါ်လာ ၃၄.၅သန်း ရှာဖွေထားသည့် ၎င်း၏ ပထမဆုံး Myanmar SME Venture Fund ပိတ်သည့်အကြောင်းကို သြဂုတ်လ ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်။ “မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့ ဆန့်ကျင်တိုက်ခိုက်မှုတွေ ရှိေနေတဲ့ အချိန်မှာတောင် ဒီငွေကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့တာကို ကျမတို့ တွေ့မြင်ခဲ့ရပါတယ်။ ကျမတို့ရဲ့ ကိုယ်ပိုင် မှတ်တမ်းအရ ဒါဟာ ထူးခြားထင်ရှားတဲ့ အာရှဈေးကွက်တခု ဖြစ်လာနိုင်တယ်လို့ အခြေခံကျကျ ယုံကြည်မှု ရှိကြောင်း ဆန္ဒမဲ ပါပဲ” ဟု မန်နေးဂျင်း ဒါရိုက်တာ Josephine Price ကပြောသည်။

မြန်မာနိုင်ငံကို ပေါ်ထွန်းစ ဈေးကွက်များတွင် ပုဂ္ဂလိက ကဏ္ဍကို မြှင့်တင်ပေးရင်း သူတို့၏ ငွေကြေးများအတွက် အကျိုးအမြတ် အတော်အသင့်ရှာဖွေရန် ရည်ရွယ်ချက်ရှိသော ဖွံ့ဖြိုးရေး ဘဏ္ဍာရေး အဖွဲ့အစည်း DFI များအတွက် ဈေးကွက်ကောင်းတခု အဖြစ် ယူဆကြသည်။ စီးပွားဖြစ် ရင်းနှီးမြှုပ်နှံသူများနှင့် မတူသည်မှာ အစိုးရနှင့် ဆက်စပ်နေသော DFI များကသာ သူတို့ကို ထောက်ပံ့သည့် အစိုးရများနှင့် ပတ်သက်၍ စိုးရိမ်ရန် လိုအပ်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတကာ ဂုဏ်သိက္ခာနှင့် စားသုံးသူတို့၏ သပိတ်မှောက်ခြင်းကို စိုးရိမ်ရန် လိုအပ်သော နိုင်ငံတကာ ကုမ္ပဏီကြီးများနှင့်စာလျှင် ရခိုင်အခြေအနေကို DFI များက ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက် ချမှတ်ရာတွင် အရေးထားရမှု နည်းပါးသည်။

“တိုင်းပြည်ရဲ့ ရှုပ်ထွေးနူးညံ့တဲ့ ကွဲပြားမှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အများစုက နားလည်ကြပါတယ်။ ရခိုင် ပြဿနာ ရှိနေပေမယ့် ဆက်လက်ပြီး ထိတွေ့ဆောင်ရွက်ကြပါတယ်။ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းက ရေရှည်မှာ လူမှုရေးနဲ့ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်စေပါတယ်။ ပိုကောင်းတဲ့ အလုပ်အကိုင်တွေ၊ ဘဝတွေကို ဖန်တီးပေးပါတယ်” ဟု CDC Group အတွက် အကြံပေးအဖြစ်လည်း ဆောင်ရွက်နေသည့် ဒေါ်သီရိသန့်မွန်က ပြောသည်။

အလုံးစုံ အမြင်

စင်ကာပူအခြေစိုက် ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ရံပုံငွေ အဖွဲ့အစည်းတခု ဖြစ်သည့် Emerging Markets Investment Advisers (EMIA) က အစွန်အဖျား ဈေးကွက်များ ဖြစ်သည့် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာ တို့ကို ဦးတည်သော ရံပုံငွေ ၂ ခုကို ထူထောင်ခဲ့သည်။ ယခုအချိန်တွင် ကမ္ဘောဒီးယားက ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုများတွင် အများဆုံး နေရာ ရယူထားသော်လည်း မြန်မာနိုင်ငံက ပိုမိုကောင်းမွန်သည့် အလားအလာတခု ဖြစ်လာနေသည်။ “တကယ်လို့ ခင်ဗျားမှာ ရေရှည် ဈေးကွက် အမြင်တခု ရှိတယ်ဆိုရင် ဒီနေ့အချိန်မှာ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုအတွက် အကောင်းဆုံးနေရာလို့ ကျနော်တို့ မြင်ပါတယ်” ဟု EMIA ၏ အမှုဆောင် အရာရှိချုပ် Joshua Morris က ပြောသည်။ “တိုင်းပြည်မှာ အခု ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကြောင့် ၂၀၁၅ နဲ့ ၂၀၁၆ မှာ သူတို့ မြင့်တက်နေရာကနေ ပြန်ကျလာပေမယ့် မြန်မာနိုင်ငံမှာ စွန့်ဦးတီထွင်သမားတွေ ရှာဖွေခဲ့တဲ့ တန်ဖိုးတွေက အတော်လေးကို မြင့်တက်နေတုန်းပါပဲ။”

ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံသူများက အကျပိုင်းသို့ ရောက်နေချိန်အတွင်း ဝင်ရောက်ကြပြီး အတက်ပိုင်းသို့ ရောက်သည့် အချိန်တွင် ပြန်ထွက်ရန် ရည်ရွယ်ကြသည်။ “တကမ္ဘာလုံးမှာ ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံသူတွေဆိုတာ ငွေဖြစ်မှု အနည်းဆုံးအချိန်မှာ ရင်းနှီးမြှုပ်နှံမှုကို ပုံအောလောင်းထည့်တတ်ကြတယ်။ ဆိုတော့ မြန်မာဈေးကွက်ကို ကြည့်ရင် ဈေးက အနိမ့်ဆုံး ဖြစ်နေတဲ့ အခြေအနေပဲ။ သီအိုရီ အရဆိုရင် ဒါက ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံး အချိန်ပဲ” ဟု Josephine Price ကပြောသည်။

စောင့်ကြည့်ရန် ကျန်နေသည်မှာ မြန်မာအမှတ်တံဆိပ် ယခုအခါ ရောင်းမစွံတော့သည်ကို ပြည်တွင်း ကုမ္ပဏီများက နားလည်သဘောပေါက်ခြင်း ရှိ မရှိပင် ဖြစ်သည်။ “လက်ရှိအချိန်မှာ ဝင်ဖို့က အရင်ကထက်စာရင် နည်းနည်း အန္တရာယ် ပို လျှော့လာတယ်လို့ ကျနော်ထင်ပါတယ်” ဟု Myanmar Investment ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်ထွန်းက ပြောသည်။ “အဲဒါရဲ့ တခြားတဖက်ကတော့ တကယ်လို့ စည်းကမ်းရှိလာပြီဆိုရင်၊ ကုမ္ပဏီတွေက ပိုပြီး လက်တွေ့ကျလာပြီဆိုရင် ကောင်းမွန်တဲ့ ဈေးနှုန်းတခုနဲ့ ရင်းနှီးမြှုပ်နှံမှု ပြုနိုင်သင့်ပါတယ်။”

မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူ အများစုမှာ ရေရှည်အတွက် ရှိနေကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်က ရောက်ရှိခဲ့သည့် Myanmar Strategic Holdings ၏ အမှုဆောင် အရာရှိချုပ် Enrico Cesenni က အပြောင်းအလဲအတွက် တိုင်းပြည်က တံခါးဖွင့်ထားသည့် အသွင်ရှိနေခြင်းအပေါ် ကျေနပ်ခဲ့သူ ဖြစ်သည်။ အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဘဏ်တခုဖြစ် သည့် Goldman Sachs တွင် လုပ်ကိုင်ခဲ့သည့် ဘဏ်လုပ်ငန်းရှင်ဟောင်း Enrico Cesenni က ကုမ္ပဏီတွင် ရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားသူ ဖြစ်သည်။ “မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသူ အဖွဲ့တခု ရှိတယ်။ အများစုက ဥရောပက။ သူတို့ကို တစုတစည်းထဲ ဖြစ်စေတာက အချိန်ပဲ။ သူတို့ အားလုံးက နောက် အနှစ် ၂၀ ကြာတဲ့ အခါမှာ သူတို့ရဲ့ ပိုက်ဆံကို အဆ ၁၀၀ ဖြစ်လာစေမယ့် ရင်းနှီးမြှုပ်နှံမှုတခုကို ရှာဖွေနေကြတယ်” ဟု သူက ပြောသည်။ Myanmar Strategic Holdingက အခြားသော ရင်းနှီးမြှုပ်နှံမှုများနှင့် အတူ Wall Street အင်္ဂလိပ်ဘာသာသင် ကျောင်းခွဲတခု ဖွင့်လှစ်ထားသလို မြန်မာနိုင်ငံတွင် အကြီးဆုံး လုံခြုံရေး ကုမ္ပဏီတခုကိုလည်း လုပ်ကိုင်နေသည်။ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများမှာ အခြေခံ ကနဦးအဆင့်မှ စတင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု၏ ငွေကြေးပါဝင်မှု (စုစုပေါင်း ဒေါ်လာ သန်း ၅၀၀ ခန့်ရှိသည်)က တိုင်းပြည်တွင် လိုအပ်သည်နှင့် နှိုင်းစာလျွှင် မပြောပလောက်သော်လည်း ပုဂ္ဂလိက ကဏ္ဍအပေါ်တွင် ၎င်း၏ သက်ရောက်မှုက ရေရှည်တွင် သက်သေပြနိုင်မည် ဖြစ်သည်။ ဥပမာအားဖြင့် စင်ကာပူအခြေစိုက် ရင်းနှီးမြှုပ်နှံမှု အုပ်စုတခု ဖြစ်သည့် Seed Myanmar က ၂၀၁၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည့် အချိန်မှစ၍ တည်ထောင်စ နည်းပညာ ကုမ္ပဏီသစ် ၇ ခုတွင် ရင်းနှီး မြှုပ်နှံခဲ့ပြီး ဖြစ်သည်။ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုက သေးငယ်ပြီး ဒေါ်လာ ၅၀၀၀၀ မှ ၂၅၀၀၀၀ အတွင်းစီသာ ရှိကြသော်လည်း သက်ရောက်မှု အလားအလာက ကြီးမားသည်။ “ကျမတို့ ရင်းနှီးမြှုပ်နှံနေတဲ့ ကလေးတွေက ၁၀ နှစ် အချိန်အတွင်းမှာ တိုင်းပြည်ကို မောင်းနှင်လည်ပတ်တော့မယ့် သူတွေ” ဟု Seed Myanmar ၏ အမှုဆောင် အရာရှိချုပ် Rita Nguyen က ပြောသည်။ မြန်မာ့ စီးပွားရေး၏ လက်ရှိ အခြေအနေများအရ အဆိုပါ ခန့်မှန်းမှု မှန်ကန်ကြောင်း သက်သေပြရန် မျှော်လင့်ချက်ဖြင့် Rita Nguyen နှင့် ပူးပေါင်းမည့်သူ အများအပြားပင် ရှိပါလိမ့်မည်။

( The Banker ပါ Peter Janssen ၏ A private equity saviour for Myanmar? ကို ဘာသာပြန်ဆိုသည်။)

Loading