ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်၏ သူရဲကောင်း ပုံရိပ် အဆုံးသတ်သွားသော နေ့ရက်များ

Want create site? Find Free WordPress Themes and plugins.

မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လောက် လူ့အခွင့်အရေး ဂုဏ်ပြုဆုနှင့် ချီးကျူးမှုများခံရသည့် အာရှ ခေါင်းဆောင် မရှိသလောက်ပင်။ အလားတူ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ သူရဲကောင်း ပုံရိပ်မှ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအလယ်တွင် မာရေကျောရေရှိပြီး ထီမထင်သော ခေါင်းဆောင်အဖြစ် ရုတ်တရက် အရာကျသွားသူလည်း မရှိပေ။

ရိုဟင်ဂျာ မွတ်စလင်များအား အကြမ်းဖက် မောင်းထုတ်ခြင်းကို အလေးမထား ငြင်းပယ်ခြင်းနှင့် စစ်တပ်က နိုင်ငံအနှံ့အပြားတွင် တိုင်းရင်းသားများအပေါ် ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို နှုတ်ဆိတ်နေခြင်းအပေါ် အနောက်နိုင်ငံများ၏ မကျေနပ်မှုများ အထွဋ်အထိပ် ရောက်နေသည်မှာ နှစ်နှစ်နီးပါး ရှိပြီဖြစ်သည်။

သို့သော် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) သည် ဖိနှိပ်သော စစ်အုပ်ချုပ်ရေး အောက်တွင် နေအိမ် အကျယ်ချုပ်ဘဝအတွင်း ၂၀၀၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခံသည့် “ယုံကြည်ချက်ဆိုင်ရာ သံတမန်” ဆုကို နိုဝင်ဘာလ ၁၃ ရက်နေ့က ရုပ်သိမ်းခြင်းဖြင့် သူ၏ လူ့အခွင့်အရေးဆိုင်ရာ အသိအမှတ်ပြု ခံရခြင်းကို အပြင်းအထန် ထိုးနှက်လိုက်ခြင်း ဖြစ်နိုင်သည်။

သူ၏ ဆုကို ရုပ်သိမ်းမည်ဖြစ်ကြောင်း သတိပေးသည့် စာတစောင်ကို AI အဖွဲ့ အထွေထွေ အတွင်းရေးမှူး ကူမီနိုင်ဒူးက ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ခဲ့သည်။ “သင်သည် မျှော်လင့်ချက်၊ သတ္တိနှင့် လူ့အခွင့်အရေးကို မဆုတ်မနစ် ကာကွယ်ခြင်း၏ သင်္ကေတကို ကိုယ်စားပြုခြင်း မရှိတော့သောကြောင့် အပြင်းအထန် တုန်လှုပ်မိသည်” ဟု ထိုစာတွင် ရေးသားထားသည်။

ထိုဆုကို လက်ခံသည့် ၂၀၁၂ ခုနှစ်က AI ကို ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည်စကားကို ဒေါ်အောင်ဆန်းစုကြည်ဘက်သို့ ပြန်လှည့်ပေးပြီး ထိုစဉ်က စကားဖြစ်သော “မျှော်လင့်ချက်တွေနဲ့ သမိုင်း ပေါင်းစည်းထားတဲ့ နိုင်ငံဖြစ်အောင်လို့ ကျမတို့ကို မကြည့်ဘဲ မနေကြပါနဲ့၊ စိတ်ထဲက ထုတ်မပစ်ပါနဲ့”ဟူသည့် စကားကိုလည်း တကမ္ဘာလုံးကို ပြန်သတိပေးခဲ့သည်။

AI က ဒေါ်အောင်ဆန်းစုကြည်ထံမှ ဂုဏ်ပြုဆုကို ပြန်လည် ရုပ်သိမ်းခြင်းသည် ထိုအဖွဲ့က သူ့ကို ကမ္ဘာ့ အကျော်ကြားဆုံး ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ အဖြစ် ဂုဏ်ပြုခဲ့ချိန်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်း ပြန်လွှတ်ပေးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် လူ့အခွင့်အရေး သူရဲကောင်း မျက်နှာဖုံးကို ထိန်းသိမ်းထားပြီး နယူးယောက်ရှိ AI ရုံးသို့ လာရောက်ကာ ဖိနှိပ်ခံ ရုရှ ပန့်ရော့ခ် ဂစ်တာအဖွဲ့ Pussy Riot နှင့် သွေးစည်းညီညွတ်မှုကို ပြသသည်။

သို့သော် သူ့ကို အာဏာရစေခဲ့သော ၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလများတွင် မြန်မာနှင့် နိုင်ငံတကာ လူ့အခွင့်အရေး အုပ်စုများအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သည်းခံနိုင်စွမ်းမှာ သိသိသာသာ ကျဆင်းနေပြီး ဖြစ်သည်။ ရာထူးရလာသောအခါ သူသည် လူ့အခွင့်အရေး မြှင့်တင်သည့် ဥပဒေများကို တင်ပြရန် ပျက်ကွက်ရုံသာမက နိုင်ငံရေး အကျဉ်းသားများကို ကိုယ်စားပြု ပြောဆိုရန်ပင် ပျက်ကွက်ခဲ့သည်။

မြန်မာနိုင်ငံမှ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများအတွက် ကာလရှည်ကြာစွာ လှုပ်ရှားခဲ့သောကြောင့် AI သည် တခြားလူ့အခွင့်အရေး အဖွဲ့များထက် အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အတွင်းစည်းသို့ ထိုးဖောက်နိုင်သည်။ လက်ရှိအချိန်တွင် လွှတ်တော်အတွင်း၌ နိုင်ငံရေး အကျဉ်းသားဟောင်း ၁၁၅ ဦးရှိနေသည်။

သို့သော် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA) က ဟိန္ဒူများအပေါ် ကျူးလွန်သော အစုလိုက် သတ်ဖြတ်မှုအပါအဝင် ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်များမှ အရပ်သားများအပေါ် ကျူးလွန်သော စစ်တပ်၏ ရာဇဝတ်မှုများကို မှတ်တမ်းတင်သည့် ထိုအဖွဲ့၏ စံနမူနာပြ လုပ်ငန်းက NLD ၏ လူ့အခွင့်အရေးကို လုံးဝ ပစ်ပယ်စေကြောင်း မီးမောင်းထိုးသကဲ့သို့ ဖြစ်သည့်အတွက် ဆက်ဆံရေးများ တင်းမာစေခဲ့သည်။

အဖွဲ့အစည်း အများအပြားက ဒေါ်အောင်ဆန်းစုကြည်ကို ယခင်က လူ့အခွင့်အရေးအပေါ် သူ၏ ရပ်တည်ချက်ကြောင့် ပေးအပ်ထားသော ဆုတံဆိပ်များ ရုပ်သိမ်းကြသည်။ သင်္ကေတ လက္ခဏာအရ ပြောရပါက AI က ဒေါ်ဆောင်ဆန်းစုကြည်၏ ဆုတံဆိပ်ကို ရုပ်သိမ်းခြင်းသည် အပြင်းထန်ဆုံး ရိုက်ခတ်မှု ဖြစ်သည်။

ထိုဆုတံဆိပ်သည် Freedom of the City of Sheffield သို့မဟုတ် Canadian Honorary Citizenship မဟုတ် သကဲ့သို့ အောက်စ်ဖို့မှ သူ၏ ပုံတူပန်းချီကားကို ဖြုတ်ချခြင်းမဟုတ်ပါ။ ယင်းသည် အိပ်ရာဝင် ပုံပြင်များ စာအုပ်မှ အခန်းတခန်းကို ဖြတ်တောက်ရန် ဖိအားပေးခြင်း မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ပေးထားသည့် ဒဗ္ဗလင်စီးတီးဆုသည် သူ့ကိုပေးထားသော ဆုနှင့်တူနေသောကြောင့် ပြန်အပ်သည့် Live Aid ပွဲ စီစဉ်သူ လူအများကြိုက် ပေါ့ပ်အဆိုတော် ဘော့ဖ် ဂဲဒေါ့၏ ဆုမဟုတ်ပါ။ အိုင်းရစ် တေးဂီတအဖွဲ့ ယူတူးက ဒေါ်အောင်ဆန်းစုကြည် ဆိတ်ဆိတ်နေခြင်းသည် သဘောတူညီခြင်းဖြစ်သည်ဟု ရှုတ်ချသည့် ဖြစ်ရပ်မျိုးလည်း မဟုတ်ပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သည်ကို မနှစ်မြို့သည့် တဦးတည်းသော အနောက်တိုင်းမှ သူ၏ မိတ်ဆွေ အမေရိကန် အထက်လွှတ်တော်အမတ် မစ်ချ် မက်ကွန်းနဲက အောက်တိုဘာလက ပြုလုပ်သည့် တွေ့ဆုံ မေးမြန်းခန်းတွင် “အပြစ်တွေ ပုံချနေတာ သိသာပါတယ်။ ဒါပေမယ့် ဒီလိုလုပ်လို့ ဘာကောင်းကျိုးမှ ဖြစ်မလာဘူး ဆိုတာကို မှတ်သားသင့်တယ်” ဟု ပြောသည်။

AI သည် ကမ္ဘာ့အကြီးဆုံး လူ့အခွင့်အရေးအဖွဲ့ဖြစ်သည်။ ထိုအဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်ကို ၏ ကမ္ဘာ့သူရဲကောင်း အဖြစ် ဖန်တီးရာတွင်သာမက ၁၉၉၀ ပြည့်နှစ်များအတွင်းက ထောင်နှင့်ချီသော နိုင်ငံရေး အကျဉ်းသားများကို မီးမောင်းထိုးပြီး အခြေအနေကို နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးခဲ့ရာတွင်လည်း အရေးပါသည်။

AI ၏ ဆု ရုတ်သိမ်းခြင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို များပြားလှစွာသော ဒီမိုကရေစီ သူရဲကောင်း များနှင့်လည်း ထိထိရောက်ရောက် ကင်းကွာသွား စေမည်ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှု များအတွက် ဖုံးကွယ်ပေးအပြီးတွင် သူ၏ ပြင်းထန်သော ယုံကြည်ချက်ကို စွန့်လွှတ်သူ ဖြစ်လာသည်။

၁၉၉၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားသော နိုဘဲလ်ဆုကို ပြန်လည်ရုပ်သိမ်းရန် နိုဘဲလ်ကော်မတီကို အရူးအမူး တောင်းဆိုခြင်းများကလည်း ကာကွယ်ပြောဆိုခြင်းများကို ဒေါသတကြီး ဖြစ်ပွားစေခဲ့သည့်အပြင် နိုဘဲလ်ကော်မတီက ၎င်းတို့သည် အတိတ်က လုပ်ရပ်များအတွက် ချီးမြှင့်ထားသည့် ဆုကို မည်သည့်အခါမျှ ရုပ်သိမ်းမည် မဟုတ်ကြောင်း ဖော်ပြပြီး ကော်မတီ အကြီးအကဲ ဘာရစ် ရစ်အန်ဒါဆန်က “နိုဘဲလ်ဆုရှင် များသည် ၎င်းတို့၏ ဂုဏ်သတင်းကို ၎င်းတို့ဖာသာ ကာကွယ်ရမည်” ဟု ပြောခဲ့သည်။

သို့သော် ဘဝင်မြင့်ပြီး အောက်ခြေလွတ်သွားပုံ ပေါက်နေသော ဒေါ်အောင်ဆန်းစုကြည်သည် ဂရုမစိုက်သကဲ့သို့ သူ၏ ဂုဏ်သတင်းကို စိုးရိမ်ခြင်း ရှိပုံ မရပေ။

မကြာသေးမီက ဂျပန်မှ NHK သတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတွင် နိုင်ငံတကာ ဝေဖန်မှုများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “ခင်မင်မှုဆိုတာ နားလည်မှုပဲလို့ ကျမထင်တယ်။ အခြေခံအားဖြင့် ပြောရရင် ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်ချက်တခုခု ချလိုက်တာမျိုးမဟုတ်ဘဲ နားလည်ဖို့ ကြိုးစားတာပဲ။ ဆု ဆိုတာတွေက ရောက်လာမယ်၊ ထွက်သွားမယ်” ဟု ပြောသည်။

သူရရှိသော ဆုအများအပြားမှာ သူလိုလားသော ဆုများ မဟုတ်ပေ။ ၂၀၁၃ ခုနှစ်က CNN သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျမကတော့ တလျှောက်လုံး နိုင်ငံရေးသမား အနေနဲ့ ရပ်ခဲ့တယ်။ ကျမက လူ့အခွင့်အရေး ကာကွယ်သူ တယောက်အနေနဲ့၊ လူသားခြင်းစာနာမှု အလုပ်သမား တယောက်အနေနဲ့ နိုင်ငံရေးထဲ ဝင်လာတာမဟုတ်ဘူး။ နိုင်ငံရေးပါတီ ခေါင်းဆောင်တဦး အနေနဲ့ နိုင်ငံရေးလောကကို ဝင်လာတာ” ဟု ပြောခဲ့သည်။

လူ့အခွင့်အရေး သဘောတရားများနှင့် ပိုမိုဝေးကွာလာသော လက္ခဏာများ ကြီးထွားနေစဉ်မှာပင် သူ့ကို ဆုများ ထပ်မံချီးမြှင့်ကြသေးသည်။

၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဟားဗတ်တက္ကသိုလ်က Humanitarian of the Year ဆု ချီးမြှင့်သကဲ့သို့ ဟယ်လင်ကဲလား နိုင်ငံတကာ လူသားခြင်းစာနာမှုဆု (Helen Keller International Humanitarian Award) ကို ချီးမြှင့်သောကြောင့် ထိုဆုသည် မျက်စိမမြင်၊ နားမကြားသူကို ပေးသောဆု ဖြစ်သည်ဟုပင် လူမှုကွန်ရက်တွင် လှောင်ပြောင်မှုများ ဖြစ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ အရည်အသွေးထက် ပိုသည့် နေရာသို့ ရောက်သွားခဲ့သည့် အရည်အချင်း မမီသော နိုင်ငံရေးသမားမဟုတ်လျှင်ပင် လူ့အခွင့်အရေး အချောင်သမားအဖြစ် နာမည် ပျက်သွားတော့မည့် တချိန်တည်းတွင် သူ၏ ပုံရိပ်ကို မြှင့်တင်ပေးခဲ့ကြသည့် AI နှင့် တခြား အဖွဲ့အစည်းများသည်လည်း ၎င်းတို့၏ မိမိတို့ ကိုယ်ကိုယ် မိမိတို့ အရေးပါကြောင်း ရှေ့တန်းတင်မှုနှင့် ဘဏ္ဍာငွေ ရှာဖွေရေး အကြံအစည်များအတွက် အပြစ်တင်ရမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်သိက္ခာ ကျဆင်းသွားခြင်းသည် ရှင်းလင်းသော စရိုက်လက္ခဏာ ဖော်ပြချက် မရှိဘဲ ပြည်သူများအကြား ကျော်ကြားသော အနေအထားသို့ တွန်းပို့ခံရသောသူများကို ပိုမို ထက်သန်စွာ စိစစ်သုံးသပ်မှုများ ဖြစ်လာစေခဲ့သည်။

ထိုသို့ စိစစ်သုံးသပ်မှု မရှိဘဲ သူရဲကောင်း ကိုးကွယ်မှုနှင့် သင်္ကေတဆန်သော အပေါစား ဆုတံဆိပ်များသည် ဒေါ်အောင်ဆန်းစုကြည်ထံတွင် စုပုံနေစဉ် ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲဆောင်ရန် ကြိုးစားပုံရပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း လေးစားအာရုံစိုက်မှုကို နှစ်သက်ခဲ့ကြောင်းမှာ ထင်ရှားသည်။ သို့သော် AI ၏ ဆုရုပ်သိမ်းခြင်းကို မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအပေါ် အနှောင့်အယှက် ဖြစ်စေသည့် အနောက်တိုင်း၏ လုပ်ဇာတ် နောက်တခု အဖြစ်သာ ဒေါ်အောင်ဆန်းစုကြည်က မသိကျိုးကျွံ ပြုဦးမည် ဖြစ်သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့အချိန်အထိ ရခိုင်ပြည်နယ်မှ အစုလိုက် ကျူးလွန်သော ရာဇဝတ်မှု များအတွက် သို့မဟုတ် တိုင်းပြည်၏ မပြီးဆုံးနိုင်သော ပြည်တွင်းစစ်တွင် ပိတ်မိနေသော တခြားသူများ၏ ဝေဒနာများအတွက် ဝမ်းနည်းခြင်း အရိပ်အယောင် အနည်းအကျဉ်းမျှကိုပင် ဖော်ပြခြင်း မရှိသေးပေ။ သူသည် ခေါင်းမာသော်လည်း မည်သည့် စွမ်းဆောင်ရည်မျှ မပြနိုင်သော၊ နားလည် စာနာမှု အင်အားချိနဲ့သူသာ ဖြစ်နေပေသည်။

သို့သော်ငြား ဒေါ်အောင်ဆန်းစုကြည်၏ မောက်မာမှုနှင့် အရည်အချင်းမပြည့်ဝမှုအပေါ် နိုင်ငံတကာ ဝေဖန်တိုက်ခိုက်မှုသည် တစုံတရာ နေရာလွဲမှားနေပြီး သူ၏ နှုတ်ဆိတ်နေခြင်းနှင့် အရေးယူ ဆောင်ရွက်မှုမရှိခြင်းတို့ကို စဉ်စားသုံးသပ်ခြင်းသည်လည်း ရက်စက်ကြမ်းကြုတ်မှုများအတွက် အမှန်တကယ် တာဝန်ရှိသူများဖြစ်သည့် မြန်မာ့ တပ်မတော်နှင့် အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိပ်တန်းခေါင်းဆောင်များကို မှုန်ဝါးသွားစေခဲ့သည်။

AI သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့ အာရုံစိုက်မှုကို ကျွမ်းကျင်စွာ ပို့ဆောင်ပေးပြီး အတိတ်နှင့် လက်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန် အရှိဆုံး ခေါင်းဆောင်ဖြစ်ကြောင်း ပုံဖော်ပေးသည်။ စက်တင်ဘာလက ကျင်းပသော ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်းတွင် AI သည် ‘လူ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် အလိုရှိသည်’ ဟု LED မီးများဖြင့် ပုံဖော်ထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပုံပါ ထရပ်ကားတစီးကို မန်ဟတ်တန် တဝိုက်တွင် လှည့်လည် မောင်းနှင်ခဲ့သည်။

AI ၏ နောက်ဆုံး လုပ်ရပ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် စိတ်အနှောင့်အယှက် ဖြစ်ကောင်း ဖြစ်နိုင် သော်လည်း ယင်းသည် တာဝန်ယူမှု တာဝန်ခံမှု ဖြစ်ရန် အားထုတ်မှု သို့မဟုတ် နိုင်ငံအတွက် သက်ရောက်မှု ရှိမည် မဟုတ်ပေ။ ထိုသို့ဖြစ်ရခြင်း၏ တစိတ်တပိုင်းမှာ အနောက်တိုင်း ဆန့်ကျင်ရေး အမျိုးသားရေးဝါဒသည် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံ၏ ဂုဏ်သတင်းနှင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးနိမ့်ကျပြီး အာရှ နိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာခြင်း နောက်တွင် စုရုံး အားယူနေခြင်းကြောင့် ဖြစ်သည်။

ရိုဟင်ဂျာများ၏ ဆိုးရွားလှသော ကံကြမ္မာအပေါ် ပြည်တွင်းတွင် စာနာမှု လွန်စွာ နည်းလှသောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခြင်းသည် နိုင်ငံကို တိုက်ခိုက်ခြင်းအဖြစ် မြင်ကြသည်။ လူအများက ဒေါ်အောင်ဆန်းစုကြည်၏ နောက်၌ ရပ်တည်ပြီး လူမှုကွန်ရက်တွင် အမေစုကို ဒီမိုကရေစီ အပြောင်းအလဲများ ယူဆောင်ပေးသော တန်ခိုးရှင်နီးပါး ယူဆကြသည်။

ထိုသို့သော စိတ်ဓာတ်မျိုးသည် တိုင်းရင်းသားဒေသ အမျာအပြားသို့ ပျံ့နှံ့ခြင်း မရှိသေးဘဲ သူနှင့်ပတ်သက်သော စိတ်ခံစားမှုများမှာ ရှုပ်ထွေးနေသည်။ ထိုခုခံကာကွယ်သော အမျိုးသားရေးဝါဒ ပြန်လည် ခေါင်းထောင်ထ လာခြင်း၏ အန္တရာယ်မှာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ စစ်ဘက်နှင့် အမျိုးသားရေး အစွန်းရောက်များကို မည်သည့် ထိန်းချုပ်မည် ဆိုသည်နှင့် ဆက်စပ်နေသည်။

အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန် အပါအဝင် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးသည် နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံးအနေအထားသို့ ရောက်ရှိနေသည်။ ကုလသမဂ္ဂတွင်မူ လွန်စွာ သဘောထား ကွဲလွဲနေပြီး တဖက်တွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများဆိုင်ရာ ဆိုးရွားသော အစီရင်ခံစာ ထုတ်ပြန်ပြီး အခြားတဖက်က ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည် ၇ သိန်းကျော် ပြန်လည်ပို့ဆောင်ရေး အတွက် ပြင်ဆင်ရန် နေပြည်တော်၏ သဘောတူ စာချုပ်များကို ထောက်ခံကြသည်။

လွတ်လပ်သော ခုံရုံးတည်ထောင်ရန်၊ နိုင်ငံတကာ ရာဇဝတ်တရားရုံးက စုံစမ်းစစ်ဆေးရန်နှင့် မြန်မာနိုင်ငံကို အပယ်ခံ နိုင်ငံအဖြစ် ပြန်လည်ထားရှိရန် တောင်းဆိုမှုများနှင့်အတူ မြန်မာနိုင်ငံမှ ရက်စက်မှုများအပေါ် အနောက်တိုင်း ဖိအားအတိုင်းအတာကို ကြည့်ပါက AI က လွန်ခဲ့သော နှစ် ၂၀ ခန့်က ပေးခဲ့သောဆုကို ပြန်လည် ရုပ်သိမ်းခြင်းသည် အသေးအဖွဲမျှသာ ဖြစ်ကောင်း ဖြစ်နိုင်သည်။

သို့သော် သင်္ကေတအရ ကြည့်ပါက ထိုသို့လုပ်ဆောင်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ အထက်စီးဆန်သော အုပ်ချုပ်ရေးပုံစံ၊ အစိုးရ၏ မောက်မာမှု မကျွမ်းကျင်မှုများ၊ စစ်တပ်နှင့် စစ်ဘက်ခေါင်းဆောင်ပိုင်း၏ အကြင်နာတရား ကင်းမဲ့မှုတို့ကို မီးမောင်းထိုးပြနေပြီး ပြည်တွင်းပြည်ပ အမြင်အားဖြင့် တနိုင်ငံလုံး၏ ယုံကြည်ချက်ကို ဒဏ်ရာ အနာတရ ဖြစ်သွားစေခဲ့သည်။

သွေးကွဲမှုနက်ရှိုင်းမည်ဟု မျှော်လင့်ရသော ၂၀၂၀ ရွေးကောက်ပွဲသို့ ဦးတည်နေသော ကာလတွင် မြန်မာ့ နိုင်ငံရေး ရှုခင်း၌ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် မှန်ကန်သော ခေါင်းဆောင်မှု ပျောက်ဆုံးနေပြီး စစ်ဘက် သည် နိုင်ငံရေးနှင့် စီးပွားရေးအာဏာ ချုပ်ကိုင်မှု ဆုံးရှုံးမည် မဟုတ်ပေ။ ထိုအချက်သည်သာ ဒေါ်အောင်ဆန်းစုကြည်၏ အမွေဖြစ်သည်။ ထိုအမွေမှာ တချိန်က တန်ဖိုးထားခဲ့သော သဘောတရားများကို စွန့်လွှတ်ပြီး အပြန်အလှန်အားဖြင့် မည်သည့် အကျိုးကျေးဇူးမျှ ပြန်မရခြင်းသာ ဖြစ်သည်။

(Asia Times ပါ ရန်ကုန်အခြေစိုက် သုတေသနပြုသူ David Scott Mathieson ၏ End of days for Suu Kyi’s iconography ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading