ဂျာမန် ဂီတ ပါမောက္ခ ဒေါက်တာ ဘန်းဟတ်ဒ် ထံသွားဖို့ လေးလေးအိမ် ဝင်ခေါ်ရာမှာ စန္ဒရား (ကို) ရည်ခိုင်၊ သူ့တပည့်မ ထက်ထက် တို့နဲ့ တွေ့ပါတယ်။ ၈.၁၁.၂၀၁၈ ရက်နေ့က ပါ။ သူတို့က လှပခမ်းနားတဲ့ ဖိတ်စာ တစောင် ပေးတယ်။ ဖိတ် တယ်။ ဝမ်းသာရတယ်။
ဖိတ်စာလေးက လှပ ခမ်းနားတဲ့၊ အကျိုးကြောင်း တရားတို့ ပြည့်ဝလှတဲ့ “လေးလေးအိပ်မက်”ကို တုံ့ပြန် လာတဲ့ ကန်တော့ပွဲ ဖိတ်စာလေး။ အထဲမှာ ဆရာသမားတို့ရဲ့ ဂုဏ်ကျေးဇူးကို၊ တန်ဖိုးကို၊ ပညာအလင်းကို တင်စားပုံက…
“စန္ဒရားဝင်စားတဲ့ နေလ နှစ်ပါး” တဲ့။ လှပ
“လေးလေးအိပ်မက် ” သို့မဟုတ် “စန္ဒရား သိမ်းမောင်ရဲ့ အိပ်မက်”။
မြန်မာပြည် ပြန်လာတဲ့ မြို့မ စန္ဒရား ဆရာ ဦးသိမ်းမောင်။ စီးကရက် ကုန်သည် ဦးသိမ်းမောင်။ ငယ်ပေါင်း ကိုဘဂျမ်း (ကဗျာဆရာ တင်မိုး) နဲ့ ပြန်တွေ့ရာက။ “မဟာ ဗုဒ္ဓဝင်မှာ”နောက်ခံ ဂီတကို ကွန်ပျူတာ ပရိုဂရမ် နဲ့ ကြီးကြပ်။ အသက် သွင်း။ လူငယ် နည်းပညာရှင် လေးတွေနဲ့ လူငယ်တွေကို အမြဲတစေ လမ်းဖွင့်ပေး၊ချစ်တတ်၊ နားလည်မှု ပေးတတ်တဲ့ လေးလေးတို့ အဖွဲ့ကျပြီး “မဟာဂီတ” CD Rom ဆက်လုပ်ကြ။ ဖြန့်ဖို့ရာပဲ ကျန်ရာမှာ ထစ်ငေါ့ခဲ့။
ယနေ့အထိ။ ILBC မှာ စန္ဒရားဆရာ။ ဟိုမှသည်။ သည်မှဟို။ သူ…ပြည်ပ မပြန်ဖြစ်တော့ဘဲ လူငယ်တွေကို သူတို့ အတွက် အိပ်မက်။ သူ အိပ်မက် မက်ခဲ့တယ်။
လူငယ်တွေ အတွက် လိုအပ်တဲ့ “ဂီတဗေဒ” Musicology ပေးအပ်ဖို့ ကျောင်းထောင်မယ်။ မတီးတတ်တောင် ခံစား တတ်၊ နားထောင်တတ်အောင် သင်ပေးဦးမတဲ့။ မြန်မာ ဂီတလည်း ပတ်ပျိုး အထာ။ ကြိုး သဘာဝတွေ သင်ဦး မတဲ့။ ကျောင်း ထောင်မတဲ့။ ဒီကြားထဲ သံယောဇဉ်ကြောင့် ရေစက်ဆုံတော့ ကလေး မွေးစားလိုက်သေးတယ်။ မွေးစားသား လေးကို ပြုစု ပျိုးထောင်ရင်း “ကျောင်း” ကို အိပ်မက် မက်နေမြဲ။ တဖွဖွ ပြောမြဲ။
တနေ့သားမတော့ သူ့အိပ်မက်ကို သူ့ ပန်တျာ တပည့်ရင်း စန္ဒရား ခွန်တင်ကြွယ်က နောက်ထပ် တပည့် ဖြစ်တဲ့ စန္ဒရား မောင်ရည်ခိုင် ကို ခေါ်လာပြီး အိပ်မက်ကို ကုန်သွယ် ပေးခဲ့ပါတယ်။ ရန်ကုန် သမိုင်းက မုဒိတာ အိမ်ရာမှာ “အိပ်မက် ကျောင်း” စခဲ့ပါတယ်။
အဲဒီ ကျောင်းက ကျောင်းသင်၊ Online သင် တပည့်တွေရဲ့ ကန်တော့ပွဲ။
အဲဒီနေ့က ဒေါက်တာ ဟန်းဟတ်ဒ်နဲ့တွေ့။ သူတို့ Gongs and Skins Open-Air Concert မစခင် မဟာဗန္ဓုလ ပန်းခြံ ထဲ ထိုင်နေရင်း သူ့ ရဲဘော်ဟောင်းကြီး ဖုန်းခေါ် ပေးလိုက်တယ်။
“ဟေး အာသာ ပြန်ရောက်နေလား…ဆိုရမယ်…ဆိုရမယ်နော်…မင်း ဆိုမှ ဖြစ်မှာပေါ့…အေးလာခဲ့…လာ…သီချင်း တိုက်ကြမယ်”
သူနဲ့ မာမာအေးတို့ နှစ်သက်လို့ မန္တလေး ခေါ်သွားပြီး မြို့မ နဲ့ပင် ပွဲထုတ်ခဲ့တဲ့ (ကို) အာသာအေး။
ကန်တော့ပွဲ စီစဉ်နေစဉ်မှာပင် နောက်ထပ် ရောက်ရှိလာသူ ကတော့ မြန်မာ့ဂီတမှာ ထင်ရှားတဲ့ ရွာစားကြီး၊ စန္ဒရား ဆရာ၊ တေးရေးဆရာ၊ အသက် ၈၉ နှစ် ရှိပြီဖြစ်တဲ့ ဆရာကြီး စန္ဒရား (ဦး) စိန်သောင်း။ ထင်ရှားတဲ့ ဂီတပညာရှင် စိုးတင့်သောင်း၊ တင်ဦးသောင်း (ကွယ်လွန်) နဲ့ ကြည်ဝင်းသောင်း (ကွယ်လွန်) တို့ရဲ့ ဖခင်ကြီး။
လပြည့်နေ့ (နိုဝင်ဘာ ၂၂) ပွဲမတိုင်ခင် ၂ ရက် အလို ည ၉ နာရီမှ သီချင်း စတိုက် ဖြစ်တယ်။ ဘာမှ သေသေချာချာ မရှိသေး။ နောက် တရက် သမိုင်းမှာ ထပ်တိုက်တယ်။ ဟိုလို ဒီလို။ ည…ဆိုင်ထိုင်တော့ “အာသာ…ဆရာငြိမ်းရဲ့ … ငြိမ်းချမ်းရေး ဆိုကွာ…”တဲ့။ မနက် Note စာရွက် ယူလာဖို့ မှာ။ အိမ်ယာထ နောက်ကျတော့ Note ယူရန်မေ့။ ဘူးဆို ပုလင်း မလုပ် တတ်တဲ့သူ။ “Note ရေးပေး လိုက်လေ” တဲ့။ ရေးပေးအပြီး သီချင်း ၂ ခေါက်၊ ၃ ခေါက် တိုက်။ ဒီလိုပါပဲ။
အဲဒီအချိန်မှ သီချင်း ကပ်တိုက်ပေးတာ တယောက်က။ အစ်မကြီး မအိ (ကဗျာဆရာမ)။ “အရပ်ဆိုတဲ့ ဟေ့… အရပ်ဆို တဲ့ …ဟိုဟာတွေလို ကလီကမာတွေ မဆိုရဘူး တဲ့”။ စိတ်ဆိုးနေတဲ့ အစ်မကြီးကို အားပေးရင်း ရယ်ရသေးတယ်။
၂ နာရီ။ နိုဗိုတယ်။ အခမ်းအနား စပါပြီ။ ကောက်ခါ ငင်ခါ ခန့်လိုက်တဲ့ M.C က သီချင်းလာတိုက်တဲ့ “အာသာအေး”။ သူလည်း ခေသူတော့ မဟုတ်။ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာတယ်။ ကျောင်းတည်ထောင်သူ စန္ဒရား မောင်ရည် ခိုင် ရဲ့ Profile ပြောတယ်။ ကိုရည်ခိုင်ကလည်း သူ့စေတနာ၊ ရည်ရွယ်ချက်နဲ့ အရှင်လတ်လတ် ရှိတုန်း၊ ရိုသေကြ၊ သိတတ်ကြ၊ ဒါကြောင့် တန်ဖိုးထားလို့ ဆရာတွေကို ကန်တော့တာလို့ ပြောသွားတယ်။
ဒီမှာ (ဆရာ) စန္ဒရား မောင်ရည်ခိုင်ရဲ့ စိတ်စေတနာလေးကို ဖော်ပြပါရစေ။ ဒီပွဲမှာ ရင်းနှီးတဲ့ သမ္ဘာရင့်၊ ဝါရင့် စန္ဒရား ဆရာကြီး အားလုံးကို ဖိတ်ပါတယ်။ ဒါပေမယ့် ပွဲရက်က လပြည့်နေ့။ ပွဲစည်တဲ့နေ့ ဖြစ်သွားတယ်။ ဒီတော့ ကန်တော့ခံ ဆရာကြီး ဦးစိန်သောင်းနဲ့ ဒေါက်တာ အင်ဒရူးကောင်း တို့ပဲ လာနိုင်ကြတယ်။
မှတ်သားကြရအောင်။ စန္ဒရားသံတွေကို။ အာသာအေးရဲ့ ကြည်နူးစရာ ဖိတ်ခေါ်သံ အဆုံးမှာတော့ ပထမဦးစွာ စကား ပြော ဖို့ အသက် ၈၉ နှစ်ရှိပေမယ့် သန်မြန်နေတုန်း စန္ဒရား (ဦး) စိန်သောင်း လာပါတယ်။ ပြောပါတယ်။
“ငွေလေး တဆယ်နဲ့ ဆိုင်း တီးချင်လွန်းလို့ မအူပင်၊ မလက်တိုရွာက လာခဲ့တာ… ဆိုင်းထမ်းရတယ်.. ထမင်းနပ်မမှန် ဘူး… ကျောက်မြောင်းကနေ ကြည့်မြင်တိုင် ခြေလျင် ပြန်ရတာ…မိုးရွာရင် လုံချည်ခြုံ ပြန်ရတာ။ အသက် ငါးဆယ် ရောက် မှ စန္ဒရား တီးဖူးတာ… တို့ခေတ်က ကမ္ဘာ့ဂီတ တူရီယာကလည်း ရှားတယ်။ ဆရာလည်း ရှားတယ်။ ခု … မင်းတို့ ခေတ်… တူရိယာကလည်း ငွေသာရှိ ဝယ်ရတယ်… ဆရာလည်း အထိုက်အလျောက် ရှိနေပြီ… ငါဆို စန္ဒရား ကို ကိုယ့်ဘာသာ ကိုယ်ကျွမ်းကျင်သလို တီးခဲ့ရတာ (သူက ဆိုင်းဟန်နဲ့ စန္ဒရားကို ကိုယ်ပိုင်ဟန်နဲ့ တီးတဲ့သူ… ရှား တယ် လို့ လေးလေးက ပြောတယ်)… လက်ချောင်းလေးတွေမှာ ကမ္ဘာ့ဂီတက သိပ်စနစ်ကျတယ်” တဲ့။ မြန်မာသံ စန္ဒရား ရဲ့ အသံ (၁)။
M.C ကတော့ လှပလိုက်တဲ့ နှလုံးသားကို မြင်ခွင့်ရလို့ ကျေးဇူးပါဆိုပြီး ဂါရ၀ လှမ်းပြုရဲ့။
အသံ (၂)။ ဒေါက်တာ အင်ဒရူးကောင်း။
ဒေါက်တာကြီးက ပြောတယ်။ “ကမ္ဘာ့ဂီတကို ဘယ်လောက် တီးနိုင်တယ်။ ဘယ်လို တေးစီးရီးတွေမှာ တီးခဲ့တယ်။ သုတေသနတွေ လုပ်ခဲ့တယ်ဆိုတာ သိတဲ့ တပည့်တွေ အများကြီးပါ။ လက်သံကောင်းဖို့ဆိုတာ အချိန်ကာလ နှစ်တွေ အများကြီး ပေးရပါတယ်။ မြန်မာဂီတကို ချစ်တယ်။ တီးမယ်ဆိုပြီး Staff နဲ့ ရေးထားတယ်။
မတီးတော့ မတီးဖြစ်သေး ဘူး။ ပြောချင်တာ မြန်မာဂီတကို မြင့်စေ့ချင်ရင် ကမ္ဘာ့ဂီတကို ရေရေလည်လည် တီးတတ်ရမယ်။ သိရမယ်။ နောက်ပြီး တော့ Staff note ကို ရေးနိုင်တဲ့အထိ အရည်အချင်း ရှိရမယ်” တဲ့။ ကမ္ဘာ့ဂီတ စန္ဒရားရဲ့ အသံ (၂)။
အားလုံး မှတ်မိအောင် M.C က အနှစ်ချုပ် ပြန်ပြောရင်း ဂါရ၀ပြုပါတယ်။
အသံ (၃)က မြဝတီမင်းကြီးရဲ့ စတုတ္ထမျိုးဆက် အလင်္ကာကျော်စွာ (ဆရာ) ဦးဘကလေး တပည့်။ ဒါးတန်း ဦးသန့်ရဲ့ တပည့်။ ဂျာမနီပြန်။ M.C က ဖော်ကောင် လုပ်နေပါတယ်။ “ကိုငြိမ်းမောင်” ။ မဟုတ်ပါဘူး။ စန္ဒရား သိမ်းမောင်ပါ။
“မြန်မာ့ဂီတဆိုပြီး စောင်းကြီး ပိုက်, ပိုက်ပြီး ပြနေတာ၊ နိုင်ငံခြားသွားနေတာ အဓိပ္ပာယ် မရှိဘူး။ Musicology အတွေး အခေါ် တွေ၊ ရသတွေ နားလည်ရမယ်။ မြန်မာသီချင်းကို သူတို့ Instrument တွေနဲ့ တီးတိုင်း အဆင့်မမီပါဘူး။ Rhythm တွေကို နားလည်ရမယ်။ Culture Politic ဂီတ ယဉ်ကျေးမှုချင်း အပြန်အလှန် လေးစားသမှု ဆက်နွှယ်နေမှု တွေ သိရမယ်။ ကိုယ့်ဟာပဲ သိနေလို့ ဘာမှ မဖြစ်ဘူး”။ စန္ဒရားသံ (၃)။
အပြီးမှာ ကန်တော့ကြတယ်။ ပထမဦးစွာ K.B တွေနဲ့ စန္ဒရား မောင်ရည်ခိုင်က ဦးဆောင်ကာ ကမ္ဘာကျော် ဂီတ ပညာရှင် Franz Schubert ရဲ့ Military In D တေးသွားနဲ့ ဦးစိန်သောင်း နဲ့ ဦးသိမ်းမောင်တို့ကို ကန်တော့ကြတယ်။ Orchestra တခုကို မျက်ဝါးထင်ထင် ကြားလိုက် ရပါတယ်။ လှပလွန်းသော ကြည်နူးဖွယ်ရာ ကန်တော့ပွဲ။ တပည့်များသာမက မိဘ များ၊ လာရောက်သော ပရိသတ်တချို့ပင် ဝင်ရောက် ကန်တော့ကြတယ်။
ဖျော်ဖြေရေး အစီအစဉ် စပါပြီ။ ပထမဦးစွာ အသက်အငယ်ဆုံး သင်တန်းသားလေးရဲ့ “မြမန်းဂီရိ”။ နောက် ဒရမ်မာ ရန်မျိုး ရဲ့ သားလေး ဇောရိုးရဲ့ Turkish March ။
M.C ကတော့ ပွဲကို လှပစွာ ထိန်းရင်း ကလေးများသာမက မိဘတွေကိုပါ ဆေးထိုး ဆုတောင်းများ ချွေပါတယ်။ မိဘတွေ ရော ကလေးတွေရော ပြုံးလို့ပါ။
ဆရာကြီး ဦးစိန်သောင်းရဲ့ လူငယ်တယောက်လို လက်သံနဲ့ စန္ဒရား မောင်ရည်ခိုင်ရဲ့ အဆို “လောကကို အလှဆင်နိုင် လိမ့် မယ်” တဲ့။ ပြီးတော့ စန္ဒရား (ဦး) သိမ်းမောင်ရဲ့ သူ့ဆရာ ဒါးတန်း ဦးသန့် တီထွင်ခဲ့တဲ့ စိန်ဗေဒါသံဆန်း တေးသွား လေးကလည်း အရသာ အသစ်တမျိုး ရကြ။ ကြားနေကျ မြန်မာသံ စန္ဒရားသံ မဟုတ်။
M.C ရဲ့ အာဝဇ္ဇန်းနဲ့ အရှိန်တွေလည်း ကောင်း။ ဟိုတယ် ဝန်ထမ်းတွေပါ လာကြည့်ကြ။
Crack tone အဆိုလေးနဲ့ စန္ဒရား မောင်ရည်ခိုင်ရဲ့ “ကျေးစေတမန်”။ နောက်… မြဝတီမင်းကြီး ဘဝလေး ပြောရင်းက “စံရာတောင်ကျွန်း” နဲ့ “မန်းသြင်္ကန်သမိုင်း”။ မြို့မ ဦးယဉ်လေးရဲ့ “မြူမှောင်ဝေကင်း”၊ ဆရာမ မအိရဲ့ အရပ်ဆို လေး။ တိုက်တုံးကနဲ့မတူ လှပပါတယ် အစ်မကြီး။ နောက်… ဆရာမကပဲ ဆရာ မြို့မငြိမ်းရဲ့ နောက်ဆုံးရေး သီချင်း ၂ ပုဒ်ထဲ က “တိမ်လွှာမို့မိုလွင်” နဲ့ “အိမ်သူပီပီ” ကို ပြောပြ။ အိမ်သူပီပီမှာ ဆရာငြိမ်းရဲ့ မိန်းမသဘာ၀ နိုင်နင်းပုံကို ရှင်းပြ။ လေးလေးသိမ်း တီး၊ ထက်ထက် ဆို။ Flamenco Composition အငွေ့အသက်များနဲ့ လှပတဲ့ သီချင်း။
ပွဲကိုတော့ M.C အာသာရဲ့ ပညတ်သွားရာ ဓာတ်သက်ပါ။ သီချင်းလေးပါ။ ဆရာငြိမ်းရဲ့ “ကမ္ဘာ့ငြိမ်းချမ်းရေး” သီချင်း လေး ပါ။ မူလအစက ပီကင်းငြိမ်းချမ်းရေး ညီလာခံအတွက် သုတ်သုတ်ရေး၊ သုတ်သုတ်သွင်း ပေး။ ခုလဲ… ဖုတ်ပူ မီးတိုက်။ ဒါပေမယ့် “ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့အစဉ် တမာပင်၊ သရက်ပင် ဘာပင်ပဲ စွဲစွဲ…” တေးလေးကို အားလုံး နှစ်ခြိုက်အားပေးကြ။ M.C မှ Cele အာသာဖြစ်။ အောင်မြင်လှပစွာ ပွဲသိမ်းခဲ့။
စန္ဒရား ဝင်စားတဲ့ နေ, လ တွေရဲ့ စကားသံတွေကလည်း မှတ်သားစရာ။
စန္ဒရား မောင်ရည်ခိုင် ပြောသလို အရှင်လတ်လတ် ရှိတုန်း ကျေးဇူးဆပ်ကြတဲ့၊ ကန်တော့ကြတဲ့။ ဆရာကြီးတွေ အသက်ရှည် ကျန်းမာကြပါစေ။ ကျေးဇူးတရား သိတတ် သူတွေ ပေါများပါစေ။ ။
စာရေးသူ နိုင်အောင်စိုးသည် Stupid Music Art Music Magazine (Online) တာဝန်ခံ အယ်ဒီတာ ဖြစ်ပြီး ဂစ်တာ အခြေခံများ ကို သင်ကြား ပေးနေသည့် ဂီတ ပညာရှင် နှင့် Jazz ဂီတကို တစိုက်မတ်မတ် လေ့လာ တီးခတ်နေသူ တဦး လည်း ဖြစ်ပါသည်။