ဆောင်းပါး

ရှမ်းပြည်က တိုက်ပွဲတွေက ဘယ်သူ့အတွက်လဲ

Want create site? Find Free WordPress Themes and plugins.

“ငါတို့ ဓားစားခံ ဖြစ်ရတယ်ဆိုတဲ့ အမြင်က လူထုမှာ ရှိတာကိုး” ဟု ဆိုလိုက်သူက ငြိမ်းချမ်းရေး ကိစ္စ လုပ်ဆောင်နေသူ ဒေါက်တာ မင်းဇော်ဦး။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ မြန်မာ့ အင်စတီကျူ (MIPS)မှ အလုပ်အမှုဆောင်ညွန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက “ဖြစ်တာ မဟုတ်ဘူး အခုက ဖြစ်နေပြီး။ ကျနော်တို့ ရှမ်းပြည်ဘက်က သီပေါဘက်ကို သွားပြီး သုတေသန လုပ်တာ လူထုက တော်တော်ကို စိတ်ညစ်နေပြီ။ စိတ်ညစ်နေပြီဆိုတာမှာ လူထုရဲ့ အမြင်မှာက ငါတို့ ဓားစားခံ ဖြစ်ရတယ်ဆိုတဲ့အမြင်က လူထုမှာရှိတာကိုး။ လူထုက အစိုးရကိုလည်း အားမရဘူး၊ အစိုးရက ဒါတွေ မဖြေရှင်းပေး နိုင်တော့ အစိုးရ အပေါ်မှာ လူထုက အားမရဘူး၊ အစိုးရအပေါ်မှာ လူထုက အပြစ်တင်နေတယ်။ တဖက်ကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေက ဖြစ်လာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ်မှာ လူထုအမြင်က တမျိုးဖြစ်တာပေါ့” ဟု ဆိုသည်။

ပြီးခဲ့သည့် လပိုင်းအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ နေရာအတော်များများတွင် ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားပြီးနောက် ဒေသခံ လူထုများအကြား ဖြစ်ပေါ်နေသည့် စိတ်ခံစားမှု အခြေအနေကို ရှင်းပြခြင်း ဖြစ်သည်။

ယခုနှစ် အောက်တိုဘာလမှစကာ ဒေသတွင်းအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA မှာ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP/SSA) တို့ဖြင့် တဖွဲ့ချင်းအလိုက်၊ ပူးပေါင်းတိုက်ဖွဲ့အလိုက် တိုက်ပွဲများ ဖြစ်နေခြင်း ဖြစ်သည်။

RCSS နှင့် SSPP တို့အကြား အောက်တိုဘာလ ၂၆ ရက် နှင့် နိုဝင်ဘာလ ၁၇ ရက်တွင် ရှမ်းမြောက်ဒေသ၊ လားရှိုးမြို့နယ်၊ မန်ပိန်းကျေးရွာတွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် မန်ပြိန်းကျေးရွာမှ လသားအရွယ် အားရွယ်ဆိုသူ ကလေးငယ်တဦး စစ်ရှောင်ရင်း ဒေသဆုံးရကာ အသက် ၄၀ အရွယ် မာဂမ် (ခေါ်) စံမွန်နှင့် အသက် ၆၀ ကျော်အရွယ် ဒေါ်မာလွတ်တို့လည်း ကျည်ဆံထိမှန် သေဆုံးခဲ့ရသည်။

ထို့ပြင် နိုဝင်ဘာလ ၂၃ ရက်တွင် သီပေါမြို့နယ်၊ နားလော့ကျေးရွာအနီး ဖြစ်ပွားသည့် တိုက်ပွဲကြောင့် အသက် ၁၀ နှစ်ကျော် ကလေးငယ်တဦး အပါအဝင် ဒေသခံ ၃ ဦး သေနတ်ကျည် ထိမှန်ကာ လားရှိုးဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသည်။

တိုက်ပွဲများကြောင့် သေဆုံးခဲ့သူ လသားအရွယ် သမီးငယ် အားရွယ်နှင့် ယောက္ခမဖြစ်သူ ဒေါ်မာလွတ်တို့ သေဆုံးမှုနှင့် ပတ်သက်၍ ကလေးငယ်၏ ဖခင်ဖြစ်သူ ကိုတူးမိုင်က “ရွာဘက်မှာ စပါးပုံနေတဲ့အချိန် သေနတ်သံကြားတော့ ရှောင်ပြေးတာ။ သူတို့ ပြောကြတာ ပြောက်ကျားဝတ်စုံ ဝတ်ထားတဲ့သူတွေလို့ ပြောတယ်။ ကျနော်တို့က ပြည်သူတွေပါ မပစ်နဲ့လို့ပြောတာ ပစ်လိုက်တာ သေနတ်ကျည်ထိပြီး ဆုံးသွားတာ။ ဘယ်အဖွဲ့လို့တော့ မသိရဘူး ဝတ်ထားတဲ့ ဝတ်စုံက တော့ ပြောက်ကျားလို့ ပြောတယ်။ လောလောဆယ် အပစ်အခတ်ရပ်စဲရေးကို လိုလားပါတယ်၊ တိုက်ပွဲဖြစ်ရင်တော့ ကျနော်တို့ ပြည်သူတွေကို မထိပါးအောင် လုပ်ပေးစေချင်တယ် အခုလည်း လှုပ်ရှားနေတုန်းဘဲ ကျနော်တို့ ပတ်ဝန်းကျင် ရွာတွေနားမှာ” ဟု ပြောသည်။

RCSS နှင့် TNLA တပ်များအကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်အတွင်းရှိ ကွန်ကော် ကျေးရွာမှ ဒေသခံများမှာ ယနေ့တိုင် နေရပ်မပြန်နိုင်ကြသေးဘဲ ကျောက်မဲမြို့ပေါ်တွင် ဖြစ်သလို နေထိုင်နေကြရပြီး ရွာအနီးရှိ တံတား ၂ စင်းမှာလည်း ဖျက်ဆီးခံထားရသဖြင့် သွားလာရေး ခက်ခဲမှုများလည်း ကြုံတွေ့နေကြရသည်။

တိုက်ပွဲများ ဖန်တီးနေသည့် ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကမူ ၎င်းတို့ လက်နက်စွဲကိုင် တိုက်ပွဲဝင်နေခြင်းသည် ပြည်သူလူထုအတွက်ဟုဆိုကာ ကြွေးကြော်နေဆဲ ဖြစ်သည့်အတွက် တကယ်ကော ဟုတ်ပါရဲ့လားဟု မေးခွန်းထုတ်စရာ ဖြစ်လာနေသည်။

ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “လူထုကတော့ သဘောမကျတာ ကြာပါပြီ။ ပြန်ပြီးတော့ ဆန့်ကျင်တာ၊ မဆန့်ကျင်တာတော့ အင်အားအပေါ် မူတည်တာပေါ့ဗျာ။ ရိုးရိုးပဲ ပြောရင်တော့ လူထု မကြိုက်တာ၊ လူထု မနှစ်မြို့တာတော့ ကြာပါပြီ။ သို့သော်လည်း ဆန့်ကျင်နိုင်တဲ့ ပုံသဏ္ဌန်က မရှိဘူး လူထုမှာက။ လူထုက နာမည်နဲ့ တူအောင်ပေါ့။ သူထု ငါထုပဲ၊ သူက အခံဘက်ကချည်းပဲ ဖြစ်နေတာ နှစ်ပေါင်းလည်း ကြာပြီ” ဟု ပြောသည်။

ဒေသခံများမှာ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့်အပြင် သံသယဝင်ခံရပါက ဖမ်းဆီး ရိုက်နှက် စစ်ဆေးခံရကာ အသက်ဆုံးရှုံးသည်အထိ ကြုံတွေ့နေရခြင်း၊ အလိုမတူဘဲ စစ်သားအဖြစ် စုဆောင်းခံနေရခြင်း၊ အမျိုးသမီးများ လိင်အကြမ်းဖက်ခံရခြင်း၊ ဆန္ဒသဘောထားမပါဘဲ ဆက်ကြေး (တပ်များဘက်ကမူ အခွန်ဟု သုံးနှုန်း) ပေးနေရခြင်းတို့ ကြုံတွေ့နေရသည့်အပြင် ကလေးငယ်များလည်း စစ်ရှောင်နေရသဖြင့် ပညာသင်ကြားခွင့် အခွင့်အရေးများ ဆုံးရှုံးလျက် ရှိသည်။

သို့သော် ဒေသတွင်း တိုက်ပွဲဖြစ်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကမူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူရေး၊ ဖက်ဒရယ်ပြည်ထောင်စု ဆိုသည့် စကားရပ်များကို တွင်တွင်သုံးကာ လက်နက်စွဲကိုင်ထားကြသော်လည်း အကြောင်းပြချက် အမျိုးမျိုးဖြင့် ဒေသအတွင်းရှိ အခြားသော လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပဋိပက္ခများ ဖြစ်ပွားလျက် ရှိသည်။

တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်စိုးက “ဘယ်အဖွဲ့အစည်း မဆိုကတော့ တိုင်းပြည်အတွက် တိုက်တယ် ပြောတာပဲ။ ကိုယ့်တိုင်းရင်းသား လူမျိုးအတွက် တိုက်တယ် ပြောတယ်။ ဒါပေမယ့် လက်တွေ့မှာက ဘယ်သူ့အတွက် တိုက်တာလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ တကယ်တမ်း ဆုံးဖြတ်ပေးရမှာ လူထုပဲ ဖြစ်တာကို။ အဲဒီတော့ တကယ်လို့သာ လူထုအနေနဲ့ လက်မခံဘူးဆိုရင် အဲဒီအဖွဲ့အစည်းက ပြိုကျသွားမှာပဲ။ ဒါပေမယ့် အဲဒီအဖွဲ့အစည်းတွေ တည်တံ့ဖို့ဆိုတာက လူထုထောက်ခံသလား၊ မထောက်ခံဘူးလားဆိုတဲ့ အပေါ် အများကြီး မူတည်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

RCSS/SSA – TNLA – SSPP သုံးပွင့်ဆိုင် တိုက်ပွဲမှာ ၎င်းတို့ ကြွေးကြော်နေသည့် ကြွေးကြော်သံများနှင့် ကွဲလွဲကာ နယ်မြေလု တိုက်ပွဲများ ဖြစ်ရခြင်းဖြစ်ကြောင်း ကာယကံရှင်များက ပြောဆိုထားပြီး TNLA နှင့် SSPP ဘက်ကမူ RCSS/SSA မှ နယ်မြေကျူးကျော်လာခြင်းကြောင့်ဟု ဝေဖန်ကာ RCSS/SSA ဘက်ကမူ ရှမ်းပြည်နယ်အတွင်း မည်သည့်နေရာမဆို လှုပ်ရှားခွင့်ရှိသည်ဟု တုံ့ပြန်ထားသည်။

RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က “ဒီတိုက်ပွဲတွေက ကျနော်တို့က စတင်ပြီးတော့ တိုက်ခိုက်ခဲ့တာ မဟုတ်ဘူး။ တဖက်က အရင် တိုက်ခိုက်ခဲ့တာပေါ့၊ TNLA တပ်ဖွဲ့ဆိုရင်လည်း ပြန်လည် ထူထောင်လာတာကတော့ ၂၀၁၁ ခုနှစ် လောက်မှပါပဲ။ ကျနော်တို့က ၂၀၀၆ မတိုင်ခင်ကတည်းက အဲဒီဘက် ဒေသတွေမှာ လှုပ်ရှားနေခဲ့ပြီး ဖြစ်ပါတယ်။ ဒီနယ်မြေတွေ ထဲမှာ သူတို့ (TNLA) က တပ်တွေ ဖွဲ့စည်းခဲ့တယ်။ ပြည်သူလူထုတွေကို ဖိအားပေးလာတယ်။ သူတို့ အနိုင်ကျင့်မှုတွေ ရှိလာတယ်။ ကျနော်တို့ကိုလည်း ပြန်ပြီး တိုက်ခိုက်လာတယ်။ ဒါကြောင့် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ခြင်း ဖြစ်တယ်။ အခုချိန်ထိ ကျနော်တို့ ပြည်သူလူထု (၂၃) ယောက်ကို ဖမ်းဆီးသွားတာ သေလား ရှင်လား၊ သတင်း မရသေးပါဘူး” ဟု ဧရာဝတီသို့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်က ပြောဆိုထားသည်။

၎င်းက ဆက်လက်ပြီး “SSPP နဲ့ ဖြစ်ပေါ်လာတဲ့ ပြဿနာကလည်း သူတို့ကို ကျနော်တို့ သွားတိုက်တာ မဟုတ်ပါဘူး၊ သူတို့ကစပြီး တိုက်လာလို့ ဖြစ်တဲ့ တိုက်ပွဲပါ။ ကျေးသီးမြို့နယ်ထဲက မိုင်းငင်းဆိုတဲ့ ကျေးရွာအုပ်စုမှာ သူတို့ စတိုက်လာတယ်။ ပထမတော့ ဒီလောက်နဲ့ပဲ ပြီးမယ် ထင်တာ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ တိုးလာတယ်။ ဒါကြောင့်မလို့ ကျနော်တို့ကလည်း ကိုယ့်ကိုယ်ကိုယ်တော့ ကာကွယ်ရခြင်းဖြစ်တယ်” ဟု ဆိုသည်။

သို့သော် TNLA နှင့် SSPP ဘက်ကမူ ရှမ်းမြောက်ဒေသတွင်း ကျူးကျော်လာသည့် RCSS/SSA တပ်များ ရှမ်းပြည် တောင်ပိုင်းသို့ ပြန်လည်ဆုတ်ခွာသွားပါက တိုက်ပွဲများ ရပ်တန့်သွားမည်ဟု တုံ့ပြန်ထားသည်။

TNLA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး မိုင်းအိုက်ကျော်က “စစ်ပွဲရပ်ဆိုင်းရေးကတော့ နဂိုတည်းက မူလက RCSS နဲ့ တိုက်ပွဲ ဖြစ်ပွားတာ မရှိဘူး။ NCA ထိုးပြီး နောက်ပိုင်းမှ ဖြစ်တာ။ သူတို့ တပ်တွေ တောင်ပိုင်းကို ပြန်ဆုတ်သွားမယ်ဆိုရင် ဒီတိုက်ပွဲက ရပ်သွားမှာပါ” ဟု ပြောသည်။

NCA ဆိုသည်မှာ အစိုးရ၊ တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အကြား လက်မှတ်ရေးထိုးထားသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုစာချုပ် ဖြစ်ပြီး RCSS/SSA မှာ NCA ထိုးထားသော်လည်း TNLA နှင့် SSPP တို့မှာ လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။

NCA စာချုပ်တွင် အရပ်သားများအား ဥပဒေမဲ့ မဖမ်းရန်၊ တပ်သားသစ် မစုဆောင်းရန်၊ အတင်းအဓမ္မ အခွန်မကောက်ရန်၊ လူနေရွာများအတွင်း တပ်စခန်းများ မထားရန်နှင့် မလှုပ်ရှားရန်၊ ပြဿနာ ဖြစ်လာပါက စစ်ရေးအရ မဖြေရှင်းရန် ပါရှိသည်။

မည်သို့ပင် ဖြစ်စေ တိုက်ပွဲဖြစ်ပွားရာ ဒေသများရှိ တိုင်းရင်းသား ဒေသခံများမှာ လူမှုဘ၀ ဒုက္ခများအပြင် နယ်မြေ မတည်ငြိမ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ မဝင်ရောက်လာခြင်း၊ အလုပ်အကိုင် ရှားပါးခြင်း စသည့် စီးပွားရေး အခက်အခဲများအပြင် လက်နက်ကိုင်အဖွဲ့များ ထောင်ထားသည့် မြေမြုပ်မိုင်းအန္တရာယ်ကြောင့် လယ်ယာလုပ်ငန်းခွင်များအတွင်း သွားရောက်ရာတွင် မလုံခြုံမှု အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။

လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်းရှိ မူဆယ်၊ လားရှိုး၊ နမ္မတူ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ စသည့် မြို့နယ်များတွင် RCSS/SSA – TNLA – SSPP သုံးပွင့်ဆိုင် တိုက်ပွဲများကြောင့် ဒေသခံ ၃၀၀၀ မှ ၅၀၀၀ ကြား နီးစပ်ရာ မြို့နယ်များတွင် စစ်ဘေးရှောင်နေကြရသည်။

RCSS နှင့် SSPP တို့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နားလော့ကျေးရွာမှာ တိုက်ပွဲဖြစ်ရာ ဒေသခံ တဦး သေနတ်ထိမှန်၍ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်က ဆေးကုသရန် ဆေးရုံသို့ သယ်ဆောင်လာစဉ် (ဓာတ်ပုံ – ကိုမျိုး)

“ဖြစ်ရင် လွတ်လွတ်ကင်းကင်း ဖြစ်ပေါ့ဗျာ၊ ရွာထဲမှာ မဖြစ်နဲ့ပေါ့ဗျာ။ အခု ပြဿနာက ရွာထဲမှာဖြစ်တဲ့ ပြဿနာ။ ရွာထဲမှာ တိုက်ပွဲ ဖြစ်တာတွေက အခု အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းဖြစ်တဲ့ တိုက်ပွဲက ရွာထဲမှာ များတယ်။ ရွာထဲမှာ ဖြစ်တော့ တရွာလုံးက ပြေးကြရင်နဲ့ ပြဿနာတွေက တက်ကြတာပဲ။ အဲဒီတော့ နောက်ဆုံး မလွဲမရှောင်သာလို့ တိုက်ပွဲ ဖြစ်ရမယ်ဆိုရင်လည်း လူထုမရှိတဲ့ နေရာမှာ ဖြစ်ကြပေါ့ဗျာ။ ဒါဆို လူထုလည်း သက်သာမယ်” ဟု MIPS ၏ အလုပ်အမှုဆောင်ညွန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက တိုက်ပွဲဖန်တီးသူများအပေါ် ဝေဖန်သည်။

MIPS ၏ သုတသနစစ်တမ်းတခုအရ ဒေသခံ လူထုမှာ လက်နက်ကိုင်ထားသူ အားလုံးကို မနှစ်သက်တော့ကာ စစ်ပွဲဖြစ်ပွားနေခြင်းကို စိတ်ပျက်နေကြကြောင်းနှင့် တပ်သားသစ်စုဆောင်းခြင်း၊ ဆက်ကြေး ပေးနေရခြင်းများကြောင့် ဝန်ထုပ်ဝန်ပိုးအဖြစ် ခံစားနေရကြောင်းလည်း ၎င်းက ဆိုသည်။

အစိုးရ တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်က ပြုလုပ်သည့် NCA လက်မှတ်ထိုးခြင်း အခမ်းအနားတွင် NCA ကို တလွဲ အသုံးချခြင်း မပြုရန်နှင့် တလွဲအသုံးချကာ တိုင်းရင်းသား ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပေးရန် တာဝန်ရှိသည့် တပ်မတော်အနေဖြင့် လက်ပိုက် ကြည့်နေနိုင်မှာ မဟုတ်ကြောင်း အသိပေးလိုသည်ဟု ကြွေးကြော်ထားသည်။

သို့သော် လက်ရှိ မြေပြင် အခြေအနေတွင်မူ တိုက်ပွဲရှိရာ ဒေသများရှိ ပြည်သူလူထုများမှာ တပ်မတော်၏ အကာအကွယ်ကို မရသည့်အပြင် တပ်မတော် ကွပ်ကဲမှုအောက်ရှိ ဒေသအခြေစိုက် ပြည်သူ့စစ်အဖွဲ့များ၏ ဖိအားပေးမှုကိုပင် ခံနေရကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

ပြည်သူ့စစ်အဖွဲ့များမှာ သံသယရှိသည် ဟူသည့် စကားရပ်သုံးကာ ဥပဒေမဲ့ ဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးမှုများ ရှိနေကြောင်း ရှမ်းပြည်မြောက်ပိုင်းနေ ပြည်သူများက တညီတညွတ်တည်း ပြောဆိုလျက် ရှိသည်။

ထို့ပြင် လူမျိုးအခြေပြု ဖွဲ့စည်းထားသည့် လက်နက်ကိုင်အဖွဲ့များမှာလည်း မိမိ လူထုအား ကာကွယ်နိုင်ခြင်း မရှိသည့်အပြင် သံသယရှိသည်ဆိုကာ ခေါ်ယူရိုက်နှက် စစ်ဆေးနေသည့်အတွက် ဒေသခံများမှာ လက်နက်ကိုင်ထားသည့် အဖွဲ့ဟူသမျှကို ကြောက်ရွံ့နေရသည်ဟု ဆိုသည်။

ရှမ်းမြောက်ဒေသတွင် လူမျိုးစု အခြေပြုအပြင် အခြားနည်းပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့ ၃၂၀ ခန့် ရှိသည်ဟု တိုင်းရင်းသားအရေး လေ့လာနေသူ ဦးမောင်မောင်စိုးထံမှ သိရသည်။

ထို့ပြင် ကရင်၊ ကချင်၊ မွန်၊ ရခိုင်နှင့် ကယားပြည်နယ်တို့တွင်လည်း လူမျိုးစုအခြေပြု လက်နက်ကိုင်အဖွဲ့များအပြင် ပြည်သူ့စစ်များ၊ နယ်ခြားစောင့်တပ်များ၊ ငြိမ်းချမ်းရေး ကာကွယ်အဖွဲ့များ ရှိနေသေးသည်။

ဒေသတွင်း ပြည်သူများမှာ စစ်ဘေးဒဏ် ခံနေရသော်လည်း လက်နက်ကိုင် အဖွဲ့များမှာ ဇိမ်ခံကား အကောင်းစားများ စီးကာ အကောင်းစား အိမ်များ တည်ဆောက်နေထိုင်ပြီး ၎င်းတို့ သားသမီးများအား နိုင်ငံခြားလွှတ် ပညာသင်ပေးမှုများ ရှိနေသည့်အတွက် ၎င်းတို့၏ ရပ်တည်မှုသည် မည်သူ့အတွက်လဲ ဟူသည့် မေးခွန်းက ဒေသခံများအကြား ပျံ့နှံ့လျက် ရှိသည်။

တိုက်ပွဲများကြောင့် ထိခိုက်ဒေသမှုများ ဖြစ်နေသည့်အတွက် ပြည်သူလူထုအား ကာကွယ်ရမည့် တာဝန်ရှိသည့် တပ်မတော်က တစုံတရာ ဝင်ရောက် ထိန်းသိမ်းခြင်း မရှိသည့်အပြင် ရှမ်းပြည်နယ်အတွင်း တပ်မတော် ထောက်ခံပွဲများ ပြုလုပ်နေခြင်းမှာ အမြင်မသင့်တော်စရာ တခု ဖြစ်နေပြီး ယင်းဒေသတွင်း တိုက်ပွဲများပေါ်မှ နိုင်ငံရေးအမြတ် ထုတ်နေသည်ဟုလည်း သုံးသပ်မှုများ ရှိသည်။

“အဓိက အကျိုးစီးပွားက တိုင်းရင်းသား လက်နက်ကိုင်ထဲက သူတို့ရဲ့ အကျိုးစီးပွား၊ နိုင်ငံတော် အစိုးရရဲ့ အစိုးရ တပ်မတော်ကလည်း သူတို့ရဲ့ အကျိုးစီးပွား ဒီအတွက်ကိုပဲ အဓိက လုပ်နေကြတယ်လို့ပဲ မြင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အကျိုးစီးပွားမရှိတဲ့နေရာမှာ တိုက်ပွဲတွေ မဖြစ်ပါဘူး။ ဒါကို ကျနော်တို့ မြင်နိုင်ပါတယ်။ ပြည်သူလူထုက စစ်ရေးလည်း နားမလည်၊ နိုင်ငံရေးလည်း နားမလည်။ အသုံး မချတတ်တဲ့ ပြည်သူတွေပဲ ဒုက္ခရောက်နေတယ်” ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အဖွဲ့ဝင် နှင့် လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်း က ပြောသည်။

သံလွင်ပြည်သူ့မူဝါဒရေးရာလေ့လာရေးဌာနမှ ဒါရိုက်တာ ဦးစောကပီ ကလည်း “ နံပါတ်(၁) တပ်မတော်က ပြည်သူကို ပညာပြပြီး ဆုံးမချင်တာပေါ့။ ကြည့် မင်းတို့ တိုင်းရင်းသား အချင်းချင်းတွေ မတည့်လို့ တိုက်ပွဲတွေ ဖြစ်တော့လည်း ပြည်သူတွေပဲ မြေစာပင်ဖြစ်ရတာပဲ ဆိုတာ ပိုပြလို့ ရသွားတာပေါ့။ နံပါတ်(၂) နိုင်ငံရေးအရ တပ်ကလည်း လက်လျှိုဖို့ ခက်တယ်။ လုပ်မယ်ဆို နှစ်ဖက်စလုံးကို တိုက်ရမှာ တပ် ကတော့ တိုင်းရင်းသားတွေကြား ဘယ်အနာခံပါ့မလဲ” ဟု သုံးသပ်သည်။

အမျိုးသမီးများအဖွဲ့ချုပ် – မြန်မာနိုင်ငံ (WLB) မှ အထွေထွေ အတွင်းရေးမှူး လွေးပိုးငယ်က “အဲဒီလို မဖြစ်ဖြစ်အောင် တပ်မတော်က လုပ်တာလေ။ ဥပမာအားဖြင့် အပစ်ရပ်စဲရေးလုပ်ရင် မင်းတို့က ဘာ စီးပွားရေး ယူမလဲ လက် နက်ချ။ အဲဒီလိုမျိုး ကတိကဝတ်တွေပြုတယ်။ အဲဒီဟာမျိုးက ပြည်သူလူထု အကျိုးအတွက် မဟုတ်ဘဲနဲ့ လူတစုအတွက် အကျိုး ဖြစ်သွားတယ်။ အဲဒါက ပဋိပက္ခကို ဖြေရှင်းတဲ့ အဖြေ မဟုတ်ဘူး။ ခေါင်းဆောင်တိုင်းက အဲဒီလို လုပ်တာတော့ မဟုတ်ဘူး၊ တချို့သော ခေါင်းဆောင်တွေက လုပ်တာ။ အဲဒီလို လုပ်တာသည် ငြိမ်းချမ်းရေးကိုလည်း ထိခိုက်နိုင်သလို ကျမတို့ လိုလားတဲ့ ပြောင်းလဲမှုလည်း ဖြစ်မှာ မဟုတ်ဘူး” ဟု ဆိုသည်။

လက်ရှိတွင် NCA လက်မှတ် မထိုးရသေးသည့် လက်နက်ကိုင် ၁၀ ဖွဲ့ ကျန်နေသေးသည့်အပြင် လက်မှတ်ထိုးထားပြီး ဖြစ်သည့် KNU နှင့် RCSS/SSA တို့ကလည်း တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆက်စပ်ကော်မတီ အစည်းအဝေးများ တက်ရောက်ရန် ယာယီ ဆိုင်းငံ့ထားသည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များက တန့်နေသည်။

ယင်းသို့သော အနေအထားတွင် NCA လက်မှတ်ထိုးထားသည့် RCSS/SSA ကလည်း ဒေသတွင်း လက်မှတ်မထိုးထားသည့် TNLA ၊ SSPP တို့နှင့် ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ၂၀၂၀ တွင် ငြိမ်းချမ်းရေးကို ပြည်သူ့လက်ဝယ် အပ်နှံမည်ဟု NCA သုံးနှစ်ပြည့် အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုထား ပြန်သည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် တိုက်ပွဲများ မရှိစေလိုလျှင် လက်နက်ကိုင်စရာ မလိုသည့် အခွင့်အရေးများ ဖန်တီပေးနိုင်ရန်နှင့် တိုင်းရင်းသားများ စဉ်ဆက်မပြတ် တောင်းဆိုနေသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ပေးရန် လိုကြောင်း တိုင်းရင်းသားရေးရာ သုတေသီ ဦးမောင်မောင်စိုးက သုံးသပ်သည်။

၎င်းက “အခု ဖြစ်နေတဲ့ ပြဿနာက တိုင်းရင်းသား ပြည်နယ်တွေမှာပဲ စစ်ပွဲဖြစ်နေတာ သေနတ်ကိုင်စရာ မလိုဘဲနဲ့ ဖက်ဒရယ် အခွင့်အရေးတွေ ရမယ်ဆိုရင်တော့ လက်နက်ကိုင် တိုက်ပွဲကို သွားတဲ့ လူရော၊ လက်နက်ကိုင် တိုက်ပွဲကို ထောက်ခံနေသူရော လျော့ကျသွားမှာပါ။ ဒါပေမယ့် အဲဒီလို ဖက်ဒရယ်အခွင့်အရေးတွေ မရှိသေးဘူးဆိုရင်တော့ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်ရှိနေဦးမှာလို့ မြင်ပါတယ်” ဟု ဆိုသည်။

သို့သော် ဖက်ဒရယ် ပြည်ထောင်စုဆိုသည့် စကားရပ်ကို တပ်မတော်၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား မိမိ ခံယူသည့်အတိုင်းသာ အဓိပ္ပာယ်ဖွင့်ဆိုနေကြသည့်အတွက် အများ ပြည်သူ အကျိုးစီးပွားကို အခြေခံမည့် ယုံကြည် လက်ခံ ကျင့်သုံးနိုင်လောက်သော ဖက်ဒရယ်ဆိုသည့် အနှစ်သာရကို တည်ဆောက်ရန် လိုအပ်နေသေးသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာကမူ ပါဝင်ပတ်သက်သူ အားလုံး နိုင်ငံရေးစကားဝိုင်းပေါ် တက်ရောက်၍ နိုင်ငံရေးနည်း ဆွေးနွေးညှိနှိုင်းခြင်းနည်းဖြင့် ဖြစ်ပေါ်နေသည့် သွေးထွက်သံယို ဖြစ်မှုများကို အဆုံးသတ်သင့်ပြီဖြစ်ကြောင်း တိုက်တွန်းသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading