လွန်ခဲ့သောနှစ်ပေါင်း ၁၆၀ ကျော်က မြန်မာနိုင်ငံ၏ နောက်ဆုံးနန်းမြို့ဖြစ်ခဲ့သော မန္တလေးမြို့ကို စစ်မှန်သော စမတ်စီးတီးဖြစ်လာရန် ရည်မှန်းချက်ဖြင့် ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ ရှေ့နေများ၊ စာရေးဆရာများ၊ သတင်းသမားများနှင့် အိုင်တီကျွမ်းကျင်သူများစသည့် နောက်ခံအမျိုးမျိုးက လာသော မန္တလေးစည်ပင်က အပြောင်းအလဲများ လုပ်ဆောင်နေသည်။
တနှစ်ကျော်ကြာ အလုပ်ကြိုးစားပြီးနောက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ(MCDC) သည် ၎င်း၏အားထုတ်မှုအတွက် ဆုလဒ်ကို ခံစားလာရပြီဖြစ်ပြီး အရှေ့တောင်အာရှမှ စမတ်စီးတီးအဖြစ် တက်လှမ်းနေသော ထိပ်တန်းမြို့ပြ ၅ ခုတွင် ပါဝင်ကြောင်း ကြေညာခံခဲ့ရသည်။
စမတ်စီးတီး အိပ်မက်ကို လွန်ခဲ့သောနှစ်က မန္တလေးမြို့တော်ဝန် ဦးရဲလွင် ကိုရီးယားနိုင်ငံ စမတ်စီးတီးနှင့်ပတ်သတ်သော မြို့တော်ဝန်များ အစည်းအဝေး တက်ရောက်ခဲ့စဉ်က စတင်ခဲ့သည်။
မန္တလေးသို့ပြန်ရောက်လျှင်ရောက်ခြင်း ဦးရဲလွင်သည် နေ့စဉ်လုပ်ငန်းဆောင်တာများတွင် အင်တာနက်အသုံးပြုခြင်း(IoT) သည် မြို့တော်၏လုပ်ငန်းများနှင့် ဝန်ဆောင်မှုများကို အကျယ်ပြန့်ဆုံးဖြစ်စေပြီး နိုင်ငံသားများနှင့်ဆက်သွယ်ရန် နည်းလမ်းလည်းဖြစ်ကြောင်း သူ၏လုပ်ဖေါ်ကိုင်ဖက်များကို စတင်ရှင်းပြခဲ့သည်။
“အစိုးရဌာန အများစုက အဆင်သင့်မဖြစ်သေးလို့ e-government အစီအစဉ်ကို ကျနော်တို့ စွန့်လွှတ်လိုက်ပြီ။ ကျနော်တို့ဘာသာ ကျနော်တို့ သတင်းနည်းပညာ အခြေခံတဲ့မြို့တော် ကိုယ့်ဖာသာတည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင်နှင့်ပြောခွင့်ရသူ ဦးကျော်ဆန်းမြင့်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာရစေခဲ့သော ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီးတွင် ဖွဲ့စည်းခဲ့သော MCDC တွင် မန္တလေးတိုင်းအစိုးရက ခန့်အပ်သောကော်မတီဝင် ၅ နေရာနှင့် မြို့တော်၏မြို့နယ် ၆ မြို့နယ်အနက် တမြို့နယ်စီက ရွေးချယ်သောကော်မတီဝင် ၆ ဦး စုစုပေါင်း ကော်မတီဝင် ၁၁ ဦး ရှိသည်။
စတုရန်းကီလိုမီတာ ၉၀၀ ကျော်ကျယ်ဝန်းပြီး လူဦးရေ တသန်းကျော် နေထိုင်သော မြို့တော်တွင် စည်ပင်လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်သော ဝန်ထမ်း ၆၀၀၀ ခန့် ရှိသည်။
စမတ်စီးတီးတခု မည်သို့တည်ဆောက်မည်ဟူသော စိတ်ကူးနှင့်ပတ်သက်ပြီး MCDC သည် လွန်ခဲ့သောနှစ် မြန်မာနှစ်သစ်ကူး အားလပ်ရက်တွင် စင်္ကာပူနိုင်ငံသို့ သွားရောက်လေ့လာခဲ့သည်။
“ဒီခရီးကို ကျနော်တို့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သွားတာ။ အလွတ်သဘောပဲ။ မြန်မာနိုင်ငံက စင်္ကာပူသံရုံးကို အသိပေးပြီးနောက် ကျနော်တို့ကို စင်္ကာပူအစိုးရက စနစ်တခုလုံးကို လေ့လာခွင့်ပေးခဲ့တယ်” ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။
MCDC အဖွဲ့သည် စကာၤပူနိုင်ငံရှိ ကဏ္ဍစုံမှ အကြံဉာဏ်သစ်များစွာ ရရှိခဲ့ပြီး စကာၤပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံရှိ ကျွမ်းကျင်သူများနှင့် ချိတ်ဆက်နိုင်ခဲ့သည်။
အဆင့်မြင့်နည်းပညာ အခြေခံအဆောက်အအုံ
စမတ်စီးတီးစီမံကိန်းများသည် သတင်းနည်းပညာကို ထိထိရောက်ရောက် အသုံးပြုရန်၊ သတင်းအချက်အလက်များကို ပြည်သူလူထုနှင့် မျှဝေရန်နှင့် ပြည်သူများ၏ဘဝကို တိုးတက်စေရန် ကြိုးစားနေသော ကမ္ဘာပေါ်ရှိမြို့ကြီးများတွင် ရေပမ်းစားလာသည်။

၎င်းတို့သည် သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံ၊ ရေပေးဝေရေးနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု၊ ရဲတပ်ဖွဲ့များ၊ ကျောင်းများ၊ စာကြည့်တိုက်များ၊ ဆေးရုံများနှင့် အခြားဝန်ဆောင်မှုများကို စီမံရန် ဗီဒီယိုကင်မရာများနှင့် အာရုံခံကိရိယာများမှ အချက်အလက်များကို ကောက်ယူသရုပ်ခွဲကြသည်။
ထိုနည်းပညာသည် မြို့တော်အရာရှိများအနေဖြင့် အခြေခံအဆောက်အအုံနှင့် တိုက်ရိုက်အပြန်အလှန်ဆောင်ရွက်ရန်နှင့် မြို့တော်တွင်းဖြစ်ရပ်များကို လေ့လာစောင့်ကြည့်နိုင်သည်။
အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်၊ စင်္ကာပူ၊ နယ်သာလန်နှင့် အခြားနိုင်ငံတကာကျွမ်းကျင်သူများ၏ အကူအညီဖြင့် MCDC သည် မန္တလေးတွင် လမ်းများပြုပြင်သည့်နည်းလမ်း၊ ယာဉ်ကြောစီမံသည့်နည်းလမ်း၊ လမ်းတံတား အသုံးပြုခကောက်ခံသည့်နည်းလမ်း၊ လမ်းများကို သန့်ရှင်းသည့်နည်းလမ်းနှင့် ရေခွန်ကောက်ခံသည့်နည်းလမ်းများကို IoT နည်းပညာကို အသုံးပြုပြီးပြောင်းလဲလိုက်သည်။
ဥပမာအားဖြင့် မန္တလေးရှိ မီးပွိုင့်များသည် စင်္ကာပူတွင်ကဲ့သို့ပင် ယာဉ်ကြောပိတ်ဆို့မှု အဆင့်အပေါ် အခြေခံပြီး အလိုအလျှောက် ချိန်ညှိနိုင်ကြသည်။ တိုးဂိတ်များတွင် အလိုအလျောက် ငွေပေးချေစနစ်ကို အသုံးပြုပြီး ယခင်က အရိုးဆွဲနေသော ငွေစာရင်းကွာဟမှု ခြစားမှုများကို တိုက်ဖျက်ပစ်လိုက်သည်။
အာရုံခံကိရိယာများက ရေပိုက်လိုင်းများနှင့် ရေမီတာများကို အချိန်နှင့်တပြေးညီ မျက်ခြေမပြတ် လေ့လာပြီး ရေပိုက်လိုင်း ယိုစိမ့်မှုများကို စောင့်ကြည့် ထောက်လှမ်းနိုင်သည်။ ထို့အပြင် ဝန်ထမ်းများ၏ စမတ်ဖုန်းများရှိ အပလီကေးရှင်းများမှတဆင့် အဝေးမှ ဖတ်ရှုနိုင်သောမီတာများကို မန္တလေးတွင် စတင်တပ်ဆင်နေပြီဖြစ်သည်။ ထိုနည်းပညာကို စင်္ကာပူနိုင်ငံတွင် အင်ဂျင်နီယာအဖြစ် ၁၃ နှစ်လုပ်ကိုင်ခဲ့ပြီး ယခုအခါ မန္တလေးမြို့တော် ရေနှင့်သန့်ရှင်းရေးဌာနကို စီမံနေသည့် ဒေါ်မြင့်မြင့်သန်းက မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
မန္တလေး ရေနုတ်မြောင်းစနစ်ကို ပိတ်ဆို့စေပြီး မိုးရာသီရေလွှမ်းမိုးမှုကို ပိုမိုဆိုးရွားစေသည့် အမှိုက်ပုံများကို ကိုင်တွယ်ဖြေရှင်းရန်လည်း ကြိုးစားနေသည်။

ထိုသို့လုပ်ဆောင်နိုင်ရန် MCDC အမှိုက်သိမ်းသည့်စနစ်ကို အကျယ်ပြန့်ဆုံး တိုးချဲ့ရန်နှင့် R သုံးလုံးဟုခေါ်သည့် လျှော့ချ၊ ပြန်သုံး၊ ပြန်လည်ပြုပြင်သုံးသည့်စနစ်ကို ကျင့်သုံးကာ ခွဲခြားထားသော အမှိုက်အမျိုးအစားအလိုက် အမှိုက်ပုံးများအသုံးပြုခြင်းနှင့် ထိုအမှိုက်ပုံးများ အသုံးပြုပုံကို ကျောင်းများတွင် ပညာပေးခြင်းတို့ကို လုပ်ဆောင်နေသည်။
MCDC ပြန်လည်ပြုပြင်အသုံးချရေးလှုပ်ရှားမှုကို ဦးဆောင်ရန်နှင့် တရားမဝင်သောနေရာများတွင် အမှိုက်ပစ်ခြင်းကို လျှော့ချရန် သန့်ရှင်းရေးလှုပ်ရှားမှုအတွက် သတ်မှတ်ထားသော ရပ်ရွာများတွင် စေတနာ့ဝန်ထမ်းများကို စည်းရုံးထားသည်။
မြို့တော်ဝန်ကိုယ်တိုင် ဒေသခံများ၊ တက်ကြွလှုပ်ရှားသူများနှင့်အတူ တနင်္ဂနွေနေ့တိုင်း အများပြည်သူနှင့်ဆိုင်သောနေရာများတွင် အမှိုက်ကောက်သည်။ တရားမဝင် အမှိုက်စွန့်ပစ်ခြင်းအတွက် ဒဏ်ကြေးမှာ လူပုဂ္ဂိုလ်များအတွက် ကျပ် ၅ သောင်းဖြစ်ပြီး စက်ရုံများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များအတွက် ကျပ် ၂ သိန်းဖြစ်သည်။ သတင်းပေးတိုင်ကြားသူများသည် ဒဏ်ငွေ၏ ထက်ဝက်ကို ဆုကြေးအဖြစ် ရရှိသည်။
MCDC သည် မြို့တော်ရှိ အမှိုက်ကားများတွင် လမ်းတို့၏ လမ်းကြောင်းကို စောင့်ကြည်ရန်နှင့် လမ်းကြောင်းသွေဖီလျှင် ထိန်းချုပ်ခန်းသို့ သတိပေးသည့် GPS ခြေရာခံကိရိယာများ တပ်ဆင်ထားသည်။
“လတ်တလောမြို့ရဲ့ အမှိုက်သိမ်းစနစ်ကို နိုင်နိုင်နင်းနင်း စီမံနိုင်သေးတယ်။ ဒါပေမယ့် လူဦးရေ ရုတ်တရက် တိုးတက်လာရင်တော့ အမှိုက်ပစ်တဲ့နေရာတွေကို ဘယ်လိုစီမံမလဲဆိုတာ စဉ်းစားဖို့ လိုတယ်” ဟု MCDC ကော်မတီဝင် ဦးသစ်ဆင်းက ပြောသည်။
မြို့တော်စည်ပင်သာယာရေးကော်မတီသည် သန့်ရှင်းမှု၊ တကိုယ်ရည်ကျန်းမာရေးနှင့် ရောင်းချသည့် အစားအသောက်များတွင် ဓါတုပစ္စည်းကင်းစင်ရေးတို့ကို အာရုံစိုက်ကာ စင်္ကာပူနိုင်ငံ၏ ကုန်စိမ်းဈေးများ စီမံသည့်စနစ်ကို မန္တလေးနှင့် ကိုက်ညီအောင် ကျင့်သုံးနေသည်။ မန္တလေးမြို့တော်သည် အစားအစာနှင့်ဆေးဝါး စီမံခန့်ခွဲမှုဌာနနှင့် ပူးပေါင်းပြီး ခွင့်ပြုချက်မရသော်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် အစားအစာဆိုးဆေးများကို တိုက်ဖျက်ရန်နှင့် ရောင်းချနေသောအစားအသောက်များ၏ မူရင်းနေရာများကိုပင် ထောက်လှမ်းပြီး စစ်ဆေးအရေးယူရန် လုပ်ဆောင်နေသည်။

“ပထမတကြိမ်မှာ သူတို့ကို သတိပေးတယ်။ ဒုတိယအကြိမ်မှာ ဒဏ်ငွေတွေ အများကြီးဆောင်ရတယ်။ တတိယတကြိမ်ဆိုရင်တော့ ဆိုင်ကို ကာလတခုအထိ ပိတ်လိုက်တယ်” ဟု ဦးကျော်စံမြင့်ပြောသည်။
ထိုသို့စောင့်ကြည့်ပြီး ၆ လကြာသောအခါ မြို့၏အကြီးဆုံးဖြစ်သော ဈေးချိုသည် ခွင့်ပြုချက်မဲ့ ဆိုးဆေးကင်းလွတ်ဈေးအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။
လူမှုကွန်ရက်မီဒီယာ သုံးစွဲမှု များပြားလာသည်ကိုလည်း အခွင့်ကောင်းယူပြီး MCDC သည် Viber ၊ Facebook ၊ Messenger နှင့် WhatsApp တို့မှတဆင့်လည်း မြို့တော်အလုပ်သမားများထံမှ အချက်အလက်များကောက်ယူသည်။
MCDC ဌာနတခုစီတွင် သီးခြား Viber အုပ်စု တခုစီ ထားရှိသည်။ တာဝန်ကျအဖွဲ့ဝင်များသည် နေ့ရောညပါ နောက်ဆုံးအခြေအနေများကို တင်ပြကြရသည်။ ဥပမာ လမ်းမီးများအတွက် တာဝန်ရှိသောသူများသည် မီးလင်း မလင်း ညစဉ်စစ်ဆေးရပြီး ဓါတ်ပုံများကို အုပ်စုတွင် မျှဝေရသည်။
“ဝန်ထမ်းတွေနဲ့ အဲဒီလို ထိတွေ့ဆက်ဆံနိုင်အောင် လုပ်ထားရတယ်။ ကျနော်တို့ ကိုယ်တိုင်သွား မကြည့်နိုင်တဲ့အခါ အဲဒီလိုလုပ်ရတာ အဆင်ပြေတယ်။ အခြေအနေမှန်ကို ဓါတ်ပုံတွေ၊ တက်စ်မတ်ဆေ့ချ်တွေနဲ့ စစ်ဆေးနိုင်တယ်” ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။
MCDC သည် ညစ်ညမ်းမှုလျှော့ချရေးအတွက် ယာဉ်ကြော၊ အမှိုက်၊ ရေစီမံခန့်ခွဲမှုနှင့် လေအရည်အသွေးတို့နှင့် ပတ်သက်သော အချက်အလက်များကိုလည်း ကောက်ယူနေသည်။ မြို့နယ်အနည်းငယ်တွင် အလိုအလျှောက် ငွေကောက်ခံသောစနစ်ကို သုံးပြီ းစမတ်ကားပါကင် စနစ်ကို လုပ်ဆောင်နေသည်။
၂၀၄၀ အတွက် ရည်မှန်း
ဧရာဝတီမြစ်ရိုးတလျှောက်နှင့် လှုပ်ရှားနေသော ပြတ်ရွေ့ကြောတခုအနီးတွင် တည်ရှိသောကြောင့် မန္တလေးသည် ရေလွှမ်းမိုးမှုနှင့် ငလျှင်အန္တရာယ် ကျရောက်ခံရနိုင်ခြေ အမြဲရှိနေသောမြို့ဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်း ၂၀ အတွင်း တရုတ်နိုင်ငံမှ ရွှေ့ပြောင်းဝင်ရောက်လာသူ များပြားသောကြောင့် အထက်မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အခြာဖြစ်သော မန္တလေး၏ ယာဉ်ကြောစနစ်ကို ပိုမိုဆိုးရွားစေသည့်အပြင် အဆောက်အအုံများ ပိုမိုများလာသည်။
မန္တလေးမှာ မော်တော်ယာဉ်အရေအတွက် အလျှင်အမြန် တိုးတက်နေတယ်။ လွန်ခဲ့တဲ့ ၈ နှစ်အတွင်းမှာ မော်တော်ယာဉ် အရေအတွက် ၅ ဆ တိုးလာတယ်။ ကားတွေတိုးလာပေမယ့် ကျနော်တို့က လမ်းကို မချဲ့နိုင်တော့ဘူး။ ဒါနဲ့ပတ်သက်ပြ ေးသေနင်္ဂဗျူဟာကျတဲ့ ဖြေရှင်းမှု လိုတယ်” ဟု MCDC ၏ စမတ်စီးတီးအရာရှိ ဦးရဲမြတ်သူက ပြောသည်။
ထိုပြဿနာကိုဖြေရှင်းရန် MCDC သည် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့နှင့် ၂၀၄၀ ခုနှစ်အထိ မျှော်မှန်းထားသော မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို ပူးပေါင်းလုပ်ဆောင်နေသည်။ ထိုစီမံကိန်းသည် ရေလွှမ်းမိုးမှု အန္တရာယ်ကို လျှော့ချပြီး မြို့တော်၏ အမှိုက်၊ ရေနှင့် ရေဆိုးစနစ်များကို အဆင့်မြင့်နည်းပညာဖြေရှင်းမှုများဖြင့် စီမံရန် လုပ်ကိုင်နေသည်။
စီမံကိန်းမူကြမ်းတွင် မြို့၏တောင်ဖက်စွန်း၌ သတ်မှတ်စီးပွားရေးနှင့် စက်မှုဇုန်များ တည်ဆောက်ရေး၊ အရှေ့ဖက်တွင်မြို့သစ်တခု တည်ဆောက်ရေး၊ သယ်ယူပို့ဆောင်ရေး အချက်အခြာနေရာ တည်ဆောက်ခြင်း၊ လက်ရှိစီးပွားရေးအချက်အခြာရပ်ကွက်နှင့် ကမ္ဘာလှည့်ခရီးသည်နေရာများ ပြန်လည်တည်ဆောက်ခြင်း၊ ခေတ်မီအိမ်ရာမျာ းတည်ဆောက်ခြင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး မဟာစီမံချက် ရေးဆွဲခြင်း၊ ဆိပ်ကမ်းများ၊လေဆိပ်များ၊ အဝေးပြေးလမ်းမကြီးများ၊ မဟာဓါတ်အားလိုင်းများ၊သုံးရေ၊ ရေဆိုးနှင့် အမှိုက်သိမ်းစနစ်မျာ းအဆင့်မြှင့်တင်ခြင်းတို့ ပါဝင်သည်။
ဝန်ထမ်းများသည် ပြည်သူလူထုနှင့် ပတ်သက်သော အချက်အလက်များ ကောက်ယူနေကြောင်းနှင့် ရေဆိုးပြုပြင်စက်ရုံတရုံကို တည်ဆောက်လျက်ရှိကြောင်း ဦးရဲမြတ်သူပြောသည်။ ဂျပန်နိုင်ငံသည် ရေလွှမ်းမိုးမှုလျှော့ချရန် ရေဆိုးထုတ်စနစ်မဟာစီမံချက်တခုကို စတင်လုပ်ဆောင်နေကြောင်းလည်း ပြောသည်။
ခုခံမှုနှင့် ရင်ဆိုင်ရခြင်း
အပြောင်းအလဲများကို လုပ်ဆောင်နေသော မန္တလေးမြို့တော်စည်ပင်သည် ကျွမ်းကျင်ဝန်ထမ်း မလုံလောက်ဘူး၊ ဌာနတွင်း အပြောင်းအလဲကို တွန့်ဆုတ်သော ဝန်ထမ်းများရှိခြင်းစသော ပြသာနာများကို ရင်ဆိုင်နေရသည်။
“ကျနော်တို့မှာ နည်းပညာကျွမ်းကျင်သူ လုံလုံလောက်လောက် မရှိဘူး။ ကျွမ်းကျင်သူရှာရရင်တောင်မှ အစိုးရရဲ့လုပ်ထုံးလုပ်နည်းအရ သူတို့ကို လစာတွေ အများကြီးမပေးနိုင်ဘူး။ ဒါကြောင့် ကျွမ်းကျင်သူ ရှာရခက်တယ်” ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။
လူသားရင်းမြစ် မလုံလောက်မှုကို ဖြေရှင်းရန် MCDC သည် ကွန်ပျူတာသိပ္ပံနှင့် အင်ဂျင်နီယာဘွဲ့ရများကို အလုပ်ခေါ်နေပြီး မြို့တော်ဝန်က သူ၏ပုဂ္ဂလိကဖေ့စ်ဘွတ်စာမျက်နှာမှပင် ဖိတ်ကြားမှုပြုလုပ်ခဲ့သည်။
MCDC ကို ဖွဲ့စည်းပြီးနောက်ပိုင်းတွင် အဆင့်မြင့်အရာရှိများအပါအဝင် ဝန်ထမ်း ၂၀ ဦးကို အလုပ်မှထုတ်ပယ်လိုက်ခဲ့ရပြီး အများစုမှာ မသမာမှုများ ပြုလုပ်မှုကြောင့်ဖြစ်ပြီး အချို့အရာရှိများမှာ ဆောက်လုပ်ရေးခွင့်ပြုချက်ပေးရန် လာဘ်ယူသည်ကို တွေ့ရှိသောကြောင့် ဖြစ်သည်။
“အပြောင်းအလဲကို ခုခံမှုဆိုတာ အမြဲတန်းရှိတယ်။ တခါတခါကျရင် ကျနော်တို့ဝန်ထမ်းတွေထဲမှာကို ရှိတယ်” ဟု ဦးရဲမြတ်သူက ပြောသည်။
အမှိုက်ကားများတွင် ခြေရာခံ ကိရိယာများ တပ်ဆင်ပြီးနောက် အချို့သောဝန်ထမ်းများက ထိုကိရိယာများ အလုပ်မလုပ်နိုင်စေရန် ရေလောင်းထည့်ခဲ့ကြသည်။

“ကျနော်တို့ လူတွေက နောက်ခံအမျိုးမျိုးက လာကြတာ။ တချို့က စစ်တပ်ကလာတာ။ တခါတခါ သူတို့နဲ့ အကျိုးအကြောင်း ရှင်းပြရတာ တော်တော်ခက်တယ်။ တချို့က အပြောင်းအလဲကို လိုက်လုပ်ပေမယ့် တချို့ကျတော့လည်း အပြောင်းအလဲကို ခုခံကြတယ်။ ဒါပေမယ့် ဒီပြဿနာတွေကို ကိုင်တွယ်ဖို့ ကျနော်တို့ကြိုးစားနေပါတယ်” ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။
MCDC ၏ စီမံကိန်းအချို့ကို အချို့သောလွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းထုတ်ပြီး အဆင့်မြင့်နည်းပညာဆော့ဖ်ဝဲလ်များနှင့် ကိရိယာများအတွက် ငွေအမြောက်အမြား သုံးစွဲသောကြောင့် ဝေဖန်ကြသည်။ ဒဏ်ငွေတိုးမြှင့်မည့် အဆိုပြုချက်တခုကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပုံရိပ်ထိခိုက်မည်ဟု ဆိုကာ ပယ်ချခဲ့ကြသည်။
ပြည်သူလူထု တုံ့ပြန်မှု
စမတ်စီးတီး စီမံကိန်းများအနက် အချို့သည် မန္တလေး၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိခိုက်စေပြီး သမိုင်းဝင်အဆောက်အအုံများ ပျက်စီးမည်ကို အချို့ပြည်သူများက စိုးရိမ်ကြသည်။
“စမတ်စီးတီးသစ်ဟာ အရင်က မန္တလေးရဲ့ပုံရိပ်ကိုလည်း ထင်ဟပ်စေချင်တယ်” ဟု မြို့ခံ စာရေးဆရာ ဆူးငှက်က ပြောသည်။ မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပတ်သက်သော ကျွမ်းကျင်သူ ပါဝင်ခြင်းမရှိကြောင်းလည်း သူပြောသည်။
မန္တလေးနန်းတော်ကို ဝန်းရံထားသည့် ကျုံးတလျှောက်ရှိ သံတန်းများကို စတီးတန်းများဖြင့် အစားထိုးရန် ကော်မတီ၏ မကြာသေးမီက ဆုံးဖြတ်ချက်ကို ပြည်သူများက ဝေဖန်ကြသည်။ ထိုစတီးတန်းများသည် သမိုင်းဝင်ပတ်ဝန်းကျင်နှင့် လိုက်ဖက်ခြင်းမရှိဟု ဆိုကြသည်။
“မြို့တော်အတွက် သူတို့လုပ်ပေးတာ အားလုံးကို ကျနော်တို့ အမှန်တကယ်ပဲ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် အဲဒီဆုံးဖြတ်ချက်ကတော့ လူထုဆန္ဒနဲ့ဆန့်ကျင်နေတယ်” ဟု ဆူးငှက်က ပြောသည်။
မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အားထုတ်မှုများကို အသိအမှတ်ပြုကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်များက ပြောသော်လည်း အများပြည်သူထံမှ အကြံဉာဏ် ပိုမိုယူသင့်ကြောင်းပြောသည်။ မန္တလေးမြို့စွန်နေရာများတွင် မီးပွိုင့်များ၊ ပုံမှန်အမှိုက်သိမ်းစနစ်များ မရှိကြောင်းနှင့် ကျူးကျော်များသည် ပြဿနာတခုအဖြစ်ရှိနေဆဲဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။
“ကော်မတီက ရေနုတ်မြောင်းစနစ်အကြောင်း မစဉ်းစားဘဲ ကတ္တရာလမ်းခင်းနေတယ်လို့ ကျနော် ထင်တယ်” ဟု ဝါရင့်မြို့ပြစီမံကိန်းရေးဆွဲသူ ဦးစောသီဟက ပြောသည်။
“စမတ်စီးတီးစိတ်ကူးက အရမ်းကောင်းတဲ့စိတ်ကူးပါ။ ဒါပေမယ့် အခြေခံအဆောက်အအုံပိုင်းတွေ အထူးသဖြင့် နိုင်လွန်ကတ္တရာလမ်းခင်းတာကို ရေရှည်မြို့ပြစီမံကိန်းအမြင်နဲ့ လုပ်သင့်တယ်” ဟု သူပြောသည်။
အချို့သောဒေသခံများသည် မြို့တော်ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး ကျေနပ်မှုမရှိကြောင်း ဦးလှမိုးက ပြောသည်။
“လိုအပ်ချက်က များတယ်။ ပြည်သူတွေတောင်းဆိုတာ အားလုံးကို သူတို့မဖြည့်ဆည်းပေးနိုင်ဘူး” ဟု သူပြောသည်။
MCDC သည် စံချိန်မီအွန်လိုင်း မန္တလေးမြေပုံတခုကို ရေးဆွဲနေသည်။ လမ်းအမှတ်အသားများကိုလည်း နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်ရန် ပြင်ဆင်နေပြီး ဒေသခံများအနေဖြင့် အခွန်အကောက် အများအပြားကို အစိုးရရုံးများသို့ မသွားဘဲနီးစပ်ရာဘဏ်တွင် သွင်းနိုင်သောစနစ်တခုကိုလည်း စီစဉ်နေသည်။
မည်သည့်အချိန်တွင် မန္တလေးသည် ပြည့်စုံသော စမတ်စီးတီးအဆင့်ရောက်မည်ကို မခန့်မှန်းနိုင်သော်လည်း ကော်မတီသည် သက်တမ်းအတွင်းမှာ စမတ်စီးတီးနဲ့ပတ်သတ်သော အခြေခံအဆောက်အဦး အုတ်မြစ်ဖြစ်သောလုပ်ငန်းများပြီးစီးအောင်လုပ်ရန် ဆုံးဖြတ်ထားကြောင် းဦးရဲမြတ်သူက ပြောသည်။
“ကျနော်တို့တွေ စမတ်စီးတီး အိပ်မက်မက်ကြတယ်။ အလုပ်ကြိုးစားဖို့နဲ့ ဆုံးဖြတ်ချက်ပြတ်သားဖို့ လိုတယ်။ အရေးကြီးတဲ့အချက်ကတော့ ကော်မတီမှာ ထိထိရောက်ရောက် လုပ်နိုုင်လောက်အောင် လူမှန်နေရာမှန် ရှိနေတယ်။ ခေါင်းဆောင်ကိုယ်တိုင်က အလုပ်ကြိုးစားတဲ့အတွက် အားလုံးက နောက်ကလိုက်ပြီး ကြိုးစားကြတယ်”ဟု ဦးကျော်ဆန်းမြင့်က ဆိုသည်။
(Mandalay Chases Dream of Becoming Myanmar’s First Smart City ကို ဆီလျော်အောင် ဘာသာပြန်သည်။)