ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်ခေတ်လွန် နိုင်ငံရေး နိုးကြားသူ လူငယ်များ

Want create site? Find Free WordPress Themes and plugins.

မြန်မာလူငယ် တက်ကြွလှုပ်ရှားသူနှင့် ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ မသဉ္ဇာ ရွှန်းလဲ့ရည်သည် ဒေါ်အောင်ဆန်းစုကြည်ကို အလေးစားဆုံး ပရိသတ် တဦးဟု သူ့ကိုယ်သူ သတ်မှတ်ခဲ့ဖူးသည်။ ယခုအခါ သူသည် ဒေါ်အောင်ဆန်းစုကြည်ကို အပြင်းထန်ဆုံး ဝေဖန်သူများအနက် တဦးဖြစ်နေသည်။

အသက် ၂၇ နှစ်ရှိပြီဖြစ်သော မသဉ္ဇာရွှန်းလဲ့ရည်သည် ထင်ရှားသော တက်ကြွလှုပ်ရှားသူ အနည်းငယ် အနက် တဦးဖြစ်သည်။ ၎င်းတို့ အများအပြားသည် ဒေါ်အောင်ဆန်းစုကြည်ကို အမာခံ ထောက်ခံသူများ ဖြစ်ခဲ့ဖူးသော်လည်း ယခုအခါ လွန်ခဲ့သော သုံးနှစ်က လွန်စွာမြင့်မားသော မျှော်လင့်ချက်ဖြင့် ၎င်းတို့ကိုယ်တိုင် မဲပေးတင်မြှောက်ခဲ့သော အစိုးရအပေါ် တစထက် တစ စိတ်ပျက်နေကြပြီဖြစ်သည်။

“ကျမ လေးစားကြည်ညိုရသူကို ဆုံးရှုံးလိုက်ရတယ်။ စိတ်ရှုပ်တယ်၊ စိတ်ပျက်တယ်။ လမ်းပျောက်သွားတယ်” ဟု မြန်မာ သတင်းမီဒီယာတခုတွင် “Under 30 ၃၀ အောက်” အမည်ရှိ ရုပ်သံစကားဝိုင်းကို တင်ဆက်သူ မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။

“တက်ကြွလှုပ်ရှားသူတွေနဲ့ လူငယ်တွေက အခုတော့ ဘာဖြစ်မလဲ၊ ဘာဖြစ်မလဲ၊ ငါတို့ဘာလုပ်ရမလဲ ဆိုပြီး စဉ်းစားနေကြပြီ” ဟု သူက ဆက်ပြောသည်။

ထိုသို့သော အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်သည် သူ့လမ်းသူလျှောက်နေပြီး မည်သူမျှ စွပ်ဖက်မရ ဖြစ်နေသည်။ လူမှုအခြေပြု အဖွဲ့အစည်းများ၏ ပြောစကားကို နားမထောင်ဟုလည်း မသဉ္ဇာရွှန်းလဲ့ရည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သာမန် မြန်မာပြည်သူများအကြားတွင် လေးစားကြည်ညိုမှုကို လှုံ့ဆော်နိုင်ဆဲ ဖြစ်သော်လည်း ရိုဟင်ဂျာခေါ် မွတ်စလင်များ အပါအဝင် လူမျိုးစုပြဿနာကို ကိုင်တွယ်ပုံ၊ သတင်းမီဒီယာနှင့် လူမှုအခြေပြု အဖွဲ့အစည်းများအပေါ် ထိန်းချုပ်မှု စသည်တို့ကြောင့် ၎င်းနှင့် သဘောထား ကွဲလွဲသော လူငယ် လှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အစိုးရအတွက် စိန်ခေါ်မှုအသစ် ဖြစ်လာသည်။

ဆယ်စုနှစ်များစွာသော စစ်အုပ်ချုပ်ရေးအပြီး ပေါ်ပေါက်လာသော မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၏ အနာဂတ်သည် မရေမရာ ဖြစ်နေသေးသည်။

၂၀၂၀ ပြည့်နှစ်တွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ နီးလာသည်နှင့် အမျှ ဆယ်စုနှစ်များစွာအတွင်း မြန်မာနိုင်ငံ၏ ပထမဆုံး အရပ်သားအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တခါက ဝိုင်းရံခဲ့သော တက်ကြွလှုပ်ရှားသူများနှင့် ပိုမို သွေးကွဲလာခြင်းနှင့် ရင်ဆိုင်လာရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ပညာ သင်တန်းများအတွက် ခွင့်ပြုငွေကို တိုးမြှင့်ပြီး လူငယ်များကို စည်းရုံးရန် ကြိုးစားနေသည်ဟု ပါတီပြောခွင့်ရသူ ဦးမျိုးညွန့်က ပြောသည်။

“လူငယ်တွေနဲ့ ပြည်သူတွေက ကျနော်တို့ အစိုးရဆီက အရမ်းကို မျှော်လင့်နေကြတာ။ သူတို့မျှော်မှန်းထားတာကို ကျနော်တို့ မဖြည့်ဆည်းနိုင်တာကို ဝန်ခံရမယ်။ ဒါပေမယ့် ကျနော်တို့ အကောင်းဆုံးဖြစ်အောင် လုပ်နေပါတယ်” ဟုလည်း သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ရှေ့ဆက်ရန်နှင့် သက်ဆိုးရှည်နေသော ပြည်တွင်းစစ်ကို အဆုံးသတ်ရန် ကတိများဖြင့် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီးနောက် ၂၀၁၆ ခုနှစ်တွင် အာဏာရလာခဲ့သည်။

ထို့နောက်တွင်မူ သူ၏ အစိုးရသည် တပ်မတော်က ရိုဟင်ဂျာများကို ဖြိုခွဲမှုအား အစိုးရကတုန့်ပြန်ပုံကြောင့် ဖိအားပေး ခံလာရသည်။ တပ်မတော်၏ လုပ်ရပ်သည် လူမျိုးတုံး သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် လူမျိုးစု သုတ်သင်ခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂက စွပ်စွဲထားသည်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တုံ့ဆိုင်းနေခြင်းနှင့် စီးပွားရေး ရှေ့မရောက်ခြင်းများကြောင့်လည်း ဖိအားပေးခံနေရသည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်

မသဉ္ဇာ ရွှန်းလဲ့ရည်သည် ဒေါ်အောင်ဆန်းစုကြည်ကို အလေးစားဆုံး ပရိသတ် တဦးဟု သူ့ကိုယ်သူ သတ်မှတ်ခဲ့ဖူးသည်/Reuters

အရပ်သား အစိုးရသည် သဘောထားကွဲလွဲမှုများကို တားဆီးပိတ်ပင်သည့် ကိုလိုနီခေတ်ဥပဒေများကို ဖျက်သိမ်းရန် လွှတ်တော်တွင် ရရှိထားသည့် လူများစု အနေအထားကို အသုံးမပြုဘဲ လူမှုအခြေပြု အဖွဲ့အစည်းများကို ကန့်သတ်ကာ အာဏာရှင်ပိုမိုဆန်လာသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။

တက်ကြွ လှုပ်ရှားသူများသည် မကြာသေးမီလများအတွင်း မေလက စီးပွားရေးမြို့တော် ရန်ကုန်တွင် ရုန်းရင်း ဆန်ခတ် ဖြစ်ရသည့် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ အပါအဝင် ဆန္ဒပြပွဲ အများအပြား ပြုလုပ်ခဲ့ကြသည်။

မသဉ္ဇာရွှန်းလဲ့ရည် အပါအဝင် စုစုပေါင်း ၁၇ ဦးမှာ ညဘက်တွင် တရားမဝင် စီတန်းလှည့်လည်သောကြောင့် တရားစွဲခံရပြီး ၎င်းတို့၏ အမှုကို ဆက်လက် စစ်ဆေးနေဆဲဖြစ်သည်။

“အရေးပါတဲ့ ကိစ္စတွေကို ကန့်ကွက်ရင် တားမြစ်ခံရတယ်။ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ယူသုံးထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားရမယ်” ဟု မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။

အသံ အမည်ရှိ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အဖွဲ့အစည်း၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည် အာဏာရပြီး နောက်တွင် သတင်းသမား ၄၄ ဦးနှင့် တက်ကြွလှုပ်ရှားသူ ၁၄၂ ဦးတို့သည် တရားစွဲဆိုမှုများနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

ထိုသို့ တရားစွဲဆိုခံရသူများတွင် အသံ အဖွဲ့ကို တည်ထောင်သူ ကဗျာဆရာ မောင်ဆောင်းခလည်း ပါဝင်သည်။ သူသည် မေလက မသဉ္ဇာရွှန်းလဲ့ရည်နှင့် တရားစွဲဆိုခံရသူများအနက် တဦးဖြစ်သည်။ နောက်လေးလ ကြာသောအခါ ၎င်းတို့သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ထပ်မံ ဆန္ဒပြကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အဖွဲ့ဝင်ဖြစ်နေသေးသော မောင်ဆောင်းခသည် လူထုရှေ့တွင် သူ၏ ပါတီမှ လွှတ်တော်အမတ်များ အစဉ်အလာအားဖြင့် ဝတ်ဆင်လေ့ရှိသော ပင်နီအင်္ကျီ အပေါ်တွင် စစ်စိမ်းရောင် ဂျာကင်ကို အုပ်ထားသည်။ နိုင်ငံပိုင် ကြေးမုံသတင်းစာကို ကိုင်ပြီး အနီးရှိ သတင်းသမားများကို လိုက်လံရိုက်သည်။

“အစိုးရက ပြည်သူ့ အခွင့်အရေးကို ကာကွယ်ဖို့ အာဏာကို မသုံးဘူး” သူက ပြောသည်။

အစိုးရသည် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းနှင့် ထိုအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို တခုခြင်း စိစစ် ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးမျိုးညွန့်က ဆိုသည်။

“လုံခြုံရေးကိစ္စနဲ့ မပတ်သက်ရင်၊ တိုင်းရင်းသား သွေးကွဲမှုနဲ့ မပတ်သက်ရင် ကျနော်တို့ သူတို့ကိုလက်ခံတယ်။ ကျနော်တို့က ဒီမိုကရေစီကို သွားနေတာ ဆိုတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုတယ်။ ဒါပေမယ့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ မဟုတ်ဘဲ အထောက်အပံ့ခံ အဖွဲ့တွေဖြစ်နေမှာ စိုးတယ်” ဟု သူက ဆက်ပြောသည်။

ရိုဟင်ဂျာကို အသိအမှတ်ပြု

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အဖွဲ့ဝင်ဖြစ်သော်လည်း မောင်ဆောင်းခသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတတ်သည်/Reuters

ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ကို မထိန်းချုပ်နိုင်သော်လည်း ရိုဟင်ဂျာများကို အကာအကွယ်ပေးရန် ပျက်ကွက်သောကြောင့် နိုင်ငံတကာ၏ ပြစ်တင် ဝေဖန်မှုများ ခံနေရသည်။ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် အနောက်ပိုင်းမှ စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာ ၇ သိန်း ၃ သောင်းကျော် ထွက်ပြေးရကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ အဆိုအရသိရသည်။

ထိုစစ်ဆင်ရေးများမှာ အကြမ်းဖက်သမားများက လုံခြုံရေး တပ်စခန်းများကို တိုက်ခိုက်သောကြောင့် တုံ့ပြန်သော စစ်ဆင်ရေးများ ဖြစ်သည်ဟု မြန်မာအစိုးရက ပြောသည်။

မြန်မာနိုင်ငံက လုံခြုံရေးတပ်များကို စွပ်စွဲသည့် အချက် အားလုံးနီးပါးကို ပယ်ချပြီး တပ်မတော်သည် အကြမ်းဖက် သမားများကို တရားဝင် စစ်ဆင်ခြင်း ဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာအများစုသည် ရိုဟင်ဂျာများကို မနှစ်မြို့ဘဲ ဝေဖန်ကြသော်လည်း ငယ်ရွယ်သော တက်ကြွ လှုပ်ရှားသူများကမူ ရှားရှားပါးပါး ကရုဏာ သက်သော အမြင်ကို ဖော်ပြကြသည်။

“ကျနော်တို့က ရိုဟင်ဂျာကို အသိအမှတ်ပြုတယ်။ သူတို့ကို ဘင်္ဂါလီလို့ ခေါ်တာကို ကျနော်တို့ လုံးဝ ရှုတ်ချတယ်” ဟု မောင်ဆောင်းခက ပြောသည်။

ဘင်္ဂါလီဟု ခေါ်သောကြောင့် ရိုဟင်ဂျာတို့သည် မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာစွာ နေထိုင်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် လာရောက် အခြေချသူများဟု အဓိပ္ပာယ် သက်ရောက်သည်။

“ဖြစ်ပျက်ခဲ့တာတွေအတွက် ဝန်ခံတာ၊ အပြစ်ပေးတာ ဘာမှမတွေ့ရ သေးဘူး။ သူတို့ကို လူလို့အသိအမှတ်မပြုရင်၊ သူတို့ကို သတ်တာဟာ ရာဇဝတ်မှု မမြောက်ဘူးလို့ ထင်နေရင် ဒုက္ခသည်တွေ ဘယ်တော့မှ ပြန်လာမှာမဟုတ်ဘူး” ဟုလည်း သူက ဆိုသည်။

ဥပဒေနှင့်မညီသော ဆန္ဒပြပွဲအတွက် တရားစွဲခံထားရသော မခင်စန္ဒာသည် ၂၀၁၅ ရွေးကောက်ပွဲများ မတိုင်မီက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် လပေါင်းများစွာ မဲဆွယ်ခဲ့သူ ဖြစ်သော်လည်း ရခိုင်အကျပ်အတည်းကို ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အယုံအကြည် ကင်းမဲ့လာနေသည်။

၎င်း၏ မိသားစုသည် ၂၀၁၂ ခုနှစ်ကဖြစ်ပွားသော အသိုင်းအဝန်းများအကြား ပဋိပက္ခကြောင့် ထိခိုက်နစ်နာရသည်။ ထိုစဉ်က ရိုဟင်ဂျာများသာမက ကမန်မွတ်စလင် တိုင်းရင်းသားများသည်လည်း ၎င်းတို့နေအိမ်များမှ ထွက်ပြေးခဲ့ကြရသည်။

ကမန်တို့သည် ခွဲခြားဆက်ဆံမှုကို ခံရသော်လည်း နိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံကြရသည်။ ၎င်းတို့သည် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ပြင်ရှိ လူကျပ်နေသော နေရပ်စွန့်ခွာ စခန်းများတွင် နေကြရပြီး လှုပ်ရှား သွားလာမှု အကြီးအကျယ် ကန့်သတ်ခံရသည်။

လွန်ခဲ့သောနှစ်က အကြမ်းဖက်မှုများအပြီးတွင် ပြောကြားသော မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင် နေထိုင်သူများအားလုံးသည် ကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှုများကို ခွဲခြား ဆက်ဆံခံရခြင်း မရှိဘဲ ခံစားရသည်ဟု ပြောသည်။

“ကျမရဲ့တူတွေ၊ တူမတွေက စစ်တွေက စခန်းတွေမှာ ရှိနေကြသေးတယ်။ သူတို့ ဒီလို အခွင့်အရေးတွေ မခံစားရဘူး။ ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းမှာ ဘာလို့ အဲဒီလိုပြောလဲ မသိဘူး။ ကျမ တုန်လှုပ်မိတယ်” ဟု သူက ဆိုသည်။

ထို့နောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် တဦးအတွက် သုတေသန ပြုလုပ်ပေးနေသော အလုပ်မှ နုတ်ထွက်ခဲ့သည်ဟု သူက ဆက်ပြောသည်။

လူငယ် တက်ကြွလှုပ်ရှားသူများသည် မြန်မာ့လူ့အဖွဲ့အစည်း၏ သေးငယ်သော အစိတ်အပိုင်းသာ ဖြစ်သော်လည်း ၎င်းတို့သည် အောက်ခြေ လူထုလှုပ်ရှားမှုတွင် ပိုမိုသြဇာ ရှိလာကြသည်။ ၎င်းတို့၏ ကန့်ကွက်မှုများနှင့် လူသိရှင်ကြား ဝေဖန်ပြောဆိုမှုများသည် မီဒီယာနှင့် ၎င်းတို့၏ လူမှုကွန်ရက် ပရိသတ်များ၏ အထူးအာရုံစိုက်မှု ခံလာရသည်။

အသက် ၂၀ နှင့် ၃၀ အကြား၊ ပျှမ်းမျှအသက် ၂၇ နှစ်ဝန်းကျင်သာ ရှိသေးသော ၎င်းလူငယ်တို့သည် အသက် ၆၀ ကျော် ၇၀ များပါဝင်သည့် အသက်အရွယ်ကြီးရင့်သော ခေါင်းဆောင်မှုနှင့် ပတ်သက်ပြီး ကွာဟမှုကို မီးမောင်း ထိုးပြ ကြသည်။

“မြန်မာနိုင်ငံဟာ အရမ်း ရှေးရိုးစွဲကြီးတဲ့ နိုင်ငံတခုပဲ။ လူငယ်တွေ၊ အထူးသဖြင့် ရန်ကုန်က လူငယ်တွေဟာ အခု ဒါကို စိန်ခေါ်နေကြပြီ။ အတွေးအခေါ် တော်လှန်ရေးဖြစ်ဖို့ လူများများ သိစရာမလိုဘူး။ ဒီအတွေးအခေါ်တွေ တဖြည်းဖြည်း ပျံ့နှံ့လာလိမ့်မယ်” ဟု ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်းမှ သုခမိန် ဦးမြတ်သူက ပြောသည်။

(Reuters သတင်းထောက်များ ဖြစ်သော Shoon Naing နှင့် Poppy McPherson တို့၏ Lost idol: New wave of Myanmar youth activists look beyond Aung San Suu Kyi ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading