“ရှမ်းပြည်နယ်ထဲမှာ ဆိုးလွန်းတဲ့လမ်းတွေကို အော်စကာဆုပေးမယ်ဆိုရင် ကျနော်တို့ ဒီလမ်းက ရမှာ” ဟု အသက် ၅၀ ခန့်အရွယ်ရှိ ဝါရင့်ကားဆရာကြီးက ဗွက်အိုင်ဖြစ်နေသည့် ချွိုင့်ခွက်ကြီးတခုကို ဖြတ်မောင်းရင်း ခေါင်းခန်းထဲက ခရီးသည်ကို အရွှန်းဖောက်၍ ပြောသည်။
ထိုသို့ ပြောနေရင်း ရွှံ့ဗွက်များနှင့် ချွိုင့်ခွက်ကို ဖြတ်မောင်းနေသည့် ၎င်း၏ ကားမှာ လူးခါပြီး ရမ်းနေသဖြင့် ခရီးသည် များမှာ စကောထဲ ဆီးသီးထည့် လှိမ့်သလို။ အစွန်ခုံတွင်ထိုင်နေသူ တချို့ ကားနံရံနှင့် ခေါင်းဆောင့်မိကြသည်။
ကားဆရာကြီးကတော့ အိန္ဒြေပင်မပျက် ဗွက်အိုင်ထဲတွင် အမာလမ်းကျောကို စမ်း၍ မောင်းနေသည်။ ကားနောက်ခန်းတွင် ထိုင်နေသော ကလေးတချို့မှာ ကြောက်လန့်ရမည့်အစား တဟိဟိ ရယ်နေကြသည်။ ကားလှုပ်ရမ်းခြင်းကို သဘောခွေ့နေကြပုံရသည်။
လူကြီးများမှာတော့ စိုးထိတ်၍ ဘုရားစာရွတ်သူရှိသလို အန္တရာယ်တခုခု ဖြစ်သွားမည်စိုး၍ ခြေမကို ကျစ်ကျစ်ပါအောင် ကုတ်ထားမိသဖြင့် အကြောကပ်ချင်သလိုပင် ဖြစ်သွားသည်ဟု ရွှံ့ချွိုင့်ခွက်ကို ကားမရုန်းနိုင်၍ လမ်းဆင်း လျှောက်ချိန်တွင် ခရီးသည်တဦးက ဖောက်သည်ပြန်ချသည်။
ထိုလမ်းသည် တာချီလိတ် – မိုင်းဆတ် လမ်း ဖြစ်သည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့နယ်ခွဲရှိ လှိုဏ်ဂူထဲတွင် ဝါတွင်းသုံးလပတ်လုံး တရားကျင့်ကြံ အားထုတ်ခဲ့သည့် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် ဝါဆိုလပြည့်နေ့ အောက်တိုဘာ ၂၄ ရက်နေ့တွင် ဂူက ထွက်မည်ဖြစ်သည်။
ဆရာတော် ပြန်ထွက်လာမည့် သတင်းကို ယူရန် တာချီလိတ်မြို့မှ မိုင်းဆတ်မြို့သို့ သွားရင်း ကားဆရာကြီး ပြောသော အော်စကာဆုရနိုင်သည် ဆိုသည့် လမ်းကြမ်းကို ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံပင်။
ထိုရက်က ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်းဘက်တွင် မိုးသည်းထန်စွာ ရွာခဲ့ပြီး ကတ္တရာ မခင်းနိုင်သေးသော တာချီလိတ်၊ မိုင်းဆတ်လမ်းလည်း ပျက်စီးခဲ့သည်။
ယင်းသို့ လမ်းများ ပျက်စီးနေခြင်းကြောင့် တာချီလိတ်- မိုင်းဆတ် သွားလာမည့် ကားများ ထိုရက်တွင် အထွက် နည်းသွား ကြခြင်းဖြစ်သည်။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် တာချီလိတ်ကနေ မိုင်းဆတ်ကို ၁၁ နာရီ ထွက်မည့် ရှမ်းရွှေမြေ ကားဖြင့် လိုက်ပါခွင့်ရသည်။
မိုးက သဲသဲမဲမဲ ဆက်တိုက်ရွာနေသည်။ ၁၅ ယောက်လောက်သာ စီးလို့ရသည့် ကားထဲတွင် ခရီးသည်များလည်း ပြည့်နေပြီ။ အမျိုးသမီး၊ အမျိုးသား၊ သက်ကြီးရွယ်အိုကအစ ကလေးထိ အသက် အရွယ် အစုံပါသည်။
တာချီလိတ် နှင့် မိုင်းဆတ်သည် ၆၅ မိုင်ကွာဝေးပြီး ပုံမှန်အားဖြင့် ၆ နာရီကြာ မောင်းရသည်ဟု ကားဆရာများက ဆိုသည်။ ကားဂိတ်ကနေ ၁၁ နာရီတွင် ကားထွက်ခွာသည်။
တာချီလိတ်မြို့က ထွက်ပြီး သိပ်မကြာခင် ကတ္တရာလမ်းဆုံးပြီး ကျောက်ခင်းလမ်းပေါ် ရောက်သွားသည်။ ကားဆရာက “တာချီလိတ်-မိုင်းဆတ် လမ်းကြမ်း စပါတော့မယ်ဗျာ” ဟု မောင်းနေရင်းက ပြောသည်။
ကျောက်ခင်းလမ်းက အကွေ့၊ အကောက် အဆင်းအတက်များနှင့် တောင်ပေါ်လမ်းဖြစ်သည်။ မိုးက စဲသွားပြီဖြစ်သည်။ သို့သော်လည်း သဲသဲမဲမဲ ရွာထားသည်အရှိန်ကြောင့် လမ်းပေါ်တွင် ရေစီးကြောင်းများကို တွေ့နေရသေးသည်။
ပြတင်းပေါက်မှန်များ ချလိုက်သည်နှင့်တပြိုင်တည်း လက်ဆတ်သည့် လေနုအေးက တိုးဝင်လာသည်။ လူကို လန်းဆန်းသွားစေသည်။
တောင်ခြေစောင်းတချို့တွင် စိုက်ထားသည့် တောင်ယာစပါးခင်းများကလည်း တပြေးညီ ဝင်းမှည့်နေသည်မှာ ဆေးရောင် ခြယ်ထားသည့်အလား လှပနေသည်။ မိုးတိတ်ခါစမို့ ကောင်းကင်က ရှင်းနေသည်။ တောင်တန်းတချို့၏ ထောင်ထိပ်၊ တောင်ထဋ်ဖျားများတွင် ဖွေးဥနေသည့် မိုးတိမ်များ ယစ်ဝိုင်းနေသည်မှာလည်း ဝါဂွမ်းနှင့် ညှိနေသည့် အလားပင်။
သဘာဝပန်းချီကားကြီးတချပ်လို လှပလွန်းသည့် တောင်တန်းများကို ငေးကောင်းနေစဉ်မှာပင် ကားဆရာက “ဟိုမှာ တစီးတော့ သွားပြီ” ဟုပြောရင်း ရှေ့ကို မေးငေါ့ပြသည်။ လှမ်းကြည့်လိုက်တော့ ဆယ်ဘီးကားကြီးတစီး ဗွက်ထဲ ဖင်ထိုင်လျက်သား နစ်နေသည်ကို တွေ့ရသည်။
ကားကကြီးလွန်းသဖြင့် လူဖြင့်ဝိုင်းတွန်း၍လည်း မဖြစ်နိုင်၊ ကားပေါ်တွင်ပါလာသော ကုန်ပစ္စည်းများကို သယ်ထုတ်ပြီး လမ်းခြောက်မည့်ရက်ကို စောင့်ယုံသာရှိတော့သည်ဟု ဆိုသည်။
မိုင်းဆတ် – တာချီလိတ်လမ်းပေါ်တွင် ပုံမှန်အားဖြင့် ခရီးသည်များ အပြင် မိုင်းတုံ၊ မိုင်းဆတ်ဘက်မှ ကြက်သွန်ဖြူ၊ ရာဘာ၊ ပြောင်းဖူးနှင့် လယ်ယာထွက်ကုန်များကို တာချီလိတ်ဘက်သို့ ပို့ကြပြီး တာချီလိတ်ဘက်ကလည်း ထိုင်းဘက်မှ တင်သွင်းလာသည့် အိမ်ဆောက်ပစ္စည်း၊ စက်ပစ္စည်းနှင့် လူသုံးကုန်များ ပြန်သယ်ကြသည်။
လမ်းခြောက်သွေ့သည့် ရက်များတွင် ခရီးသည်ကားများ၊ ကုန်ကားများနှင့် ဆိုင်ကယ်များ အဆက်မပြတ် သွားလာ နေသည်ကို တွေ့မြင်နိုင် သော်လည်း ယခုကဲ့သို့ မိုးများသည့် ရက်များတွင် လမ်းကြမ်းခြင်းကြောင့် အများစုက ရပ်နား ထားကြသဖြင့် လမ်းပေါ်တွင် ကား၊ ဆိုင်ကယ်များ အဆက်အသွယ် ပြတ်တောက်သလောက်ပင် ဖြစ်နေသည်။
ဒီလမ်းအကြောင်းကို အသိဆုံးမှာ ကားဆရာကြီးများဖြစ်သည်။ အချို့ကုန်ကားများ ရှေ့ဆက်မသွားဘဲ မြေမာနေရာများတွင် ရပ်ထားကြသည်ကို တွေ့ရသည်။ ရာသီဥတုသာယာပြီး လမ်းခြောက်သွေ့သွားမှ သူတို့ ခရီးဆက်ကြမည်ဖြစ်သည်။
ရွှံ့ဗွက်အိုင်များကို လွတ်နိုးနိုး အမိုက်ခံမောင်းခဲ့သည့် ကားတချို့ တိမ်းမှောက်၍ ထိုရွှံ့ဗွက်အိုင်များဘေးတွင်ပင် ပစ္စည်းများ ပုံထားသည်ကိုတွေ့ရသည်။ ရွှံ့ဗွက်လမ်းအချို့သည် ၄ ပေလောက်ထိနက်သည်ကို တွေ့ရသည်။ တချို့ကားများ ဖြတ်မောင်းသွားလျင် အပေါ်ပိုင်းလောက်သာ ပေါ်တော့သည်။
လမ်းပိုင်း တနေရာအရောက်တွင် ကားလမ်းဘေး ကပ်လျက်ရှိသည့် တောင်ကုန်းမြင့်မြင့်တခုပေါ်တွင် စခန်းများ ဆောက်ထားသည်ကိုတွေ့ရသည်။ အောက်ခြေကို ခြံစည်းရိုးများ ခတ်ထားသည်ကိုတွေ့ရပြီး အောက်ခြေတွင် စစ်ဆေးရေး ဂိတ်တခု လုပ်ထားသည်။
ကားဆရာကြီးက “ဘယ်သူမှ ဓာတ်ပုံသွားမရိုက်နဲ့နော် ဒုက္ခရောက်သွားမယ်” ဟု ပြောသည်။ စကားပြော နေသူများပင် ငြိမ်လိုက်ကြသည်။ ဂိတ်နားအရောက်တွင် ကားကို ရပ်လိုက်ပြီး စစ်ဆေးရေး ဂိတ်ထဲမှ ထွက်လာသည့် လူကို ထိုင်းဘတ်ငွေ တရာတန် တရွက် (ကျပ် ၄၀၀၀ ခန့်) ထုတ်ပေးလိုက်သည်။
ထိုသို့ထုတ်ပေးလိုက်ပြီးနောက် ပိုက်ဆံယူသွားသူက ကားလမ်းကို ကန့်လန့်ဖြတ်တန်းထားသည့် မောင်းတန်ကို ဆွဲတင်ပြီး မောင်းထွက်ခွင့်ပြုလိုက်သည်။ ကားပေါ်တွင် ပါလာသော ဒေသခံတဦးက “ဒါက ဝ ဂိတ်လေ။ ဒီလမ်းက သူတို့ထိန်းချုပ်တာ၊ လမ်းသာ မပြင်တာ လမ်းကြေးက တစီးတရာ ပေးရတယ်။ လမ်းကတော့ မြင်တဲ့အတိုင်း ငရဲလမ်းဖြစ်နေပြီ” ဟု ပြောသည်။
လမ်းပိုင်း နေရာတော်တော်များများမှာ ရွှံ့ဗွက်အိုင်များရှိနေပြီး ရွှံ့ဗွက်အရမ်းနက်သည့် နေရာများ၊ လမ်းဆိုးနေသည့် နေရာများဆိုလျင် ကားဆရာကြီးက ကားပေါ်တွင်ပါသော ကိုယ်ဝန်သည်၊ ကလေးမိခင်နှင့် သက်ကြီးရွယ်အိုမှ အပ လမ်းဆင်းလျှောက်ခိုင်းသည်။
သို့သော်လည်း ကားပေါ်ရှိ လူအကုန်ဆင်းလျှောက်ကြသည်။ ကားပေါ်တွင် လမ်းမလျှောက်၊ ရမပေ ထိုင်နေရမည် ဖြစ်သော်လည်း လမ်းဆင်းလျှောက်ခြင်းသည်သာ ပို၍ အန္တရာယ်ကင်းမည်ဟု ဆုံးဖြတ်ပြီး လမ်းဆင်းလျှောက်ကြခြင်း ဖြစ်သည်။
အိုင်ထဲတွင်ရှိသော အနီရောင်အဆင်းရှိသည့် ရွှံ့ဗွက်များသည် ကားများ အကြိမ်ကြိမ်ဖြတ်မောင်းထားသဖြင့် ဗွက်များမှာ ပြစ်နေသည်။ ဗွက်အိုင်အတွင်း စမ်းလျှောက်ရသလို ဗွက်ရေမရှိသည့်နေရာများမှာလည်း ချော်နေ၍ ခြေလှမ်းတိုင်းကို ခြေမ ကုတ်၍လျှောက်ရသည်။
ကားပေါ်တွင် ခပ်လှလှဝတ်စားဆင်ယင်ထားသည့် မိန်းကလေးတချို့လည်း ပါသည်။ ၎င်းတို့ခြေထောက်များကို ရွှံ့ဗွက်များ ပေမည်ဆိုး၍ ရှူးဖိနပ်များဖြင့် ဆင်းလျှောက်သည်။ ထိုရှူးဖိနပ်များသည်လည်း ဆယ်လှမ်း မပြည့်သေးခင်မှာဘဲ ဗွက်နှင့်ကပ်ပြီး ကျွတ်ကျန်ခဲ့လေသည်။
နစ်နေသည့် ဗွက်လမ်းကို ဖြတ်မောင်းနေသည့် ကားမှာလည်း ငယ်သံပါ ပါနေပြီး မူလီများပင် တစစီ ပြုတ်ထွက်တော့မလား ထင်ရသည်။ ဗွက်အိုင်လွတ်ရာကနေ ရပ်စောင့်နေကြသည့် ခရီးသည်များမှာ ဝမ်းဗိုက်နှင့် ပွတ်တိုက်နေသည့် ဗွက်လမ်းကြောင်းကနေ ငယ်သံပါအောင် ရုန်းထွက်နေသည့် ၎င်းတို့ကားကို ကြည့်နေပုံမှာ သနားနေကြဟန်ရှိသည်။
ဗွက်ထဲက ရုန်းနေသည့်ကားကို တချို့က နှာခေါင်းနှင့် ပါးစားကို လက်နှစ်ဖက်နှင့် အုပ်ပြီး ကြည့်နေသည်။ ဗွက်အိုင်ထဲက လွတ်ထွက်လာဖို့ စိတ်ထဲက ဆုတောင်းနေပုံရသည်။ တချို့က လက်သီးကို ကျစ်နေအောင် ဆုပ်ထားသည်။ သူ့တို့၏ မသိစိတ်က ကားနဲ့အတူတူ ဝင်ရုန်းနေဟန်ရှိသည်။
နေကလည်း တဖြည်းဖြည်းကျလာသည်။ ကားများကလည်း အဆက်အသွယ်ပြတ်တောက်နေသည်။ အားလုံး လိုရာခရီး ရောက်ဖို့ ဒီကားကျန်းမာရေးကောင်းရန်နှင့် ဗွက်လမ်းများကို အောင်အောင်မြင်မြင် ရုန်းထွက်နိုင်ရန် လိုအပ်သည်။
ကားက ဗွက်လမ်းကို တခါကျော်ဖြတ်ပြီးလျင် ခရီးသည်များက ဟေးခနဲအော်လိုက်သည်။ ရန်ကုန်တွင် မီးပြန်လာချိန် အော်သည့်ပုံစံမျိုးထက် မျှော်လင့်ချက် ပိုများမည်ထင်သည်။ ကားပေါ်တက်ထိုင်ကြပြီး ခရီးဆက်ကြသည်။ ခရီးသည် အားလုံး ကားဆရာကို မေးချင်နေသည့် မေးခွန်းတခုကို တယောက်က လှမ်းမေးသည်။
“ကားဆရာ ရှေ့မှာ ဗွက်အိုင် ဘယ်နှစ်အိုင်ကျန်သေးလဲ” တဲ့၊ ကားဆရာကြီး က “သိပ်မကျန်တော့ပါဘူး။ ၂ အိုင်၊ ၃ အိုင်လောက်ပဲရှိပါတော့တယ်” ဟု ပြောသည်။ တယောက်က “လမ်းဆင်းလျှောက်ဖို့လိုလား” ဟုမေးသည်။ ကားဆရာကြီး က “နည်းနည်းတော့ ဆင်းလျှောက်ရမယ်” ဟု ခပ်ဖော့ဖော့ပြောသည်။
ရွာတရွာကို ဖြတ်သည့် အခါတွင် လမ်းဘေးတွင်ရှိသည့် ရေပိုင်ခေါင်းနားတွင် ကားရပ်သည် ကားဆရာနှင့် ယာဉ်အကူ က ကားဘီးနှင့် စက်ကို ရေဆေးသည်။ ခရီးသည်များလည်း သနပ်ခါးလိမ်းထားသည့်နှယ် လမ်းဆင်းလျှောက်ရင်း ပေးထားပြီး ခြောက်တောင်နေပြီဖြစ်သည့် ရွှံ့ဗွက်များကို ဆင်းဆေးကြသည်။
ကားဆရာကြီးနှင့် ယာဉ်နောက်လိုက်ကတော့ ကားရှေ့ဘီးနှစ်ဘီးကို သံချိန်းကြိုးများဖြင့် ပတ်နေကြသည်။ နောက်တွေ့မည့် ဗွက်အိုင်များသည် ယခုကြုံခဲ့သည့် ဗွက်အိုင်များထက် ဆိုးလိမ့်မည်ဆိုသည်ကို ခရီးသည်များ တွက်ဆမိသည်။
ခရီးဆက်ကြသည်။ ဖင်ပူအောင်ပင် မထိုင်လိုက်ရမီမှာပင် လမ်းဆင်းလျှောက်ရန်ရန် သတိပေးသံကြားရသည်။ ပြောပြောဆိုဆိုနှင့် ကားဆရာကြီးသည် ရွှံ့လမ်း အတိမ်အနက်ကို ဆင်းပြီး စမ်းလျှောက်ကြည့်နေသည်။ အိုင်ထဲတွင် ဖြတ်မောင်းထားသည့် ကားလမ်းက ၃ လမ်းလောက်ရှိသည်။ ကားဆရာကြီးက သူကားမောင်းလို့ သင့်တော်မည့် လမ်းကို ခြေဖြင့် စမ်းပြီး ရှာသည်။
ခရီးသည်များအားလုံးလည်း လမ်းဆင်းလျှောက်ကြသည်။ မိန်းကလေးတချို့ကတော့ ဒီတခါ ရှူးဖိနပ် မစီးကြတော့ဘဲ ပလပ်စတစ် အိတ်များဖြင့် ခြေထောက်ကို စွပ်ချည်ပြီး လျှောက်ကြသည်။ အလုပ်မဖြစ်တော့မှန်းသိ၍ ပလက်စတစ် အိတ်များ ဖြုတ်ကာ ခြေဗလာလျှောက်ကြ ပြန်သည်။
၎င်းတို့အထဲမှ တဦးသည် ရွှံ့ဗွက်ထဲ စမ်းလျှောက်ရင်း ခြေခြောင်းကြားထဲမှ ခပ်ပြင်းပြင်း စင်ထွက်လာသည့် ဗွက်နှစ်များသည် နဖူးနှင့် မျက်ခုံးများပေးအထိ ပေကျံသွား၍ သူငယ်ချင်းများက ပါလာသည့် ရေသန့်ဗူးနှင့် ဆေးပေးကြသည်။
သူတို့နောက်က လိုက်လျှောက်သည့် ခပ်ဝဝ အမျိုးသမီးကြီးတဦး ရွှံ့ဗွက်ချော်ပြီး ဖင်ထိုင်လျက်သား လဲကျသွားသည်။ ငိုအားထက် ရယ်အားသန်ဖြစ်ပြီး ညှိမထားဘဲ ပြိုင်တူ ရယ်လိုက်မိကြသည်။ နောက်တွင်လည်း ကားမှာ ဗွက်လမ်းက လွတ်ရန် ငယ်သံပါအောင် အော်နေပြန်သည်။
ရှေ့ဘီး ၂ ဘီးက ခြိမ်းပတ်ထား၍ လမ်းကြောင်းမှန်မှန် သွားနေသော်လည်း နောက်ဘီး ၂ ဘီးမှာ ဘယ်ဘက်ခြမ်းကို လျောတိုက်ပြီး ကပ်သွားလိုက်၊ ညာဘက်ကို လျောတိုက်ပြီး ကပ်သွားလိုက်နှင့် လိုချင်သည့် လမ်းပေါ်ရောက်ရန် ဘေးစောင်းမောင်းတက်လိုက် အတည့်မောင်းတက်လိုက်နှင့် ပုံစံအမျိုးမျိုးမောင်းပြီး တက်လာသည်။
အတန်ငယ် မောင်းပြီး ဗွက်လမ်းက ရုန်းထွက်လာခဲ့သည်။ တောင်ပေါ်လမ်းများတွင် အေးနေပြီဖြစ်သော်လည်း ကားဆရာကြီးနှင့် ယာဉ်နောက်လိုက်လည်း ချွေးများမှာ ရေချိုးထားသည့်အလား စိုရွှဲနေသည်။ ကားမောင်းထွက်ပြီး သိပ်မကြာလိုက်မီမှာပင် ကားဆရာကြီးက “ကားတခုခုဖြစ်နေတယ် ထင်တယ်” ဟု ဆိုကာ ဆင်းကြည့်သည်။
ကားဝမ်းဗိုက်အောက် ဝင်ကြည့်သည့် ယာဉ်နောက်လိုက်က “ဂီယာဝိုင်ပေါက်သွားပြီဆရာ” ဟု ပြန်ပြောသည်။
ကားပေါ်က ခရီးသည်များလည်း “ဒီနေ့အိမ်ပြန်ရောက်ပါ့မလား” ဟုများ တွေးလိုက်ကြသလားမသိ တယောက်နှင့် တယောက် မတိုင်ပင်ဘဲ ကြည့်လိုက်မိကြသည်။
ကားဆရာကြီးက “ငါ့မှာ ဆပ်ပြာတတုံးပါတယ်။ အဲဒါနဲ့ ဖာလိုက် မိုင်းငင်းရောက်ရင် ဖာပြီး ဆက်သွားမယ်” ဟုဆိုကာ ဆပ်ပြာတုံးဖြင့် ဖာပြီး ဆက်သွားကြသည်။ ဂီယာဝိုင်မှာ ရွှံ့လမ်းများကို ဖြတ်သည့်အခါ ဝမ်းဗိုက်နှင့် မလွတ်ဘဲ အရမ်းရုန်းသည့် အခါတွင် ပွတ်တိုက်မိပြီး ပေါက်သွားဟန် ရှိသည်။
လမ်းတွင် ထပ်မံကြုံတွေ့ရသော ဗွက်အိုင်များ ထုံးစံအတိုင်း သနားစရာကောင်းစေသော အသံဖြင့် ရုန်းထွက် နိုင်ခဲ့သည်။ အလုပ်တခု ပိုလာသည်မှာ တခါဖြတ်ပြီးတိုင်း ဂီယာဝိုင် ပေါက်နေသည့် နေရာကို တခါဆင်း စစ်သည်။ ထိုနည်းအတိုင်း မောင်းလာရင်း မိုင်းငင်းအရောက်တွင် ကားရပ်နားပြီး ကားဆရာကြီးနှင့် ယာဉ်နောက်လိုက်တို့ ၂ ဦး ပေါက်နေသည့် နေရာကို ပြင်ကြသည်။
ထိုကားကို သွားကြည့်နေသည့် အသိမိတ်ဆွေတဦးက “ကျနော်တို့ တော်တော်မိုက်တဲ့ လူတွေပဲဗျ။ ကားဘီးတွေကို ကြည့်လိုက်” ဟု ပြော၍ ကြည့်လိုက်ရာ ပန်းမရှိတော့ဘဲ ပြောင်ဆွေးနေပြီဖြစ်သော ကားတာရာများကို ကြည့်ပြီး ထိတ်လန့်သွားမိသည်။
ခရီးသည်များလည်း ဆိုင်တဆိုင်တွင်ထိုင်ပြီး ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေးတို့ကို မှာစားကြသည်။ ၂ နာရီလောက် စောင့်လိုက်ရအပြီးမှာတော့ ပြင်ပြီးသွားပြီဖြစ်ကြောင်းနှင့် ကားပေါ်တက်ရန် လာခေါ်သည်။ ထိုအချိန်က ညနေ ၆ နာရီထိုးနေပြီဖြစ်သည်။ ကားဆက်ထွက်သည်။ ညကလည်း အအေးဓာတ်ဝင်လာပြီဖြစ်သည်။
ခရီးသည်များ အချင်းချင်း ကြားတွင် လာရာလမ်း၊ ပြန်မည့်အိမ် မတူကြသော်လည်း လမ်းကြမ်းများကို အတူဖြတ်ရင်း အတူရယ်ကြရင်း ရင်းနှီးခင်မင်သွားကြသည်။
ကားဆရာကြီးက “ရှေ့မှာတော့ ရွှံ့ဗွက်မရှိတော့ပါဘူး” ဟုဆိုသည်။ သို့သော်လည်း အနိမ့်အမြင့် မညီသည့် ချိုင့်ခွက်များကို ဖြတ်ကျော်တိုင်း ကားဝမ်းဗိုက်နှင့် တိုက်မိသံကြားတိုင်း ဂီယာဝိုင် ပေါက်ထားသည့် ကိစ္စကို တွေးပြီး စိုးရိမ်နေကြရဆဲဖြစ်သည်။
ထိုကဲ့သို့ ရွှံ့ဗွက်များ၊ ချိုင့်ခွက်များကို ရင်တမမဖြင့် ဖြတ်ကျော်ရင်း “မိုင်းဆတ်မြို့မှ ကြိုဆိုပါ၏” ဆိုသည့် ဆိုင်းဘုတ်ကို မြင်မှ သက်ပြင်းချနိုင်တော့သည်။ ထိုအချိန်သည် ည ၁၁ နာရီထိုးနေပြီဖြစ်သည်။ ၆ နာရီကြာသာ မောင်းရမည်ဆိုသော ခရီးကို ၁၂ နာရီတိတိမောင်းခဲ့ရသည်။
မိုင်းဆတ်မြို့ကိုရောက်တော့ ကားဆရာကြီးကို ကျေးဇူးတင်စကားပြောရင်း “ဆရာပြောသလိုပဲ တကယ်အော်စကာဆု ရသင့်တဲ့လမ်းပဲ” ဟု ပြောလိုက်တော့ ကားဆရာကြီးက ပြုံးပြပြီး ဧည့်သည်များနှင့် ကုန်ပစ္စည်းများ ဆက်ပို့ရန် အတွက် ရွှံ့များ ပေကျံနေသည့် ကားကြီးကို ဖြေးဖြေးချင်း မောင်းထွက်သွားသည်။
နောက်တနေ့မနက် မိုင်းဆတ်မြို့ပေါ်က လက်ဘက်ရည်ဆိုင်တွင် မြို့ခံ အာဏာပိုင် တချို့နှင့်ဆုံ၍ ထိုလမ်းအကြောင်း မေးကြည့်ရာတွင် အဆိုပါလမ်းကို ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ထိန်းချုပ်ထားကြောင်း အများပြည်သူ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရေး အစိုးရထံ လွှဲပြောင်းပြီး ပြုပြင်သင့်သည်ဟု ဆိုသည်။
အပြန်ခရီးအတွက် ဆိုးဝါးလွန်းသည့် လမ်းအကြောင်းကို စဉ်းစားမိလျင်ပင် စိတ်ပင်ပန်းမိသည်။ ထို့ကြောင့် အပြန်လမ်းကိုတော့ မိုင်းပြင်း၊ ကျိုင်းတုံ လမ်းဘက်ကတဆင့် တာချီလိတ်ကို လှည့်ပြန်ခဲ့သည်။
တခါတရံလာသည့် ခရီးသည်များအနေဖြင့် တာချီလိတ်-မိုင်းဆတ်လမ်းကို ကျောခိုင်းပြီး တခြားလမ်းကြောင်းကို ရွေးသွားခွင့်ရှိသော်လည်း ထိုလမ်းကို အသုံးပြုနေကြရသည့် ဒေသခံများနှင့် ကားသမားများကတော့ ဝမ်းရေး အတွက် ကျောခိုင်းနိုင်ကြမည် မဟုတ်ပေ။ ။