လူမျိုးနှင့် ဘာသာရေး လူနည်းစုများအပေါ်တွင် ကျူးလွန်သည့် မြန်မာနိုင်ငံ၏ လတ်တလော လူ့အခွင့်အရေးချိုးဖောက် မှုများကို ဒဏ်ခတ်တုန့်ပြန်သည့်အနေဖြင့် အနောက်တိုင်း အစိုးရများက အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် စဉ်းစားနေသည့် အချိန်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ နိုင်ငံတကာနှင့် ကင်းကွာမှုကို အပြည့်အဝ အခွင့်ကောင်း ရယူ၍ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်များ ရှာဖွေနေသည်။
ဘေဂျင်းအခြေစိုက် ဝမ်ပေါင် သတ္ထုတူးဖော်ရေး လီမီတက် Wanbao Mining Limited ၏ လုပ်ငန်းခွဲဖြစ်သော မြန်မာ ယန်စီ ကြေးနီ လီမီတက် Myanmar Yang Tse Copper Limited က ယခုအခါတွင် မန္တလေးမြို့၏ အနောက်ဘက် မုံရွယ်မြို့နယ်အတွင်းမှ ဧက ၁၀၀၀၀၀ ကျယ်ဝန်းသည့် နေရာတွင် ကြေးနီ သတ္တုတွင်း တူးဖော်ရေး ဖြစ်နိုင်ချေများကို မြေပြင်စစ်ဆေးမှုများ ပြုလုပ်ရန် ခွင့်ပြုချက်ရရှိရေးအတွက် ကြိုးစားနေကြောင်း သိရသည်။
တရုတ်အစိုးရပိုင် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် China North Industries Corporation သို့မဟုတ် Norinco ၏ လုပ်ငန်းခွဲ တခုဖြစ်သော Wanbao က ဂါဘွန်နှင့် ကွန်ဂိုနိုင်ငံများတွင် သတ္တုတွင်းများ လုပ်ကိုင်နေသည်။ မြန်မာနိုင်ငံ တွင်လည်း ၂၀၁၀ ခုနှစ်မှ စတင်လုပ်ကိုင်နေခဲ့သည်။
လက်ပံတောင်း သတ္တုတွင်းဒေသတွင် အဓိက ရှိနေသည့် ၎င်း၏ မြန်မာနိုင်ငံမှ လုပ်ငန်းက သဘောကွဲလွဲမှုများ ကြီးမားစွာ ပေါ်ပေါက်စေခဲ့သည်။ ဒေသခံများနှင့် အာဏာပိုင်များကြားတွင် ပဋိပက္ခဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံရေး ကိစ္စဖြစ်ခဲ့သည်။ မြန်မာ့ တပ်မတော်အတွင်းမှာပင် တရုတ်လိုလားသူများနှင့် တရုတ်ဆန့်ကျင်သူများကြားတွင် ကွဲပြားမှုများကို ပေါ်ပေါက်စေခဲ့ သည်ဟု သိရသည်။
ဝမ်ပေါင်၏ ရှာဖွေရေး လုပ်ဆောင်ချက်အသစ်များက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး ပစ်ကွင်းတခု အတွင်းသို့ သွင်းမည့် အလားအလာရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရက အနောက်တိုင်း၏ အပြစ်ပေး အရေးယူမှုသစ်များအတွက် အကာအကွယ်တရပ် အနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို လက်ခံလိုစိတ် ပိုများလာနေသည်ဆိုသော အမြင်များ ရှိလာသောကြောင့် ဖြစ်သည်။
တရုတ်ကုမ္ပဏီ၏ လက်ပံတောင်းမှ ယခင်တူးဖော်ရေးလုပ်ငန်းများမှာ တပ်မတော်တော်ပိုင် ကုမ္ပဏီတခု ဖြစ်သော မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက်နှင့် ဖက်စပ်ဆောင်ရွက်ခြင်း ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့များက ပြင်းထန်စွာဖိနှိပ် ဖြိုခွဲခြင်းနှင့် ရင်ဆိုင်ခဲ့ရသော ဆန္ဒပြပွဲများ ပေါ်ပေါက်စေခဲ့သည်။ မီးလောင်စေတတ်သော ဓာတုပစ္စည်းများကြောင့် ဒေသခံ ကျေးရွာသားများနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြသည်။
ယခင် စစ်အစိုးရလက်ထက်က နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ပေါင်းများစွာနေထိုင်ခဲ့ရပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီး များမကြာမီ ၂၀၁၃ ခုနှစ်တွင် အငြင်းပွားဖွယ်ရာ ကိစ္စအတွင်းသို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး စတင်ပါ ဝင်လာခဲ့ရသည်။
နောက်ပိုင်းတွင် တပ်မတော်၏ အကျိုးစီးပွားကို ကာကွယ်ခြင်းဆီသို့ နိုင်ငံရေးအရ ပြောင်းလဲမည့် နိမိတ်အနေဖြင့် အဖြစ်အပျက်တခုတွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ကျောထောက်နောက်ခံ စီမံကိန်းအတွက် သူတို့၏ မြေများ သိမ်းယူခြင်းခံခဲ့ရသော လယ်သမားများကို သူတို့၏ ဆန္ဒပြမှုများ ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထိခိုက်စေသောကြောင့် ဖြစ်သည်။
အစိုးရအနေဖြင့် စီမံကိန်း ဆက်လက်ဆောင်ရွက်ရန် ကန်ထရိုက်စာချုပ်ပါ တာဝန်များရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က စိတ်လှုပ်ရှားတက်ကြွနေသော လူအုပ်ကို ရှင်းပြရန် ကြိုးစားခဲ့သည့် အချိန်တွင် ဒေါသထွက်နေသော ဆန္ဒပြ အမျိုးသမီး တဦးက“ကျမတို့မှာ စားစရာဆိုလို့ ဆန်ပြုတ်ပဲ ရှိတယ်။ ကျမတို့က ရှင့်ကို မဲပေးခဲ့တယ်။ ဒါပေမယ် ရှင့်က ကျမတို့နဲ့ အတူ မရပ်တည်တော့ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်ကို အော်ဟစ်ပြောဆိုခဲ့သည်။
ဒီမိုကရေစီ ပုံရိပ်တခု အနေဖြင့် နိုင်ငံတလွှားတွင် ချစ်ခင်လေးစားခြင်းခံရသော ဒေါ်အောင်ဆန်းစုကြည်မှာ ကြုံတွေ့ရသည့် အဖြစ်အပျက်ကြောင့် တုန်လှုပ်သွားပြီး သူ၏ ကားဆီသို့ ပြန်သွားကာ ထိုနေရာမှ ထွက်ခွာသွားခဲ့ရသည်။
စိတ်ခံစားချက်ပြင်းထန်နေသော ပြည်သူများက အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ဆက်လက်၍ ရှိနေခြင်းက တိုင်းပြည်တွင် ခေါင်းပုံဖြတ်သည့် တရုတ် ရင်းနှီးမြှုပ်နှံမှုများအဖြစ် ယူဆပါက ဆန့်ကျင်တုန့်ပြန်ကြောင်း ဖော်ပြနေသည့် အထင်ရှားဆုံး ဥပမာဖြစ်သည်။
ဆန္ဒပြပွဲများ အရှိန်မြင့်တက်နေသည့် ၂၀၁၃ ခုနှစ်အတွင်းတွင် ရန်ကုန်မှ ထိုစဉ်က တရုတ်သံအမတ်က သိမ်းဆည်း ခံရသည့် မြေ ဧက ၃၂၀၀ အတွက် ကုမ္ပဏီက ရွှေ့ပြောင်းပေးရသည့် ကျေးလက်ပြည်သူများသို့ သင့်တော်သည့် လျော်ကြေးငွေ ပေးခဲ့ပြီး ဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။
သို့သော်လည်း တူးဖော်ရေးနေရာသို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်စဉ် အတွင်း ဒေသခံပြည်သူများက သူတို့ အနေဖြင့် လျော်ကြေးကို စိတ်မဝင်စားကြောင်း ပြောပြခဲ့ကြသည်။ သူတို့၏ ဘိုးဘွားပိုင်မြေများကို ထိန်းသိမ်းရေး အခိုင်အမာ တောင်းဆိုခဲ့ကြသည်။ တူးဖော်ရေးဇုန်အတွင်း ဘာသာရေးနှင့်ဆိုင်သည့် အလေးအမြတ်နေရာများကို မလျော်မကန် ပြုလုပ်ခဲ့သည်ဟုလည်း သူတို့က တိုင်ကြားခဲ့ကြသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဆန္ဒပြ အမျိုးသမီးတဦး ကြေးနီတွင်း အနီးတွင် သေနတ် ထိမှန်သေဆုံးခဲ့ရသည်။ သူ သေဆုံးခဲ့ပြီးနောက် ရန်ကုန်မြို့ ရှိ တရုတ်သံရုံး အပြင်ဘက်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ပဋိပက္ခ ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့်နှစ် မတ်လအတွင်းတွင် ရဲတပ်ဖွဲ့က လက်ပံတောင်း သတ္တုတွင်းသို့ သွားရာလမ်းကို ပိတ်ဆို့ရန် ကြိုးစားသည့် ဆန္ဒပြသူများကို ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ခဲ့သည့် အတွက် ကျေးရွာသား ၁၀ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
မတည်ငြိမ်မှုများက ယခုအချိန်အထိ ဆူပွက်နေဆဲ ဖြစ်သော်လည်း တရုတ်ကုမ္ပဏီက သတ္တုတွင်းဟောင်း အနီးရှိ ကနီ၊ ယင်းမာပင်နှင့် ဆားလင်းကြီး မြို့နယ်များတဝိုက်ရှိ များစွာ ပိုမိုကျယ်ပြန့်သည့် ဧရိယာတွင် ကနဦး စူးစမ်းရှာဖွေမှုများ ပြုလုပ်ရေး အမေရိကန်ဒေါ်လာ ၆ သန်းမှ ၁၀ သန်း အထိ ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိနေသည်။ စီမံကိန်းသစ် မှန်သမျှက ကျယ်ပြန့်သော ဆန္ဒပြမှုများနှင့် ကြုံတွေ့ရန် ရှိနေသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရ အနေ ဖြင့် သတိကြီးစွာထား၍ ချင့်ချိန်ရန် လိုအပ်သည့် ကိစ္စတခု ဖြစ်ပါသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာ မွတ်ဆလင်များကို ဆန့်ကျင်သည့် စစ်ဆင်ရေးနောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍက မြင့်တက်လာခြင်းနှင့် အစုအပြုံလိုက် သတ်ဖြတ်မှုအပေါ် အနောက်နိုင်ငံများ၏ ပြစ်တင်ဝေဖန်မှုတို့က ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရက တရုတ်အစိုးရအပေါ် မည်မျှအထိ လိုက်လျောရန် ဆန္ဒရှိမည်နည်းဆိုသည့် မေးခွန်းကိုလည်း မြင့်တက်လာစေသည်။
ပိုမို၍ ပွင့်လင်းသည့် လူ့အဖွဲ့အစည်းတခု ဆီသို့ မြန်မာနိုင်ငံ၏ ရွေ့လျားမှုများနှင့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများအပြီး တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ စတင်ကျင့်သုံးခြင်းတို့က တရုတ်နိုင်ငံ အပေါ် မှီခိုနေရခြင်းကို လျှော့ချရန် အချုပ်အခြာ အာဏာကို အကြောင်းပြု၍ တပ်မတော်က ဆန္ဒရှိခြင်းကြောင့် အဓိကအားဖြင့် ပေါ်ပေါက်ခဲ့ရ ခြင်းဖြစ်သည်။
ထိုသို့ မှီခိုအားထားရခြင်းက ၁၉၉၀ နှစ်များနှင့် ၂၀၀၀ နှစ်များ အစောပိုင်း မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများနှင့် သပိတ်မှောက်မှုများ ပြုလုပ်ထားချိန်တွင် ကျယ်ပြန့်လာခဲ့သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ နည်းပါးသော နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု အရင်းအမြစ်များထဲမှ တခုဖြစ်ခဲ့သည်။
၂၀၁၁ ခုနှစ် ယခင်သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးများစတင်ခဲ့သည့် အချိန်တွင် တရုတ် စီမံကိန်း အများအပြားကို ဆိုင်းငံ့ခဲ့သည် သို့မဟုတ် ရပ်တန့်ခဲ့သည်။ သို့သော်လည်း သူ၏ အစိုးရက ကျဆင်းနေသည့် စီးပွားရေးတခုကို မြှင့်တင်ရေး ရင်းနှီးမြှုပ်နှံမှု အသစ်များ အသည်းအသန် လိုအပ်နေသည်နှင့် အမျှ ဒေါ်အောင်ဆန်းစုကြည်က အဆိုပါလမ်းကြောင်းကို ပြောင်းပြန်ပြုလုပ်ရန် ဆန္ဒ ပိုရှိလာသည့် အသွင်ရှိပါသည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က တချိန်က သူ့ကို အသည်းအသန် ထောက်ခံခဲ့သူများဖြစ်သည့် အနောက်တိုင်း၏ တိုက်ခိုက်မှုကို ခံနေခဲ့ရပြီးနောက် လတ်တလောတွင် တရုတ်လိုလားသည့် ရပ်တည်ချက် တိုးလာနေသည့် အပေါ်တွင် အရာရှိ အများအပြားက စိုးရိမ်နေကြကြောင်း ယခုတိုင် အာဏာရှိနေဆဲဖြစ်သည့် တပ်မတော်နှင့် နီးစပ်သည့် အရင်း အမြစ်များက အခိုင်အမာ ပြောကြသည်။
ပထဝီနိုင်ငံရေး အရှိတရားအရ မြန်မာနိုင်ငံတွင် ယခုတွေ့နေရသည့် မုံရွာမှ ကြေးနီသတ္တုတွင်း ဇာတ်လမ်းက ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်လိုလားမှု တိုးလာသော အစိုးရနှင့် တရုတ်နိုင်ငံ အပေါ် သံသယ ပိုများလာသည့် တပ်မတော်တို့၏ကြား အစိုးရတွင်း ပွတ်တိုက်မှုတခု အဖြစ်သို့ အလွယ်တကူ ပြောင်းလဲသွားနိုင်ပါသည်။
လက်ပံတောင်းမှ ကျေးရွာသားများမှာမှု ထုံးစံအတိုင်း ကူကယ်သူမဲ့စွာ အလယ်တွင် ညပ်ကြရပါလိမ့်မည်။
( Asia Times ပါ Bertil Lintner ၏ China seizes opportunity in Suu Kyi’s isolation ကို ဘာသာပြန်သည်။)