မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ ၂၀၁၈ ဧပြီလ ၁၁ ရက်မှ ၁၇ ရက်အထိ တနိုင်းမြို့နယ်၊ အောင်လော့ဒ် ကျေးရွာအနီး တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နောက်ဆက် တွဲ ရလဒ်အဖြစ် ဒေသခံ ၂၀၀၀ ကျော် တိုက်ပွဲအတွင်း ပိတ်မိခဲ့သည်။
ထိုသူများတွင် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများ ပါဝင်ပြီး ပိတ်မိသူများကို ကယ်ထုတ်နိုင်ရန် အတွက် ဒေသခံနှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများက ဆန္ဒဖော်ထုတ်ခဲ့ရာ ဦးဆောင်သူများနှင့် ရဲဝန်ထမ်းများကြား အပြန်အလှန် အငြင်း ပွားမှုများလည်း ဖြစ်ပွားခဲ့သည်။
ထို့နောက် ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သူ ဒေါ်နန်ပူ၊ ဦးဇော်ဂျတ်၊ ဦးလွမ်းဇောင်း တို့အား မြစ်ကြီးနား တရားရုံးက ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ထောင်ဒဏ် ၆ လနှင့် ငွေဒဏ် ကျပ် ၅ သိန်းစီချမှတ်ခဲ့ကြရာ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော် က ပြန်လွှတ်ပေးရန် တောင်းဆိုလျက် ရှိသည်။
ယင်း အခြေအနေသည် ဒီဇင်ဘာလ ၁၀ ရက်တွင် ကျရောက်သည့် အပြည်ပြည် ဆိုင်ရာ လူ့ အခွင့်အရေးနေ့ နှစ် ၇၀ ပြည့် ချိန် နှင့်လည်း တိုက်ဆိုင်နေရာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ ဆိုးဝါးမှုနှင့် ပတ်သက်ပြီး မီးမောင်း ထိုးပြ စရာ အဖြစ်အပျက်များကို ပြည်တွင်းရှိ အရပ်ဘက် အဖွဲ့အစည်းများက ဖော်ပြ နေကြခြင်း ဖြစ်သည်။
ညီမျှခြင်း မြန်မာ (Equality Myanmar) မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက“ကျနော်တို့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ခွင့်နဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီး အရေးယူမှုတွေ ဖြစ်လာတယ်။ မကြာခင်က ငြိမ်းချမ်းရေးကို ငြိမ်းချမ်းစွာ တောင်းဆို တဲ့ ငြိမ်းချမ်းရေး တက်ကြွ လှုပ်ရှားသူ (၃)ဦး အပါအဝင် ကျန်တဲ့လူတွေ အပေါ်မှာ ဖမ်းဆီးမှုတွေ၊ မီဒီယာ သမားတွေ အပေါ် မှာ ပြစ်ဒဏ်ချမှုတွေက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ထိခိုက်တယ်။ နောက်တခုက အရပ်ဘက် လူမှု အဖွဲ့ အစည်းတွေ အပေါ်မှာ ကန့်သတ်မှုတွေ များလာတယ်။ ဘာလဲဆိုတော့ လိုအပ်တဲ့ ခွင့်ပြုချက်၊ ခွင့်ပြုမိန့်တွေ အတိုင်း ဖြစ်ရမယ် ဆိုတာမျိုး။ ဒီလိုမျိုး ခွင့်ပြုချက်တွေ လုပ်ဆောင်နေတဲ့ နေရာမှာလည်း တချို့ နေရာ တွေမှာ၊ ကန့် သတ် ချက်တွေမှာ တမင်သက်သက်ကို လုပ်ဆောင်လို့မရအောင် ကန့်သတ်မှုတွေ ရှိနေတဲ့ အနေအထား မျိုးတွေ ရှိနေတာ တွေ့ရပါတယ်”ဟု ပြောသည်။
လူ့အခွင့်အရေး ချိုးဖောက်သည်ဟု ဆိုကာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီ-ရခိုင် ပဋိပက္ခ ကြောင့် နိုင်ငံတကာ၏ အာရုံ စူးစိုက်ခြင်းကို ခံခဲ့ရကာ လူ့အခွင့်အရေးနှင့် ယှဉ်၍ ထောက်ပြ ဝေဖန်မှုများလည်း ရှိနေ သည်ဟု ၎င်းက ဆိုသည်။
ရခိုင် ပဋိပက္ခ ဖြစ်စဉ်တွင် အင်းဒင် ကျေးရွာ၌ ဘင်္ဂါလီ လူမျိုးများ သတ်ဖြတ်ခံရမှုကို ဖော်ထုတ် ရေးသားခဲ့သည့် အတွက် Reuters သတင်းထောက် ကိုဝလုံး နှင့် ကိုကျော်စိုးဦး တို့မှာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ် ခံထားရသည်။
ယင်းမှာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၉) ပါ“လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် ရေးသားခွင့်” ကို ချိုးဖောက် ခံနေရသည့် သာဓကများ ဖြစ်သည်ဟု ထောက်ပြ ပြောဆို နေကြခြင်းလည်း ဖြစ်သည်။
- တပ်မတော်နှင့် KIA ကြား တိုက်ပွဲများကြောင့် ရေခဲသည့် ဒေသများအထိ တိမ်းရှောင် နေရသည့် ဒေသခံ အမျိုးသမီး ငယ်နှင့် ကလေးငယ်
ရခိုင် အရေးအခင်းနှင့် ဆက်စပ်၍ လူသား တဦးချင်းစီ၏ အခွင့်အရေးကို အလေးထားကာ နိုင်ငံတော်၏ လုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေး၊ လူ့ အဖွဲ့အစည်း တည်ငြိမ်ရေးကို ထည့်သွင်း မစဉ်းစားပါက လူ့အခွင့်အရေး ခေါင်းစဉ်တပ် ပြောဆိုမှုများမှာ သဘာ၀ မကျသည့် လုပ်ရပ်ဟုလည်း ပြောဆိုမှုများ ရှိသည်။
လက်ရှိ အစိုးမှာ ရခိုင်ပဋိ့ပက္ခကြောင့် လူ့အခွင့်အရေး ချိုးဖောက်သည်ဟု နိုင်ငံတကာက စွပ်စွဲမှုများကို ရင်ဆိုင်နေရပြီး တို့တာဝန် အရေးသုံးပါး၊ နိုင်ငံတော် လုံခြုံရေး တို့နှင့် အားပြိုင်နေရသည့် အနေအထားတွင် ရှိနေသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က“သတင်းထောက် လောကမှာ ဖြစ်သွားတဲ့ ကိုဝလုံးဟာမျိုး။ နိုင်ငံလုံခြုံရေးအရ ဘယ်လိုစဉ်းစားမလဲ။ သတင်းထောက် တယောက်အတွက် လူ့ အခွင့် အရေးပဲ စဉ်းစားမလား။ ဒါမျိုးတွေလည်း နိုင်ငံသားတွေ အနေနဲ့သော်လည်းကောင်း၊ နိုင်ငံကို အုပ်ချုပ်တဲ့ အဖွဲ့ အစည်း တွေ အနေနဲ့ သော်လည်းကောင်း စဉ်းစားဖို့လိုတယ်။ ရခိုင်မှာ ပဋိပက္ခဖြစ်တယ်၊ ဘင်္ဂါလီ မွတ်စလင်တွေ သတ်တဲ့ အတွက် ရခိုင်တွေ သေတယ်။ တိုင်းရင်းသား မြို၊ ဒိုင်းနက်၊ ဟိန္ဒူတွေ အသတ်ခံရတဲ့အခါ လူ့အခွင့်အရေး ချိုးဖောက် ခံရတယ်လို့ ဘယ်သူကမှ မသတ်မှတ်ဘဲနဲ့ မွတ်စလင် ဘင်္ဂါလီတွေရဲ့ ကိစ္စကိုပဲ လူ့အခွင့်အရေး ချိုးဖောက်နေတာ ဆို တာမျိုးတော့ မဖြစ်သင့်ဘူး”ဟု ပြောသည်။
ယခု အစိုးရ လက်ထက်တွင် သတင်း မီဒီယာသမားများအပြင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ဆိုင်ရာ တက်ကြွ လှုပ်ရှားသူများကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တင်းကြပ်မှုများ ရှိနေကြောင်း အရပ်ဘက် အဖွဲ့အစည်းများက ပြောဆိုနေကြသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် ရေးသားဖော်ပြခွင့် နည်းတူ အခြားသော လူ့အခွင့်အရေး ချိုးဖောက်ခံရမှု များလည်း ရှိနေသေးသည်။
ယင်းတို့ထဲတွင် တပ်မတော် နှင့် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ လှုပ်ရှားနေကြသည့် စစ်မက် ဖြစ်ပွားရာ ဒေသများ ဖြစ်သည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း ယနေ့အချိန်ထိ ပြေငြိမ်းခြင်း မရှိသေးပေ။
စစ်ပွဲဖြစ်ပွားရာ ဒေသများတွင် နေထိုင်သူများမှာ နေရပ်စွန့်ခွာ တိမ်းရှောင်ကြရသူများ ရှိသကဲ့သို့ လက်နက်ကိုင် အဖွဲ့ (တပ်မတော်၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ တိုင်းရင်းသား လက်နက်ကိုင်) များ၏ သံသယ ဝင်ခံရပါက ဖမ်းဆီး စစ်ဆေး ရိုက်နှက်ခံရမှု အပြင် ဥပဒေမဲ့ သတ်ဖြတ်မှုများကိုပါ ခံစားနေကြရသည်။
- လက်ပံတောင်း သပိတ်စခန်း ဖြိုခွင်းမှုကြောင့် မီးလောင်ဒဏ်ရာရ သံဃာတော်များအရေး ဖြေရှင်းပေးရန် အရပ် ဘက် အဖွဲ့အစည်းများ ဆန္ဒ ထုတ်ဖော်စဉ်
ထို့ပြင် ပြည်သူ့စစ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အခွန် (ဆက်ကြေး) ကောက်ခံမှု၊ လူသစ် စုဆောင်း မှုများကို ခံစားနေရသည့် အပြင် အမျိုးသမီးများ လိင် အကြမ်းဖက်ခံရခြင်း၊ ကလေးငယ်များ ပညာသင်ခွင့် ဆုံးရှုံးခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ အမြဲလိုပင် ရှိနေသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က“အထူးသဖြင့် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တိုင်တန်းမှုတွေက နယ် စပ် ဒေသတွေမှာ ဆိုရင် လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စသဖြင့်ပေါ့။ ဒီဘက်မှာ လည်း ပြည်သူ့ရဲနဲ့ ပတ်သက်ပြီး အများအားဖြင့် အပြောခံရတာတွေ၊ တရားရုံးတွေရဲ့ စီရင်ဆုံးဖြတ်တာနဲ့ ပတ်သက်ပြီး အပြော ခံရတာတွေက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အများဆုံး ဖြစ်နေတာ”ဟု ပြောသည်။
ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကလည်း“လူ့ အခွင့် အရေး ချိုးဖောက် နေတာကတော့ အဓိက လူသားလုံခြုံမှုတွေ ထိခိုက်နေတာပဲဗျ၊ အသက် အိုးအိမ် စည်းစိမ် လုံခြုံမှု ကို ထိ ခိုက် တဲ့ အခွင့်အရေးကတော့ အကြီးဆုံးပေါ့။ လူသားလုံခြုံမှုက လုံးဝမရှိဘူး။ လူသား ဖြစ်လာရင် ဘဝ လုံခြုံ ရမယ့် ဟာ မရှိတော့ လူ့အခွင့်အရေး ချိုးဖောက်တာက အကြီးဆုံးဟာပေါ့။ မြို့ပေါ်တွေ ဘာတွေ ဆိုရင်တော့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တို့၊ လွတ်လပ်စွာ စုဝေးခွင့်တို့၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်တို့၊ အခြေခံ လူ့အခွင့်အရေးတွေ လည်း တချို့နေရာမှာ အကန့်အသတ်နဲ့ ဟန့်တားခြင်း ခံနေရတာ တွေ့ရတယ်လေ။ တောမှာ ဆိုရင်တော့ ပဋိပက္ခ နယ်မြေတွေမှာတော့ လူ့အခွင့်အရေးကို လုံခြုံရေးကဏ္ဍမှာ အဓိက ဖောက်ဖျက်နေတာပေါ့”ဟု ပြောဆိုသည်။
PNLO သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးထားသည့် တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့ တခု ဖြစ်သည်။
မွန်ပါတီမှ တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) နိုင်လယီတမက“ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သေးသရွေ့ ပြည်သူ တရပ်လုံး ဘယ်လိုမှ လူ့အခွင့်အရေးကို ခံစားနိုင်မှာ မဟုတ်သေးဘူး။ ပြည်တွင်းစစ်တွေ ရှိနေမယ်ဆိုရင်တော့ စစ်ဘေး ရှောင် ဒုက္ခသည်တွေ ရှိလာမယ်၊ စစ်ဘေးရှောင် နေကြရမယ်။ အဲဒီတော့ ငြိမ်းချမ်းရေး မရှိဘဲနဲ့တော့ လူ့ အခွင့် အရေးကို ပြည့်ပြည့်ဝဝ ခံစားနိုင်မယ်လို့ မထင်ဘူး”ဟု ပြောသည်။
မြန်မာပြည်သူများသည် လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ လူ့အခွင့်အရေးကို အာမခံချက် ပေးနိုင် သည့် ဒီမိုကရေစီ စနစ်အောက်တွင် နေထိုင်ခဲ့ကြရသော်လည်း ၁၉၆၂ ခုနှစ်မှစ၍ ၁၉၈၈ ခုနှစ် အရေးအခင်းပြီးနောက် ၂၀၁၀ အထိ စစ်တပ်က ဦးဆောင်သည့် အာဏာရှင် ခေတ် နှင့် တပ်မတော် အစိုးရ လက်အောက်တွင် နေထိုင်ခဲ့ကြရ သည့် အတွက် လူ့အခွင့်အရေးဆိုသည့် စကားရပ်နှင့် ရင်းနှီးမှု အလှမ်းဝေးခဲ့ရသည်။
ထို့နောက် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိ တပ်မတော် ခေါင်းဆောင်တချို့ ယူနီဖောင်းပြောင်းကာ အရပ်ဝတ်လဲ အုပ်ချုပ် သည့် ခေတ်ကာလတွင်မူ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်မည်ဟု ဆိုကာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက် တချို့အား ကန့်သတ်ချက်များဖြင့်ပင် မြန်မာပြည်သူတို့ကို ခံစားခွင့် ရစေခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို စုပြုံမဲပေးကာ အရပ်သားအစိုးရ အဖြစ် ရွေးချယ် တင်မြှောက်ခဲ့ပြီးနောက် ဒီမိုကရေစီစနစ် ထွန်းကားကာ လူ့အခွင့်အရေးကို အပြည့်အ၀ ခံစားနိုင်မည်ဟု လူထုက မှတ် ယူ ခဲ့သော်လည်း ယနေ့ထက်တိုင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစား၊ ရင်ဆိုင်နေကြရဆဲပင် ဖြစ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဒေါ်အေးမြမြမျိုးက“ကျမတို့က တောက်လျှောက် အာဏာရှင် လက် အောက်မှာ နေလာတဲ့ တိုင်းပြည်ဆိုတော့ လူ့အခွင့်ရေး ချိုးဖောက်တာက နေ့စဉ်နဲ့အမျှ နေရာတိုင်းလိုလိုမှာ မသိမသာ ရော သိသိသာသာရော ချိုးဖောက်ခံနေရတာ ဖြစ်ပါတယ်။ အထူးသဖြင့် အားနည်းတဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီး တွေမှာ ပိုပြီးတော့မှ ချိုးဖောက်မှု ခံရတာ၊ ပိုပြီးတော့မှ များတယ်လို့ ကျမမြင်တယ်”ဟု ပြောသည်။
- တပ်မတော်နှင့် KIA ကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများ
လက်ရှိ NLD အစိုးရ လက်ထက်တွင်ပင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် လွတ်လပ်စွာ ရေးသားပိုင်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် အပါအဝင် ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့် စသည့် အခွင့်အရေး များက ဆုံးရှုံးနေဆဲ ဖြစ်သည်။
လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၇ တွင် “လူတိုင်းတွင် တဦးချင်း အလိုက်သော် လည်းကောင်း၊ အဖွဲ့အစည်း အနေဖြင့်သော်လည်းကောင်း ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့် ရှိသည်” ဟု ပါရှိသည်။
သို့သော် စီမံကိန်းအကြောင်းပြ မြေသိမ်းမှုကြောင့် ဆန္ဒဖော်ထုတ်ပွဲများ၊ အကြမ်းဖက် ဖြေရှင်းမှုများ မပြတ်ဆိုသလို နိုင်ငံ အနှံ့ ဖြစ်ပေါ်နေပြီး တချို့ မြေယာကိစ္စများတွင် အစိုးရ လုံခြုံရေးများ၏ ပစ်ခတ်မှုများကြောင့် လူသေဆုံးမှုများ အထိပင် ရှိခဲ့သည်။
ထို့ပြင် တိုင်းရင်းသား ဒေသများရှိ ပြည်သူလူထုသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုင်ရာ အခွင့်အရေးများ ဆုံးရှုံးနေပြီး ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးခွင့် မရှိခြင်း၊ ၎င်းတို့ ဒေသထွက် သဘာ၀ သယံဇာတများ အပေါ် စီမံ ခန့်ခွဲပိုင်ခွင့်များလည်း ဆုံးရှုံး လျက်ရှိသည်။
ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အများပြည်သူ၏ နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာ နိုင်ငံတကာ စာချုပ်နှင့် စီးပွား၊ လူမှု၊ ယဉ်ကျေး မှု ဆိုင်ရာ နိုင်ငံတကာ စာချုပ်တို့တွင် ထည့်သွင်း ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။
ထိုသို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆုံးရှုံးနေခြင်းကြောင့် ပြည်တွင်းစစ် သက်ဆိုးရှည်က ဒေသခံများ လူ့အခွင့်အရေး ချိုးဖောက် ခံနေရခြင်း ဖြစ်သည်ဟုလည်း ပြောဆိုမှုများ ရှိသည်။
ယင်းကို ဖြေရှင်းရန်မှာ စစ်အစိုးရက ပြင်ဆင်ရန် ခက်ခဲအောင် ရေးဆွဲထားပြီး လက်ရှိ အစိုးရအထိ ကျင့်သုံးနေရသည့် ၂၀၀၈ အခြေခံဥပဒေ အပေါ် များစွာ မူတည်လျက် ရှိသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက“လူ့အခွင့်အရေးဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် တည်ငြိမ်တဲ့ ယန္တရားပေါ့။ အစိုးရက လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်တဲ့၊ ဒီမိုကရေစီနည်းကျ မှန်ကန်တဲ့ အဖွဲ့အစည်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ့ဗျာ။ အဲဒီလို ရှိရင် တော့ ဥပဒေနဲ့လည်း ကာကွယ်တယ်။ နောက်ပြီးတော့ အစိုးရ ယန္တရားကလည်းပဲ ကျင့်သားရသွားတယ် ဆိုရင်တော့ လူ့အခွင့်အရေးက နည်းနည်း အားကောင်းသွားမှာပေါ့။ လူ့အခွင့်အရေး အားကောင်းတဲ့ နိုင်ငံတွေကို ကြည့်ရင်တော့ နိုင်ငံရေးလည်း တည်ငြိမ်တယ်၊ စီးပွားရေးလည်း အားကောင်းတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ ကလည်း ခိုင်ခံ့ တာ ပေါ့။ ဒါမျိုးတွေမှာတော့ လူ့အခွင့်အရေးကတော့ အားကောင်းတာပေါ့”ဟု ပြောဆိုသည်။ ။