ဆောင်းပါး

ရခိုင်ရှိ ဒုက္ခသည်စခန်းများ ပိတ်သိမ်းသော်လည်း အိမ်မပြန်ကြရသေး

Want create site? Find Free WordPress Themes and plugins.

သိန်းနှင့်ချီသော ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်စတင်ပို့ဆောင်ရန် လွန်ခဲ့သော လက မအောင်မြင်သော အားထုတ်မှုကို ကမ္ဘာက အာရုံစိုက်နေချိန်တွင် မြန်မာနိုင်ငံတွင်း ရှိနေသေးသော ရာနှင့်ချီသည့် မွတ်စလင်များသည် နိုင်ငံမှ လှေများဖြင့် ထွက်ပြေးရန် ကြိုးစားနေကြပြန်သည်။

၎င်းတို့၏ ထွက်ပြေးရန် အားထုတ်မှုသည် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ကျပ်သိပ်နေသော စခန်းများမှ ဒုက္ခသည်များနှင့် တခြားသော နေရပ်စွန့်ခွာ ထွက်ပြေးရသူ မွတ်စလင် ၁၂၈၀၀၀ တို့ကို မီးမောင်းထိုးပြနေသည်။ ၎င်းတို့၏ နေအိမ်အများစုက လွန်ခဲ့သော ၆ နှစ်ခန့်က ဖျက်ဆီးခဲ့သည်။

၎င်းတို့၏ ကံကြမ္မာကို ဖြေရှင်းပေးရန် နိုင်ငံတကာ ဖိအားကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရက ထိုစခန်းများကို ပိတ်ပစ်နေသည်။ ထိုသို့ ပိတ်ပစ်ခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပြီး စခန်းတွင် နေထိုင်သူများ၏ လုပ်အားကို ကောင်းစွာ အသုံးချခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုကဲ့သို့သော စခန်း ၅ ခုတွင် နေထိုင်သူ ၁ ဒါဇင်ခန့်ကို Reuters သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုများနှင့် ကုလသမဂ္ဂ ဌာနတွင်း စာရွက်စာတမ်းများအရ ထိုသို့ ပိတ်ပစ်ခြင်းသည် ၎င်းတို့ကို မူလထွက်ပြေးလာသော နေရာသို့ ပြန်လည် ပို့ဆောင်ခြင်း မဟုတ်ဘဲ အိမ်သစ်များ တည်ဆောက်ခြင်းနှင့် စခန်းအနီးတွင် နေအိမ်များ တည်ဆောက်ခြင်းသာ ဖြစ်ကြောင်း ပြသနေသည်။ ထို့ကြောင့် ၎င်းတို့၏ အခြေအနေမှာ အနည်းငယ်သာ ပြောင်းလဲမှု ရှိကြောင်း တွေ့ရသည်။

နေရာသစ်သို့ ပြောင်းသွားသူများသည် ယခင်ကဲ့သို့ပင် တင်းကျပ်သော သွားလာမှု ကန့်သတ်ခြင်းများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း စခန်းများတွင် နေထိုင်သူများနှင့် ဝန်ထမ်းများက ပြောသည်။

စစ်ဆေးရေးစခန်း ကွန်ရက်နှင့် ဒေသခံ ဗုဒ္ဓဘာသာဝင်များ၏ အကြမ်းဖက်မည့် ခြိမ်းခြောက်မှုများကြောင့် မွတ်စလင်တို့သည် ရခိုင်ပြည်နယ်တွင် လွတ်လပ်စွာ သွားလာနိုင်ခြင်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့သည် အသက်မွေး ဝမ်းကြောင်း ရင်းမြစ်များနှင့် အဆက်ပြတ်နေပြီး လူသားချင်း စာနာမှုအကူအညီများကို သာ မှီခိုနေရသည်ဟု သတင်း ရင်းမြစ်များက ဆိုသည်။

“ကျနော်တို့ အိမ်သစ်ကို ပြောင်းသွာပြီ။ ဒါ မှန်တဲ့စကားပဲ။ စခန်းက ပိတ်သွားပြီ” ဟု ရခိုင်ပြည်နယ် အလယ်ပိုင်း နီဒင်စခန်းမှ ရပ်ရွာ ခေါင်းဆောင် ဦးကျော်အေးက ပြောသည်။ “ဒါပေမယ့် ဘယ်ကိုမှ သွားလို့မရလို့ ဘယ်တော့မှ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်မှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။

စခန်းများသို့ သတင်းထောက်များ လွတ်လပ်စွာ သွားလာခွင့်မရှိသောကြောင့် Reuters သတင်းဌာနသည် နေရပ်စွန့်ခွာ မွတ်စလင်များကို ဖုန်းဖြင့်သာ မေးမြန်းနိုင်ခဲ့သည်။

ပြည်တွင်း နေရပ်စွန့်ခွာရသူများ အဖြစ် သိရှိကြသော ရခိုင်နှင့် အခြားဒေသများမှ အကြမ်းဖက်မှုများကြောင့် နေအိမ်များကို စွန့်ခွာခဲ့ရသော သူများကို ထားသည့် စခန်းများကို ပိတ်ပစ်ရန် အစိုးရသည် ကုလသမဂ္ဂနှင့်အတူ အမျိုးသား သေနင်္ဂဗျူဟာ ချမှတ်ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဦးဝင်းမြတ်အေးက ပြောသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ ထွက်ပြေးရသူများ အနေဖြင့် နိုင်ငံသားဖြစ်ခွင့် စိစစ်ရေးကတ် (NVC) ရှိလျှင် ၎င်းတို့၏ သွားလာမှုကို တရားဝင် ကန့်သတ်ချက် မရှိကြောင်းနှင့် ကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှုများလည်း တန်းတူညီမျှ ရရှိကြောင်း ဦးဝင်မြတ်အေးက စာဖြင့်မေးသော မေးခွန်များကို ဖြေကြားရာတွင် ရေးသားထားသည်။

သို့သော် ထိုကတ်ကို လက်ခံသော သူများအတွက်ပင် တင်းကျပ်သော သွားလာမှု ကန့်သတ်ချက်များ ရှိနေဆဲဖြစ်ကြောင်း အကူအညီ ပေးရေး လုပ်သားများနှင့် မွတ်စလင် ဒေသခံများက ပြောသည်။ ထိုကတ်ကို ကိုင်ဆောင်ခြင်းသည် နိုင်ငံသား ဖြစ်ကြောင်း သက်သေပြရမည့် နိုင်ငံခြားသားများ ဖြစ်သည့်သဘော သက်ရောက်သောကြောင့် ထိုကတ်ကို ရိုဟင်ဂျာ အများစုက လက်ခံခြင်း မရှိပေ။

စခန်းများကို ပိတ်ပစ်သည့် အစိုးရ၏ အစီအစဉ်သည် နေရပ်စွန့်ခွာရသူများ၏ လူ့အခွင့်အရေး အများအပြားကို ငြင်းဆန်ပြီး ခွဲခြားထားခြင်းကို ပိုမို ခိုင်မာအောင်လုပ်သည့် အန္တရာယ်ရှိနေကြောင်း မြန်မာနိုင်ငံမှ ကုလသမဂ္ဂ အကြီးအကဲ နတ်အော့စဘီက စက်တင်ဘာလ ၂၄ ရက်နေ့က မှတ်တမ်းတခုတွင် ရေးသားသည်။

ထိုမှတ်တမ်းနှင့် ပတ်သက်ပြီး သူ၏ရုံးက မှတ်ချက်ပေးခြင်း မပြုဘဲ ကုလသမဂ္ဂသည် စခန်များပိတ်ရန် အစိုးရ၏ အစီအစဉ်အပေါ် ဝေဖန်ပြောကြားချက်များကို ကြိုဆိုကြောင်းနှင့် ထိုဝေဖန်ချက်များကို တုန့်ပြန်ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း စာဖြင့် ဖြေကြားသည်။

ထိုသို့ တုန့်ပြန်ဆောင်ရွက်မှုများတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူအားလုံးကို လွတ်လပ်စွာ သွားလာခွင့်ပေးရေး၊ ပြန်လည် နေရာချထားရာတွင် ပါဝင်ဆောင်ရွက်ခွင့်ပေးရေးနှင့် မူလနေအိမ် သို့မဟုတ် ၎င်းတို့ရွေးချယ်သော တခြားနေရာသို့ သွားခွင့်ပေးရေး စသည့် အကြံပြုချက်ပါသည်ဟု အော့စဘီက ပြောသည်။

ရေကြောင်းမှ ထွက်ပြေးခြင်း

မိုးရပ်သွားသည်နှင့် စက်လှေ အနည်းဆုံး ၃ စင်း ရခိုင်ပြည်နယ်မှ ထွက်ပြေးခဲ့သည်/ Reuters

ရခိုင်ပြည်နယ်တွင် နေထိုင်ဆဲသူများအတွက် အခြေအနေ တိုးတက်အောင် လုပ်ဆောင်ခြင်းသည် ဘင်္ဂလားဒေ့ရှ်ရှိ စခန်းများတွင် ခိုလှုံနေသူများ ပြန်လာအောင် စည်းရုံးရာတွင် သော့ချက်ဖြစ်ကြောင်း ရိုဟင်ဂျာ အသိုင်းအဝန်း ခေါင်းဆောင်များက ပြောသည်။

စစ်သွေးကြွများက ၂၀၁၇ ခုနှစ် သြဂုတ်လတွင် တိုက်ခိုက်အပြီး ဆောင်ရွက်သော စစ်ဆင်ရေးများကြောင့် လူ ၇၃၀၀၀၀ ခန့် ထွက်ပြေးသွားခဲ့သည်။ မြန်မာစစ်တပ်သည် လူမျိုးတုန်း သတ်ဖြတ်ရန်ရည်ရွယ်ချက်ဖြင့် သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနှင့် မီးရှို့မှုများ ကျူးလွန်သည်ဟု ကုလသမဂ္ဂ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သော စုံစမ်းစစ်ဆေးသူများက ပြောသည်။ မြန်မာနိုင်ငံကမူ ထိုစွပ်စွဲချက်အားလုံးနီးပါးကို ငြင်းဆန်ပြီး အကြမ်းဖက်သမားများကို တရားဝင် စစ်ဆင်ရေး လုပ်သည်ဟု ပြောသည်။

နိုဝင်ဘာလလယ်တွင် စတင်ရန် စီစဉ်ထားသည့် ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို ဒုက္ခသည်များက တားဆီးခဲ့ပြီး နေရပ်ပြန်ရေးအတွက် မှန်ကန်သော အခြေအနေများ မရှိသေးကြောင်း ပြောသည်။

ထိုစဉ်အတွင်း အောက်တိုဘာလ မိုးရာသီကုန်ပြီးနောက်တွင် အမျိုးသား၊ အမျိုးသမီး၊ ကလေး ဆယ်ပေါင်းများစွာ လိုက်ပါလာသော စက်လှေ အနည်းဆုံး ၃ စင်းသည် ရခိုင်ပြည်နယ်မှ မလေးရှားသို့ ထွက်ခွာခဲ့သည်။ ထို ရေလမ်းကြောင်းသည် မြန်မာနိုင်ငံမှ ညှဉ်းပမ်းနှိပ်စက်မှုများကြောင့် ထွက်ပြေးသည့် ရိုဟင်ဂျာများ အသုံးပြုသည့် အန္တရာယ် များသော လမ်းကြောင်းဖြစ်သည်။

“သူတို့တွေ လှေနဲ့ထွက်ပြေးဖို့ လမ်းကို ရွေးတယ်ဆိုတာ နေရပ်စွန့်ခွာ စခန်းတွေမှာ ဘာဖြစ်နေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သက်သေ ပြလိုက်တာပါပဲ” ဟု ဘင်္ဂလားဒေ့ရှ်မှ လူငယ် တက်ကြွလှုပ်ရှားသူ ကိုခင်မောင်က ပြောသည်။

ရခိုင်ပြည်နယ် အလယ်ရှိ စခန်းများတွင် အကျဉ်းသားသဖွယ် နေထိုင်နေသော မွတ်စလင်များနှင့် သူ အဆက်အသွယ် ရှိကြောင်းလည်း ပြောသည်။

“သူတို့တတွေ ဒီလိုပဲနေနေရရင် နေရပ်ပြန်ဖို့ ကျနော်တို့ ဘယ်လို သဘောတူနိုင်မလဲ” ဟု သူက ရှင်းပြသည်

မြန်မာနိုင်ငံသည် နေရပ်စွန့်ခွာသူများနှင့် ပြန်လာနိုင်ချေရှိသူများ၏ ဘ၀ အခြေအနေ တိုးတက်အောင် လုပ်နေသည်ဟု ဦးဝင်းမြတ်အေးက ပြောသည်။

“သူတို့အတွက် နေရာထိုင်ခင်း၊ အသက်မွေးဝမ်းကြောင်းနဲ့ လူမှုစီးပွား တိုးတက်ရေးအတွက် ကျနော်တို့ စီစဉ်နေတာတွေကို သူတို့ အပြည့်အဝနားမလည်လို့ နေရပ်စွန့်ခွာသူတွေဟာ လှေနဲ့ ထွက်ပြေးနေကြတာလို့ ကျနော်ထင်တယ်” ဟု သူက ဆိုသည်။

ခွဲခြားထားရှိရာတွင် ရင်းနှီးမြှုပ်နှံခြင်း

မိုးတွင်းတွင် ရေလွှမ်းနေတတ်သော ယာယီစခန်း/Reuters

ရခိုင်ပြည်နယ်ရှိ ထိုသို့သော စခန်း ၁၈ ခုအနက် တခုသည် ၂၀၁၂ ခုနှစ်က အသိုင်းအဝန်းများအကြား ပဋိပက္ခဖြစ်ပွားရာ ရခိုင်ပြည်နယ် အလယ်ပိုင်း မြေပုံမြို့ပြင်တွင် တည်ရှိသည်။

စုစုပေါင်း ၃၀၀၀ ခန့်ရှိသော မွတ်စလင်များကို နေရပ်မှ မောင်းထုတ်ပြီး တောင်ပေါ်ဟု ခေါ်သော ထိုစခန်းတွင်ထားသည်။ ထိုယာယီစခန်းဟု ယူဆရသော နေရာမှာ ဘင်္ဂလားပင်လယ်အော်နှင့် ယခု ဗုဒ္ဓဘာသာဝင်များသာ ရှိတော့သည့် မြို့အကြား ကမ်းမြှောင်တွင်ရှိသည်။

ထိုနေရာသည် ရေလွှမ်းမိုးမှု ဒဏ်ခံရတတ်သော်လည်း အာဏာပိုင်များသည် ထိုစခန်းအနီး စပါးခင်းများနှင့် ကပ်လျှက်တွင် ယခုနှစ်အတွင်း အိမ် အလုံး ၂၀၀ တည်ဆောက်သည်။ ဇွန်လ အစောပိုင်းကပင် ရေလွှမ်းမိုးခဲ့သေးသည်။ စက်တင်ဘာလ တွင်မူ အာဏာပိုင်များသည် မွတ်စလင်သီးသန့် စာသင်ကျောင်းအတွက် အဆောက်အအုံသစ် နှစ်လုံး တည်ဆောက် ခဲ့သည်။

“ရခိုင်ပြည်နယ်အစိုးရသည် ပေါင်းစည်းမှုကို အားပေးခြင်း မရှိဘဲ ထာဝရ ခွဲခြားထားရှိခြင်းတွင် ရင်းနှီးမြှုပ်နှံသည့် လက္ခဏာ ဖြစ်သည်” ဟု စက်တင်ဘာလ ၃၀ ရက်နေ့ ရက်စွဲတပ်ထားပြီး အကူအညီပေးရေး လုပ်သားများ၏ ပူပန်မှုများကို ဖော်ပြထားသည့် ကုလသမဂ္ဂ အရာရှိများက ထုတ်ပြန်သည့် မှတ်တမ်းတခုတွင် ဖော်ပြထားသည်။ ထို ပေါက်ကြားသွားသော မှတ်တမ်းနှင့် ပတ်သက်ပြီး ကုလသမဂ္ဂက မှတ်ချက်မပေးပေ။

မြေပုံမှ တချို့ မွတ်စလင်များတွင် နိုင်ငံသား စိစစ်ရေးကတ်ရှိပြီး တချို့မှာ နိုင်ငံသားဖြစ်ခွင့် စိစစ်ရေးကတ် ရယူထားသူများ ဖြစ်သည်။ ၎င်းတို့သည် ၂၀၁၂ ခုနှစ်က အသိုင်းအဝန်းနှစ်ခုအကြား ပဋိပက္ခ ပြင်းထန်ခဲ့သော မြို့တွင်းသို့ ယခုတိုင် ပြန်လည် သွားရောက်နိုင်ခြင်း မရှိကြပေ။ ရခိုင်ဗုဒ္ဓဘာသာဝင် များသည် စခန်းများသို့ ပေးသည့် အကူအညီများကိုလည်း မကြာခဏ ပိတ်ဆို့ကြသည်။

“သူတို့က လူတွေကို အိမ်သစ်တွေ ဆောက်ပေးပေမယ့်၊ လွတ်လွတ်လပ်လပ် သွားလာလို့မရရင် အလုပ်လုပ်ဖိ့ုက အခွင့်အလမ်း ရမှာမဟုတ်ဘူး” ဟု စခန်းတွင် နေထိုင်သူ အသက် ၄၉ နှစ်အရွယ် ဒေါ်ချိုချိုက ပြောသည်။

အသိုင်းအဝိုင်းနှစ်ခုတို့သည် ကွဲပြားလွန်းသောကြောင့် အတူတကွ နေထိုင်ရန် မဖြစ်နိုင်ကြောင်းနှင့် မွတ်စလင်များသည် ရန်လိုကြောင်း မြေပုံရှိ ရခိုင်ဗုဒ္ဓဘာသာ အသိုင်းအဝန်း ခေါင်းဆောင် ဦးအောင်သာကျော်က ဆိုသည်။

“အစိုးရက သူတို့ကို အိမ်သစ်တွေ ဆောက်ထားပေးတယ်။ ဒါကြောင့် သူတို့ မြို့ထဲလာစရာ မလိုဘူး” ဟု သူက ဆက်ပြောသည်။

တောင်ပေါ်စခန်းနှင့် ပတ်သက်သော မေးခွန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အရာရှိတဦးဖြစ်သူ ဒေါ်လဲ့လဲ့အေးက ရခိုင်ပြည်နယ် အစိုးရအရာရှိများသို့ လွှဲပြောင်းပေးသော်လည်း ထိုအရာရှိများကို ဆက်သွယ်၍ မရခဲ့ပေ။

ခွဲခြားဆက်ဆံရေး မူဝါဒ

စခန်းများကို ပိတ်ရန် နည်းပညာ အကူအညီပေးခြင်း အပါအဝင် မြန်မာနိုင်ငံအနေဖြင့် လမ်းကြောင်းပြောင်းရန် လူသားချင်း စာနာမှု အသိုင်းအဝန်း၏ အားထုတ်မှုများ ရှိသော်လည်း မိမိတို့မြင်နေရသော မြင်ကွင်းမှာ အများစုသည် နိုင်ငံမဲ့ဖြစ်သော မွတ်စလင်များကို ရခိုင်ပြည်နယ် အလယ်ပိုင်းတွင် အမြဲတမ်း ခွဲခြားထားရှိသော ခွဲခြားဆက်ဆံမှု မူဝါဒ အကောင်အထည် ဖော်ခြင်း ဖြစ်နေသည်ဟု Frontier Myanmar မဂ္ဂဇင်းက ပထမဆုံးဖော်ပြခဲ့ပြီး Reuters က ဆက်လက်တင်ပြသည့် စက်တင်ဘာလ နှောင်းပိုင်းတွင် ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ပြင်ဆင်ထားသည့်ဌာနတွင်း ဆွေးနွေးမည့် အချက်များ မှတ်စုတွင် ဖော်ပြထားသည်။

အစိုးရသည် ကုလသမဂ္ဂ အေဂျင်စီများ၊ အစိုးရမဟုတ်သော အဖွဲ့များနှင့် ပြည်ပ သံတမန်များနှင့် တိုင်ပင်ပြီး စခန်းများ ပိတ်သိမ်းရေးကို လုပ်ကိုင်နေသောကြောင့် ထိုသို့သော သတိပေးချက်များကို ပူပန်ခြင်း မရှိကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

လာမည့်နှစ်အတွင်း ရခိုင်ပြည်နယ်မှ လူသားချင်း စာနာမှုလုပ်ငန်းများ အတွက် ဒေါ်လာ ၁၄၅ သန်း ကုန်ကျမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

နိုင်ငံပိုင် မီဒီယာက စခန်းပိတ်သိမ်းကြောင်း သြဂုတ်လတွင် ကြေညာပြီး နောက်ပိုင်းတွင် ၎င်းတို့၏ အခြေအနေမှာ တိုးတက်မှု မရှိသလောက်ပင် ဖြစ်ကြောင်း တောင်ပေါ်၏ မြောက်ဖက် ၆၂ မိုင်အကွာရှိ နီဒင် ဒေသခံဟောင်းများက Reuters သို့ ပြောသည်။

၎င်းတို့ အများစုသည် ၂၀၁၂ ခုနှစ် အကြမ်းဖက်မှု မတိုင်မီက ၎င်းတို့ နေထိုင်ခဲ့သော ကျောက်တော်သို့ မပြန်နိုင် ဖြစ်နေသည်။

မွတ်စလင်များသည် မြို့ပြင်တွင် လွတ်လပ်စွာ သွားလာနိုင်ကြောင်း၊ သို့သော် ပြန်လာရန် ကြိုးစားလျှင် အသတ်ခံရမည် ဖြစ်ကြောင်း ရခိုင်ဗုဒ္ဓဘာသာ ဆရာဝန် ဒေါက်တာ ထွန်းဝေက ပြောသည်။

မွတ်စလင်များ မြို့ထဲမဝင်နိုင်ကြောင်း ကျောက်တော်ရဲစခန်းမှ ဒုတိယအကြီးအကဲ ဦးစိုးလွင်က ပြောသော်လည်း မြို့ထဲ ဝင်လာလျှင် အကြမ်းဖက်ခံရမည်ဟူသော အချက်ကိုမူ သူက ငြင်းသည်။

“ကျနော်တို့မှာ တရားဥပဒေ စိုးမိုးမှုရှိတယ်” ဟု သူက ပြောသည်။

မွတ်စလင်များသည် ယခုအခါ ၎င်းတို့ မပိုင်သော စပါးကွင်းများ ပတ်လည်ဝိုင်းနေသော နေရာတွင် နေထိုင်နေ ရသည်။ ၎င်းတို့သည် ကိုယ်ပိုင်ငါးဖမ်း ကိရိယာ မရှိဘဲ ငါးဖမ်းရပြီး ဖမ်းမိသည့် ပမာဏမှာလည်း နည်းသောကြောင့် ကိရိယာ ငှားခသာ ရသည်ဟုလည်း ရိုဟင်ဂျာ ငါးဖမ်းသမားများက ပြောကြသည်။

သန့်ရှင်းသော ရေပေးဝေမှု မရှိသောကြောင့် ကလေးများသည် စိုက်ပျိုးရေများတွင် ရေချိုးရပြီး အရေပြား အစက်အပျောက် ဖြစ်နေကြသည်။

“ဝင်ငွေမရှိတော့ ကလေးတွေကို မကျွေးနိုင်ဘူး။ အကူအညီတွေသာ မရရင် ငတ်သေမယ်” ဟု ယခင်က စခန်းတွင် နေထိုင်ခဲ့သူ အသက်၄၃ နှစ်အရွယ် မခင်လှကပြောသည်။

(Reuters သတင်းဌာန၏ ‘We can’t go anywhere’ – Myanmar closes Rohingya camps but ‘entrenches segregation’ ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading