သပွတ်အူလိုက်နေသည့် ရခိုင်ပြည်နယ်တွင်း နိုင်ငံရေးအကျပ်အတည်းများ မဖြေရှင်းနိုင်သေးချိန်တွင် ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခများက တစထက် တစ နယ်မြေကျယ်ပြန့်လျက် ရှိသည်။
ယခင်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာ လိုင်ဇာတွင် ဗဟိုဌာနချုပ်ဖွင့် အခြေစိုက်ခဲ့သည့် ရက္ခိုင့်တပ်မတော် (AA) က ချင်းပြည်နယ်အထက်ပိုင်း မြန်မာ-အိန္ဒိယနယ်စပ်တွင် ဗဟိုဌာနချုပ် ဖွင့်လှစ် လှုပ်ရှားပြီးနောက် ပြည်နယ်အတွင်း ခပ်စိတ်စိတ် ဖြစ်လာခဲ့သည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် AA နှင့် တပ်မတော်တို့ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်ကာ နှစ်ဖက် ထိခိုက် ကျဆုံးမှုများ ရှိခဲ့ပြီး ယခု ပွင့်လင်းရာသီတွင်လည်း တိုက်ပွဲများက ရက်ဆက်ဆိုသလို ဖြစ်လာနေသည်။
နိုဝင်ဘာလ ၃၀ ရက်မှ စကာ မြန်မာ-ဘင်္ဂလားနယ်စပ် မိုင်တိုင် အမှတ် ၆၄ အနီး၊ ဘူးသီးတောင်မြို့နယ်၊ နဟန်ကျေးရွာနှင့် ဝါးနက်ရုံအကြား၊ ရသေ့တောင်မြို့နယ် ရေစိုးချောင်းအနီးတွင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းသို့ မသွားရန် ဒေသခံများအား တပ်မတော်ဘက်က ပိတ်ပင်ထားသည်ဟု သိရသည်။
ဒီဇင်ဘာလ ၉ ရက်က ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲတခုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဖက်ဝန်းချောင်းကျေးရွာမှ ရွာသား ၄၀ ကျော်မှာ ယင်းမြို့နယ်အတွင်းရှိ သင်ပုန်းတန်းကျေးရွာသို့ စစ်ရှောင်နေခဲ့ရသည်။
“လက်နက်ကိုင် ပဋိပက္ခကတော့ဗျာ။ AA ကလည်း အခြေချဖို့ ကြိုးစားနေတဲ့ကာလဆိုတော့ တပ်ကလည်း တားမှာပဲ။ တားဖို့ ကြိုးစားရင်တော့ လက်နက်ကိုင်ပဋိပက္ခက ရှိနေဦးမှာပဲ ” ဟု တိုင်းရင်းသားအရေး သုတေသီ ဆောင်းပါးရှင် ဦးမောင်မောင်စိုး က သုံးသပ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးဦးလှစောကလည်း “မြန်မာပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်ဟာ လက်နက်ကိုင် တော်လှန်ရေးဖြစ်စဉ်နဲ့ပဲ သွားနေတာ။ KIA နဲ့ဆိုရင်လည်း ဆွေးနွေးနေရင်းပင် တိုက်ပွဲဖြစ်တယ်။ အလွတ်သဘော တွေ့ဆုံတယ်။ ဒီလိုပဲ သွားနေတာ။ ဒီဟာတွေက သမရိုးကျဖြစ်နေကျပဲ။ သို့သော် ရခိုင်ပြည်နယ်အတွက်တော့ ဆန်းပြားနေတယ်” ဟု ဆိုသည်။
ရက္ခိုင့်တပ်မတော် AA ကို KIA ထိန်းချုပ်ရာ လိုင်ဇာတွင် ခေတ်ပညာတတ် ရခိုင်လူငယ် ၂၆ ဦးဖြင့် ၂၀၀၉ ခုနှစ်က စတင် ဖွဲ့စည်းခဲ့သည်ဟု သိရပြီး နောက်ပိုင်းတွင် ရခိုင်အမျိုးသားအဖွဲ့ချုပ် (United League for Arakan – ULA) ကို ဖွဲ့စည်းခဲ့သည်။
ဥက္ကဋ္ဌအဖြစ် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တာဝန်ယူကာ အတွင်းရေးမှူးအဖြစ် ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က တာဝန်ယူသည်။ ခေတ်သစ် ရခိုင့်တော်လှန်ရေးသမိုင်းတွင် လူထု ထောက်ခံမှု အများဆုံး ရရှိထားသည့် အဖွဲ့ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။
ထို့ပြင် AA ၏ နောက်တွင် နိုင်ငံတကာရောက် ရခိုင်ပညာတတ် လူငယ်များက ထောက်ခံပေးခြင်းနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စများတွင် ပါဝင် အကြံပေး လုပ်ဆောင်ပေးခြင်းကလည်း AA အတွက် အားကောင်းစေခဲ့ပြီး လူထုထောက်ခံမှု ရရှိရန်အတွက် တွန်းအားတရပ် ဖြစ်နေစေသည်။
၂၀၁၄ ခုနှစ် ဧပြီလအတွင်း ရခိုင်ပြည်နယ်အတွက် အချက်အချာကြသည့် ကျောက်ဖြူတွင် ရခိုင်အမျိုးသား ညီလာခံတခုကို ကျင်းပခဲ့ပြီး အဝေးရောက် ရခိုင် လူအှုအဖွဲ့အစည်းများ တက်ရောက်ခဲ့သလို AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နှင့် အဖွဲ့လည်း တက်ရောက်ခဲ့သည်။
ညီလာခံအပြီး ရခိုင်မြို့ကြီးအချို့ကို ဒေါက်တာညိုထွန်းအောင်နှင့် အဖွဲ့ လှည့်ပတ်နိုင်ခဲ့ပြီးနောက် AA တပ်ဖွဲ့ဝင် အင်အားမှာ အတိုင်းအတာတခုအထိ တိုးပွားလာသည်ဟု လေ့လာစောင့်ကြည့်သူများက ဆိုကြသည်။
၂၀၁၆ ခုနှစ်တွင် ဦးညီပု ခေါင်းဆောင်သည့် ပြည်နယ်အစိုးရနှင့် ရခိုင်အမျိုးသားပါတီ (ANP) ဦးဆောင်သည့် ပြည်နယ်လွှတ်တော် အတွင်း၌လည်း ပွတ်တိုက်မှုများ များပြားနေခြင်းကလည်း ရခိုင်လူထု ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းရေးအတွက် လုံလောက်သည့် စွမ်းဆောင်နိုင်ရည် မရှိခြင်းအတွက် အကြောင်းရင်းတရပ် ဖြစ်နေသည်။
ယင်းသို့သော အနေအထားကြောင့် ဒေသတွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးပြဿနာများက ပါတီနိုင်ငံရေးထက် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်မှာ ပိုလက်တွေ့ဆန်သည်ဆိုသော ယူဆချက်များ လူငယ်များအကြား ပျံ့နှံ့လာစေသည်ဟုလည်း ဆိုကြသူများလည်း ရှိသည်။
ဦးဦးလှစော က “ရခိုင်ပြည်မှာ ဒီမိုကရေစီ အသီးအဖွင့်ကို တခုမှာ မခံစားရဘူး။ နောက်ပြီးတော့ ဗဟိုအစိုးရကလည်း ရခိုင်ပြည်အရေးအခင်းမှာ ကိုင်တွယ်ပုံ ညံ့တယ်။ ဗဟိုအစိုးရကို တာဝန်ခံထားတဲ့ ၊ သစ္စာခံထားတဲ့ ပြည်နယ် အစိုးရကလည်း စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့အခါ ဒီမိုကရေစီ ဖြစ်စဉ်အပေါ်မှာ လူငယ်တွေကလည်း အယုံအကြည် မဲ့လာတယ်။ အဲဒါတွေက လက်နက်ကိုင်လမ်းစဉ်အပေါ်မှာ ပိုပြီးတော့ အားကိုး လာတာတွေ ပါမှာပေါ့” ဟု သုံးသပ်သည်။
ထို့ပြင် ရခိုင်ဒေသအတွင်း အကောင်အထည်ဖော်နေသည့် အစိုးရစီမံကိန်းများ၊ အစိုးရနှင့် ပြည်ပနိုင်ငံများ ပူးတွဲလုပ်ဆောင်သည့် ဖက်စပ်စီမံကိန်းများ ရှိနေသော်လည်း ဒေသတွင်း ရခိုင်လူထုအတွက် အကျိုးအမြတ် မရရှိဘဲ လူထုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေခြင်းတို့က ရခိုင်ဒေသတွင်း လူငယ်များအတွက် မကျေနပ်မှုများကို ပိုမို အားကောင်းလာစေခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ပြည်ပတိုင်းပြည်သို့ သွားရောက် အလုပ်မလုပ်သည့် ကျေးရွာဟူ၍ မရှိတော့ပေ။
မိသားစုတစုတွင် အနည်းဆုံး ၁ ဦးမှ ၃ ဦးအထိ ပြည်ပထွက်နေကြသည်။ ထို့ပြင် ကချင်ပြည်နယ်ရှိ ကျောက်တွင်းများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည့် လူငယ်အရေအတွက်မှာလည်း တစထက် တစထက် တိုးပွားလျက် ရှိသည်။
ရခိုင်အခြေစိုက် ဝံလက်ဖောင်ဒေးရှင်မှ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်သူ ဦးခိုင်ကောင်းစံ က “အင်အားဖြစ်ထွန်းအောင် တွန်းပို့တာကတော့ နိုင်ငံရေးအရ တန်းတူရည်တူ ဆွေးနွေးမှုထဲမှာ ရှောင်ဖယ်ခြင်းခံရတာကလည်း အကြောင်းအရာတခု။ နောက်တခုက ရက္ခိုင့်တပ်မတော် အခြေစိုက်ထားတဲ့ ကချင်ပြည်နယ်မှာ ရခိုင်လူငယ်တွေ သွားရောက် အလုပ်လုပ်ကိုင်တဲ့ အခါ ကချင်နဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ပျက်ပြယ်သွားတဲ့ အခြေအနေကလည်း အင်အားဖြစ်စေတဲ့အကြောင်း ပါဝင်တယ်” ဟု ဆိုသည်။
ထိုသို့သော အခြေအနေများက နီရဲသည့် အောက်ခံပေါ်တွင် ရခိုင့်တံဆိပ် သဇင်ပန်းခတ်ကို ညာဘက် လက်မောင်းတွင် တပ်ဆင်ကာ ဘယ်ဘက် လက်မောင်းတွင် အပြာရောင် ဒေါင်းရန် ငှက်တံဆိပ်ပါ AA စစ်ယူနီဖောင်းကို ရခိုင်လူငယ်များ နှစ်သက် မြတ်နိုးစရာ ဖြစ်လာစေခဲ့သည်။
အချို့သော ရခိုင်ဒေသခံ မိဘများမှာ ၎င်းတို့၏ သားသမီးကိုယ်တိုင် ဆန္ဒရှိပါက AA သို့ ဝင်ရောက်ရန် ခွင့်ပြုမှုများ ရှိနေကာ သွားလာရ လွယ်ကူမှု ရှိစေရန်အတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားများပင် လုပ်ဆောင်ပေးလိုက်ခြင်းများ ရှိကြောင်း စုံစမ်းသိရှိရသည်။
ထို့ပြင် ULA/AA စည်းရုံးရေး တာဝန်ခံများကလည်း အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ တရုတ် စသည့် အိမ်နီးချင်း နိုင်ငံများတွင် အလုပ်လုပ်င်နေကြသည့် လူငယ်များကို လိုက်လံစည်းရုံးကာ AA အတွက် လစဉ်ကြေးများ ကောက်ခံ ရယူနိုင်ခဲ့ပြီး ခံစားချက် ပြင်းပြနေသည့် လူငယ်များကို တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းနိုင်မှုများ ရှိနေသည်ဟုလည်း သိရသည်။
AA နှင့် Arakan Dream 2020
“၂၀၂၀ Arakan Dream ဆိုတာကတော့ ကျနော်တို့ ရက္ခိတအိပ်မက် ၂၀၂၀ ဖြစ်တယ်။ ကျနော်တို့ ပြောချင်တာက ရက္ခိတ လမ်းစဉ်အတိုင်း ကျနော်တို့ တသွေမတိမ်း ချီတက်နေတယ်။ ရက္ခိလမ်းစဉ်ကို အကောင်အထည်ဖော်နေတယ်” ဟု ဦးခိုင်သုခက ပြောသည်။
သို့သော် ၎င်း ပြောဆိုသည့် AA ၏ ၂၀၂၀ အိပ်မက်နှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်၊ လုပ်ဆောင်ချက်၊ ရည်မှန်းချက်ကိုမူ တိတိကျကျ ပြောဆိုခဲ့ခြင်း မရှိပေ။
တိုင်းရင်းသားရေးရာ သုတေသီ ဦးမောင်မောင်စိုးက “ဖြစ်နိုင်ခြေရှိတာကတော့ မြောက်ဘက်မှာ အခြေပြုတာက နေပြီးတော့ ရခိုင်မှာ အခြေပြုနိုင်အောင် ကြိုးစားမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးလို့ပဲ ယူဆရပါတယ်” ဟု ခန့်မှန်းသည်။
“၂၀၂၀ Arakan Dream ဆိုတာ အစလား၊ အဆုံးလား၊ ဘယ်လောက်ထိ အကောင်အထည်ဖော်မှာလဲဆိုတာ မသိဘူးလေ။ Arakan Dream ဆိုတာလောက်ပဲ သိတယ်” ဟု ဦးဦးလှစောက ဆိုသည်။
ဦးခိုင်ကောင်းစံကမူ “ရက္ခိုင့်တပ်မတော်က ခေါင်းဆောင်တွေ အိပ်မက်ကို အကောင်အထည် ဖော်တယ်ဆိုတာကတော့ ဘာပဲပြောပြော တိုင်ပွဲဝင်သူတွေအားလုံးက အိပ်မက်တွေကို အကောင်အထည် ဖော်နေတယ်လို့ပဲ ယုံကြည်ပါတယ်” ဟု ပြောသည်။
AA ၏ငြိမ်းချမ်းရေးအစပျိုးမှု
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင်တပ်မတော် (AA) နှင့် အစိုးရ တပ်မတော်တို့အကြား ၂၀၁၅ ခုနှစ် မတ်လမှစကာ တိုက်ပွဲများ စတင်လာခဲ့ရာ ကျောက်တော်မြို့နယ်အတွင်း ပီချောင်းတိုက်ပွဲ၊ ရမ်းချောင်းတိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရသည်။
ယခုအစိုးရသစ်လက်ထက် ၂၀၁၆ ဧပြီလ ၁၆ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ လောရမတောင်တန်းနှင့် ၎င်းမြို့နယ်နှင့် ထိပ်နေသည့် ကျောက်တော်မြို့နယ် နတ်သရွေး တောင်ကြားတို့တွင် တကျော့ပြန်တိုက်ပွဲများ ပြင်းထန်ခဲ့ရာ အစိုးရတပ် ဘက်မှ ယာယီ တပ်ရင်းမှူး အပါအဝင် အရာရှိ၊ စစ်သည်အချို့ ကျဆုံးခဲ့သည်။
ယင်းတိုက်ပွဲများကြောင့် ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်တို့မှ ဒေသခံ ၁၇၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ယင်းတိုက်ပွဲအပြီး AA အား အပြီးအပိုင် ချေမှုန်းနိုင်ရေး လုပ်ဆောင်သွားမည်ဟု ယင်းနှစ် ဧပြီလ ၁၉ ရက်တွင် မြန်မာ့ တပ်မတော်က ကြေညာခဲ့ရာ AA ဘက်မှ ရခိုင်ပြည်သူများနှင့် လက်တွဲကာ တပ်မတော် ထိုးစစ်ကို ခုခံတိုက်ပွဲဝင်မည်ဖြစ်ပြီး အစိုးရနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ပြန်လည် တုံ့ပြန် ကြေညာခဲ့သည်။
AA သည် ၂၀၁၂ ခုနှစ်မှစကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ
၂၀၁၆ ခုနှစ် NLD အစိုးရလက်ထက်တွင် မြောက်ပိုင်းမဟာမိတ်အဖြစ် လူသိများသည့် ၎င်းတို့ သုံးဖွဲ့ဘက်မှ ငြိမ်းချမ်းရေး စကားဝိုင်းတွင် ပြန်လည်ပါဝင်ခွင့် ရရန် မျှော်လင့်ထားသော်လည်း တပ်မတော်ဘက်ကမူ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ကြောင်း ကြေညာချက်ထုတ်ပြီးမှသာ ပါဝင်ခွင့်ပေးမည်ဟု သဘောထား ပေးခဲ့သည်။
သို့သော် မဟာမိတ် ၃ ဖွဲ့ဘက်မူ လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရေးကို တွေ့ဆုံဆွေးနွေးမှုဖြင့်သာ အဖြေရှာရန် တုံ့ပြန်ခဲ့ပြီးနောက် ငြိမ်းချမ်းရေးလမ်းစ ပျောက်သွားခဲ့ရသည်။
သို့သော် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ၂၀၁၇ ခုနှစ်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ခွင့် ရခဲ့သော်လည်း ပြေလည်မှု မရသည့်အတွက် ညီလာခံ တတိယနေ့တွင်ပင် ထွက်သွားခဲ့သည်။
၂၀၁၈ နှစ်လယ်ပိုင်းတွင် တရုတ် ကြားဝင်ပေးမှုဖြင့်ပင် တတိယအကြိမ် ပင်လုံညီလာခံကို AA အပါအဝင် မဟာမိတ် သုံးဖွဲ့ တက်ရောက်ခွင့် ရခဲ့ပြီး တပ်မတော်ဘက်မှ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တွေ့ဆုံခွင့် ရခဲ့သည်။
ပြီးခဲ့သော နိုဝင်ဘာလ ၂၇ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆိုင်
ထိုစကားဝိုင်းတွင် ငြိမ်းချမ်းရေးကော်မရှင် (PC) အကြံပေး အဖွဲ့ဝင်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေက AA ၊ TNLA ၊ MNDAA မဟာမိတ် ၃ ဖွဲ့နှင့် PC ဒီဇင်ဘာလအတွင်း တွေ့ဆုံ နိုင်သည့် အခြေအနေတရပ် ရှိနေပြီး ရလဒ်ကောင်းတခု ထွက်ပေါ်လာနိုင်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။
၎င်းက ဆက်လက်ပြီး PC နှင့် မဟာမိတ် သုံးဖွဲ့ တွေ့ဆုံမှုမှာ ၃ ကြိမ်ခန့် ရှိပြီဖြစ်သည်ဟုဆိုကာ “ပဋိပက္ခဆိုတာ ကတော့ဗျာ၊ အတက်အကျက်တော့ ရှိတာပေါ့။ ကြိုးစားရမယ်၊ ကြိုးစားနေတယ်။ ဒါကတော့ မျှော်လင့်တာပေါ့။ ငြိမ်းချမ်းရေးကော်မရှင်ကလည်း တွေ့မယ်ဆိုတာကို ပြောသလို ဟိုဘက်ကလည်း TNLA အတွင်းရေးမှူးတို့ ဘာတို့ကလည်း ပြောနေတာမို့လို့ ကျနော်ကတော့ ဒါဆက်ပြီး ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
သို့သော် AA ဘက်မှ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကမူ “အခုအချိန်ထိတော့ ကျနော်သိသလောက် ကျနော်တို့ဘက်ကို အစိုးရဘက်က နေပြီးတော့ ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ တရားဝင်ဖိတ်တာ၊ ပြောတာတွေ တခုမှ မရှိသေးဘူး” ဟု ဆိုသည်။
AA ၏ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် တရုတ် အခန်းကဏ္ဍ
ရက္ခိုင့်တပ်မတော် (AA) အနေဖြင့် အစိုးရ၊ တပ်မတော်တို့နှင့်အတူ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ရေးမှာ တရုတ်နိုင်ငံက အဓိက အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို ငြိမ်းချမ်းရေး ညီလာခံတက်ခွင့်ရခြင်းက သက်သေပြနေသည်။
တရုတ်အနေဖြင့် ယင်းသို့ ပါဝင်နေခြင်းမှာ တရုတ်နိုင်ငံ ရွှေလီမှ မန္တလေးကို ဖြတ်ကာ ကျောက်ဖြူအထိ သွယ်တန်း နေသည့် ရေနံပိုက်လိုက်နှင့် လမ်းဖောက်လုပ်ရေး လုပ်ဆောင်နေခြင်းကြောင့် ယင်းစီမံကိန်း ဧရိယာအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များအပေါ် ဖိအားပေးမှုများ ရှိနေသည်ဟုလည်း ဆိုနေကြသည်။
ဗိုလ်သင်တန်းဆင်းပွဲတခုတွင် တွေ့ရသည့် AA ဗိုလ်လောင်းတပ်သားများ (ဓာတ်ပုံ – ရက္ခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေး Facebook)
ရခိုင်ပြည်နယ်တွင် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းအပါအဝင် မဒေးကျွန်းတွင် တည်ဆောက်ထားသည့် ဧရာမ ရေနံစိမ်း သိုလှောင်ကန်များ ၊ အစိုးရနှင့် သဘောတူညီချက် ရရှိထားပြီဖြစ်သော ကျောက်ဖြူ SEZ ပင်လယ်ရေ နက်ဆိပ်ကမ်း စီမံကိန်း စသည်တို့တွင် တရုတ်နိုင်ငံ၏ အကျိုးစီပွား များစွာ ရှိနေသည်။
ဦးဦးလှစောက “လမ်းဖောက်မယ့် ဧရိယာထဲမှာ ရှိတဲ့ လက်နက်ကိုင် အင်အားစုတွေ အပေါ်မှာလည်း တရုတ်ဘက်က ဖိအားတွေ ပေးလာတယ်ပေါ့။ နောက်တချက်ကလည်း တရုတ်ဘက်က AA ကို အကြံပေးတာ ရှိသလို တပ်မတော် ကိုလည်း အကြံပေးတာ ရှိမယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်း တရုတ်က အကောင်အထည်ဖော်နေသည့် စီမံကိန်းများကြောင့် ဒေသတွင်း လူထုနှင့် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်ခံစားနေရမှုများနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပက ထောက်ပြ ဝေဖန်မှုများ ရှိခဲ့သော်လည်း AA က တလုံးတပါဒမှ ထုတ်ဖော် ပြောဆိုခြင်း မရှိသည့်အပေါ် မေးခွန်းထုတ်ခံနေရသည်။
နောက် တချက်မှာ ရခိုင်တိုင်းရင်းသားများအပြင် တနိုင်ငံလုံးက စိတ်ပူနေကြသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘင်္ဂါလီ ပြဿနာများတွင်လည်း နှုတ်ဆိတ်နေသဖြင့် ဝေဖန်ခံခဲ့ရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားများနှင့် လက်တွဲကာ မည်သို့မည်ပုံ လုပ်ဆောင်မည်ဆိုသည့် ကိစ္စအား တိကျရှင်းလင်းစွာ ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိသေးပေ။
ထို့ပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများနှင့်
စွပ်စွဲချက်များ ထွက်ပေါ်မှုနှင့် ပတ်သက်၍ AA ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက “ဒါကတော့ ရန်သူဘက်က စွပ်စွဲချက်တွေသာ ဖြစ်တယ်။ ကျနော်တို့ ရခိုင့်တပ်မတော် အနေနဲ့ကတော့ ရခိုင်ပြည်သူတွေက ကျနော်တို့ကို ထောက်ခံထားတယ်။ ရခိုင်ပြည်သူတစ်ရပ်လုံးက ထောက်ခံထားတဲ့ တပ်မတော်တစ်ခုအနေနဲ့က အင်အား တည်ဆောက်တာကတော့ မြန်မြန်ဆန်ဆန် ဖြစ်နိုင်တယ်။ ကျနော်တွေဟာ မူးယစ်ဆေးဝါးကိစ္စနဲ့သော်လည်းကေ
ထို့ပြင် FPNCC ရှိ အင်အားကြီး အဖွဲ့တခုဖြစ်သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (WASA) နောက်တွင် တရုတ်နိုင်ငံ ရှိနေသည့်အတွက် ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်ရန်အတွက် နည်းပေါင်းစုံဖြင့် ကြိုးစားမှာ ဖြစ်ကြောင်းလည်း သုံးသပ်မှုများလည်း ရှိသည်။
FPNCC တွင် “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာ မိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်သည်။
AA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကမူ “အိမ်နီးချင်းနိုင်ငံကြီးတစ်ခုက ကိုယ့်ဘေးက နိုင်ငံထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ငြိမ်းချမ်းရေးကို မြင်ချင်တယ် ဆိုတာတော့ သူတို့ဘက်က သဘာဝကျတယ်။ ဒါကြောင့် တရုတ်အစိုးရ အနေနဲ့ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြာ
သို့သော်လည်း ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNLO) ၏ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကတော့ တရုတ်အစိုးရသည် ၎င်း၏ အကျိုးစီးပွားထက် မြန်ငြိမ်းချမ်းရေးကို စိတ်ဝင်စားလိမ့်မည်မဟုတ်ကြောင်း မှတ်ချက်ပြုသည်။
“မြောက်ပိုင်းအဖွဲ့တွေ နိုင်ငံရေးအရ ဘာတောင်းတယ်၊ ညာတောင်းတယ်ဆိုတာလည်း သူတို့ (တရုတ်) သိပ်နားမလည်ဘူး။ တည်ငြိမ်မှု ရှိအောင်လုပ်ပဲ ပြောတယ်။ မူဆယ်လမ်းမှာ တိုက်ပွဲ မဖြစ်စေနဲ့။ ကုန်သွယ်ရေး မထိခိုက်စေနဲ့ ငြိမ်းချမ်းရေး မယိုစီးစေနဲ့။ ဒါပဲ။ ငြိမ်းချမ်းရေးက ကိုယ့်အချင်းချင်း ကိုယ့်ဟာကိုယ်လုပ်။ ငြိမ်းချမ်းတာ မငြိမ်းချမ်းတာ ခင်ဗျားတို့ ကိစ္စ။ ကျုပ်တို့ဆီမှာ တည်ငြိမ်ဖို့ လိုတယ်။ ဘာပဲပြောပြော တည်ငြိမ်မှု ရဖို့အတွက် သူက Pressure (ဖိအားပေး) လုပ်တဲ့အခါကျတော့ ဟို အဖွဲ့တွေက လည်း သူ့ရဲ့ ပံ့ပိုးမှု အောက်မှာ သူ့ရဲ့ တိုက်တွန်းမှု အောက်မှာ သူတို့ရဲ့ လိုချင်တဲ့ နိုင်ငံရေး ကိစ္စတွေ တောင်းဖို့ အခွင့် အလမ်းတွေ ပေါ်လာတယ်” ဟု ဦးခွန်ဥက္ကက ထောက်ပြသည်။
ဒီဇင်ဘာ ငြိမ်းချမ်းရေး
ရက္ခိုင့်မတော် (AA) နှင့် အစိုးရ၊ တပ်မတော်တို့အကြား တွေ့ဆုံနိုင်သည်ဟု သတင်းထွက်နေသည့် ဒီဇင်ဘာလ ဆွေးနွေးပွဲသည် ၂၀၁၆ ခုနှစ်က တပ်မတော်ဘက်က ဆိုထားသည့် လက်နက်စွန့်ရေး လမ်းစဉ် လိုက်ရန်နှင့် တိုင်းရင်းသားများ တုံ့ပြန်ထားသည့် နိုင်ငံရေးနည်းအရ ဖြေရှင်းရေးဆိုသည့် အချက်များအပေါ် အခြေခံကာ နှစ်ဦးနှစ်ဖက် သဘောတူ လက်ခံနိုင်သည့် ကြေညာချက် တရပ် ထုတ်ပြန်နိုင်ရေးကို ဦးတည်နိုင်ဖွယ် ရှိသည်ဟု တိုင်းရင်းသားအရေး လေ့လာသူများက သုံးသပ်သည်။
“အဲဒါကို ညှိနှိုင်းလို့ရမယ်ဆိုရင် နှစ်ဘက်အပစ်ရပ် လက်မှတ်ထိုးပြီးတော့ NCA လမ်းကြောင်းအတိုင်း သွားမယ်လို့ တပ်ဘက်က စဉ်းစားသလို ၊ ငြိမ်းချမ်းရေး ကော်မရှင်ဘက်ကလည်း စဉ်းစားမှုမျိုး ရှိတယ်။ တွေ့လို့ သဘောတူညီချက် ရမယ်ဆိုလို့ ရှိရင်တော့ တိုက်ပွဲတွေ လျှော့ချနိုင်မှာပါ။ အဲဒီအထဲမှာ သဘောတူညီမှု မရခဲ့ဘူးဆိုလျှင် လက်ရှိ ဖြစ်နေကြတဲ့ တိုက်ပွဲက လျှော့ချဖို့ ခက်ခဲ့လိမ့်မယ် ထင်ပါတယ်” ဟု ဦးမောင်မောင်စိုး က ဧရာဝတီသို့ ပြောသည်။
AA ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဒေသတွင်းပြည်သူများ၏ စီးပွားရေးနှင့် လူမျိုးရေး ပြဿနာများ၊ တရုတ်နိုင်ငံက ကန့်လန့်ကာချ လုပ်ဆောင်နေသည့် အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များ အပြင် AA ကိုယ်တိုင်က ပြောဆိုနေသည့် Arakan Dream 2020 ဆိုသည်ကလည်း ရှိနေသေးသည်။
ထို့ပြင် AA နှင့် မဟာမိတ်ဖွဲ့ထားသည့် NCA လက်မှတ်မထိုးထားသော မဟာမိတ်အဖွဲ့များ၏ သဘောထားများကလည်း AA အပေါ် လွှမ်းမိုးမှုများက ရှိနေသဖြင့် ဒီဇင်ဘာဆွေးနွေးပွဲ ဖြစ်ခဲ့လျင်ပင် ငြိမ်းချမ်းရေးက နီးစပ်ရန် မျှော်လင့်ချက်က မုှုံဝါးဝါးပင် ….။