လွန်ခဲ့သော ၅ နှစ်ကျော်ခန့်က မှတ်တမ်းဝင် အပြင်းထန်ဆုံး အပူပိုင်း ဆိုင်ကလုံးမုန်တိုင်းများထဲမှ တခုဖြစ်သည့် တိုင်ဖုန်း ဟိုင်ယန် Haiyan က ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူ ၆၃၀၀ သေဆုံးခဲ့ရပြီး ၂၆၀၀၀ ဒဏ်ရာ ရရှိခဲ့သည်။ လူ ၄ သန်း အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး ထိခိုက်ပျက်စီးမှု တန်ဘိုး အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော် ရှိခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံအတွင်းတွင် အဆိုးရွားဆုံး ထိခိုက်ပျက်စီးခဲ့ရာ နေရာဖြစ်သော ဗီဆယန် Visayan ကျွန်းစု၊ တကလိုဘန် Tacloban မြို့တွင် နေထိုင်သည့် ကလေး ၆ ယောက်မိခင် အသက် ၃၀ အရွယ် ရစ်ချယ် အယ်လ်ဗာရက်စ် Richelle Alvaraz အတွက် တနာရီလျှင် ၃၈၀ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်ခဲ့သည့်လေနှင့် တကြိမ်တခါမျှ မကြုံဖူးသည့် မုန်တိုင်းဒီရေတို့ကို မည်သည့်အချိန်တွင်မှ မေ့ဖျောက်နိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့် ၅ နှစ်အတွင်းတွင် အစိုးရက အကြိမ်မရေတွက်နိုင်အောင် ကတိပေးခဲ့သည့်တိုင် ရစ်ချယ်နှင့် ထောင်ချီသော အခြားသူများမှာ အမြဲတမ်း အိမ်ရာတွင် ပြန်လည်နေရာချထားရေး စောင့်ဆိုင်းနေကြရဆဲ ဖြစ်သည်။
ဝမ်းနည်းသော မျက်လုံးများရှိသည့် ရစ်ချယ်က (သူ၏ ခင်ပွန်းမှာ သူ့အဆိုအရ မူးယစ်ဆေးမှုနှင့် မှားယွင်းစွပ်စွဲခံရပြီး ထောင်ကျနေသည်) မနီလာ အရှေ့တောင်ဘက် ၈၈၀ ကီလိုမီတာအကွာရှိ လူဦးရေ ၂၄၀၀၀၀ ခန့်ရှိသော တကလိုဘန် မြို့ကို မုန်တိုင်း မဝင်ရောက်မီ နာရီများအတွင်းက ထိတ်လန့်စရာ တိတ်ဆိတ်ငြိမ်သက်မှုကို သူက အိမ်ဟု ခေါ်သည့် ဖြစ်ကတတ်ဆန်း ယာယီတဲလေးထဲတွင် ထိုင်ရင်း ပြန်ပြောပြနိုင်ဆဲ ဖြစ်သည်။
“အဲဒါ လာမယ်ဆိုတာ ကျမတို့ သိတယ်။ အစိုးရက သတိပေးထားတယ်။ ဒါပေမယ့် မနက် ၃ နာရီ မှာ ဘာသံမှ မကြား ရဘူး။ ဒါပေမယ့် မနက် ၅ နာရီရောက်တဲ့ အခါမှာတော့ အားလုံးပြောင်းလဲသွားတယ်။”
“ကျမ ကလေးတွေနဲ့ အတူ ပိုမြင့်တဲ့နေရာကို ကျမပြေးတယ်။ ရေက ကျမတို့ကို မီလာတော့ ကျမ ရေကူးပြီးတော့တောင် သွားခဲ့ရတယ်။ ကလေးတွေကို နောက်ကို လှည့်မကြည့်ဖို့ ကျမပြောခဲ့တယ်။ လှိုင်းတွေရဲ့ အသံနဲ့ လေတိုက်သံက မှားစရာကို မရှိဘူး။ ကျမ အနီးအနားမှာ ဘာတွေဖြစ်နေသလဲဆိုတာ ကျမမသိနိုင်ဘူး။ ကျမ အိမ်နီးချင်းတွေရဲ့ အော်ဟစ်သံတွေပဲ ရှိတယ်။ ဘုရားသခင် ကျေးဇူးတော်ကြောင့် သူတို့ထဲက တချို့က ကျမကလေးတွေ ဘေးကင်းဖို့ ဝိုင်းကူကြတယ်။”
တကလိုဘန် မြို့တော်ဝန် ခရစ်စတီးနား ရိုမဲလ်ဒတ်စ် Cristina Romuáldez (တကလိုဘန် ဇာတိ၊ ယခင်သမ္မတ ကတော်ဟောင်း အီမယ်လ်ဒါ မားကို့စ် Imelda Marcos နှင့် ဆွေမျိုးတော်စပ်သူ) က ပြည်သူများက ရှေ့သို့ ဆက်သွားနေကြပြီဖြစ်သည်ဟု မကြာသေးမီက ကြေညာခဲ့သော်လည်း ရစ်ချယ် ကဲ့သို့သော ပြည်သူများအတွက်မူ ကပ်ဘေးက ရှိနေဆဲ ဖြစ်သည်။ ဥပေက္ခာပြုခြင်းနှင့် စိတ်ဝင်စားမှုမရှိခြင်းတို့က ကြမ်းတမ်းသောလေနှင့် ပြင်းထန်သောမိုး တို့၏ နေရာတွင် အစားထိုး ဝင်ရောက်လာသည်။
အရေးယူဆောင်ရွက်မှုများတော့ ရှိခဲ့ပါသည်။ ၂၀၁၅ ခုနှစ် အတွင်းနှင့် ဖြစ်ရပ်ဆိုးအပြီးတွင် ထိုစဉ်က သမ္မတ ဘီနင်ဂ်နို အကွီနို Benigno Aquino III က အိုးအိမ်မဲ့ ဖြစ်ရသူများအတွက် အိမ် ၂၀၅၀၀၀ လုံး တည်ဆောက်ပေးရေး ပါဝင်သည့် စီမံကိန်း Yolanda Comprehensive Rehabilitation and Recovery Plan (CRRP) ကို ချမှတ်ခဲ့သည်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် လက်ရှိသမ္မတ ဒူတာတေးက ထပ်မံ၍ ကတိများ ပေးခဲ့သည်။ အိမ်များကို ဒုက္ခသည်များသို့ အလကားပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အမှန်တကယ်တွင်လည်း အစိုးရက အဆိုပါ စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံ နီးပါး ချထားပေးပြီး ဖြစ်သည်။
သူ၏ ဆုံးဖြတ်ချက်ကို ပိုမိုသေချာစေရန် ဒူတာတေးက ပြန်လည်နေရာချထားရေး အားထုတ်မှုများ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်း မတိုင်မီ ပြီးဆုံးရန် လိုအပ်ကြောင်း အမျိုးသား အိမ်ယာ အာဏာပိုင်အဖွဲ့(NHA) အပါအဝင် အစိုးရ အေဂျင်စီများကို ရာဇသံပေးခဲ့သည်။ ကံမကောင်းစွာဖြင့်ပင် ရလဒ်များက စိတ်ပျက်စရာ ဖြစ်နေခဲ့သည်။ အိမ် ၁၀၀၇၀၉ လုံးသာ ပြီးစီးခဲ့ကြောင်း NHA က မကြာသေးမီက အတည်ပြုခဲ့သည်။
ရစ်ချယ်သည် အမြဲတမ်းအိမ်ရာသို့ ပြောင်းရွှေ့ရန် စောင့်ဆိုင်းနေရဆဲ ဖြစ်သည့် တကလိုဘန်မှ အိမ်ခြေမဲ့ ဒုက္ခသည် ၆၀၀၀ (စုစုပေါင်း ၁၄၅၀၀ ရှိခဲ့သည်) ထဲမှ တဦးဖြစ်ပါသည်။ ယခုအခါ တကလိုဘန်၏ အနီဘုန်း Anibong ရပ်ကွက်တွင် မိသားစုနှင့်အတူ နေထိုင်နေသည်။ မုန်တိုင်းအရှိန်ကြောင့် ကုန်းပေါ်ရောက်လာသော တန်ချိန် ၃၀၀၀ ရှိ ကုန်တင်သင်္ဘော MV Eva Jocelyn နှင့် ခဲတပစ်ခန့်သာ ကွာသည့်နေရာတွင် ဖြစ်သည်။ သင်္ဘော မျောပါလာခြင်းကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ရပြီး အိမ် ၁၄ လုံး ပျက်စီးခဲ့ရသည်။
တဲထက် အနည်းငယ်မျှသာပိုသည့် သူ၏ အိမ်က နေမွန်းတည့်ချိန်တွင် ပူလောင်မွန်းကြပ်နေသည်။ မိုးရွာလျှင်လည်း မလုံပါ။ သူ့ အိမ်က အားလုံးအတွက် အခန်းတခုတည်းပါဝင်ပြီး အိပ်ရာအဖြစ်ခင်းထားသည့် ခိုင်ခံ့သောသစ်သား ဘုတ်ပြားတခု ရှိသည်။ မီးဖိုချောင်က သီးခြားဖြစ်သည်။ အရွယ်အစားက အလျား ၄ မီတာ၊ အနံ ၃ မီတာ ထက်နည်းသည်။ အမိုးအဖြစ် သွပ်ပြားများကို အသုံးပြုထားသည်။ ကမ်းပေါ်လာတင်နေသည့် ကုန်တင်သင်္ဘောက သူ၏ ယိုင်နဲ့နဲ့ အိမ်ရှေ့တွင် အစောင့်အကြပ်သဖွယ် မားမားကြီးရပ်နေသည်။ သင်္ဘောတည်ရှိရာနေရာကို အများပြည်သူအတွက် အမှတ်တရ ပန်းခြံတခု ဖွင့်လှစ်ထားပါသည်။
သို့သော်လည်း တကလိုဘန်က ဆန့်ကျင်ဘက်များနှင့် မြို့တခု ဖြစ်သည်။ ရစ်ချယ်၏ တင်းကုပ်မှ ၁၀ မိနစ်ပင်မဝေးသည့် နေရာတွင် မားကို့စ် ခေတ်လက်ရာ ခန်းနားသော ၂ ထပ် အဆောက်အဦးတခု ဖြစ်သည့် Santo Niño ဗိမ္မာန်ရှိသည်။ ခန်းနားသော ကပွဲခန်းမ၊ ထည်ဝါသော ပန်းချီကားများ၊ တောက်ပြောင်တန်ဖိုးကြီးသော ပရိဘောဂများရှိသည့် သမ္မတ အနားယူရာ အိမ်တော်လည်း ဖြစ်သည်။ ဟိုင်ယန် မုန်တိုင်းတွင် လွတ်မြောက်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပါ။
ပြန်လည်နေရာချထားရေးအတွက် ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် လျှောက်လွှာတင်ခဲ့ပြီးနောက် ပလပ်စတစ်ကြိုးတန်းထား သည့် ယာယီနေရာတွင် သူ၏ ညီမ၊ ကလေး ၆ ယောက်တို့နှင့် အတူနေထိုင်ရင်း အတည်ပြုချက်ကို ရစ်ချယ် ဆက်လက် စောင့်မျှော်နေခဲ့သည်။
အမှန်တကယ်တွင် တည်ဆောက်ထားသည့် အိမ်အများစုမှာ ရေနှင့် လျှပ်စစ်ဓာတ်အား အသင့်မဖြစ်သေးသည့် အတွက် သူတို့ကို နေရာချထားပေးရေး အတွက် အဆင်မပြေပါ။ အိမ်များသည် အရည်အသွေး မမီကြောင်း NHA ကပင် ဝန်ခံ ထားခဲ့သည်။
ဘဝရပ်တည်ရေးအတွက် ရုန်းကန်နေရဆဲ ဖြစ်ကြောင်း ရစ်ချယ်က ပြောသည်။ အထူးသဖြင့် မိသားစုတွင် အိမ်ထောင်ဦးစီးအဖြစ် သူတယောက်ထဲ ကျန်ခဲ့ချိန်တွင် ဖြစ်သည်။ “ကုန်စုံဆိုင်မှာ အလုပ်လုပ်ရင် ကျမ တနေ့ကို ပီဆို ၁၂၀ (အမေရိကန် ၃ ဒေါ်လာ) ရခဲ့တယ်။ ဒါပေမယ့် အခု အဲဒါကို မုန်တိုင်းက ဖျက်ဆီးလိုက်ပြီ။ မုန်တိုင်းပြီးတဲ့နောက် အစိုးရက ကျမတို့ကို ဆန် ၃ ကီလိုဂရမ်နဲ့ စည်သွပ်ဗူး ၆ ဗူး တကြိမ်ပဲ အထောက်အပံ့ပေးခဲ့တယ်။ အဲဒါကလွဲရင် ကျမတို့ ဘာမှ ထပ်မရသေးဘူး” ဟု သူက ပြောသည်။
ကတိများကတော့ ရှိနေဆဲ ဖြစ်သည်။ ပြန်လည်နေရာချထားရေး ဆောင်ရွက်မှုများက ၁ နှစ် သို့မဟုတ် ၂ နှစ် အတွင်းတွင် ပြီးစီးလိမ့်မည် ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ မကြာသေးမီက ပြောကြားခဲ့သည်။ သို့သော်လည်း နောက်ထပ်တဖန် အချိန်ကသာ စကားပြောမည့် ကိစ္စတခု ဖြစ်ဖွယ်ရာရှိပါသည်။
“ကျမ ပိုကောင်းတဲ့ တနေရာရာကို ပြောင်းချင်ပါတယ်။ ကျမတို့ ဒီတိုင်းဆက်ပြီး မနေချင်ဘူး။ ဒါက ကျမ ကလေးတွေအတွက် ကျမရဲ့ အစီအစဉ်ပါ။”
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)