ဆောင်းပါး

ရန်ကုန်မြို့သစ်စီမံကိန်း ဘာလဲဘယ်လဲ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်မှ ကျင်းပသည့် Visioning Workshop သို့ ပြီးခဲ့သည့် အပတ်က တက်ရောက်ခဲ့သဖြင့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ထပ်မံရရှိခဲ့သည်။ ထိုကဲ့သို့ ပြည်သူအများစိတ်ဝင်စားနေသည့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး သတင်းအချက်အလက် အတော်များများကို ပွင့်လင်းမြင်သာစွာ ချပြသဖြင့်လည်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုး ရေးကုမ္ပဏီအား တက်ရောက်သူများက အသိအမှတ်ပြုချီးကျူးပြောဆိုကြသည်။

ရန်ကုန်မြို့သစ် စီမံကိန်း၏ Master Plan ကို ရေးဆွဲပေးသည့် ကုမ္ပဏီမှာ စင်ကာပူနိုင်ငံအခြေစိုက် AECOM ကုမ္ပဏီဖြစ်သည်။

ရန်ကုန်မြို့သစ် နောက်ခံသမိုင်း

ရန်ကုန်မြို့သစ်နောက်ခံ သမိုင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဦးစွာရှင်းလင်းသည်။

ဝန်ကြီးချုပ်မှ ယခုစီမံကိန်းသည် ယခင်အစိုးရနှင့် လွှတ်တော်သက်တမ်းတွင် အတည်ပြုခဲ့ခြင်း ဖြစ်ပြီး မြေသိမ်းမိန့်များပင် ထုတ်ပေးခဲ့ပြီဖြစ်ကြောင်း၊ ဒေသခံများမှာလည်း နာဂစ်မုန်တိုင်းဒဏ်ခံရပြီး ဆားငံရည်များ လယ်မြေများအတွင်း စီးဝင်ခဲ့သဖြင့် စိုက်ပျိုးရေးလုပ်ရန် မလွယ်ကူသဖြင့် မြို့သစ်စီမံကိန်းအား အကောင်အထည်ဖေါ်စေလိုကြောင်း၊ ဒေသခံများအနေဖြင့် မြေယာလျော်ကြေးထက် မြေကိုသာ ပြန်လည်လိုချင်ကြောင်းနှင့် လယ်ယာမြေမှ မြို့မြေအမျိုးအစားသို့ ပြောင်းလဲပြီးသည့်အခါ မူလပိုင်ရှင်များသည် မိမိတို့ပိုင်ဆိုင်သည့် မြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းကို မြို့မြေ (urban land) အဖြစ် ပြန်လည် ရရှိမည်ဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအစိုးရ ရွေးကောက်ပွဲအနိုင်ရ၍ အာဏာရလာပြီးနောက် ယခင်အစိုးရလက်ထက် အဆိုပါစီမံကိန်းအား အကောင်အထည်ဖေါ်ရန် တင်ဒါအောင်ခဲ့သည့် ကုမ္ပဏီ ၃ ခုဖြင့် ပြန်လည်ညှိနှိုင်းပြီး (၎င်းကုမ္ပဏီ ၃ ခုသည် သိန်း ၅ သောင်း စရံ အစိုးရထံ တင်ထားရသည်) မြို့သစ် စီမံကိန်းသည် အရင်းအနှီးကြီးမားလွန်းသဖြင့် အစိုးရမှ ဦးစီးလုပ်ဆောင်မှသာ အောင်မြင်နိုင်မည်ဖြစ်သဖြင့် ၎င်းတို့၏တင်ဒါများ ဖျက်သိမ်းမှုအား လက်ခံသဘောတူအောင် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုမြို့ သစ်စီမံကိန်းသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ တရုတ်ခရီးစဉ်အတွင်း၌ တရုတ်အာဏာပိုင်များဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း၊ ယခုအခါ မြို့သစ်စီမံကိန်းသည် တရုတ်အစိုးရ၏ ဘီအာအိုင်စီမံချက်အရ မြန်မာနိုင်ငံတွင် အကောင်အထည်ဖေါ်မည့် စီမံကိန်းများထဲမှ တခုဖြစ်ကြောင်း၊ ပမာဏကြီးမားလွန်းသဖြင့် တိုင်းဒေသကြီးအစိုးရတခုတည်း စီမံကွပ်ကဲ၍ မရနိုင်သဖြင့် ယခုအခါ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရပ်ဝန်းတခု၊လမ်းကြောင်းတခုနှင့်စပ်လျဉ်းသည့် အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ဦးစီးကော်မတီ၏ ကြီးကြပ်မှုအောက်တွင် ရှိကြောင်း၊ နိုင်ငံတော် သမ္မတထံသို့ လစဉ်အစီရင်ခံစာတွင် မြို့သစ်စီမံကိန်းအား ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင် ခြင်း စီမံကိန်းကဲ့သို့ပင် ပုံမှန်တင်ပြနေရကြောင်း၊ လွှတ်တော်အနေဖြင့်လည်း မေးမြန်းသိရှိလိုသည်များကို တိုင်းဒေသကြီးအစိုးရအား မေးမြန်းနိုင်ကြောင်း ရှင်းလင်းပြောကြားသွားသည်။

နားလည်လိုက်သည်မှာ ရန်ကုန်မြို့သစ်စီမံကိန်းသည် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များကိုယ်တိုင် အကောင်အထည်ဖေါ်ဆောင်ရန် တရုတ်အစိုးရနှင့် ညှိနှိုင်းသဘောတူထားသည့် စီမံကိန်းဖြစ်သည်။ တိုင်းဒေသကြီးအစိုးရတခုတည်းကို အာဏာပေးမထားဘဲ မကြာသေးမီက ဖွဲ့စည်းလိုက်သည့် ရပ်ဝန်းတခု၊ လမ်းကြောင်းတခုနှင့်စပ်လျဉ်းသည့် အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ဦးစီးကော်မတီ၏ ပေါင်းစပ်ညှိနှိုင်းကွပ်ကဲမှုအောက်တွင် ရှိနေမည်ဖြစ်သည်။ ဘီအာအိုင်ခေါင်းစဉ်အောက်တွင် ရှိနေသဖြင့် မည်သို့ပင် Swiss Challenge ဖြင့် တင်ဒါများခေါ်ယူမည်ပြောစေကာမူ အဓိက ရင်းနှီးမြှုပ်မည့်သူမှာ တရုတ်ကုမ္ပဏီများပင် ဖြစ်လိမ့်မည်။

နားမလည်နိုင်သည်မှာတော့ ထိုကဲ့သို့ အစီအစဉ်များ တိုင်းဒေသကြီးအစိုးရမှ ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ မဖွဲ့စည်းခင်ကတည်းကရှိနေပြီးဖြစ်ရာ မည်သည့်အတွက်ကြောင့် လွှတ်တော်အတွင်းနှင့် ပြင်ပတွင်အငြင်းပွားစရာများ ဖြစ်စ်ခဲ့ရသနည်း ဆိုသည်ကိုဖြစ်သည်။ မြို့သစ်စီမံကိန်း အကောင်အထည်ဖေါ်ဆောင်မည့် အစီအစဉ်များကို မည်သည့်အတွက်ကြောင့် သတင်း မီဒီယာများအား ယခုလို ပိုမိုပြည့်စုံစွာ မပေးနိုင်ခဲ့သနည်းဆိုသည်ကို ဖြစ်သည်။

စီမံကိန်း Master Plan

စီမံကိန်း ပင်မအစီအစဉ်ကို ရေးဆွဲသည့် စင်ကာပူနိုင်ငံအခြေစိုက် AECOM ကုမ္ပဏီမှ တာဝန်ရှိသူများက အတော်ပြည့်ပြည့်စုံစုံ တင်ပြသွားခဲ့သည်။ ပါဝါပွိုင့်အချပ်ပေါင်း ၅၀ ကျော်ရှိမည်ဟု ထင်သည်။ ယင်းတို့၏ တင်ပြချက်များအား သုံးသပ်ရမည်ဆိုလျှင် မြို့သစ်တစ်ခုတွင် ရှိသင့်ရှိထိုက်သည့် လိုအပ်သည့်အရာများ အားလုံးကို ဘက်စုံဒေါင့်စုံ လေ့လာပြီး ရေးဆွဲထားခြင်းဖြစ်သည်။ မြို့သစ်အတွက် လမ်းပြမြေပုံလည်း ဖြစ်သည်။ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်စေမည့်ဦးတည်ချက်ဖြင့် အစီအစဉ်ကို ရေးဆွဲထားခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ထိန်းသိမ်းနိုင်စေရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုတန်းတူညီမျှမှုရှိစေရန်ဟုသော ဦးတည်ချက်များအပေါ် အခြေခံထား သည်။

ထူးခြားချက်မှာ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီက အစောပိုင်း တင်ပြချက်များတွင် ဤစီမံကိန်းမှ အလုပ်အကိုင် ၂ သန်း ဖန်တီးပေးမည်ဟု ဆိုခဲ့သဖြင့် မဖြစ်နိုင်သည်ကို ရမ်းပြောနေသည်ဟု ထင်မြင်ခဲ့သော်လည်း ယခု AECOM ကုမ္ပဏီရေးဆွဲသည့် ပင်မအစီအစဉ်တွင် ပို၍ဖြစ်နိုင်ချေရှိသည့် ကိန်းဂဏန်းများကို တင်ပြထားခြင်းဖြစ်သည်။ ၉၀ ကီလိုမီတာ စတုရန်း ဧရိယာကျယ်ဝန်းမည့် မြို့သစ်၌ ၂၀၂၅ ခုနှစ်အရောက်တွင် အလုပ်အကိုင် ၆ သိန်း ဖန်တီးပေးပြီးဖြစ်မည်။ လူဦးရေမှာ၂၀၅၀ ခုနှစ်အရောက်တွင် ၁.၂ သန်းရှိမည်ဖြစ်ပြီး အလုပ်အကိုင် ၉ သိန်း ထပ်မံဖန်တီးပေးမည်။ ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီဘက်မှ အမှုဆောင်အရာရှိချုပ်နှင့် လွတ်လပ်သည့် ဒါရိုက်တာအဖွဲ့ဝင်တို့က ထိုထက်ပိုမြန်ဆန်စွာ အလုပ်အကိုင်များနှင့် မြို့ဖွံ့ဖြိုးတိုးတက်နိုင်သည်ဟု ဆိုခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဖြစ်နိုင်သည့် ကိန်းဂဏန်းများဖြင့် တင်ပြခြင်းက အများပြည်သူ၏ ယုံကြည်မှုကို ပိုမိုရရှိနိုင်သည်။

မကြာခင် Pre-Project Document(PPD) ကို အတည်ပြုပြီးပါက အခြေခံအဆောက်အအုံများ (အဓိက တံတား ၂ စီး) အတွက် တင်ဒါခေါ်ယူသွားမည်ဟုလည်း သိရှိခဲ့ရသည်။ တင်ဒါခေါ်သည့်အချိန်တွင် ပြင်ပ ကုမ္ပဏီများလည်း China Communication and Construction Company (CCCC)နှင့်ပြိုင်ဆိုင်ပြီး တင်ဒါဆွဲနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ပြင်ပကုမ္ပဏီမှ တင်ဒါအောင်ခဲ့လျှင် CCCC အား ယင်း၏ ကနဦးလေ့လာမှု ကုန်ကျစရိတ်များ ပြန်လည်ပေးဆပ်ရမည်ဟုဆိုသည်။

သို့သော် မြန်မာနိုင်ငံ ၏လက်ရှိ နိုင်ငံရေး စီးပွားရေးအခြေအနေများ၊ နိုင်ငံတကာအခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားလှပြီး ဆုံးရှုံးနိုင်သည့် အန္တရာယ်များလှသည့် green field (မြေကြီးမှ စရမည့်) စီမံချက်ဖြစ်သည့်အတွက် တရုတ် အစိုးရကျောထောက်နောက်ခံရှိသည့် CCCC ကုမ္ပဏီသာ စီမံကိန်း အကောင်အထည်ဖေါ်ဆောင်ရန် တင်ဒါအောင်လိမ့်မည်ဆိုသည်မှာ ဗေဒင်မေးရန်မလို။ ထို့ပြင် ရပ်ဝန်းတခု၊လမ်းကြောင်းတခုနှင့် စပ်လျဉ်းသည့် အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ၏ စီမံကွပ်ကဲမှုအောက်တွင် ရှိသည်ဟု ဝန်ကြီးချုပ်မှ ပြောသွားသဖြင့် ရန်ကုန်မြို့သစ်စီမံကိန်းအား အဓိကအကောင်အထည် ဖေါ်ဆာင်မည့် အဖွဲ့အစည်းမှာ တရုတ်ကုမ္ပဏီများသာ ဖြစ်နိုင်သည်။

သုံးသပ်ချက်

ရန်ကုန်မြို့သစ်စီမံကိန်းသည် အလားအလာကောင်း များစွာရှိပါသည်။ လက်ရှိရန်ကုန်မြို့၏ အနာဂတ် တိုးပွားလာမည့် လူဦးရေအရ မြို့အား ချဲ့ထွင်ရန် လိုအပ်သည်ဆိုသည်ကို အများစု လက်ခံကြပါသည်။ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း (၂ သန်းမဟုတ်တောင်) များစွာ ဖန်တီးပေးနိုင်ချေ ရှိသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်အစိုးရအနေဖြင့် ဘီအာအိုင်ခေါင်းစဉ်အောက်မှ တရုတ်နိုင်ငံတွင် ထုတ်လုပ်ရန် တွက်ချေမကိုက်တော့သည့် ဈေးနှုန်းသက်သာသည့် လုပ်အား အဓိကထား လုပ်ကိုင်ရသည့် အထည်ချုပ်လုပ်ငန်းများ၊ အသေးစား အလတ်စား ကုန်ထုတ်စက်ရုံများကို လုပ်အားဈေးချိုသည့် ဘီအာအိုင် အဖွဲ့ဝင်နိုင်ငံများထံ အလုပ်အကိုင် အခွင့်အလမ်း သန်း ၁၀၀ ကျော် ရွေ့ပြောင်းရန် စီစဉ်နေ ခြင်းကြောင့်ဖြစ်သည်။ အထည်ချုပ်စက်ရုံများအား မြို့သစ်စက်မှုဇုံ၌ တည်ထောင်ခြင်း၊ စားသောက်ကုန် ထုတ်လုပ်သည့် အသေးစားလုပ်ငန်းများ တည်ထောင်ခြင်းဖြင့် အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ထိုမှတဆင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင်လည်း အလုပ်အကိုင်မြောက်မြားစွာ ဖန်တီးပေးနိုင်မည်ဖြစ်သည်။

သို့သော် ရန်ကုန်မြို့သစ်စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖေါ်ဆောင်ရန် အခက်အခဲများ၊ စိန်ခေါ်မှုများ ရှိနေသည်။ ယင်းတို့ကို ကျော်လွှားနိုင်မှသာ အောင်မြင်သည့် မြို့သစ်စီမံကိန်းတခု ဖြစ်လာမည်။ အဓိကဖြေရှင်းရမည့်ကိစ္စမှာ နိုင်ငံရေးအရ စိန်ခေါ်မှုဖြစ်သည်။ ယခင်က အကောင်အထည်ဖေါ်ဆောင်ခဲ့သည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများအပေါ် ပြည်သူလူထု၏အမြင်မှာ မကောင်းလှချေ။ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်များလည်း ကိန်းအောင်းလျက် ရှိသည်။ ထို့အတွက်ကြောင့်လည်း ဘီအာအိုင်စီမံကိန်းများသည် တရုတ်အစိုးရနှင့် တရုတ်ကုမ္ပဏီများ၏ သြဇာချဲ့ထွင်ရေး၊ မဟာဗျူဟာကျသည့် ပင်လယ်ထွက်ပေါက်များကို ထိန်းချုပ်ရေး၊ ယင်းတို့၏ အကျိုးစီးပွား တခုတည်းအတွက်သာဖြစ်ပြီး အိမ်ရှင်နိုင်ငံနှင့်ပြည်သူများအတွက်တော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများသာ ထားခဲ့မည်ဟု ယုံကြည်နေကြသည်။

နိုင်ငံတကာမီဒီယာများ၏ ရေးသားမှုများကြောင့်လည်း ပြည်သူများအနေဖြင့် ဘီအာအိုင်စီမံကိန်းများအပေါ် ပိုမို စိုးရိမ်ပူပန်ခဲ့ကြရသည်။ သီရိလင်္ကာနိုင်ငံ ဟန်ဘာတိုတာဆိပ်ကမ်း၊ သီရိလင်္ကာ ကိုလံဘိုဆိပ်ကမ်းမြို့တော်၊ တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကံတို့ကြောင့် ယင်းနိုင်ငံများ ချေးငွေနွံသို့ ကျဆင်းနေရခြင်း၊ ယင်းတို့၏ အချုပ်အခြာအာဏာ ထိပါးခံရခြင်းအကြောင်းတို့ကို မကြာခဏ နိုင်ငံတကာမီဒီယာများတွင် ရေးသားဖေါ်ပြကြသည်။ မှန်ကန်သည့်အချက်အလက်များ ပါဝင်သလို၊ အားလုံး မမှန်သည့် သတင်းများလည်း ရှိနေသည်။ မည်သို့ဆိုစေ အစိုးရအနေဖြင့်် ပြည်သူများ၏စိုးရိမ်ပူပန်မှုများလျော့နည်းရန် ဆောင်ရွက်ရမည်ဖြစ်သည်။

အရေးကြီးသည့်အချက်မှာ အကျိုးအမြတ် ခွဲဝေမှုပုံစံဖြစ်သည်။ မိမိတို့ဘက်မှ မြေကို အရင်းတည်၍ တရုတ်ကုမ္ပဏီဘက်မှ လိုအပ်သည့် အရင်းအနှီးနှင့် နည်းပညာ ထည့်ဝင်မည်ဖြစ်သည်။ တနည်းအားဖြင့် Land Value Capture ပုံစံ၊ Land-centered urban development ပုံစံဖြစ်သည်။ သို့သော်ပြည်သူလူထုအား ရှင်းလင်းစွ ာချပြရမည့်အချက်မှာ နိုင်ငံတော်မှသာ စီမံကိန်းပိုင်မြေများကို ပိုင်ဆိုင်မည်ဖြစ်ပြီး၊ တရုတ်ကုမ္ပဏီအနေဖြင့် အိမ်ရာစီမံကိန်းများ၊ အခြေခံအဆောက်အအုံ စီမံ ကိန်းများတွင် ရင်းနှီးမြှုပ်နှံသည့် အရင်းအနှီးများအတွက် အရင်းနှင့် ရသင့်ရထိုက်သည့် အကျိုးအမြတ်ကိုသာ ယူမည်ဆိုခြင်းမျိုးဖြစ်သည်။ ထိုကဲ့သို့ဖြစ်စေရန် မည်သို့စီမံခန့်ခွဲထားပါသည်ဆိုသည်ကို အချက်အလက်များဖြင့် ပြည်သူလူထုကို ၎င်းတို့ နားလည်နိုင်သည့် ကိန်းဂဏန်း ဝေါဟာရများဖြင့် ချပြသင့်သည်။

ရန်ကုန်မြို့သူမြို့သားများနှင့် နိုင်ငံတနိုင်ငံလုံး အကျိုးရှိရန် တဘက်စောင်းနင်း စာချုပ်များ ချုပ်ဆိုလုပ်ကိုင်မည် မဟုတ်ကြောင်း၊ တဘက်သတ် မဖြစ်စေရန် မည်သို့စီမံဆောင်ရွက်ထားကြောင်း (ဥပမာ တရုတ်ဘက်မှ အုပ်ချုပ်မှုအဆင့်ဝန်ထမ်းများမှလွဲ၍ ကျန်လုပ်သားများသည် မြန်မာလူမျိုးများသာ ဖြစ်ရမည်) ကို ပုံမှန်ရှင်းလင်းသင့်သည်။ ဘီအာအိုင်နှင့်ပတ်သက်ပြီး ဝါဏိဇ္ဇ ပဋိပက္ခ ဖြစ်ပေါ်ခဲ့ပါက တရုတ်တရားရုံးများ၌သာ ဆုံးဖြတ်မည်ကို စိုးရိမ်ပူပန်မှုများရှိသကဲ့သို့ စံချိန်စံနှုန်းများ ဖြင့် ပတ်သက်ပြီးလည်း စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်။ ထိုစိုးရိမ်ပူပန်မှုများလျှော့နည်းရန် တရုတ်-မြန်မာ ၂ နိုင်ငံအစိုးရများ ပူးပေါင်းညှိနှိုင်းလုပ်ဆောင်ရမည်ဖြစ်သည်။ လုပ်ဆောင်ရန်လည်း မကြာခင်က ဘီအာအိုင် အကောင်အထည်ဖေါ်ဆောင်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းခြင်းဟု ယူဆသည်။

ထိုပြင် ရန်ကုန်မြို့နေပြည်သူလူထုအားလည်း ပြည်ထောင်စုအစိုးရနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အနေဖြင့် ဤမြို့သစ်စီမံကိန်းတခုတည်းသာကို ဦးစိုက်လုပ်နေခြင်း မဟုတ်ကြောင်း၊ လက်ရှိ ရန်ကုန် မြို့အားလည်း မည်သို့မည်ပုံ နေချင်စဖွယ် သန့်ရှင်းသာယာလှပပြီး စိမ်းလမ်းစိုပြေ၍ ခေတ်မီမြို့တော် ဖြစ်စေရန် မည်သို့ဆောင်ရွက်နေသည်ကိုပါ စနစ်တကျ ယုံကြည်လက်ခံလာအောင် ဆောင်ရွက်သင့်သည်။ ရန်ကုန်မြို့သူမြို့သားများ၏စိတ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် စီမံကိန်းအကြီးစားများကိုသာ အကောင်အထည်ဖေါ်ရန် စိတ်ဝင်စားနေပြီး လက်တွေ့ ပြည်သူလူထုနှင့် ပူးပေါင်းလုပ်ဆောင်၍ ရသည့်ကိစ္စရပ်များကို လျစ်လျူရှုထားသည်ဟု ခံစားနေရသည်။

လတ်တလော ပြည်သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်နိုင်သည့်ကိစ္စများကို ဦးစားပေးရွေးချယ် လုပ်ဆောင်သင့်သည်ဟု ထင်မြင်မိသည်။ ဥပမာ ယာဉ်ကြောပိတ်ဆို့မှုသက်သာစေရန် စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များဖြင့်ပူးပေါင်း၍ ယာဉ် စည်းကမ်းလမ်းစည်းကမ်း ပညာပေးခြင်း၊ လမ်းဖြတ်ကူးရာ၌ သတ်မှတ်နေရာများမှကူးရန် ပညာပေး ခြင်း၊ ကူညီ ကူးဖြတ်ပေးခြင်း၊ ဂုံးကျော်တံတားများမှ လမ်းဖြတ်ကူးရန် တိုက်တွန်းခြင်းမျိုးသည် ချက်ခြင်း လက်ငင်းလုပ်ဆောင်နိုင်သည်ဟု ထင်သည်။ အလားတူ စနစ်တကျ အမှိုက်စွန့်ပစ်တတ်စေရန် မိဘ ပြည်သူများကို ပညာပေးသည့်အစီအစဉ်များ ဖြစ်သည်။

လက်ရှိရန်ကုန်မြို့အား မြို့ဟောင်းဟု အမည်နာမတပ်ခြင်းကိုလည်း ရှောင်ရှားသင့်သည်ဟု ထင်မြင် သည်။ မြို့ဟောင်းမြို့သစ်ထက် ၂ မြို့လုံး တိုးတက်ပြောင်းလဲရန် မည်သို့ဆောင်ရွက်နေပါသည် ဆိုသည်က ပိုအရေးကြီးသည်ဟု ယူဆမိသည်။ မြို့သစ်က ရလာသည့် အကျိုးအမြတ်ဖြင့် မြို့ဟောင်းကို ပြန်လည်ပြင်ဆင်မည်ဟုသော အကြောင်းပြချက်မှာလည်း ခိုင်လုံသည့် အကြောင်းပြချက်ဟု မယူဆ။ မြို့ဟောင်း၏ ရင်းမြစ်များကို စနစ်တကျ သုံးစွဲတတ်လျှင် ရန်ကုန်မြို့(ဟောင်း)သည် ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြင့်မားမြန်ဆန်သည့် turbo city ဖြစ်လာနိုင်သည်။ လက်ရှိရန်ကုန်မြို့၏ အရင်းအ မြစ်များကို အသုံးချ၍ ပြုပြင်ပြောင်းလဲမည့် အစီအစဉ်များကိုလည်း ပြည်သူလူထုအား စနစ်တကျ အချိန်နှင့်တပြေးညီ ရှင်းလင်းရမည်ဖြစ်သည်။ ဥပမာ ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာပါ Yangon Metropolitan Development Company ၏ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုမျိုးဖြစ်သည်။

လက်ရှိ ရန်ကုန်မြို့၏ အဓိကအရင်းအမြစ်မှာ လူ့စွမ်းအားဖြစ်သည်။ ယင်းကို အသုံးချတတ်လျှင် ရန်ကုန်မြို့နှင့် ရန်ကုန်မြို့သစ် ၂ မြို့လုံးအတွက် အကျိုးရှိမည်ဖြစ်သည်။ လက်ရှိ ရန်ကုန်မြို့၏ မြို့နယ်များရှိ အခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန်ပြီး လတ်တလော ပြုပြင်နိုင်သည့်အရာများကို ဦးစား ပေးလုပ်ဆောင်နိုင်မှသာ ၂၀၂၀ ရွေးကောက်ပွဲများ ကျင်းပရာတွင် မဲပေးမည့် ပြည်သူလူထု၏ ထောက်ခံမှုကို ပိုမိုရရှိမည်ဟု ယူဆမိပါသည်။

အဆုံးသတ်အနေဖြင့် မြို့သစ်စီမံကိန်းအတွက် နိုင်ငံရေးအရ စိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်လွှားနိုင်ရန် လိုအပ်သလို ၂၀၂၀ခုနှစ်မတိုင်မီ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် လွှတ်တော်နှင့်ပြည်သူများအကြား အငြင်းပွားဖွယ်ကိစ္စရပ်များ (controversial issues) မဖြစ်အောင် ညှိနှိုင်းဆောင်ရွက်သင့် ကြောင်း တင်ပြလိုက်ရပါသည်။

(ခိုင်ဝင်းသည် ရန်ကုန်အခြေစိုက် Sandhi Governance Institute ၏ ဒါရိုက်တာဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading