နှစ်ပေါင်းများစွာက ငြိမ်သက် တိတ်ဆိတ်နေခဲ့သည့် ကယားဒေသသည် သိပ်မကြာသေးခင် အချိန်ကာလကစ၍ စည်စည် ကားကား သိုက်သိုက်ဝန်းဝန်း ဖြစ်လာခဲ့သည်။
ဒေသဖွံ့ဖြိုးမှု နည်းပါး လှသဖြင့် ဒေသခံတချို့ အတွက် တောင်ယာ စိုက်ခင်းများ၌ ပင်ပင်ပန်းပန်း လုပ်ကိုင်ကာ စားဝတ် နေရေး ဖြေရှင်းခဲ့ကြရသည်များလည်း ရှိသည်။ သို့သော် ယခုအချိန်တွင် သူတို့ဘဝ အပြောင်းအလဲများ ရှိလာသည်။
တနီးလာလဲ ကျေးရွာမှ အသက် ၆၈ နှစ် အရွယ် ဒေါ်စောမြာက“အရင် လယ်နဲ့ တောင်ယာပဲ လုပ်တော့ ပိုက်ဆံ အဆင်မ ပြေဘူး။ နောက်ပိုင်း ခြံထဲ မသွားတော့ဘူး။ ပင်ပင်ပန်းပန်း ရှာရတာကို သက်သောင့် သက်သာနဲ့ ရှာရတယ်”ဟု ဆိုသည်။

ယခင် နှစ်များစွာက အနက်ရောင် နယ်မြေ၊ အညိုရောင် နယ်မြေ အဖြစ် သတ်မှတ်ထားခဲ့ပြီး နိုင်ငံခြား ခရီးသွားများ သွား ရောက်ရန် ကန့်သတ်ထားသည့် နေရာများထဲ၌ ကယား ပြည်နယ်လည်း ပါဝင်ခဲ့သည်။
ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် ကယားကို ခရီးသွားခွင့် ကန့်သတ်ထားသည့် နေရာအဖြစ်မှ ဖြေလျှော့ပေးခဲ့သည်။ သို့သော် ယခုချိန်ထိ ကယားပြည်နယ်ထဲ၌ သွားလာခွင့် ကန့်သတ်ထားသည့် နေရာတချို့ ရှိနေသေးသည်။
ကယား ဟု ဆိုလိုက်လျှင် လည်ပင်းတွင် ကြေးကွင်းများ ဝတ်ဆင်ထားကြသည့် ကမ္ဘာကျော် ကယန်း (ပဒေါင်) မျိုးနွယ်စု များ ရှိရာ ဒေသ ဖြစ်ကြောင်း သိကြမည်ပင်။

ကယန်းမှာ ကယား လူမျိုးစု ၉ ခု၌ ပါဝင်သည့် လူမျိုးစု ဖြစ်ပြီး အခြား လူမျိုးစုများမှာ ဂေပါး၊ ကယား၊ ကယန်းဂေခို (က ယန်း ကဲဒေါ့)၊ ယင်းဘော် (ကယန်းကငန်)၊ ကယော၊ ယင်းတလဲ၊ ကယန်းလထ(ဇယိမ်း)၊ မနုမနော တို့ ဖြစ်သည်။
ကြေးကွင်း စွပ်ထားသည့် ထူးခြားသော ဓလေ့ကြောင့်ပင် ကယားပြည်နယ်ကို လာရောက် လေ့လာချင် ကြသည့် ဧည့် သည်များစွာ ရှိနေပါသည်။
ကယား ဒေသ၏ တောတောင် အလှ၊ သဘာဝ လိုဏ်ဂူများ၊ ရေတံခွန်များ၊ တိုင်းရင်းသား တို့၏ ဓလေ့ထုံးတမ်းများက ခရီးသွားများကို ဆွဲဆောင်နိုင်မည့် နေရာလည်း ဖြစ်နေသည်။
၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် ပြည်ပ ဧည့်သည်များ ကယား ဒေသသို့ တဖွဲဖွဲ ဝင်ရောက်လာကြသည်။ ၂၀၁၅ ခုနှစ် ဝန်း ကျင်၌ ဆိုရှယ်မီဒီယာ ပိုမိုအားကောင်းလာကာ ခရီးသွားကြသည့် အလေ့အထလည်း မြန်မာ ပြည်သူများကြား ခေတ်စားလာပြီး နောက် ကယား ဒေသသည် လည်စရာ ပတ်စရာ နေရာတခုတွင် အပါအဝင် ဖြစ်လာသည်။

နောက်ပိုင်း၌ ပြည်တွင်းရှိ ခရီးသွား လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ခရီးသွား အသင်း အဖွဲ့များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်းကာ ကယား ခရီးစဉ် ဖွံ့ဖြိုးရေး အပိုင်းကို ဆောင်ရွက်လာကြသည်။
ရပ်ရွာ အခြေပြု ခရီးသွား လုပ်ငန်း (CBT) ဟုခေါ်သည့် အစိုးရ၊ နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းများက ဒေသ ဖွံ့ဖြိုး ရေး အတွက် ဒေသခံများနှင့် ပူးပေါင်း၍ အကောင်အထည် ဖော်ပေးခြင်း၊ နည်းပညာ ပေးခြင်း၊ အသိပညာပေးခြင်းတို့ အပြင် ဒေသခံများအား စီမံခန့် ခွဲစေကာ ယင်းမှ ရရှိလာသည့် ငွေကြေးကို ဒေသ ရန်ပုံငွေ ထားရှိ၍ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း များ အတွက် ပြန်လည် အသုံးပြုစေခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်နေသည်။
ယင်း CBT အသီးအပွင့် အဖြစ် ခရီးသွား လုပ်ငန်းကို အမှီပြုရသည့် ဟိုတယ်၊ စားသောက်ဆိုင်၊ လက်မှုပစ္စည်း အရောင်း ဆိုင်များ ပေါ်ထွက်လာကာ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်း များပြားလာခြင်းနှင့် ဒေသ ဖွံ့ဖြိုးမှု ရှိလာခဲ့သည်။

CBT ပြုလုပ်ထားသော ပန်ပက် ကျေးရွာမှ ဒေါ်မူထန်က“အခုက CBT လုပ်ပြီးတော့ ဧည့်သည်တွေကို ကျမရဲ့ လက်ကောက် တွေကို ရောင်းခွင့် ရခဲ့တယ်။ ပိုက်ဆံက ပိုပြီးတော့ ဝင်လာတာပေါ့။ တဖက်တလမ်း ဝင်ငွေရလာတယ်။ ပျော်ဖို့လည်း ကောင်းပါတယ်”ဟု ပြောသည်။
ဒေါ်မူထန် ရောင်းချသည့် လက်မှု ပစ္စည်းများမှာ ကြေး၊ ဒန်သတ္တု နှင့် ပြုလုပ်သည့် လက်ကောက်များဖြစ်ပြီး ယင်းပြင် ကိုယ်တိုင် ရက်လုပ်သည့် ချည်ထည်များ စသည့် လက်မှုပစ္စည်းများကို ရောင်းချခြင်း ဖြစ်သည်။
ကယား ပြည်နယ်သည် မြန်မာနိုင်ငံ၏ နယ်နိမိတ် ဧရိယာ အကျဉ်းဆုံးနှင့် လူဦးရေ အနည်းဆုံး ပြည်နယ်တခု ဖြစ်သလို အဆင်းရဲဆုံးသော ပြည်နယ်များတွင် တခု အပါအဝင်လည်း ဖြစ်ခဲ့သည်။ နယ်မြေ မငြိမ်းချမ်းခြင်းနှင့် လမ်းပန်း ဆက်သွယ် ရေး ခက်ခဲခြင်းတို့က ပြည်နယ်ကို ဆင်းရဲတွင်း နစ်မြုပ်စေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း လက်ရှိ တည်ငြိမ်အေးချမ်း လာသော နယ်မြေ အခြေအနေနှင့် အတူ ကယားပြည်နယ်၏ ခရီးသွား လုပ် ငန်း သည် ဖွံ့ဖြိုး တိုးတက်စ ပြုလာလေသည်။
နိုင်ငံတကာ ကုန်သွယ်မှု စင်တာ (International Trade Centre -ITC ) မှ ထုတ်ပြန်ထားသော အချက်အလက် အရ ၂၀၁၅ ခုနှစ်မှ၂၀၁၇ ခုနှစ် အတွင်း ကယား ပြည်နယ်သို့ နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်လာမှု နှုန်းမှာ ၃၉၀၀ မှ ၉၀၀၀ ခန့် အထိ ၁၃၀ ရာခိုင်နှုန်းနှင့် ပြည်တွင်း ဧည့်သည်များ လာရောက်မှုနှုန်းမှာ ၁၄၀၀၀ မှ ၃၃၅၀၀ ခန့် အထိ နှစ်ဆကျော် တိုးမြင့် လာကြောင်း သိရသည်။

ITC သည် ကယားပြည်နယ်၌ နယ်သာလန် အစိုးရ၏ အထောက်အပံ့ (Netherland Trust Fund-NTF III) ဖြင့် အားလုံး ပါဝင်သော ခရီးသွား လုပ်ငန်း စီမံကိန်းကို ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ သုံးနှစ်ကြာ အကောင်အထည် ဖော်ခဲ့သည့် အဖွဲ့ အစည်း ဖြစ်သည်။
လက်ရှိတွင်လည်း NTF IV စီမံကိန်းကို ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး တို့တွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ အထိ အကောင်အထည် ဖော်နေသည်။
ထို့ပြင် NTF IV စီမံကိန်း အရ ကယားပြည်နယ်တွင် စီမံကိန်းပါ နောက်ထပ် ရွာသစ် ၂ နေရာတွင် ရိုးရာ ခရီးသွား လုပ်ငန်း နှင့် ဆိုင်သော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ အားကောင်းလာအောင် ဆောင်ရွက်မည့် အကြောင်း ITC မှ စီမံကိန်း ညှိနှိုင်းရေးမှူး (ကယား ပြည်နယ်) မဝင်နီက အားတက်သရော ရှင်းပြသည်။
ကယားပြည်နယ်ကို ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ စံနမူနာပြ ဒေသ ဖြစ်လာစေရန် လုပ်ဆောင်မည်ဟု ၎င်း က ဆိုသည်။
NTF IV စီမံကိန်းတွင် ခရီးသွားများ သွားရောက်လေ့လာနိုင်ရန် CBT ကျေးရွာများ အပြင် လွိုင်ကော်မြို့ပေါ်ရှိ ကယား ဝက်အူချောင်း ပြုလုပ်သည့် နေအိမ်များ၊ ရက်ကန်း သင်တန်းကျောင်း များကိုလည်း ထည့်သွင်း ရေးဆွဲထားသည်။
မဝင်နီက“CBT က ကျမတို့လုပ်တဲ့ ပရောဂျက်ရဲ့ တစိတ်တပိုင်းပေါ့။ Inclusive Tourism Project လို့ ပြောတဲ့အခါမှာ လွိုင်ကော် အခြေစိုက် ခရီးသွား ကုမ္ပဏီတွေ ဧည့်လမ်းညွှန်တွေနဲ့ ချိတ်ဆက်ပေးတယ်။ အဲဒီကနေတဆင့် ရန်ကုန် အခြေ စိုက် ခရီးသွား ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး ဥရောပ ဈေးကွက်ကို မြှင့်တင်ပေးတယ်။ ဒီကွင်းဆက် တခုလုံးကို လုပ်ပေးပါ တယ်”ဟု ပြောသည်။
ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန်၊ ဒေသခံပြည်သူများ၏ ဝင်ငွေနှင့် အသက်မွေးဝမ်းကျောင်းကို ပိုမို မြှင့်တင်ပေးနိုင်ရန်၊ ဒေသ အလိုက် ကွဲပြားသည့် ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များ တိုးတက်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း NTF IV စီမံကိန်းက ဆိုထားသည်။
ယင်းသို့ ခရီးသွား လုပ်ငန်း တိုးတက်မှု ဆောင်ရွက်ရာတွင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ထုတ်ကုန်များကို မြှင့်တင် ပေးခြင်း၊ ယဉ်ကျေးမှု ဆိုင်ရာ လေ့လာရေး ခရီးသွား လုပ်ငန်း၊ ဆန်းသစ်သော ခရီး အစီအစဉ်များ၊ ရပ်ရွာအခြေပြု ခရီး သွား အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။
စီမံကိန်းတွင် ပါဝင်သည့် ကဏ္ဍတခု အဖြစ် ဒီးမော့ဆို မြို့နယ်၌ CBT ပြုလုပ်ထားသော ကျေးရွာများ ဖြစ်ကြသည့် ကယန်း မျိုးနွယ်စုများ နေထိုင်ကြသည့် ပန်ပက် ကျေးရွာ ၊ ကယား လူမျိုးများ နေထိုင်ကြသည့် တနီးလာလဲ၊ ကယော မျိုးနွယ်စုဖြစ် သည့် ထေးခိုရွာနှင့် ကယား မျိုးနွယ်စုများ ရှိသည့် ဒေါတမကြီး ရွာတို့ကို သင်တန်းများ ပို့ချကာ ဝန်ဆောင်မှု ပေးလျက် ရှိ သည်။
ပန်ပက် ကျေးရွာမှာ လွိုင်ကော်မြို့မှ ၁၈ မိုင်ခန့် ဝေးပြီး ကားဖြင့် သွားလာမည် ဆိုပါက ၁ နာရီခွဲခန့် သွားလာရသည်။ တနီး လာလဲ ကျေးရွာမှာ လွိုင်ကော်မြို့နှင့် ၁၂ မိုင်ခန့် ဝေးပြီး မိနစ် ၃၀ ခန့်သာ အချိန်ပေး သွားရောက်ရမည် ဖြစ်သည်။
အဆိုပါ ကျေးရွာများ၌ ရိုးရာ ခေါင်ရည် ချက်လုပ်ခြင်း၊ ရိုးရာ အစားအသောက်များ၊ သစ်၊ ဝါး၊ ကြေး၊ ဘော်များဖြင့် လက်မှု လုပ်ငန်း ပြုလုပ်ခြင်း၊ ဝါဂွမ်းမှ တဆင့် ချည်ထည် အဆင့်ထိ ပြုလုပ်သည့် ရက်ကန်း ရက်ခြင်းများ၊ ရိုးရာ ကိုးကွယ်မှု၊ ရိုးရာ ဂီတ တီးမှုတ်ခြင်း တို့ကို လေ့လာနိုင်သည်။
မဝင်နီက“မြန်မာနိုင်ငံ အမျိုးသား ပို့ကုန် မဟာဗျူဟာ အောက်ကနေ ကဏ္ဍ ၇ ခုရှိတာ ခရီးသွား လုပ်ငန်းက ၁ ခု အပါ အဝင် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဦးတည်ပြီးတော့ လုပ်ပေးတာ ဖြစ်တယ်။ ပြီးတော့ ကယားကို ရွေးရတဲ့ အကြောင်း အရင်း ကလည်း ကယားပြည်နယ် ယဉ်ကျေးမှု ဓလေ့တွေ ကြွယ်ဝတယ်။ အဲဒါ အဓိက ပါဝင်တယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
CBT ကျေးရွာများ၌ ရိုးရာ တေးဂီတ ဖျော်ဖြေပေးသည့် အိမ်တအိမ်လျှင် ၅၀၀၀ ကျပ် ရရှိပြီး ရိုးရာ လက်မှု ပစ္စည်းများ ပြသ သည့် ရိုးရာ အိမ်များက ၃၀၀၀ ကျပ်နှင့် ဒေသခံ ဧည့်လမ်းညွှန်က ကျပ် ၅၀၀၀ နှုန်း ရရှိကြောင်း သိရသည်။
အဆိုပါ ဝင်ငွေမှ ၁၀ ရာခိုင်နှုန်းကို ရွာရန်ပုံငွေ အဖြစ် ပြန်လည် ကောက်ခံရာတွင် CBT ကျေးရွာ ဖြစ်သည့် တနီးလာလဲ ကျေးရွာတွင် ၂၀၁၆ ခုနှစ်တွင် ကျပ် ၄ သိန်းကျော်၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၆ သိန်းကျော် နှင့် ၂၀၁၈ ခုနှစ် ၁၁ လပိုင်း အထိ ၉ သိန်းကျော် ရရှိကြောင်း တနီးလာလဲရွာ၏ CBT ဥက္ကဋ္ဌ ဦးတီရယ်က ပြောသည်။
ဦးတီရယ်က“ပြည်ပ ခရီးသည် ပိုများတယ်၊ ပြည်တွင်း ခရီးသည်က သုံးပုံ တပုံပဲ လာတယ်။ ၁၁ လပိုင်းထဲမှာ ၃၅၀ လောက် တော့ လာတယ်။ ပြင်သစ်၊ ဂျာမနီ၊ စပိန်များတယ်၊ အီတလီ လည်း များတယ်”ဟု ဆိုသည်။
ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် ရိုးရာဓလေ့ကို ဖော်ထုတ်နိုင်ပြီး ကယားလူမျိုးကို ကမ္ဘာက အသိအမှတ်ပြုနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဧည့်သည်တွေ လာရင် ရိုးရာ တံခွန်တိုင်၊ တောလိုက် နတ်စင် ရိုးရာ တေးဂီတအိမ်၊ ရိုးရာအိမ်တွေကို လိုက်ပြပါတယ်။ ကိုယ့်ရဲ့ ရိုးရာ ဓလေ့ကို လည်း မပျောက်စေချင်ပါဘူး။ ကျနော်တို့ လူမျိုး တမျိုးကိုလည်း ကမ္ဘာက ကယားလူမျိုး ရှိပါလား ကယားလူမျိုးရဲ့ ရိုးရာဓလေ့ ဒီလိုရှိပါလားဆိုတာ အသိအမှတ်ပြုစေချင်တယ်”ဟုလည်း ဦးတီရယ်က ပြောသည်။
ဒေသ အခြေပြု လုပ်ငန်းဖြစ်သည့် အားလုံး ပါဝင်သော ခရီးသွား လုပ်ငန်း စီမံကိန်း စတင်ပြီးနောက် ဝင်ငွေရလမ်း ပိုမိုရှိ လာကြောင်း ဒေသခံများ ပြောကြားချက် အရ သိရသည်။
“အခုလို ကျတော့ အသုံးစရိတ် ရတာပေါ့။ ဧည့်သည်ကိုပဲ စောင့်တော့တယ်”ဟု ဒေါ်စောမြာက ပြောပြသည်။
မည်သို့ပင် ဆိုစေ အားလုံး ပါဝင်သော ခရီးသွား လုပ်ငန်း စီမံချက် နောက်ပိုင်းတွင် ကယားပြည်နယ်၏ ခရီးသွားလုပ်ငန်း တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာသည်က အသေအချာပင် ဖြစ်သည်။
၂၀၁၈ ခု နှစ်ကုန်ပိုင်းတွင် ကယားပြည်နယ် ခရီးစဉ် စီစဉ်သော ကုမ္ပဏီပေါင်း ၃၈ ခု အထိ ရှိလာပြီး ဒေသခံများ၏ ဝင် ငွေလည်း သိသိသာသာ တိုးတက်လာကြောင်း ITC ၏ စာရင်းဇယားများ၌ ဖော်ပြထားသည်။
ထို့ပြင် ပြည်တွင်း၊ ပြည်ပ ခရီးသွား လုပ်ငန်း ဈေးကွက်များနှင့်လည်း တိုက်ရိုက် ချိတ်ဆက်နိုင်ရန် ဆောင်ရွက်သွားမည့် အပြင် ဈေးကွက် မြှင့်တင်ရေး အစီအစဉ်များ ဖြစ်သည့် ညီလာခံများ၊ အရောင်း မြှင့်တင်ရေးပွဲများ၊ စီးပွားဖက်ချင်း တွေ့ ဆုံပွဲများနှင့် အခြား ဆက်စပ်သော ပွဲများတွင် ကယားနှင့် တနင်္သာရီတိုင်းမှ ထုတ်ကုန်သစ်များကို မိတ်ဆက် ချိတ်ဆက် ပေးခြင်းများလည်း ဆောင်ရွက်မည် ဖြစ်ကြောင်း ITC က ဆိုသည်။
ကယား ခရီးစဉ်သို့ သွားရောက်ကြသည့် အခါ လွိုင်ကော်မြို့ရှိ တောင်ကွဲစေတီ၊ ဟော်နန်း၊ ယဉ်ကျေးမှု ပြတိုက်၊ ရက်ကန်း ကျောင်း၊ ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ရာဇဝင်ထဲက ဒွေးမယ်နော်တို့ ရေကစားရာ ကန် ၇ ဆင့်၊ မိုးဗြဲဆည်၊ ကြပ်ဂူ စသည့် အထင်ကရ နေရာများ အပြင် CBT ကျေးရွာများ ဖြစ်သည့် ပန်ပက်နှင့် တနီးလာလဲ စသည့် နေရာများသို့ပါ ဝင်ရောက်မှု များပြား လာခဲ့သည်။
ထို့ပြင် ကယား၌ ခရီးစဉ်ဒေသ အသစ်များကိုလည်း ဖော်ဆောင်နိုင်ရန် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ဆောင်ရွက်နေပြီး ဟိုတယ်၊ မိုတယ် လိုင်စင် အသစ်များ ချထားပေးခြင်းတို့ကြောင့်လည်း တည်းခိုစရာ နေရာများ ပိုမို များပြား လာလျက် ရှိသည်။
ဖွံ့ဖြိုးမှု နည်းခဲ့သည့် ကယားမြေ၏ ခရီးသွား လုပ်ငန်းသည် ယခုဆိုလျှင် ဧည့်သည်များဖြင့် စည်ကားစ ပြုနေပြီ ဖြစ်သည်။
ခရီးသွားများ လာလျှင် သူတို့၏ လက်မှုပစ္စည်းတွေ ရောင်းချကြရန်နှင့် ရိုးရာ အဝတ်အစားများ ဝတ်စားဆင်ယင်လိုသူများ အတွက် တက်တက်ကြွကြွဖြင့် ဆင်ယင်ပေးကြသည်။
ကယားပြည်နယ်၏ ခရီးသွား လုပ်ငန်း ရောင်ခြည် လင်းလက်လာခြင်းသည် ဒေါ်မူထန် တို့ကဲ့သို့ ဒေသခံများ အတွက် လည်း မျှော်လင့်ချက် ရောင်ခြည် ဖြစ်သည်။
ယခင် တောင်ယာ လုပ်ငန်းများထဲတွင် ဘဝကို နှစ်မြှုပ်ထားရင်း အချိန် ကုန်ဆုံးနေတတ်ကြကာ ရိုးသား ပွင့်လင်းကြသည့် ကယား တိုင်းရင်းသားတို့မှာ ယခုဆိုလျှင် ဧည့်သည်ကို မျှော်နေတတ်ကြပြီ။
ဧည့်သည်လာလျှင် သူတို့ တတ်သမျှ မှတ်သမျှ လက်မှုလုပ်ငန်း၊ ရိုးရာ ဂီတတို့ဖြင့် ဖျော်ဖြေပေးမည်။ ဧည့်သည်များ သိလို သမျှကို ဖြေကြားပေးမည်။
မည်သို့ပင် ဆိုစေ ဧည့်သည်လာလျှင် သူတို့ ပျော်ကြလေပြီ။ ။