• English
Saturday, June 21, 2025
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဒေဝရဲ့ချန်ပီယံခါးပတ် ထွန်းထွန်းမင်း လုယူနိုင်မလား

by ဆလိုင်းသန့်စင်
15 December 2018
in ဆောင်းပါး
A A
ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ယှဉ်ပြိုင်ထိုးသတ်မည့် ဒေဝနှင့် ထွန်းထွန်းမင်း

ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ယှဉ်ပြိုင်ထိုးသတ်မည့် ဒေဝနှင့် ထွန်းထွန်းမင်း

42k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ရိုးရာလက်ဝှေ့လောက၏ စိတ်ဝင်စားဖွယ် အကောင်းဆုံးပွဲစဉ်တပွဲကတော့ ပရိတ်သတ်ရှေ့မှောက်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အဆိုပါ ပွဲစဉ်ကတော့ လက်ရှိ အလွတ်တန်း မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ဒေ့ဗ်လတ်ဒက်နှင့် ချန်ပီယံဟောင်း ထွန်းထွန်းမင်းတို့၏ ခါးပတ်လုပွဲပင် ဖြစ်သည်။

ထွန်းထွန်းမင်းဟူသည်က မြန်မာ့လက်ဝှေ့လောက၏ အမြင့်ဆုံးဆုတံဆိပ်ဖြစ်သည့် အလွတ်တန်း မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံ ရွှေခါးပတ်ကို အသက် ၂၂ နှစ်အရွယ်ဖြင့်ရရှိခဲ့သူ၊ မြန်မာ့လက်ဝှေ့လောကတွင် အသက် အငယ်ဆုံး အလွတ်တန်းချန်ပီယံ ဟူသည့် သမိုင်းမှတ်တိုင်ကို စိုက်ထူခဲ့သူ ဖြစ်သည်။

RelatedPosts

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

20 June 2025
317
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

20 June 2025
2.9k
စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

19 June 2025
6.3k

ထိုးသတ်သည့်ပွဲစဉ်တိုင်းတွင် ပြင်းထန်သည့် ခြေကန်ချက်၊ လက်သီးချက်၊ ဒူးတိုက်ချက်နှင့် ခေါင်းတိုက်ချက် များဖြင့် အင်တိုက်အားတိုက် ကစားလေ့ရှိသည့်အတွက် မြန်မာ့လက်ဝှေ့ပရိတ်သတ်၏ တခဲနက်အားပေးမှုကို ပိုင်ဆိုင်ထားသူ ထွန်းထွန်းမင်းကို မွန်ပြည်နယ်တွင် ၁၉၉၂ ခုနှစ်က မွေးဖွားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်မှ စတင်၍ မြန်မာ့လက်ဝှေ့လောကကို ဝင်ရောက်ခဲ့သူ ထွန်းထွန်းမင်းမှာ စတင်ဝင်ရောက်သည့်နှစ်မှာပင် ၂၀၁၀ ခုနှစ် ပြည်နယ်နှင့် တိုင်း လက်ဝှေ့ချန်ပီယံ ရွှေခါးပတ်ကို ဆွတ်ခူးခဲ့သူ ဖြစ်သည်။

ထိုင်းနိုင်ငံရှိ မွေ့ထိုင်းလက်ဝှေ့လောကတွင်လည်း ကျင်လည်ထိုးသတ်ခဲ့သူ ထွန်းထွန်းမင်းမှာ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ မွေဘောက်ဆင် အားကစားနည်းဖြင့် မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပသည့် ၂၀၁၃ ခုနှစ် အာရှကိုယ်ခံပညာပြိုင်ပွဲတွင် မွေ့ထိုင်းအားကစားနည်းဖြင့် ငွေတံဆိပ်ဆုဆွတ်ခူးကာ မြန်မာ့ဂုဏ်ဆောင် အားကစားသမားတဦးအဖြစ် မှတ်တမ်းရေးထိုးခဲ့သူ ဖြစ်သည်။

လက်ဝှေ့လောကထဲ ဝင်ရောက်ပြီး ၅ နှစ်အကြာ ၂၀၁၄ ခုနှစ်တွင် မြန်မာပြည်၏ အလွတ်တန်း ရွှေခါးပတ် ချန်ပီယံ စောငမန်းကို စိန်ခေါ်ထိုးသတ်အနိုင်ယူပြီးနောက် အသက် ၂၂ နှစ်အရွယ်မှာပင် မြန်မာလက်ဝှေ့ လောက၏ အလွတ်တန်း ရွှေခါးပတ်ချန်ပီယံ ထွန်းထွန်းမင်း ဖြစ်လာခဲ့သည်။

ထွန်းထွန်းမင်းအတွက်တော့ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကာလများက အောင်မြင်မှုအရှိဆုံး ရွှေရောင်ကာလများ ဖြစ်ခဲ့ပြီး စိန်ခေါ်သူ ပြည်တွင်းဖိုက်တာများသာမက ထိုင်း၊ ဘရာဇီး၊ အမေရိကန်၊ ရုရှား၊ အီတလီနှင့် သြစတြေးလျစသည့် ပြည်ပ နိုင်ငံများမှ ဖိုက်တာများကိုလည်း ထိုးသတ်အနိုင်ယူခဲ့သူဖြစ်သည်။

မြန်မာပြည်၏ ထိပ်တိန်းလက်ဝှေ့ကျော်ဖြစ်သည့် ထွန်းထွန်းမင်း၏ အလွတ်တန်းချန်ပီယံဘဝကို အဆုံးသတ်ပေးဖို့ ပေါ်ပေါက်လာခဲ့သူက ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒက် ဖြစ်သည်။ မြန်မာပြည်ကို ချစ်မြတ်နိုးကြောင်း အမြဲပြောလေ့ရှိပြီး ဗမာမှုကို နှစ်သက်သည့်အတွက် နာမည်ကိုပင် ဒေ၀ ဟု ခံယူထားသူ ဒေ့ဗ် ကို ၁၉၉၁ ခုနှစ်တွင် ကနေဒါနိုင်ငံတွင် မွေးဖွားခဲ့သည်။

တိုက်ခိုက်ရေးပညာကို ဝါသနာပါသည့်အတွက် အသက် ၁၇ နှစ်အရွယ်ကပင် လေ့လာသင်ကြားပြီးနောက် ၂၀၁၃ ခုနှစ်တွင် ကနေဒါနိုင်ငံရှိ ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ – MMA ကို ဝင်ရောက်ယှဉ်ပြိုင်ကာ တိုက်ခိုက်ရေး အားကစားသမားဘဝကို စတင်ခဲ့သူဖြစ်သည်။ ထို့နောက် ယင်းနှစ်မှာပင် ထိုင်းနိုင်ငံသို့ သွားရောက်၍ မွေ့ထိုင်းလက်ဝှေ့လောကသို့ ဝင်ရောက်ထိုးသတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်အထိ မွေ့ထိုင်း လောကတွင် ၃ နှစ်တာ ကျင်လည်ခဲ့သည်။ ဒေ့ဗ်အနေဖြင့် ၃ နှစ်တာကာလအတွင်း မွေ့ထိုင်း ၁၅ ပွဲ ထိုးသတ်ခဲ့ရာမှာ ၁၄ ပွဲအနိုင်ရခဲ့ပြီး ၁ ပွဲသာ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ အနိုင်ရခဲ့သည့် ၁၄ ပွဲတွင် ၁၂ ပွဲက အလဲထိုးဖြင့် အနိုင်ယူခဲ့တာ ဖြစ်သည်။

ထိုသို့ မွေ့ထိုင်းမှတ်တမ်းကောင်းများ ရရှိထားသည့် ဒေ့ဗ်မှာ ၂၀၁၆ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာ့လက်ဝှေ့လောက၏ ထိပ်တန်းဖိုက်တာတဦးဖြစ်သည့် နဂါးမာန်ကလပ်မှ တူးတူးကို စိန်ခေါ်ထိုးသတ်ခဲ့သည်။ နိုင်ငံခြားသားများနှင့် မကြာခဏဆိုသလို ထိုးသတ်လေ့ရှိသည့် တူးတူးတယောက် သတ်လုံးသတ်ကွက် စုံလင်ပြီး ပါးနပ်သည့်ဖိုက်တာတဦးဖြစ်သည့် ဒေ့ဗ်နှင့် ပထမဆုံး ဆုံတွေ့ချိန်တွင် အခက်တွေ့ခဲ့ပြီး အနိမ့်အနေအထားဖြင့် သရေရရှိအောင် ကြိုးပမ်းခဲ့ရသည်။

မြန်မာပြည်၏ ထိပ်တန်းလက်ဝှေ့ကျော် ၃ ဦးထဲတွင် တဦးအပါအဝင်ဖြစ်သည့် တူးတူးကို သရေထိုးသတ်ခဲ့ပြီးနောက် ဒေ့ဗ်၏ ဒုတိယပစ်မှတ်က အလွတ်တန်း ရွှေခါးပတ်ချန်ပီယံ ထွန်းထွန်းမင်း ဖြစ်လာခဲ့သည်။ တူးတူးနှင့် ထိုးသတ်ပြီး ၂ လအကြာ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ကျင်းပသည့် GTG လက်ဝှေ့စိန်ခေါ်ပွဲ တွင် ဒေ့ဗ်နှင့် ချန်ပီယံ ထွန်းထွန်းမင်းတို့ ပထမဆုံးဆုံတွေ့ခဲ့ရာ ပွဲချိန်အစောပိုင်းအချီများတွင် ထွန်းထွန်းမင်း အသာရခဲ့သော်လည်း ပွဲချိန်ကြာလာသည်နှင့်အမျှ ဒေ့ဗ်က ပွဲကိုပြန်လည်ဦးဆောင်ကာ ထွန်းထွန်းမင်းကို အခက်တွေ့အောင် ထိုးသတ်နိုင်ခဲ့သည်။ သူတပြန်ကိုယ်တပြန် အကြိတ်အနယ် ထိုးသတ်ပြီးနောက် ၅ ချီ ပြည့်သည်အထိ အရှုံးအနိုင် အဖြေမပေါ်ဘဲ သရေကျခဲ့သည်။

ထို့နောက် မကျေပွဲအဖြစ် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပသည့် ၂၀၁၆ ကမ္ဘောဇလေကြောင်းလိုင်း အောင်လံလုပွဲတွင် ထွန်းထွန်းမင်းနှင့် ဒေ့ဗ်တို့ ဒုတိယအကြိမ် ထပ်မံ ဆုံတွေ့ခဲ့ကြသည်။ ဒီတကြိမ်မှာတော့ ထွန်းထွန်းမင်းအနေဖြင့် ဒေ့ဗ်ကို အနည်းငယ်အသာစီးရအောင် ထိုးသတ်နိုင်ခဲ့သော်လည်း တတိယအချီတွင် ကံဆိုးခဲ့သည်။ ဘယ်ခြေဖြင့် ဒေ့ဗ်၏အောက်ခြေကို သိမ်းကန်ချိန်တွင် ဒေ့ဗ်က ထွန်းထွန်းမင်းခြေထောက်ကို ဖမ်းဆွဲပြီး တွန်းလွှတ်လိုက်ချိန်၌ ထွန်းထွန်းမင်းခန္ဓာကိုယ် တပတ်လည်ထွက်သွားပြီး ညာဘက်ဒူးအဆစ်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သည်။

ရှုံးခဲ့လျှင် မိမိ၏ချန်ပီယံဘွဲ့ လွဲှပေးရမည့်ပွဲမို့ ထွန်းထွန်းမင်း ကြိုးစားယှဉ်ပြိုင်သော်လည်း မတ်တပ်ရပ်ဖို့ပင် ခက်ခဲခဲ့သည့် ဒူးဒဏ်ရာကြောင့် ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ဘဲ ရှုံးနိမ့်ခဲ့သည့်အတွက် မြန်မာပြည်၏ အလွတ်တန်း မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ကို မြန်မာ့လက်ဝှေ့လောကထဲ ဝင်လာချိန် ၄ လကျော်သာရှိသေးသည့် ကနေဒါ နိုင်ငံသား ဒေ့ဗ်က သိမ်းပိုက်သွားခဲ့သည်။ ထွန်းထွန်းမင်းကို အနိုင် ရရှိခဲ့သည့်အတွက် ဒေ့ဗ်မှာ မြန်မာနိုင်ငံသား မဟုတ်သည့် ပထမဆုံးသော အလွတ်တန်းလက်ဝှေ့ချန်ပီယံ ဟူသည့် မှတ်တမ်းကို ပိုင်ဆိုင်ခဲ့သည်။

အဆိုပါ ပွဲစဉ်ပြီးဆုံး၍ ၂ နှစ်တင်းတင်းပြည့်ချိန်မှာတော့ မြန်မာပြည်ကိုချစ်သည့်အတွက် ဒေ၀ အမည်ခံယူ ထားသည့် ဒေ့ဗ်နှင့် ကြိုးဝိုင်းအတွင်း မခိုမကပ် ထိုးသတ်ကစားသည့်အတွက် ပရိတ်သတ်၏ချစ်ခြင်းမေတ္တာကို ရရှိထားသည့် ချန်ပီယံဟောင်း ထွန်းထွန်းမင်းတို့ ၂၀၁၈ ကမ္ဘောဇလေကြောင်းလိုင်း အောင်လံလုပွဲတွင် ပြန်လည်ဆုံတွေ့ခဲ့ကြပြီ ဖြစ်သည်။

အလွတ်တန်း မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံ ဒေ့ဗ် ကို ပြန်လည်စိန်ခေါ်ဖြစ်သည့် အဓိက အကြောင်းရင်းကို လက်ဝှေ့ကျော် ထွန်းထွန်းမင်းက ရှင်းပြသည်။

“မြန်မာ့လက်ဝှေ့ကို တခြားနိုင်ငံသားတွေ စိတ်ဝင်စားလာတာ ဝမ်းသာစရာပါ။ ဒါပေမယ့် မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ ချန်ပီယံဟာ နိုင်ငံခြားသားဖြစ်နေတာတော့ ကျနော်ဘယ်လိုမှ လက်မခံနိုင်ဘူး။ ကျနော်တို့ ရိုးရာလက်ဝှေ့ ချန်ပီယံသည် ကျနော်တို့လူမျိုးပဲ ဖြစ်ရမယ်။ မဟုတ်ရင် ကျနော်တို့လူမျိုးတွေညံ့လို့ သူ့ကိုပေးလိုက်ရသလို ဖြစ်နေတယ်။ အဲဒါကြောင့်မို့ သူ့ကို ပြန်ပြီးစိန်ခေါ်ခဲ့တာ ဖြစ်တယ်”ဟု ထွန်းထွန်းမင်းက ဧရာဝတီကို ပြောပြသည်။

မြန်မာလူမျိုးသာ မြန်မာ့လက်ဝှေ့ချန်ပီယံဖြစ်ရမည်ဟူသော ထွန်းထွန်းမင်း၏ ပြောစကားမှာ မိမိကို စော်ကားသလို ဖြစ်နေကြောင်း အခရာ အားကစား သတင်းကဏ္ဍနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ချန်ပီယံ ဒေ့ဗ်က ပြောဆိုသည်။

“ထွန်းထွန်းမင်းနဲ့ စောငမန်းတို့ ပြောတဲ့ပုံစံတွေက ကျနော့်ကို စော်ကားတယ်လို့ မြင်တယ်။ ကျနော်က မြန်မာ နိုင်ငံသားပါ။ မြန်မာလိုဝတ်တယ်။ မနက်ဆို မုန့်ဟင်းခါးစားတယ်။ မြန်မာလူမျိုးလို လက်ထပ်ထားတယ်။ ကျနော် ကိုယ့်ဟာကိုယ် ဘယ်မှာမွေးမယ်ဆိုတာကိုတော့ ရွေးလို့မရဘူး။ ဒါပေမယ့် ကျနော့်ဘဝမှာ ဘာလုပ်ချင် တာလဲဆိုတာကိုတော့ ကိုယ်တိုင်ဆုံးဖြတ်လို့ရတယ်။ ကျနော်မြန်မာကိုရွေးတယ်။ မြန်မာ့ လက်ဝှေ့ကို ရွေးတယ်။ မြန်မာပရိတ်သတ်တွေက ကျနော်ဘယ်ကလာတယ်ဆိုတာ အရေးမကြီးဘူးလို့ နားလည်တယ်။ ကျနော့် နှလုံးသားထဲမှာ ဘာရှိသလဲဆိုတာပဲ အရေးကြီးတယ်”ဟု ဒေ့ဗ်က အခရာအားကစားကဏ္ဍကို ပြောဆိုသည်။

ဒေ့ဗ်က ဘယ်လိုပဲပြောသည်ဖြစ်စေ ထွန်းထွန်းမင်းကတော့ မြန်မာလူမျိုးသာ မြန်မာ့လက်ဝှေ့ချန်ပီယံ ဖြစ်ရမည်ဟူသော စိတ်ဓာတ်ဖြင့် ဒေ့ဗ်ကို ရင်ဆိုင်တော့မည် ဖြစ်သည်။ လက်ရှိတွင် ဒေ့ဗ်၏ ဝိတ်တန်းကို ထိုးသတ်နိုင်သူက မြန်မာပြည်တွင် ၃ ဦးသာရှိသည့်အတွက် မိမိအနေဖြင့် ဒေ့ဗ်ကို ပြန်လည်စိန်ခေါ်ခြင်း ဖြစ်ကြောင်း ထွန်းထွန်းမင်းက ပြောသည်။

“ကျနော်တို့ မြန်မာနိုင်ငံမှာ အခုဆိုရင် ဒေ့ဗ် ဝိတ်တန်းက ထိုးနိုင်တဲ့လူ ရှားတယ်။ ကျနော်ရယ်၊ တူးတူးရယ်၊ ကိုစောငမန်းရယ်။ ဒါပဲ ရှိတယ်။ ကျနော်တို့ ၃ ယောက်ထဲကမှ ပြန်မထိုးဘူးဆိုရင် နောက်တက်လာမယ့် ကလေးတွေ ထိုးဖို့က ကြာဦးမယ်။ အဲဒါကြောင့် ပြန်စိန်ခေါ်တာလည်း ပါတယ်။ နောက်တခုက လက်ဝှေ့ တခေတ်မှာတော့ ကျနော့်ကို နိုင်ထားတဲ့ လက်ဝှေ့သမားကို ကျနော်လက်ဝှေ့လောကက အနားမယူခင် အနိုင်နဲ့ပဲ အနားယူချင်တယ်။ အရှုံးနဲ့ အနားမယူချင်ဘူး။ ဒါကြောင့် ပြန်စိန်ခေါ်ဖြစ်တာပါ”ဟု အလွတ်တန်း လက်ဝှေ့ချန်ပီယံဟောင်း ထွန်းထွန်းမင်းက ဧရာဝတီကို ရှင်းပြသည်။

ဒေ့ဗ် နှင့်ထိုးသတ်ဖို့အတွက် ၃ လခန့် အချိန်ယူ ပြင်ဆင်ခဲ့ပြီး အဆိုပါကာလအတွင်း ကမ်းလှမ်းလာသည့် ပွဲစဉ်မှန်သမျှကို ငြင်းပယ်ခဲ့ကြောင်း၊ လတ်တလောတွင် ဒေ့ဗ်နှင့်ပွဲကိုသာ အာရုံစိုက်ထားပြီး အဆိုပါပွဲစဉ်ပြီးမှသာ မိမိအနာဂါတ်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ထွန်းထွန်းမင်း ဆိုသည်။

ထွန်းထွန်းမင်းနှင့် ဒေ့ဗ်တို့ ဆုံတွေ့ခဲ့သည့် ပထမပွဲစဉ် ၂ ပွဲကို ပြန်ကြည့်လျှင် ထွန်းထွန်းမင်း၏ လက်သီးချက်၊ အောက်ခြေသိမ်း ခြေကန်ချက်များကြောင့် ဒေ့ဗ် အထိနာခဲ့သလို ဒေ့ဗ်၏ ပတ်တံတောင်ရိုက်ချက်၊ လက်သီးချက်နှင့် ရင်ဘတ်သို့ နင်းသည့်ခြေကန်ချက်များကလည်း ထွန်းထွန်းမင်းကို အခက်တွေ့စေခဲ့သည်။

တိုက်ခိုက်ရေးပုံစံအရ ထွန်းထွန်းမင်းက တိုက်စစ်သမား။ ပြိုင်ဘက်ကို ပြင်းထန်အားပါသည့် လက်သီး၊ ခြေကန်ချက်၊ ခေါင်းတိုက်ချက်၊ ဒူးတိုက်ချက်များဖြင့် တိုက်စစ်ဆင် ထိုးသတ်လေ့ရှိသည်။ အားနည်းချက်က ပွဲအစပိုင်း ၃ ချီ (Round 3) အထိ အကောင်းဆုံး ထိုးသတ်နိုင်သော်လည်း တိုက်စစ်တွင် အင်အားများစွာ အသုံးပြု တိုက်ခိုက်ခဲ့သည့်အတွက် ၄ ချီ (Round 4) နှင့် ၅ ချီ (Round 5) တို့တွင် လက်ပန်းကျ အားကုန်လေ့ရှိသည်။ ဒေ့ဗ်နှင့်ပွဲစဉ်တွင် ၅ ချီပြည့် ထိုးသတ်နိုင်အောင် ပြင်ဆင်ထားပြီး ဒေ့ဗ် အားထား အသုံးပြုလေ့ရှိသည့် ပတ်တံတောင်ရိုက်ချက်များ မထိအောင် သတိထားရှောင်တိမ်းကာ ထိုးသတ်သွားမည်ဟု ထွန်းထွန်းမင်းက ပြောသည်။

“ဒေ့ဗ်ရဲ့တံတောင်ရိုက်ချက်က ကျနော်ထိုးခဲ့ဖူးတဲ့ ပြိုင်ဘက်တွေနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး။ သူ့ထက် တံတောင်ရိုက်ချက်ပိုကောင်းတဲ့ ဆိုင်းရပ်စပ်တို့နဲ့တောင် ကျနော် ထိုးသတ်ခဲ့တာပါ။ ဒါကြောင့် ဒေ့ဗ်တံတောင် ရိုက်ချက်က စိုးရိမ်စရာမရှိပါဘူး။ ကျနော်အကောင်းဆုံးကြိုးစားပြီး ပြင်ဆင်ထားပါတယ်”ဟု ထွန်းထွန်းမင်းက ပြောသည်။

ကာလတိုအတွင်း အလွတ်တန်း မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဆွတ်ခူးနိုင်ခဲ့သူ ဒေ့ဗ်ကတော့ ပြိုင်ဘက်၏တိုက်ခိုက်မှု အခြေအနေ၊ ပွဲ၏အခြေအနေအပေါ်မူတည်ပြီး တိုက်စစ်၊ ခံစစ် လိုသလိုပြောင်း ကစားတတ်သည့် ပါးနပ်သောတိုက်ခိုက်ရေးသမားဖြစ်သည်။ မွေ့ထိုင်းလက်ဝှေ့လောကမှ ကူးပြောင်းလာသူ ဖြစ်သည့်အတွက် ပတ်တံတောင်ရိုက်ချက်နှင့် ဒူးတိုက်ချက်များ အထူးကောင်းမွန်ပြီး လက်သီး၊ ခြေကန်ချက်၊ ခေါင်းတိုက်ချက်စသဖြင့် သတ်လုံးသတ်ကွက် စုံလင်အောင် အသုံးပြုကာ တိုက်ခိုက်လေ့ရှိသည်။ ပရိယာယ် ကြွယ်ဝစွာ ကစားတတ်ပြီး ခေါင်းအေးအေးဖြင့် ပြိုင်ဘက်၏ အားနည်းချက်ကိုရှာကာ တိုက်ခိုက်ဖြိုလှဲတတ်သူ ဖြစ်သည်။

၂၀၁၆ ခုနှစ်က ထွန်းထွန်းမင်းနှင့် ပထမဆုံး ထိုးသတ်စဉ်အချိန်က မိမိအနေဖြင့် မြန်မာ့လက်ဝှေ့ကို စတင် လေ့လာဆဲ အချိန်ကာလသာဖြစ်ကြောင်း၊ ထွန်းထွန်းမင်းအနေဖြင့် ၂၀၁၆ ခုနှစ်က တွေ့ဆုံမှုထက် ယခုပွဲစဉ်က ပိုမိုခက်ခဲမည်ဖြစ်ကြောင်း ဒေ့ဗ်က ထွန်းထွန်းမင်းကို သတိပေး ပြောကြားသည်။

“၂၀၁၆ ခုနှစ်က ထွန်းထွန်းမင်းနဲ့ ထိုးတုန်းက ကျနော်လက်ဝှေ့ကို စလေ့လာနေတုန်းပဲ ရှိသေးတယ်။ ခေါင်းနဲ့တောင် ဘယ်လိုတိုက်ရမှန်း မသိသေးဘူး။ ၂၀၁၆ တုန်းကတောင် ကျနော်နဲ့ထိုးရတာ ခက်တယ်လို့ ထင်ရင်တော့ အခုပွဲမှာ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်သာကြည့်ပေတော့။ …ဒီတခေါက် ကြိုးဝိုင်းထဲမှာ ကျနော့်မှာ ရှိသမျှအင်အား အကုန်အသုံးပြုပြီး ထိုးသတ်သွားမှာပါ။ ထွန်းထွန်းမင်းကို ပြောချင်တာကတော့ မင်းဘဝအတွက် အခက်အခဲဆုံးဖြစ်လာမယ့် ဒီပွဲကို အသင့်ပြင်ထားလိုက်တော့လို့ ပြောချင်ပါတယ်”ဟု ဒေ့ဗ်က အခရာ အားကစားကဏ္ဍတွင် ပြောဆိုထားသည်။

မြန်မာ့ဂုဏ်ဆောင် လက်ဝှေ့သမားတဦးဖြစ်သည့် ထွန်းထွန်းမင်းတွင် ထူးခြားသည့်မှတ်တမ်းတခု ရှိသည်။
ယင်းမှတ်တမ်းကြောင့်လည်း ထွန်းထွန်းမင်းနှင့် ဒေ့ဗ်တို့ ဆုံတွေ့မည့် တတိယမြောက်ပွဲစဉ်ကို လူအများပိုမို စိတ်ဝင်စားခဲ့ကြသည်။ ထွန်းထွန်းမင်းမှာ အမေရိကန်နိုင်ငံသား ဆိုင်းရပ်စ် (ဝါရှင်တန်) နှင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ကျင်းပသည့် ကမ္ဘောဇလေကြောင်းလိုင်းအောင်လံလုပွဲတွင် ထိုးသတ်ခဲ့ရာ ဆိုင်းရပ်စ်၏ ပြင်းထန်သည့် နောက်ပြန်ကန်ချက်ကြောင့် သူ၏ မြန်မာ့ရိုးရာ လက်ဝှေ့သမားဘဝတွင် ဒုတိယမြောက် ရှုံးပွဲကို ကြုံတွေ့ခဲ့ရသည်။

အဆိုပါ ရှုံးကြွေးပြန်ဆပ်ဖို့အတွက် ဆိုင်းရပ်စ်ကို ပြန်လည်စိန်ခေါ်ခဲ့ပြီး ၂၀၁၅ နှစ်၊ ဧပြီလတွင်ကျင်းပသည့် Thingyan Fight ပြိုင်ပွဲတွင် ထိုးသတ်ခဲ့ရာ ပွဲချိန်တတိယအချီမှာပင် ဆိုင်းရပ်စ်ကို အလဲထိုးဖြင့် အနိုင်ယူကာ ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့သည်။

ရန်ကုန်မြို့၊ သိမ်ဖြူလက်ဝှေ့အားကစားခန်းမတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင်ကျင်းပမည့် ကမ္ဘောဇ လေကြောင်းလိုင်း အောင်လံဆု ဗိုလ်လုပွဲစဉ် ကြိုးဝိုင်းအတွင်း၌ ဆုံတွေ့ကြတော့မည့် အလွတ်တန်း မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ဒေ့ဗ် ခေါ် ဒေဝနှင့် မြန်မာ့ဂုဏ်ဆောင် လက်ဝှေ့ကျော် ထွန်းထွန်းမင်းတို့ ပွဲစဉ်မှာ ထွန်းထွန်းမင်းကပဲ ဒေ့ဗ်ကို ရှုံးကြွေးဆပ်ပြီး ၎င်းဆုံးရှုံးခဲ့သည့် ချန်ပီယံခါးပတ်ကို ပြန်လည်ရယူနိုင်မလား၊ ဒေ့ဗ်ကပဲ ထွန်းထွန်းမင်းကို အကောင်းဆုံး ယှဉ်ပြိုင်ထိုးသတ်ပြီး ချန်ပီယံဘွဲ့ကို ဆက်လက် ထိမ်းသိမ်းသွားမလားဆိုတာ စောင့်ကြည့်သွားရမည် ဖြစ်သည်။

Your Thoughts …
Tags: ထွန်းထွန်းမင်းဒေ့ဗ်လတ်ဒက်
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

နာမည်ကြီးလက်ဝှေ့သမား ထွန်းထွန်းမင်း / ဝေဝေနှင်း / ဧရာဝတီ

“ဘဝအာမခံချက် မရှိတဲ့ လက်ဝှေ့သမား ဘဝပါ” လို့ ပြောလာတဲ့ ထွန်းထွန်းမင်း

by ယုဖြူဟန်
26 September 2018
8.9k

လက်ဝှေ့သမားများကို လူအများက သိရှိမှုအားနည်းရတဲ့အချက်တွေကတော့ ကြော်ငြာ အားနည်းခြင်းနဲ့ မီဒီယာများမှ ဖော်ပြပေးမှုအားနည်းတာကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်

Next Post
အရသာရှိတဲ့ ဂျပန်အစားအစာများ

ဆူရှီအပြင် အခြား နာမည်ကျော် ဂျပန်အစားအစာများ

Red Hot Chili Peppers ဂီတဝိုင်း

အောင်မြင်ကျော်ကြားတဲ့ Rock ဂီတဝိုင်းများ အပိုင်း (၄)

No Result
View All Result

Recommended

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

1 week ago
26.8k
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

5 days ago
4.5k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate