ပြည်သူ့ဆန္ဒ၏ အောင်ပွဲတခု
၁၉၆၉ ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိသော စာရင်းကို ၁၄.၁၁.၇၀ က ကြေညာလိုက်ပေပြီ။
ဝတ္ထုရှည်တွင် မောင်သာရ၏ “မတ်တတ်ရပ်လို့ လမ်းမှာငို” ပြဇာတ်၊ ပြန်ကြားရေးဌာန ဒုတိယအတွင်းဝန် တက္ကသိုလ် မောင်မောင်ခင်၏ “အဆင်းခက်ခက် အတက်ကြမ်းကြမ်း”၊ ဘာသာပြန်ဆုတွင် တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေးဌာန ပညာပဒေသာ မဂ္ဂဇင်း အယ်ဒီတာ ကျော်လှိုင်ဦး ၏ “ဦးလေးတွမ်” ဝတ္ထု၊ နိုင်ငံရေးစာပေ ဆုတွင် တရားသူကြီးချုပ် ဒေါက်တာ မောင်မောင်၏ “မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီး နေဝင်း”၊ သုတပဒေသာ (သိပ္ပံ စက်မှု လက်မှု) ဆုတွင် ပြန်ကြားရေးဌာန စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ လက်ထောက်စာတည်း လေသူရဲတစ်ဦး၏ “အာကာသ ၁၂ နှစ်ခရီး”၊ ကလေးစာပေဆုတွင် နုယဉ်၏ “ထပ်တရာ ကလေးကဗျာများ”၊ စာပေပဒေသာ ဆုတွင် ဦးသော်ဇင်၏ “စာဥယျာဉ်”။
ဝတ္ထုတိုပေါင်းချုပ်၊ ကဗျာ၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေ၊ သုတပဒေသာ (လူမှုရေး) စသည့် ဘာသာ ရပ်များတွင် ဆုမပေးဟု ကြေညာသည်။ စံမမီ၍သော်လည်းကောင်း၊ စံမီသော်လည်း အစိုးရလမ်းစဉ်နှင့် မညီဟု ယူဆ၍ သော်လည်းကောင်း ဆုမပေးဟု နားလည်ကြရပေမည်။
ယခုဆုသည် ယခင်နှစ်များ (၁၉၆၄ က စသည်) ကကဲ့သို့ “ပြိုင်ပွဲဆု” မဟုတ်တော့ဘဲ ၁၉၆၉ ခုနှစ်အတွင်း ထွက်လာ သော စာအုပ်များထဲမှ အကောင်းဆုံးစာအုပ်ကို ရွေးချယ်၍ ပေးသော “ရွေးချယ်ဆု” ဖြစ်သည်။
ပြိုင်ပွဲဝင်သော ဆုပေးစနစ်ကို စာရေးဆရာ အတော်များများက မနှစ်သက်ကြ၍ ပြိုင်ပွဲမဝင်ကြပေ။ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ စသည်ဖြင့် အဆင့်ခွဲ၍ ပေးသောစနစ်ကိုလည်း မနှစ်သက်ကြပေ။ ပထမဆု မပေးဘဲ ဒုတိယဆု တော့ ပေးသည့် စနစ်ကိုလည်း နားမလည်နိုင်ကြပေ။ ယင်းသို့လျှင် စာရေးဆရာ (ဝါ) ပြည်သူ့ဘက်မှ မနှစ်သက်သော စနစ်ကို စွန့်ပစ်၍ ယခင် စာပေဗိမာန် ဆုပေးစနစ်ကဲ့သို့ ရွေးချယ်ဆု ပြန်ဖြစ်လာသဖြင့် စာရေးဆရာ အတော်များများ က “ဒါမှပေါ့” ဟု ဆိုမြည်ကြသည်။ တနည်း ပြည်သူ့ဆန္ဒ၏ အောင်ပွဲဟု ဆိုရပေမည်။
စာပေဆုရှင် တို့၏ ရင်ခုန်သံများ
ဘာသာပြန် စာပေဆုရှင် ဦးကျော်လှိုင်ဦးက “အမျိုးသားစာပေဆုသည် နိုင်ငံတနိုင်ငံ၏ အမြင့်ဆုံး စာပေဆု ဖြစ်သည်” ဟူ၍ လည်းကောင်း၊ “အမျိုးသားစာပေ ဆုရသူက ဂျိမ်းစ်ဘွန်းလို ဘာသာပြန် စာအုပ်များနှင့် ဖေတော့မောင်တော့ စာအုပ်များကို ရေးလျှင် အမျိုးသားစာပေဆု ရသည်ကို စော်ကားရာ ရောက်မည်” ဟူ၍ လည်းကောင်း သူ၏ အာဘော် ကို ဖွင့်ဟထားသည်။ “နိုင်ငံတနိုင်ငံ၏ အမြင့်ဆုံး” စာပေဆုကို သူ ရရှိသဖြင့် ဂုဏ်ယူခြင်း ဖြစ်သည်။ ထို့ပြင် ဖေတော့ မောင်တော့ စာအုပ်နှင့် ဂျိမ်းစ်ဘွန်း ဘာသာပြန်များကို ရှုတ်ချထားသည်။ ဂျိမ်းစ်ဘွန်း ရုပ်ရှင်ကားကို ပြန်ကြားရေး ဝန်ကြီး ဌာန၊ နိုင်ငံခြား ရုပ်ရှင်ကား တင်သွင်းရေးအေဂျင်စီမှ တင်သွင်း၍ ဂျိမ်းစ်ဘွန်း ဝတ္ထုစာအုပ်များကို ကုန်သွယ်ရေး ၉ မှ တင်သွင်းခြင်း ဖြစ်သည်။
ဒေါက်တာ မောင်မောင်က “ဗိုလ်ချုပ်ကြီးနေဝင်း အထွတ်အထိပ် ရောက်နေ၍ ရေးသားခြင်း မဟုတ်ပေ။ ထိုပုဂ္ဂိုလ်ကြီး သည် သခင်ခေတ်မှ ယနေ့အထိ မြန်မာ့နိုင်ငံရေး ခရီးစဉ်တွင် ရှေ့ဆောင်လာသူဖြစ်ပြီး လူသားဆန်သော ပုဂ္ဂိုလ်ကြီး ဖြစ်သည်” ဟု သူ၏ အထင်အမြင်ကို ဖွင့်ဟသည်။ တရားသူကြီးချုပ် ဒေါက်တာ မောင်မောင်သည် ဗိုလ်ချုပ်ကြီး နေဝင်း အကြောင်း ရေးရာ၌ အသင့်ဆုံး ပုဂ္ဂိုလ်ဟု ဆိုရပေမည်သာ။
ဒေါ်နုယဉ်က “ယခုကဲ့သို့ စင်စင်ကြယ်ကြယ် ဆုရသဖြင့် ဝမ်းမြောက်ပါသည်။ ယခင်က မူများမှာ တနှစ်တည်းကို နှစ်ယောက်ခွဲပေးသလို ပေးခဲ့သဖြင့် ဆုပင် တက်မယူခဲ့။ ယခုမူကို ကြိုက်သည်” ဟု ယခင် စာပေဗိမာန် ကဗျာဆု ၁၀၀၀ တွင် ၅၀၀ စီ ခွဲပေးသောကြောင့် ဆုငြင်းပယ်ခဲ့ခြင်းကို သတိရ၍ ရင်ဖွင့်လိုက်သည်။ ယှဉ်ပြိုင်ဆုခေတ်က တတိယ ရခဲ့ဖူးသည်။ ဆုရွေးချယ် စိစစ်ရေးအဖွဲ့ဝင် ဆရာ တက်တိုးက တဆု ငွေ သုံးထောင် ချီးမြှင့်ခြင်းသည် နည်းသည်။ တဆု ငါးထောင် ပေးသင့်သည်ဟု ဖော်ပြသည်။ အမှန်အားဖြင့် တခု တသောင်းလောက် ချီးမြှင့်ပါက ယခု ခေတ်တွင် ပို၍ တန်ဖိုးရှိမည်၊ စံမီမည်ဟု ယူဆမိသည်။
အမျိုးသားစာပေဆု ဘာလဲ
ဤသို့လျှင် ဆုရသူများက ယခုနှစ် အမျိုးသားစာပေဆုကို နှစ်သက်အားရ ကျေနပ်ဂုဏ်ယူကြောင်း ဖော်ပြကြသည်။ တချို့ အမျိုးသားစာပေဆု ဟူသော စကားလုံးကို သဘောကျ တပ်မက်ကြဟန် ရှိသည်။ နိုင်ငံ တနိုင်ငံ၏ အမြင့်ဆုံးဟု တန်ဖိုးထားကြသည်။ ထိုအခါ အမျိုးသားစာပေဆု ဟူသော အဓိပ္ပာယ်ကို ဆန်းစစ်ရန် လိုလာသည်။
အမျိုးသားဟူသော ဝေါဟာရကို သုံးထားသဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ပြည်ထောင်စုဝင်များဖြစ်သော အခြား တိုင်းရင်းသား အမျိုးသားများ၏ စာပေများ အကျုံးဝင်လာသည်ကို တွေ့ရသည်။ သို့ဖြစ်လျှင် ယင်း တိုင်းရင်း သား လူမျိုး အမျိုးသားများ၏ စာပေဆုလည်း တကဏ္ဍ ထည့်သွင်းသင့်လာပြန်သည်။ ဥပမာ – ရှမ်းစာပေ၊ ကရင်စာပေ၊ မွန်စာပေ၊ ချင်းစာပေ စသည် စသည်…။
ယခင် ဖဆပလခေတ် စာပေဗိမာန်ဆုနှင့် ယခု အမျိုးသားစာပေဆု ဘာခြားနားသလဲဟု စိစစ်ကြည့်စရာ ဖြစ်လာသည်။ စာပေဗိမာန်မှာ ဖဆပလ အစိုးရ ထောက်ပံ့ကြေးဖြင့် မ,တည်ထားသော အစိုးရတပိုင်း ဖြစ်သည်။ အဖွဲ့တွင် ဝန်ကြီး ချုပ် သည် ဥက္ကဋ္ဌ ဖြစ်သည်။ စာပေဗိမာန် ဆုရွေးချယ်ရေးအဖွဲ့ဝင် သုခမိန်အချို့ ယခု အမျိုးသားစာပေဆု ရွေးချယ်ရေး အဖွဲ့တွင်ပင် ထပ်ပါဝင်နေ၏။
ယခု အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့တွင် တော်လှန်ရေးအစိုးရ လခစား အရာရှိကြီးများ (တယောက်သာ ပင်စင်စား) ပါဝင်သည်။ ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့က ဆုငွေ ပေးသည်။ စာပေဗိမာန်ဆု ကို ဖဆပလခေတ်က ဝန်ကြီးချုပ်ကတော်က ချီးမြှင့်သည်။ ယခု ပြန်ကြားရေး ဝန်ကြီးက ချီးမြှင့်သည်။ သို့ဖြစ်လျှင် အနှစ် သာရအားဖြင့် အမျိုးသားစာပေဆုသည် နိုင်ငံတော်အစိုးရ စာပေဆုသဘော သက်ရောက်သည်ဟု ဆိုနိုင်သည်။
ဆိုဗီယက်တွင် စာပေဆုနှင့် ချီးမြှင့်ခံ အနုပညာရှင်တို့ကို နိုင်ငံတော်ဆုဟု လည်းကောင်း၊ ပြည်သူ့ အနုပညာရှင်ဘွဲ့ ရဟု လည်းကောင်း ခေါ်ကြပေသည်။
အမျိုးသား၊ နိုင်ငံတော်၊ အစိုးရ၊ ပြည်သူ စသော ဝေါဟာရများသည် ရာဇဝင်ခေတ်လိုက်၍ လည်းကောင်း၊ အုပ်စိုးသူနှင့် အအုပ်စိုးခံ ပြည်သူပြည်သားများ၏ မည်မျှညီညွတ်မှု ရှိသနည်းဟူသော အတိုင်းအတာကို လိုက်၍ လည်းကောင်း အဓိပ္ပာယ် ရွေ့လျားလျက် ရှိတတ်သည်။
အင်္ဂလိပ် နိုင်ငံခြား နယ်ချဲ့သမား လက်အောက်ခံခေတ်၌ အမျိုးသားဟူသော စကားလုံးတွင် အုပ်စိုးသူ အင်္ဂလိပ်များ မပါပေ။ စင်စစ်အားဖြင့် အလုပ်သမား၊ လယ်သမား၊ ပညာရှင် စသော လုပ်သားပြည်သူများ၊ တိုင်းရင်းသား လူမျိုးများ ကို ကိုယ်စားပြုသော ခေတ်၌ကား အမျိုးသား၊ နိုင်ငံတော်၊ အစိုးရ၊ ပြည်သူ ဟူသော စကားလုံးများသည် အဓိပ္ပာယ် တခုတည်း ထွက်ကြပေသည်။
စကားလုံး ဟူသည့် ကိုယ်စားပြုမှုပေါ်တည်၍ အဓိပ္ပာယ် ပြည့်ဝလေးနက်ပေသည်။ သို့ဖြစ်ရာ အမျိုးသား စာပေ ဟူ သည် လည်း ကိုယ်စားပြုမှုပေါ် တည်၍ စာပေအဓိပ္ပာယ် ထွက်ပေမည်။
စာပေဆု၏ အန္တရာယ်များ
စင်စစ်အားဖြင့် စာပေဆုဟူသည် စာပေ သဘောတရားတခုကို အများပြည်သူ မြင်ရအောင် စင်ပေါ်တင်၍ အလံထူ ပြလိုက်ခြင်းပင် ဖြစ်သည်။ စာပေဆု ပေးလိုက်ခြင်းဖြင့် ထင်ရှားသော သာဓက ဖြစ်သွားတတ်သည်။
စာပေ သဘောတရားဟူသည် စာပေရွေးချယ်ရေး အာဏာပိုင်အဖွဲ့က မိမိ၏ အကြိုက်ဆုံး (အကောင်းဆုံးဟု ခေါ်ကောင်း ခေါ်မည်) ဟု ယူဆ၍ ရွေးချယ်လိုက်ခြင်း၏ မူဝါဒပင် ဖြစ်မည်။ တနည်းဆိုရသော် စာပေ သဘော တရား ဟူသည့် နိုင်ငံရေး လှုပ်ရှားမှုတခု၏ ထင်ဟပ်ချက်ဖြစ်ပေရာ၊ မည်သည့်ဆုပင် ဖြစ်စေ ဆုပေးသော အဖွဲ့အစည်း (အစိုးရ ကိုယ်စားလှယ်အဖွဲ့ ဖြစ်ချင် ဖြစ်မည်၊ ပုဂ္ဂလိက အဖွဲ့အစည်း ဖြစ်ချင် ဖြစ်မည်) ၏ နိုင်ငံရေး သဘောတရား (အရင်းရှင် သို့မဟုတ် ဆိုရှယ်လစ်) ကိုကား ကိုယ်စားပြုကာ ထင်ဟပ်ရပေမည်။ ယင်းသို့ ထင်ဟပ်ခြင်းမှာ သဘာ၀ လည်း ကျပေသည်။ နိုင်ငံရေး၊ စီးပွားရေးသည် ပင်မ။ ယဉ်ကျေးမှု၊ စာပေ၊ အနုပညာ၊ အဘိဓမ္မာတို့သည် အကိုင်း အခက် ဟူသော လူမှုဥပဒေ အရ။
ယင်းသို့ မိမိတို့၏ (ဝါ) အစိုးရဖြစ်လျှင် အုပ်စိုးသူ လူတန်းစား၏ သဘောတရား အရ၊ အအုပ်စိုးခံ ပြည်သူဘက်က ဖြစ်လျှင်လည်း ရပ်တည်ရာ လူတန်းစား၏ သဘောတရား အရ၊ စာပေဆုဟူသော ကြေးမုံပြင်၌ နိုင်ငံရေး အဓိပ္ပာယ် တရပ်ကို ထင်ရှားအောင် ထင်ဟပ်ပြလိုက်ခြင်းပင် ဖြစ်သည်။ ယင်းသို့ သာဓက ပြလိုက်ခြင်းသည် အန္တရာယ်ပင်။ အနုပညာ၌ သင်္ချာကဲ့သို့ “ပုံသေနည်း” ဝင်လာတော့သည်။ ဆုရချင်လျှင် ဒီလိုရေးရသည် ဟူသော တွက်နည်း ရောက်လာတတ်သည်။ ပြိုင်ပွဲဆုခေတ်က ယင်းသဘောမျိုး သက်ရောက်သဖြင့် ဆုရသူများ “ထပ်” နေသည်ကို တွေ့ရပေမည်။ ယခု ရွေးချယ်ဆုကား ယင်းအန္တရာယ်နှင့် ဝေးနိုင်သည်ဟု ဆိုရပေမည်။ ယင်းသည့်တိုင်အောင် ဆုရစာအုပ်ကို “စံ” ထား၍ ဆုရွေးချယ်မှု၏ “ပျော့ကွက်” ကို တွက်ကာ တွေးခေါ်မြော်မြင်၍ ရေးလျှင် “ပုံသေနည်း” ဘောင်ထဲ ရောက်မှာ စိုးရိမ်ရပေသည်။
မည်သို့ပင်ဖြစ်စေ၊ ဆုပေးခြင်းဖြင့် စာပေလောကအဖို့ လှုပ်ရှားသွားတတ်သည်။ ပြည်သူ့အား နိုးကြားထကြွအောင် ဆွပေးရာ ရောက်စေသည်။ ယင်းသည်ကား အကျိုးပင်။
လောက၌ ချီးမွမ်းခြင်၊ ကဲ့ရဲ့ခြင်းဟူသည် ဒွန်တွဲနေသော ဓမ္မတာ တရားပင် ဖြစ်ပေရာ၊ ယခုနှစ် စာပေဆုရ စာအုပ်များ၊ ဆုရွေးချယ်ပေးမှုများအား ဝေဖန်နေကြခြင်းမှာလည်း လောကဓံတရားပင် မဟုတ်ပေလော။
ဘဝအသိနှင့် လေ့လာအသိ
မောင်သာရ၏ “မတ်တတ်ရပ်လို့ လမ်းမှာ ငို” ဝတ္ထုမှာ မောင်သာရ ရေးသမျှထဲတွင် ဘဝနှင့် အနီးစပ်ဆုံးဟု ဆိုနိုင် သည်။ မောင်သာရမှာ ရှေးကဗျာ စကားလုံးများနှင့် ဂျွမ်းထိုးပြရင်း လူသိလာသူ၊ လူသိလာသောအခါ ပေါက်စကြိုက် အချစ်ဝတ္ထုများ ရေးလာသည်။ ကိုယ်တိုင် သုံးဘီးကားမောင်းရင်း “လေ့လာ” သည်ဟု သိရသည်။ တကယ် သုံးဘီး ကား မောင်းသမားမဟုတ်ဘဲ “လေ့လာခရီး” ထွက်ရေးခြင်းဖြစ်၍ သုံးဘီးနှင့် သူ၏ စာပေဝတ္ထုမှာ ဆီနှင့် ရေကဲ့သို့ ကွဲပြားနေသည်။ တသားတည်း ကျမနေပေ။ သုံးဘီးကား မောင်းတတ်ကြောင်း ပြရမည်ဟူသော အသိက အတုစိတ် က လွှမ်းနေဟန် ရှိသည်။ မောင်သာရ ရေးနေကျ နှုတ်ခမ်းနီကြိုက် အချစ်ဇာတ်လမ်းမျှသာ ဖြစ်နေသည်။
ဇာတ်ခုံသဘောတရား
တက္ကသိုလ် မောင်မောင်ခင်၏ “အဆင်းခက်ခက် အတက်ကြမ်းကြမ်း” ပြဇာတ်မှာ ဇာတ်ခုံအပေါ်တွင် ကပြ၍ ဖြစ် မဖြစ် သံသယ ရှိစရာ။ ရုပ်ရှင်ဇာတ်ညွှန်းနှင့် ပိုတူနေသည်။ ပြဇာတ်မှာ ဇာတ်ခုံစိတ်ကူးနှင့် ရေးမှ ပြဇာတ်စာပေ ပီသမည်။ ကားလိပ်ချရသော အခန်းနှင့် ကားလိပ်မချဘဲ ပြကွက်သာပြောင်းသော ပြကွက်တို့၏ ခြားနားမှုသည် အရေးကြီးပေ သည်။ ပြဇာတ်တွင် အခန်းသည် ၅ ခန်းထက် မပိုသင့်ပေ။ ပြကွက်များမှာလည်း အခန်း၏ ဘောင်အတွင်း ဖြစ်စေရပေ မည်။ ရုပ်ရှင်ဇာတ်ညွှန်းတွင်ကား အခန်းများ မည်မျှများများ ရပေသည်။ နောင်နှစ်များ၌ အကယ်၍ ပြဇာတ်ပုံသဏ္ဌာန် ပီသသော ပြဇာတ်မရှိက ရုပ်ရှင်ဇာတ်ညွှန်းဆုအဖြစ် စာပေဆုတဆု ပေးရန် အကြံပေးလိုသည်။
ဓနရှင် လူသားဝါဒ
“ဦးလေးတွမ်” ဝတ္ထုမှာ အနုပညာရသအားဖြင့် တော်တော်ပင် အားနည်းပေသည်။ သို့သော် အမေရိကန်ပြည်တွင် လူဖြူများက လူမည်းများအား ဖိနှိပ် ညှဉ်းဆဲပုံကို သိစေသော “သတင်း” အဖြစ်ကား အောင်မြင်သည်ဟု ဆိုရပေမည်။ ဝတ္ထု၏ အဘိဓမ္မာမှာ ဘာသာရေးနှင့် နွှယ်သော မေတ္တာဝါဒ (ဝါ) လူသားဝါဒ ဖြစ်သည်။ တနည်းဆိုရသော် ဓနရှင် လူသားဝါဒ ဖြစ်သည်။ ဆင်းရဲသားအပေါ် ဓနရှင်ကလည်း ကြင်နာတတ်ပါသည်ဟူသော ဝါဒ ဖြစ်သည်။ ဤနေရာတွင် ဂေါ်ကီ၏ “အမေ” ဝတ္ထုနှင့် ယှဉ်ကြည့်သင့်သည်။ အမေသည် လူတန်းစားတိုက်ပွဲကို သရုပ်ဖော်ပေသည်။ ပစ္စည်းမဲ့ အလုပ်သမား လူတန်းစားဘက်မှ ရပ်တည်သော တော်လှန်ရေးဝတ္ထု၊ ဦးလေးတွမ်ကား ဓနရှင်ပြုပြင်ရေးဝတ္ထု။ ယနေ့ အမေရိကန် လူမည်းများသည် အမေရိကန် အရှင်းရှင်စနစ်ကို တိုက်သော လူမည်း ဆင်းရဲသား တော်လှန်ရေးသမားများ ဖြစ်နေကြပေပြီ။
ဆုအကဲဖြတ် စာတမ်း မပါ
စာပေဆုများပေးရာ၌ ဘာကြောင့် ဆုပေးရသည်ဟူသော ပြည်သူအား တင်ပြသောဆုအပေါ် အကဲဖြတ်စာတမ်း ပါစမြဲ ဖြစ်သည်။ ဖဆပလခေတ် စာပေဗိမာန်ဆုများ၌ ဖော်ပြလေ့ ရှိသည်။ ယခုနှစ်တွင်ကား အကဲဖြတ်ချက် မပါပေ။ အကဲဖြတ် စာတမ်း ပါပါက ယခုထက် စာဖတ်သူ ပြည်သူများက စိတ်ဝင်စားကာ အမျိုးသား စာပေဆုအပေါ် တန်ဖိုး ထား စိတ် ပိုပွားမည်။ စာပေအနုပညာ အဆင့်အတန်း မြှင့်တင်ရေးအတွက်လည်း အကျိုးပြုနိုင်ပေသည်။ ။
ဤဆောင်းပါးကို တတိယမျိုးဆက်စာပေ က ထုတ်ဝေသော ဒဂုန်တာရာ ရေးသားသည့် “စာပေစစ်တမ်း စာပေ ရှုထောင့်” စာအုပ်မှ ကူးယူ ဖော်ပြပါသည်။