၂၀၁၇ ခုနှစ် ဇန်နဝါရီလ နေ့လယ်ခင်း တခုတွင် မြန်မာနိုင်ငံ အာဏာရပါတီ၏ ဥပဒေအကြံပေး ဦးကိုနီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လျှောက်ထွက်လာစဉ် သူ့တွင် ပြုံးပျော်စရာ အကြောင်းတခု ရှိနေခဲ့သည်။
အသက် ၂ နှစ်အရွယ် ပါးဖောင်းဖောင်းနှင့် သူ၏မြေးသည် သူ့ကိုစောင့်မျှော်နေခြင်းပင်ဖြစ်သည်။ အသက် ၆၃ နှစ် ရှိပြီဖြစ်သော ဦးကိုနီသည် ထိုမြေးကလေးကို ကောက်ချီပြီး ရင်ခွင်တွင် တင်းကျပ်စွာ ဖက်ထားလိုက်သည်။ လေဆိပ်ပြင်ပ လျှောက်လမ်းတွင် သူတို့နှစ်ဦးသည် မျက်နှာချင်း ထိကပ်ထားကြပြီး ခရီးဆောင်ပစ္စည်းများ၊ အငှားယာဉ်များ ရှုပ်ထွေးနေသည်ကို ငေးကြည့်နေကြသည်။
သူ၏အနောက်ဖက် လူအုပ်အတွင်းမှ ပန်းရောင်အင်္ကျီနှင့် ဘောင်းဘီတို ဝတ်ဆင်ထားသူတဦး ထွက်လာသည်ကို ဦကိုနီ မမြင်ပေ။ ထိုသူသည် ချက်ကိုစလိုဗက်ကီးယား နိုင်ငံလုပ် ၉ မမ ပစ္စတိုကို ဦးကိုနီ၏ ဦးခေါင်းခွံအောက်ခြေသို့ ဆွဲတင်ပြီး ခလုပ်နှိပ်လိုက်သည်။ ကျည်ဆံတတောင့်က ဦးကိုနီ၏ ဦးခေါင်းနောက်တွင် အပေါက်ငယ်တခုအဖြစ် ဖောက်ဝင်သွားပြီး အခြားတဖက်မှ သွားများကို လွင့်စင်ထွက်သွားစေခဲ့သည်။ သူ၏ မြေးကလေးမှာလည်း အောက်သို့ ပြုတ်ကျသွားသည်။ ဦးကိုနီ လဲကျသွားပြီး သူ၏သွေးများသည် မြေပြင်တွင် ပျံ့ကျဲနေသည်။
မြန်မာနိုင်ငံတွင် ခွဲခြားဆက်ဆံခံရသော မွတ်စလင် လူနည်းစုမှ ထင်ရှားသူ ဦးကိုနီသည် အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရရှိနေသည်မှာ လအတန်ကြာပြီဖြစ်သည်။ သူသည် မြန်မာနိုင်ငံတွင် အန္တရာယ်များလှသော လမ်းကို လျှောက်လှမ်း နေသည်။ ထိုလမ်းကြောင်းမှာ အစိုးရအပေါ် စစ်တပ်၏ လွှမ်းမိုးမှု လျှော့ချရန် ရည်ရွယ်သော ပြုပြင် ပြောင်းလဲရေးကို ပြောင်ကျကျ တောင်းဆိုခြင်းပင်ဖြစ်သည်။
သို့သော် သူ၏ နိုင်ငံရေး သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရရှိထားသည်။ ထို့ကြောင့် သူသည် ဗိုလ်ချုပ်ကြီးများကို နိုင်ငံရေးမှ ထုတ်ပစ်မည့် သူ၏လုပ်ငန်းကို သူ ဆက်လက်လုပ်ဆောင်သည်။
ဦးကိုနီ၏ အသက်ဝိဉာဉ်ကို အဆုံးသတ်လိုက်သော ထိုပစ်ခတ်မှုသည် မြန်မာနိုင်ငံအကြောင်း အမှန်တရားကို ပြသသည့် ရက်စက်ကြမ်းကြုတ်မှု ထင်ဟပ်ချက် တခုသာဖြစ်သည်။ ထိုထင်ဟပ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အကြီးအကျယ် မှီခိုနေသည့် စစ်မှန်သောဒီမိုကရေစီနှင့် တိုင်းရင်းသားညီညွတ်ရေး မျှော်လင့်ချက်များ တစစီ ပြိုပျက်သွားခဲ့ခြင်းပင် ဖြစ်သည်။
ထိုမျှော်လင့်ချက်များကို စစ်တပ်၊ ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒနှင့် နောက်ဆုံးတွင် ထိုအင်အားစုများကို ရင်ဆိုင်ရန် ဒေါ်အောင်ဆန်းစုကြည်တွင် စွမ်းဆောင်ရည်နှင့် စိတ်ထက်သန်မှုမရှိခြင်း တို့က တစစီ ဖြိုဖျက်လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ တိုက်ပွဲဝင်သောကြောင့် ကမ္ဘာကျော်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးနှင့် စီးပွားရေးတွင် နယ်ပယ်စုံသို့ သြဇာ ထိုးဖောက်နေသာ စစ်တပ်အပေါ် လွမ်းမိုးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ ထို ယုံကြည်ချက်မှာ ကြေကွဲမှုဖြင့် နိဂုံးချုပ်သွားခဲ့သည်။
ဦးကိုနီ သတ်ဖြတ်ခံရပြီးနောက် ရက်သတ္တပတ်များတွင် သေနတ်သမား တဦးကို ငှားရန်းပြီး ဦးကိုနီကို လုပ်ကြံရန် စီစဉ်ခဲ့သည်ဟု စစ်အရာရှိဟောင်းများကို ရဲတပ်ဖွဲ့က စွပ်စွဲလိုက်သည်။ ရှေ့လာမည့် လများတွင် ပြီးစီးမည်ဟု မျှော်လင့်ရသော ရန်ကုန်မှ တရားခွင်တွင် ၎င်းတို့အနက် ၂ ဦးက အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ကြသည်။
တတိယ တဦးမှာ အဖမ်းခံရခြင်းမရှိဘဲ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ သေနတ်သမားက ဦးကိုနီကို ပစ်ခတ်ကြောင်း ဝန်ခံသော်လည်း ခြိမ်းခြောက်မှုကြောင့် လုပ်ကိုင်ရသည်ဟု ထွက်ဆိုသည်။ လက်ရှိ စစ်အရာရှိများက အမိန့်ပေးကြောင်း ပြသည့် မည်သည့် အထောက်အထားမျှ ထွက်ပေါ်လာခြင်းမရှိပေ။
တရားရုံးနှင့် အများပြည်သူသို့တင်ပြသည့် တရားဝင် ဇာတ်လမ်းအရ စစ်အရာရှိဟောင်း ၃ ဦးတို့သည် အစွန်းရောက် အမျိုးသားရေးဝါဒ ပြင်းထန်ပြီး ၎င်းတို့ဖာသာ လုပ်ကိုင်ကြခြင်းဖြစ်သည်ဟု သိရသည်။
သို့သော် တရားရုံးမှတ်တမ်းများ၊ ကုမ္ပဏီတည်ထောင်ခြင်းနှင့် ဒါရိုက်တာများ စာရင်းအပါအဝင် ကုမ္ပဏီ မှတ်ပုံတင် စာရွက်စာတမ်းများကို Reuters သတင်းဌာန၏ စစ်ဆေးမှုများအရ လုံခြုံရေးအဖွဲ့အစည်းများနှင့် တရားခွင် ရောက်နေသူတဦးတို့ အကြား နီးကပ်သော ပတ်သက်မှုများရှိနေကြောင်း သိရသည်။ ထိုသူမှာ သတ်ဖြတ်မှုကို ငွေကြေး ထောက်ပံ့သူဟု စွပ်စွဲခံရသော စစ်ထောက်လှမ်းရေး ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးဖြစ်သည်။
၂၀၀၄ ခုနှစ်တွင် စစ်ထောက်လှမ်းရေးမှ ထွက်ပြီးနောက် ထိုစဉ်က အသက် ၃၀ မပြည့်သေးသော ဇေယျာဖြိုးသည် ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ပါဝင်သော ကုမ္ပဏီ အများအပြား တည်ထောင်ခဲ့သည်ဟု တရားရုံး မှတ်တမ်းများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားရေး ဦးစီးဌာနတွင် ထိန်းသိမ်းထားသော မှတ်တမ်းများအရ သိရသည်။ သူ၏လုပ်ငန်းသည် ရေး တပ်ဖွဲ့စခန်း စစ်တန်းလျားများ တည်ဆောက်ခြင်းကဲ့သို့သော လုံခြုံရေးဆိုင်ရာများကို ဝန်ဆောင်မှုပေးပြီး အစိုးရဝန်ကြီးဌာနများမှ ကန်ထရိုက်များစွာ ကိုလည်း ရရှိခဲ့သည်။
ဇေယျာဖြိုး၏ လုပ်ငန်းများအနက် တခုကို စစ်တပ်က ဆက်သွယ်ရေးကိရိယာများ အသုံးပြုခွင့်ပေးခဲ့ကြောင်း ရောင်းချမှု မှတ်တမ်းအရ သိရပြီး ထိုအချက်ကြောင့် ဇေယျာဖြိုးတွင် ရာထူးလွန်စွာ မြင့်သော မိတ်ဆွေများရှိနေကြောင်း သိရသည်ဟု စစ်ဖက် အရာရှိဟောင်းတဦးက ပြောသည်။
သူ၏ လူမှု အဝန်းအဝိုင်းတွင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ်တဦး ပါဝင်ပြီး ထိုသူသည် လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ကာလရှည်ကြာသော လက်ထောက်ဟောင်း ဖြစ်နေသည်။
သူ၏ စစ်ထောက်လှမ်းရေး နည်းပြဘဝတွင် သူသည် နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သော လုပ်ကြံသတ်ဖြတ်မှုများနှင့် ပတ်သက်သော ကိစ္စများကို ဦးဆောင်ဆွေးနွေး သင်ကြားပို့ချကြောင်း တရားရုံးတွင် ထွက်ဆိုစဉ် ဇေယျာဖြိုးက ပြောသည်။ အသေးစိတ်ကိုမူ သူထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
သူ၏အမှုသည်သည် စစ်ဖက်နှင့် ဆက်လက် အဆက်အသွယ်ရှိနေပြီး ဆက်သွယ်ရေး ကိရိယာများ ရရှိခဲ့သည်ဟူသည့် စွပ်စွဲချက် များကို ဇေယျာဖြိုး၏ ရှေ့နေက Reuters နှင့် တွေ့ဆုံစဉ် ငြင်းဆန်သည်။ ဇေယျာဖြိုးသည် ရဲတပ်ဖွဲ့ အဆောက်အအုံနှင့် လူနေအိမ်တချို့ကိုသာ တည်ဆောက်ခဲ့သည်ဟု သူ၏ ရှေ့နေ ဒေါ် ပပဝင်းကပြောသည်။
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းက ဇေယျာဖြိုးကို အာဏာပိုင်များ ဖမ်းဆီးသောအခါ သူသည် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တကျောင်းတွင်ရှိနေပြီး သင်္ကန်းဝတ်ထားသည်။ ထိုသို့ လုပ်ဆောင်ခြင်းမှာ နှစ်စဉ်လုပ်နေကြ အတိုင်း လုပ်ခြင်းဖြစ်သည်ဟု သူပြောသည်။ သူသည် ဘာသာတရား ပိုမိုကိုင်းရှိုင်းလာကြောင်းနှင့် မွတ်စလင်များကို သံသယ နက်ရှိုင်းလာသော ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအတွင်း ပိုမိုနက်ရှိုင်းလာကြောင်း သူ၏ ထွက်ဆိုချက်များအရ သိရသည်။ ထို သံသယသည် အစွန်းရောက်လာသောအခါ မြန်မာနိုင်ငံတွင် မွတ်စလင်မရှိရေး ကြွေးကြော်သော အမျိုးသားရေး အစွန်းရောက်ဝါဒ ဖြစ်လာသည်။
သဘောထား တင်းမာသော ဗုဒ္ဓဘာသာနှင့် အမျိုးသားရေးဝါဒ မည်သည့် အတိုင်းအတာအထိ ပတ်သက်သည်ကို မေးသောအခါ ဇေယျာဖြိုးကို ဖမ်းဆီးခဲ့သည့် ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦဝိသာဒရက သူမသိကြောင်း မိန့်ကြားသည်။ ထို့နောက် ဆရာတော်က “မွတ်စလင်ဘာသာရေးနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံမှာသာမက တကမ္ဘာလုံးမှာ ပြဿနာ ရှိနေတယ်။ ဒါက သူတို့က နယ်မြေချဲ့ထွင်ချင်တဲ့အပေါ်မှာ အခြေခံနေတာ” ဟု ဆက်လက် မိန့်ကြားသည်။
ဇေယျာဖြိုးကို ဖမ်းဆီးပြီးနောက် ဦးကိုနီကို သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး သူသိသမျှကို ရန်ကုန်ရှိ အမေရိကန် သံရုံး နိုင်ငံရေး သုတေသီ လျန်ဘော်ဝီထန် (Lian Bawi Thang) က သူသိသမျှ ရေးသားသည်။ ထိုသို့ ရေးသားရာတွင် ထင်ရှားသော အချက်မှာ စွပ်စွဲခံရသူများနှင့် စစ်အာဏာပိုင်များအကြား နီးကပ်မှုဖြစ်သည်ဟု သူက Reuters သတင်းဌာနသို့ ပြောသည်။ ပူးပေါင်းကြံစည်သူများဟု စွပ်စွဲခံရသူများဖြစ်သည့် ဇေယျာဖြိုးနှင့် တခြား စစ်အရာရှိဟောင်း ဖြစ်သူ အောင်ဝင်းခိုင်တို့နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ လက်ထောက်ဟောင်းတို့ အကြား ဆက်ဆံရေးကို သူထောက်ပြသည်။ ၎င်းတို့သုံးဦး ဆုံတွေ့ခဲ့ကြောင်း ဓာတ်ပုံများ အထောက်အထာားအဖြစ် တင်ပြလာသည်။
သံရုံးသည် ထိုသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး လူအများအပြားနှင့် ဆွေးနွေးတိုင်ပင်ခဲ့ကာ ဝါရှင်တန်သို့ သတင်းပေးပို့ ခဲ့သော်လည်း မည်သည်တို့ ဖြစ်ခဲ့သည်ကို တရားဝင် အစီရင်ခံစာ ထုတ်ပြန်ခြင်း သို့မဟုတ် ဥပဒေကြောင်းအရ ဆုံးဖြတ်ခြင်း မလုပ်ခဲ့ကြောင်း အမေရိကန်သံရုံး ပြောခွင့်ရသူ အာယန်နီ မန်းရင်းကပြောသည်။
“ဒါပေမယ့် ဒီသတ်ဖြတ်မှုရော၊ တနှစ်ကျော်ကြာတဲ့ တရားခွင်မှာ ပြဿနာရှိနေတဲ့ အချက်တွေရောကြောင့် နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲ၊ ဒီလူတွေကို အရေးယူနိုင်မှာလား ဆိုတာနဲ့ ပတ်သက်ပြီး အလေးအနက် မေးခွန်းထုတ်စရာ ဖြစ်လာတယ်” ဟု သူက ဆက်ပြောသည်။
ဦးကိုနီ၏ ဈာပနသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ခြင်းမရှိပေ။ နောက်တလအကြာတွင်ကျင်းပသည့် တလလည် အထိမ်းအမှတ်အထိ ဦးကိုနီအကြောင်း လူသိရှင်ကြား ပြောကြားခြင်းလည်း မရှိခဲ့ပေ။
ထိုအခမ်းအနားသို့ ရောက်သောအခါမှသာ ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ရဲဘော်နှင့် အကြံပေးကို ချီးကျူး ဂုဏ်ပြုသည်။ ဦးကိုနီ သတ်ဖြတ်ခံရပြီးနောက် ဦးကိုနီကို ဆုံးရှုံးသွားရခြင်းသည် ကြောက်စရာ ထိုးနှက်ချက်ဖြစ်ပြီး ကျန်သူများကို သတိပေးလိုက်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အတွင်းလူများကိုပြောသည်ဟု ထိုအကြောင်းကို သိသူ တဦးကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂလိက အမြင် မည်သို့ပင်ဖြစ်စေ လုပ်ကြံသတ်ဖြတ်မှုနှင့် ထိုအမှုနှင့်ပတ်သက်ပြီး ရက်သတ္တပတ် အတန်ကြာ နှုတ်ဆိတ်နေခြင်းသည် တနိုင်ငံလုံးရှိ မွတ်ဆလင်များအတွက် ကျောချမ်းစရာ သတင်းစကား ဖြစ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် မွတ်စလင် နိုင်ငံရေးသမားများ ခပ်ခွာခွာနေရန် ခြေလှမ်းများ လှမ်းထားခဲ့ပြီး ဖြစ်သည်။ ထိုသတ်ဖြတ်မှုသည် စစ်ဖက်ကို ထိန်းရန်စကား၏ နက်ရှိုင်းသော အန္တရာယ်ကိုလည်း ပြသနေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ဆိတ်နေခြင်းနှင့် ပတ်သက်ပြီး ဦးကိုနီ၏ သားကိုမေးမြန်းသောအခါ သူက စကားလုံးဂရုတစိုက် ရွေးချယ်ပြီး “ဈာပနအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ရောက်မလာတော့ လူတွေ စိတ်ပျက်သွားတယ်။ ဘာမှမပြောတဲ့ အတွက်လည်း ပါတယ်” ဟုပြောသည်။ ဦးကိုနီ၏သား ကိုသန့်ဇင်ဦးသည် စင်ကာပူတွင် ဆော့ဖ်ဝဲလ် အင်ဂျင်နီယာ အဖြစ် လုပ်ကိုင်နေသူ ဖြစ်သည်။
ယခုဆောင်ပါးအတွက် ဝေဖန်ပြောကြားပေးရန် မေတ္တာရပ်ခံသည်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရုံးကသာမက ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ပြန်လည် ဖြေကြားခြင်းမရှိပါ။
စနစ်ကျသောသူ
လုပ်ကြံခံရချိန်တွင် ဦးကိုနီသည် ဗိုလ်ချုပ်ကြီးများကို အာဏာအခိုင်အမာ ရအောင်လုပ်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အစားထိုးရန်အတွက် လုပ်ဆောင်နေသည်။ လွန်ခဲ့သော ဆယ်စုနှစ်လေးခုက ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်တွင် ဦးကိုနီ တက်ရောက်ပညာ သင်ကြားစဉ်က တနေ့ နိုင်ငံသမိုင်းတွင် သူပါဝင်မည့် အခန်းကဏ္ဍနှင့် ပတ်သက်သည့် မည်သည့် လက္ခဏာမျှ မတွေ့ရပေ။
သူသည် မြန်မာနိုင်ငံမြောက်ပိုင်း ဧရာဝတီမြစ်အနီး မြေပဲစိုက် တောင်သူများနှင့် တံငါသည်များ၏ ရွာသိမ်ရွာငယ်လေးမှ ရန်ကုန်သို့ ပြောင်းလာခဲ့ခြင်းဖြစ်သည်။ သူ၏မိသားစုသည် သီးနှံများ စိုက်ပျိုးကြပြီး ဆိုင်ငယ်ကလေး တခုတွင် အလုပ်လုပ်ကြသည်။ တက္ကသိုလ်မှ သူ၏ အတန်းဖော်တဦးက သူ၏ စီးပွားရေးအခြေအနေကို ‘အရမ်းဆင်းရဲတယ်’ ဟု တိုတိုတုတ်တုတ် ဖြေသည်။ ဥပဒေပညာ လေ့လာရေးအတွက် နေ့စားလုပ်သားအဖြစ် လုပ်ကိုင်ရသည်ဟု သူပြောသည်။
၁၉၇၀ ပြည့်နှစ်များနှောင်းပိုင်းတွင် ဦးကိုနီသည် ရန်ကုန်ရှိ ဥပဒေရုံးတခုတွင် ဝင်ရောက်လုပ်ကိုင်ပြီး ရရာ အမှုကို လိုက်သည်။ သူသည် စနစ်ကျသောသူ ဖြစ်သည်ဟု သူ၏ဇနီး ဒေါ်တင်တင်အေးက ပြောသည်။
“သူ့စာအုပ်တွေကို ထိတာ သူမကြိုက်ဘူး။ စာအုပ်တအုပ်ကို ယူကြည့်ရင် သူ့နေရာနဲ့သူ အတိအကျ ပြန်ထားရတယ်။ သူ့စာအုပ်တွေကို သူများကိုင်သွားရင် အမြဲတမ်းသိတယ်” ဟု သူက ရှင်းပြသည်။
သူသည် တဖက်တလမ်းမှလည်း ဥပဒေကျောင်းသားများကို စာသင်ပေးသည်။ ထိုကျောင်းသားများအနက် တဦးမှာ မွတ်စလင်တဦးဖြစ်သူ ဦးရောဘတ်စန်းအောင် ဖြစ်သည်။ ဦးကိုနီသည် ဘာသာရေး ယုံကြည်မှုအကြောင်းနှင့် မွတ်စလင် တဦးအနေဖြင့် ဥပဒေလုပ်ငန်း ဆောင်ရွက်ရသည့် အတွေ့အကြုံကို မည်သည့်အခါကမျှ ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း ဦးရောဘတ်စန်းအောင်က ပြောသည်။
ထိုစဉ်က ဦးရောဘတ်စန်းအောင် လုပ်နေသည့် စစ်အစိုးရကို စိန်ခေါ်သည့် နိုင်ငံရေးလှုပ်ရှားမှုများကိုလည်း ဦးကိုနီ စိတ်ဝင်စားခြင်းမရှိပေ။
“ဦးကိုနီက နိုင်ငံရေးသမား မဟုတ်ဘူး။ သူကရှေ့နေပဲ” ဟု ဦးကိုနီကို သတ်ဖြတ်သူအား ဖမ်းဆီးစဉ်သေဆုံးခဲ့သည့် အငှားယာဉ်မောင်းသမား မိသားစုအတွက် ရှေ့နေတဦးအဖြစ်လည်း ဆောင်ရွက်နေသော ဦးရောဘတ် စန်းအောင်က ပြောသည်။
ဦးကိုနီသည် သက်သောင့်သက်သာ ရှိသော ဘဝတခုကို တည်ဆောက်ခဲ့သည်။ သူ၏ဇနီးသည် သမီးနှစ်ဦးနှင့် သားတဦး ဖွားမြင်သည်။ သူသည် မိသားစုနှင့် မြို့လယ်တိုက်ခန်း တခန်းတွင်နေပြီး ဂေါက်သီးရိုက်သည်။ မြန်မာဂေါက်သီးအသင်း အားလပ်ရက် ပြိုင်ပွဲတွင် ငွေတံဆိပ်ရဖူးသည်။ သူသည် မြန်မာခေတ်ဟောင်း သီချင်းများ သီဆိုရသည်ကိုလည်း နှစ်သက်သည်။
“သူ့အသံက မသိတဲ့သူ နားထောင်ရင် သူ့ကို ဗမာလို့ပဲ ထင်မှာ” ဟု သူ၏ ဇနီးက ရှင်းပြသည်။
သို့သော် သူ့ဝန်းကျင် မြန်မာနိုင်ငံသည် ပြောင်းလဲနေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပတွင် ဆယ်စုနှစ် ၃ စုမျှ နေခဲ့ပြီးနောက် ကျန်းမာရေး မကောင်းသော မိခင်ကို စောင့်ရှောက်ရန် ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်သည် မြန်မာ့သမိုင်းတွင် အမေရိကတွင် ဂျော့ဝါရှင်တန်နှင့် အလားတူသောနေရာ ရရှိထားသည်။ သူသည် ဗြိတိသျှကိုလိုနီခေတ် အဆုံးသတ်ပြီး ခေတ်သစ်နိုင်ငံနှင့် တပ်မတော်ကို တည်ထောင်ခဲ့သူ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တွင် မိန့်ခွန်းများ စတင်ပြောကြားပြီးနောက် ထိုပိန်ပိန်သွယ်သွယ်နှင့် ပန်းပန်ကာ စစ်တပ်ကိုဆန့်ကျင်သူ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်သူ အမျိုးသမီးအကြောင်းကို သိလိုသည့် ဦးကိုနီကို လူအများကြားတွင် စတင်မြင်တွေ့လာရသည်။
“ဦကိုနီက ရေတဘူး၊ အာလူးကျော်တထုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတွေ သွားသွား နားထောင်တာ” ဟု သူ၏ သူငယ်ချင်း တဦးဖြစ်သူ ဦးကျော်ငြိမ်းက ပြောပြသည်။
ထိုပါတီသစ်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ အပြတ်အသတ် အနိုင်ရသော်လည်း ရွေးကောက်ပွဲ ရလဒ်ကို စစ်အုပ်စုက အသိအမှတ်မပြုပေ။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားလိုက်ပြီး တက်ကြွလှုပ်ရှားသူများကို သိမ်းကြုံး ဖမ်းဆီးထောင်ချသည်။
ဦးကိုနီသည် ရှေ့နေတဦးအဖြစ် ဆက်လက် လုပ်ကိုင်ပြီး အများပြည်သူ အာရုံစိုက်ခံရခြင်း မရှိသေးပေ။ ၁၉၉၅ ခုနှစ်တွင် အခြားရှေ့နေ နှစ်ဦးနှင့်အတူ ဥပဒေ အတိုင်ပင်ခံ လုပ်ငန်းတခု တည်ထောင်ခဲ့သည်။ လုပ်ငန်း ကြီးထွားလာသော်လည်း ထိုလုပ်ငန်းတွင် သူသည် တဦးတည်းသော မွတ်စလင် ဖြစ်သည်ဟူသည့် အချက်က သူ့အတွက် အနှောက်အယှက် ဖြစ်စရာ ဟုတ်ပုံမရပေ။
ဒီမိုကရေစီ၏ အရိပ်အရောင်
စစ်တပ်သည် ၂၀၁၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်ကြီးများ၏ ယူနီဖောင်းကို အရပ်ဖက်ရာထူးများနှင့် လဲလှယ် စေခဲ့သော ရုပ်ပြရွေးကောက်ပွဲဖြင့် ရာစုနှစ်ဝက်ကြာ စစ်အုပ်ချုပ်ရေး အဆုံးသတ်ကြောင်း ကြေညာသည်။ ရွေးကောက်ပွဲ အပြီး ၆ ရက်ကြာသောအခါ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးသည်။ ၂၀၁၂ ခုနှစ်တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ယှဉ်ပြိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ကြေညာသည်။
နိုင်ငံသည် နောက်ဆုံးတွင် ပြောင်းလဲတော့မည်ဟု ဦးကိုနီ ယုံကြည်သွားသည်။
“ဒီမိုကရေစီရဲ့ အရိပ်အယောင်ကို ငါတွေ့နေရပြီ။ ငါမျှော်လင့်ချက်နဲ့ အသက်ရှင်နေပြီ” ဟု ဦးကိုနီက သူ၏ဇနီး ဒေါ်တင်တင်အေးကို ပြောခဲ့သည်။
ကြီးမားသော အပြောင်းအလဲများ၏ နှိုးဆော်မှုကြောင့် ဦးကိုနီသည် ‘လာမယ့်ရွေးကောက်ပွဲမှာ ဘယ်လိုမဲပေးမလဲ’ ဟူသည့် စာအုပ်ကို ၂၀၁၂ ဇန်နဝါရီလတွင် ထုတ်ဝေခဲ့သည်။ ထိုလမ်းညွှန်စာအုပ်သည် ရွေးကောက်ပွဲ လုပ်ငန်းအဆင့်ဆင့်နှင့် ပတ်သက်ပြီး မဲဆန္ဒရှင်များကို အဆင့်ဆင့် ရှင်းပြသော စာအုပ်ဖြစ်သည်။
ဦးကိုနီ၏အိမ် ဧည့်ခန်းတွင် ဦးကိုနီက ဒေါ်အောင်ဆန်းစုကြည်ကို ထိုစာအုပ်ငယ်ကလေး ပေးအပ်နေသော ဓာတ်ပုံကို ချိတ်ဆွဲထားသည်။ ထိုဓာတ်ပုံသည် အနီးရှိ ကိုရမ်ကျမ်းလာ မကောင်းဆိုးရွားရန်မှ အကာအကွယ်ပေးရန် ဆုတောင်း လင်္ကာ ရေးထိုးထားသည့် စာတန်းနှင့် ဝတ်ပြုရန် နေရာ နှစ်ခုထက် ပိုမိုကြီးမားသည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး ဦးကိုနီသည် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီအတွက် ၅ လကြာ စေတနာ့ဝန်ထမ်း လုပ်ကိုင်ပြီး တိုယိုတာ ကားတစင်းဖြင့် နိုင်ငံတဝန်း လှည့်လည်ကာ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လုပ်ဆောင်ရမည် များကို ဟောပြောသည်။ တမြို့ပြီးတမြို့ ခရီးဆက်ရင်း ဒေါ်အောင်ဆန်းစုကြည်ကို သူမည်မျှ လေးစားကြောင်း ပြောသည်ဟု သူ၏ ဥပဒေရုံးတွင် လက်ထောက်အဖြစ် နှစ် ၂၀ ကျော်လုပ်ကိုင်ခဲ့သော ဗုဒ္ဓဘာသာဝင် ဦးစန်းနိုင်က ပြောသည်။
“သူက ဒီနိုင်ငံကို ဒီမိုကရေစီ နိုင်ငံဖြစ်စေချင်တာ။ နိုင်ငံတိုးတက်စေချင်တယ်။ နိုင်ငံကို ပညာတတ်တွေ အုပ်ချုပ် စေချင်တယ်” ဟု သူက ပြောပြသည်။
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာကာ တရားဥပဒေ စိုးမိုးရေး ကော်မတီကို ဦးဆောင်သည်။ ဦးကိုနီသည် မြန်မာဥပဒေအရ ဖြစ်နိုင်ခြေများနှင့် ပတ်သက်သော ဥပဒေအကြံဉာဏ်များ ရေးသားပေးပို့ကာ ဒေါ်အောင်ဆန်းစုကြည်ကို အမြဲကူညီရသည်။
နိုင်ငံခြားသား သားသမီးရှိသူ တဦးကို သမ္မတအဖြစ် ယှဉ်ပြိုင်ခွင့် တားမြစ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျော်လွှားရန် နည်လမ်း တခုကို အဆိုပြုသူများတွင် ဦးကိုနီပါဝင်သည်။ စစ်တပ်က ရေးဆွဲခဲ့သော ထိုပြဌာန်းချက်သည် တိကျသော သက်ရောက်မှု ရှိသည်။ သားများကို ဗြိတိန်နိုင်ငံတွင် မွေးဖွားခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ အကြီးအကဲ ဖြစ်ခွင့်မရှိတော့ပေ။ သမ္မတဖြစ်ခွင့်အတွက် အတားအဆီးဖြစ်စေသည့် ထိုပြဌာန်းချက်ကို အငြင်းပွားနေမည့်အစား ဦးကိုနီက ထိုကဲ့သို့သော အာဏာမျိုးကို ကျင့်သုံးနိုင်မည့် လုံးဝ သစ်လွင်သော ရာထူးတခုရှိနိုင်သည်ဟု ဆွေးနွေးသည်။ ဒေါ်အောင်ဆန်းစုကြည် ယခုရယူထားသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးသည် ထိုရာထူးသစ်ပင် ဖြစ်သည်။
ဖွဲ့စည်းပုံ အေခြေခံဥပဒေသည် ပြင်ဆင်ရန်အတွက် ကန့်သတ်ချက် များပြားလှသော်လည်း အသစ်ဖြင့် အစားထိုး လဲလှယ်ခြင်းနှင့်ပတ်သက်ပြီး ထည့်သွင်းစဉ်းစားခြင်း မရှိဟု ဦးကိုနီ ဆွေးနွေးသည်။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ရေးဆွဲရန် ဦးကိုနီလုပ်ဆောင်သည်။
“စစ်တပ်က သူ့အကျိုးစီးပွားကို ကာကွယ်ဖို့ပဲ ဆက်အာရုံစိုက်နေရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ထဲမှာ ပြင်ဖို့ ဖြစ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် အသစ်ပြန်ရေးတာက ဒီမိုကရေစီ ဖွဲ့စည်းပုံရဖို့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်တယ်” ဟု ၂၀၁၆ ခုနှစ်က ပြည်တွင်းမီဒီယာနှင့် တွေ့ဆုံရာတွင် ဦးကိုနီက ပြောခဲ့သည်။
သူသည် အန္တရာယ်များလှသော နယ်ပယ်သို့ ခြေချလိုက်ခြင်းပင် ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်အတွက် လွှမ်းမိုးချုပ်ကိုင်သော အခန်းကဏ္ဍကို ပေးအပ်ထားသည်။ ထိုဖွဲ့စည်းပုံတွင် ဗိုလ်ချုပ်ကြီးများသည် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများ ခန့်အပ်ခွင့်ပေးထားပြီး စစ်တပ်၊ ရဲနှင့် နယ်စပ် လုံခြုံရေးများကို ထိန်းချုပ်ခွင့်ရစေသည်။ အထွေထွေ အုပ်ချုပ်ရေးဌာနမှ တဆင့် နိုင်ငံ၏ ဗျူရိုကရေစီ ကျောရိုးကို ကြီးကြပ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသော ဒေါ်အောင်ဆန်းစုကြည်ဘက်တွင် မွတ်စလင် ရှေ့နေတဦး ပါဝင်လာခြင်းသည် စစ်တပ်ကို တိုက်ရိုက်ခြိမ်းခြောက်ခြင်း ဖြစ်ကြောင်း ရန်ကုန်မှ သုတေသနဌာန တခုဖြစ်သော စီပွားရေးနှင့် လူမှုရေးတိုးတက်ရေးဌာနမှ အထက်တန်း သုတေသီ ဦးဝင်းမင်းကပြောသည်။
“ဒါဟာ မွတ်စလင် ဆန့်ကျင်ရေး အမျိုးသားရေးဝါဒ ခေါင်းထောင်ထလာချိန်နဲ့လည်း တိုက်ဆိုင်နေတယ်” ဟု သူက ဆိုသည်။
“သူဟာ မွတ်စလင် တယောက်ဖြစ်တာကြောင့် သူ့ကို အစွန်းရောက် အမျိုးသားရေးဝါဒီတွေက ပစ်မှတ်ထားလိုက် ကြတယ်” ဟု ဦးဝင်းမင်းက ရန်ကုန်ရှိ ဟိုတယ်ကဖေး တခုတွင် အသံကိုနှိမ့်ပြီးပြောသည်။
ခြိမ်းခြောက်မှုမြင့်မားလာ
မြန်မာနိုင်ငံတံခါးဖွင့်လာခြင်းနှင့်အတူ စစ်အုပ်ချုပ်ရေးအတွင်းက မြိုသိပ်ထားသော ဘာသာရေးတင်းမာမှုများ ပေါ်ပေါက် လာသည်။ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် သြဂုတ်လက စစ်တပ်၏ ခြေမှုန်းမှုကြောင့် ရိုဟင်ဂျာ မွတ်စလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည်။ ထိုတိုက်ခိုက်မှုတွင် လူမျိုးတုံး သတ်ဖြတ်မည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော ကျယ်ပြန့်သည့် သတ်ဖြတ် အဓမ္မပြုကျင့်မှုများ ပါဝင်သည်ဟု ကုလသမဂ္ဂက ဆိုသည်။ ၂၀၁၇ ခုနှစ် စစ်ဆင်ရေးနှင့် ယခင်သွေးထွက်သံယိုမှု များကြောင့် ထွက်ပြေးသူအားလုံး စုစုပေါင်း ရိုဟင်ဂျာ ၉ သိန်းသည် ယခု ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်နေကြသည်။
ဦးကိုနီသည် ရိုဟင်ဂျာ စစ်သွေးကြွ ခေါင်းဆောင်တဦး ဖြစ်သည်ဟူသော စွပ်စွဲချက်အပါအဝင် အွန်လိုင်း အသရေဖျက် တိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်လာသည်။
လူမှုကွန်ရက် တိုက်ခိုက်မှုများသည် သတိပေးခေါင်းလောင်းသံ ဖြစ်သည်။ မွတ်စလင်တဦး အနေဖြင့်ဆိုပါက ဦးကိုနီသည် လူ့အဖွဲ့အစည်းအတွင်း သူ့ကို ခွင့်ပြုထားသည့် နယ်မြေကို ကျော်လွန်သွားခဲ့သည်။
ဦးကိုနီ သေဆုံးခြင်းနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှ အဆင့်မြင့်အဖွဲ့ဝင် တဦးဖြစ်သူ ဦးဟံသာမြင့်က ပြောကြားရာတွင် စစ်တပ်အတွင်း မွတ်စလင် အသိုင်းအဝန်းကို သတိပေးလိုသူ မများလှသော်လည်း အချို့ရှိသည်ဟု ပြောသည်။
“အဲဒီနောက်မှာ မွတ်စလင် အသိုင်းအဝန်းက အရမ်းကို သတိထားသွားတော့ ဒါက တော်တော်ကို ထိရောက် သွားတယ်လို့ ကျနော်ထင်တယ်။ သူတို့တွေ အသံနည်းနည်း တိတ်သွားတယ်။ ဒါဟာ ဝမ်းနည်းစရာကောင်းပေမယ့် ထိရောက်တယ်လို့ ကျနော်ထင်တယ်” ဟု သူက ရှင်းပြသည်။
ကြီးထွားနေသော မွတ်စလင် ဆန့်ကျင်ရေးစိတ်ဓာတ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ပါတီ၏ နိုင်ငံရေး တွက်ချက်မှုများတွင် ပါဝင်လာသည်။
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ဦးကိုနီသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရန်ကုန်တွင် ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောရန် စီစဉ်ထားသည်။ သို့သော် အမျိုးသားရေးအုပ်စုတခု ဖြစ်သော မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂက ဦးကိုနီနှင့် ဒုတိယမြောက် မိန့်ခွန်းပြောမည့် မွတ်စလင် တဦးတို့ကို ၎င်းတို့၏ အမျိုးသားရေး၊ ဘာသာရေးနှင့် တိုင်းပြည်အရေးအတွက် အစီအစဉ်မှ ဖယ်ရှားပေးရန် တောင်းဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခမ်းအနားကို ဖျက်သိမ်းလိုက်ရသည်။ သူသည် ထို သံဃာများနှင့် အတတ်နိုင်ဆုံး ညှိနှိုင်းခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှ အရာရှိတဦးက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ရှင်းပြသည်။
ထိုဖြစ်ရပ်အတွက် မြန်မာသတင်းစာ တစောင်ကို ပြောကြားရာတွင် ဦးကိုနီက “တိုင်းပြည်အတွက် ကျနော် အရမ်း စိုးရိမ်တယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ပါတီသည် အမျိုးဘာသာကို စောင့်ရှောက်ရန် ပျက်ကွက်ပြီး တိုင်းပြည်ကို မွတ်စလင်များအား ရောင်းစားသည်ဟု အမျိုးသားရေး ဗုဒ္ဓဘာသာ အုပ်စုများက စတင် ပြောဆိုလာသည်။ ထိုသို့သော စွပ်စွဲချက်များနှင့် ရင်ဆိုင်လာရသောအခါ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မွတ်စလင် ကိုယ်စားလှယ်လောင်းများ မတင်သွင်းရန် ဆုံးဖြတ်လိုက်ရသည်။
ဒေါ်အောင်ဆန်းစုကြည် အသိုင်းအဝန်းနှင့် နှစ်ပေါင်းများစွာ သိကျွမ်းသူ ရန်ကုန်မွတ်စလင် အသိုင်းအဝန်းခေါင်းဆောင် ဦးအေးလွင်က သူသည် ထိုကိစ္စအတွက် အဖြေကို သိလိုသောကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်ဟု ပြောသည်။
“မဲဆန္ဒနယ် တခုမှ အဆုံးရှုံးမခံနိုင်လို့ ဒီမိုကရေစီ အပြည့်အဝရတဲ့အထိ စောင့်ပါလို့ သူက ပြောတယ်။ ဒီလိုရရှိဖို့၊ အကူးအပြောင်းကို ကျော်လွှားဖို့ အတွက်လည်း ပါဝင်ဆောင်ရွက်ပါလို့ ပြောတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြောင်း သူက ရှင်းပြသည်။
“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေထဲမှာ မွတ်စလင် ကိုယ်စားလှယ်လောင်း တယောက်ပါရင် မွတ်စလင်တွေကို သုံးတယ်လို့ တဖက်က စွပ်စွဲခွင့် ရသွားမယ်” ဟု သူက ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူတို့က သူတို့ကိုယ်သူတို့ ဒီမိုကရက်တွေပါလို့ ဆိုရင် ဒီမိုကရေစီဆိုတာ လူ့အခွင့်အရေးပဲလေ” ဟုလည်း ဦးအေးလွင်က အသံကို မြှင့်ပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ်ကုန်က ထိုရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီး နောက်နှစ် ဧပြီလတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် အမည်မခံသော ခေါင်းဆောင် ဖြစ်လာသည်။
အာဏာရလာသောအခါ ဒေါ်အောင်ဆန်းစုကြည်သည် သူ့ကို ကာလရှည်ကြာ ထောက်ခံခဲ့သူများကို စတင် စိတ်ပျက် စေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် တခါက ထောက်ခံခဲ့သော အဖွဲအစည်းတခုဖြစ်သည့် လွတ်လပ်သော မြန်မာရှေ့နေများ အသင်းမှ အဆင့်မြင့်အဖွဲ့ဝင် ဦးသိန်းသန်းဦးသည် ထိုသို့သော သူများအနက် တဦးဖြစ်သည်။ တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲရေး ညီလာခံတခုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်ကို ဦးသိန်းသန်းဦးက ပြန်ပြောပြသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရက လုပ်ဆောင်နေသော ငြိမ်းချမ်းစွာ စုဝေးခွင့်ဥပဒေကို ပိုမို တင်းကျပ်အောင် လုပ်သည့် အဆိုပြုချက်ကို သဘောမတူကြောင်း ဦးသိန်းသန်းဦးက ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ပြုံးပြီး ဟာသအတိုအထွာ ပြောကာ တုံ့ပြန်သည်ဟု ဦးသိန်းသန်းဦးက ပြောပြသည်။
တချိန်တည်းတွင် ဦးကိုနီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးရင်း ပိုမိုထင်ရှားလာသည်။ သူ့အပေါ်ခြိမ်းခြောက်မှုများ ပိုမိုမြင့်မားလာသည်။ ဖုန်းလာသောကြောင့် ပြန်ဖြေလျှင် တဖက်မှအသံက သူသေတော့မည်ဟု ပြောနေသည်။ သတ်ဖြတ်မှု မခံရမီ ၈ လအတွင်း အသက်အန္တရာယ် ခြိမ်းခြောက်မှု အနည်းဆုံး ၁၀ ကြိမ် ကြုံရသည်ဟု ဦးကိုနီ မိသားစုဘက်မှ လိုက်ပါဆောင်ရွက်သော ရှေ့နေ ဦးနေလက ပြောသည်။
လက်ဖက်ရည်ဆိုင်မှ လျှို့ဝှက်ကြံစည်မှု
ဦးကိုနီကို သတ်ဖြတ်ရန် ကြံစည်မှုတွင် စစ်အရာရှိဟောင်း ၃ ဦး ရန်ကုန်ရှိ လက်ဖက်ရည်ဆိုင် တဆိုင်တွင်တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကြံပေးကို မနှစ်မြို့မှုများ ဆွေးနွေးမှု ၂၀၁၆ ခုနှစ် ဧပြီလတွင် စတင်သည်ဟု ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်တို့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအရ သိရသည်။ ထိုရှင်းလင်းချက် မီဒီယာ သတင်းဖော်ပြချက်များအား နောင်တွင် တရားရုံးသို့ တင်သွင်းသည်။
ထို လက်ဖက်ရည်ဆိုင်တွင် ဆွေးနွေးကြသူများမှာ စစ်ထောက်လှမ်းရေး ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးနှင့် ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်တို့ဖြစ်သည်ဟု ရဲချုပ်၏ ပြောကြားချက်အရ သိရသည်။ သူတို့နှင့်အတူ ရှိနေသူတဦးမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုံးတွင် တာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးကြီးဟောင်း လင်းဇော်ထွန်းဖြစ်သည်။ သူသည် ၂၀၁၆ ခုနှစ်မှစတင်ပြီး စစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက် နေသည်။
၎င်းတို့ ၃ ဦးစလုံးသည် ယခင် ၁၉၉၀ ပြည့်နှစ်များက ၂ နှစ်မျှ အချိန်အတွင်း စစ်တက္ကသိုလ်သို့ ရှေ့ဆင့်နောက်ဆင့် တက်ခဲ့ကြသည်။ စစ်တက္ကသိုလ် ဆင်းပြီးနောက် သူနှင့်အောင်ဝင်းခိုင်တို့ တပ်ရင်းတခုတည်းတွင် တာဝန် ထမ်းဆောင်ခဲ့ကြောင်း ဦးလင်းဇော်ထွန်းက ထွက်ဆိုသည်။ ဇေယျာဖြိုးသည် ကိုယ်ကျင့်တရားကောင်းပြီး ဘာသာတရား ကိုင်းရှိုင်းကာ လောကီအပျော်အပါး မမက်သည့် သူတော်ကောင်းဖြစ်သည်ဟု တရားရုံးတွင် သူက ပြောသည်။
သက်သေအဖြစ် တင်သွင်းသော ဓာတ်ပုံများတွင် ၂၀၁၆ ခုနှစ်က သူတို့ ၃ ဦး ဟောင်ကောင်တွင် ပြုံးရွှင်စွာ ဓာတ်ပုံရိုက်ခံနေသည်ကို ပြသထားသည်။ ထိုစဉ်က မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ခြင်းသာ ဖြစ်ကြောင်း ဦးလင်းဇော်ထွန်းက သူ၏ ထွက်ချက်တွင် ပြောသည်။
ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ရေးအတွက် သေနတ်သမားရှာရန် အောင်ဝင်းခိုင်က သူ၏ညီအစ်ကိုများအနက် တဦးကို ပြောသည်ဟု ရဲချုပ်က စွပ်စွဲသည်။ ဇေယျာဖြိုးက ထိုလုပ်ငန်းအတွက် ကျပ်သိန်း ၁ ထောင် ထုတ်ပေးသည်ဟုဆိုသည်။
ဦးကိုနီကို သတ်ဖြတ်သူမှာ ထောင်ထွက် ကြည်လင်းဖြစ်ပြီး သူသည်ယခင်က ဘုရားခိုးသောကြောင့် ထောင်ကျဖူးသည်။ တရားရုံးတွင် ကြည်လင်းက ဦးကိုနီကို သတ်ဖြတ်ကြောင်း ဝန်ခံသော်လည်း သူ၏ အသက်ကို အခြားတဦးက ခြိမ်းခြောက်သောကြောင့် လုပ်ရသည်ဟု ဆိုသည်။ ထွက်ဆိုချက်များအရ ထိုအချက်သည် ရဲတပ်ဖွဲ့၏ စစ်ဆေး တွေ့ရှိချက်နှင့် မကိုက်ညီသော ဖြစ်စဉ်ဖြစ်သည်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလ ထိုနေ့ နေ့လယ်တွင် ဦးကိုနီသေဆုံးစေသော ပစ်ခတ်မှုပြုလုပ်ပြီးနောက် ကြည်လင်းသည် ၉ မမ ပစ္စတိုကိုချန်ပြီး တခြားသေနတ်တလက်ကို လွယ်အိတ်တွင်ထည့်ကာ ထွက်ပြေးသည်။ သူဝေးဝေးမရောက်မီ လူအုပ်တခု ဖြစ်လာပြီး သူ့နောက်လိုက်ဖမ်းကြသည်။
ကြည်လင်းကို ဖမ်းမိပြီးနောက် သူသည် အောင်ဝင်းခိုင်၏ ညီနှင့် ယခင်ထောင်ထဲတွင် အတူ နေခဲ့သူဖြစ်ကြောင်း ပေါ်ပေါက်လာသည်။ ထိုအချက်ကြောင့် အမှုစုံစမ်းစစ်ဆေးသူများသည် အခြားစွပ်စွဲခံရသူတဦးကို ဖော်ထုတ်နိုင်ခဲ့ကြောင်း တရားရုံး ထွက်ချက်များအရ သိရသည်။ သက်သေအဖြစ် တင်သွင်းသော လေဆိပ်လုံခြုံရေး ဗီဒီယိုတွင် အောင်ဝင်းခိုင်၏ ညီသည် ပစ်ခတ်မှုဖြစ်သည့်နေ့က လေဆိပ်ရှိ ကြည်လင်းဘေးတွင် ရပ်နေကြောင်းပြသနေသည်။ ၎င်းတို့သည် စကားပြောနေပုံ ရပြီး အနီးတွင် အောင်ဝင်းခိုင်ရှိနေကြောင်း ထိုဗီဒီယိုတွင် ပြသနေသည်။
ထောင်ထဲတွင် ဆံပင်နှင့် မုတ်ဆိပ်ရှည်ထားသော စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဇေယျာဖြိုးသည် လူသတ်မှုနှင့် အားပေးကူညီမှုအတွက် အပြစ်မရှိကြောင်း တရားရုံးတွင် လျှောက်ထားသည်။ သတ်ဖြတ်မှု အတွက် ငွေထုတ်ပေးခြင်း မရှိကြောင်း၊ လက်ဖက်ရည်ဆိုင်တွင်ဆွေးနွေးစဉ်က မပါဝင်ကြောင်းလည်း ပြောသည်။ အောင်ဝင်းခိုင်၏ ညီ အောင်ဝင်းဇော်ကလည်း လူသတ်မှုနှင့် ပူးပေါင်းကြံစည်မှုအတွက် အပြစ်မရှိဟု လျှောက်ထားသည်။ အောင်ဝင်းခိုင်က ထွက်ပြေး လွတ်မြောက်သွားသည်။
အောင်ဝင်းဇော်၏ ရှေ့နေက သူ၏ အမှုသည်သာမက အောင်ဝင်းခိုင်ပါ ယခု သတ်ဖြတ်မှုနှင့် ပတ်သက်ခြင်း မရှိကြောင်း ပြောသည်။ ၎င်းတို့သည် စစ်သားဟောင်းများဖြစ်ပြီး သူတို့သာ ကျူးလွန်ခဲ့ပါက ယခုထက်ပိုမို စနစ်ကျမည်ဟုပင် ထိုရှေ့နေက ပြောလိုက်သေးသည်။
ထိုလက်ဖက်ရည်ဆိုင် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်ဟု စွပ်စွဲခံရသော တတိယလူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လက်ထောက်ဟောင်း ဦးလင်းဇော်ထွန်းမှာ တရားစွဲဆိုခံရခြင်း မရှိပေ။ သူနှင့် လုပ်ကြံ သတ်ဖြတ်မှုအကြား ဆက်စပ်မှုမရှိဟု စုံစမ်းစစ်ဆေး သူများကပြောသည်။
ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရသည့် ညတွင် နေပြည်တော်ရှိ သူ၏အိမ်သို့ အောင်ဝင်းခိုင် ရောက်လာကြောင်း ဦးလင်းဇော်ထွန်းက တရားရုံးသို့ပြောသည်။ ထိုသို့ရောက်လာစဉ် သူပိုင်ငွေမှ အောင်ဝင်းခိုင်ကို ငွေကျပ် ၁၀ သိန်း ပေးလိုက်ကြောင်းလည်း သူက ပြောသည်။ စီးပွာရေးကိစ္စအတွက် ငွေလိုသည်ဟု အောင်ဝင်းခိုင်က သူ့ကိုပြောကြောင်း ဦးလင်းဇော်ထွန်းက ပြောသည်။
ဇေယျာဖြိုး၊ အောင်ဝင်းခိုင်တို့နှင့် သူ့အကြား ဆက်ဆံရေးကို Reuters သတင်းဌာနက မေးသောအခါ ဦးလင်းဇော်ထွန်းက ဖြေဆိုရန်ငြင်းပြီး “ကျနော် တရားရုံးမှာ ဖြေပြီးပြီ” ဟုသာ ပြောသည်။
စစ်ဖက်မှလူများ
တရားခွင်တွင်တင်ပြသည့် အထောက်အထားများနှင့် ကုမ္ပဏီ တည်ထောင်ခြင်းနှင့် ဒါရိုက်တာ စာရင်းအပါအဝင် ကုမ္ပဏီ မှတ်ပုံတင် အချက်အလက်များကို Reuters သတင်းဌာနက စစ်ဆေးချက်တွင်မူ ဇေယျာဖြိုးနှင့် စစ်ဖက်အကြား ဆက်စပ်မှု အတိုင်းအတာကို ပြသနေသည်။ ထိုဆက်ဆံရေးသည် မြန်မာနိုင်ငံပြင်ပ လူသိနည်းသည့် နက်ရှိုင်းသောသြဇာ၊ စီးပွားရေး အပြန်အလှန် ဆက်စပ်မှု၊ ဘာသာရေးနှင့် ယူနီဖောင်းဝတ်မိတ်ဆွေများ စသည်တို့ကို ကိုယ်စားပြုသော လောကတခု ဖြစ်သည်။
၂၀၀၄ ခုနှစ်တွင် စစ်ထောက်လှမ်းရေးမှ ထွက်ပြီးသောအခါ ဇေယျာဖြိုးသည် ရဲတန်းလျားတခု ဆောက်လုပ်ခြင်းနှင့် ရဲတပ်ဖွဲ့သုံးရန် စက်ကိရိယာများ တင်သွင်းခြင်း အပါအဝင် လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုများအတွက် သဘောတူညီမှုတခု ရသည်ဟု တရားရုံးထွက်ချက်နှင့် သူ၏ ကုမ္ပဏီ အင်တာနက် စာမျက်နှာ အရသိရသည်။
၂၀၁၂ ခုနှစ်တွင် သူသည် ZYP Pte Ltd အမည်ဖြင့် စင်ကာပူတွင် ကုမ္ပဏီတခု ထူထောင်သည်ဟု စာရင်းအင်းနှင့် ကော်ပိုရိတ်လုပ်ငန်း လုပ်ထုံးလုပ်နည်း အာဏာပိုင်အဖွဲ့သို့ တင်သွင်းသော မှတ်ပုံတင် စာရွက်စာတမ်းများအရ သိရသည်။ ဇေယာဖြိုးကို ထိုကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာအဖြစ် စာရင်းဖော်ပြထားသည်။ ဇေယျာဖြိုး၏ လုပ်ငန်းများ အနက် တခုတွင် ၂၀၁၂ ခုနှစ်မှ စတင်လုပ်ကိုင်သည့် ဝန်ထမ်းဖြစ်သော ဗိုလ်မှူးဟောင်းတဦးက သူ၏ အလုပ်ရှင်သည် ရဲတပ်ဖွဲ့ အတွက် သင်္ဘော ၂ စင်း တင်သွင်းခဲ့ကြောင်း ထွက်ဆိုသည်။
ဦးကိုနီလုပ်ကြံသတ်ဖြတ်မှု မတိုင်မီ ၅ လခန့်တွင် ဇေယျာဖြိုး၏ ဝန်ထမ်းများသည် စစ်ဖက်မှ ဆက်သွယ်ရေး ပစ္စည်း ကိရိယာများ လက်ခံရရှိသည်ဟု ရဲတပ်ဖွဲ့က ရှာဖွေစဉ်တွေ့ခဲ့ပြီး တရားရုံးသို့တင်သွင်းသည့် စစ်ဖက်ထောက်ပံ့မှု ပုံစံအရ သိရသည်။ တရားရုံးတွင် ထွက်ဆိုစဉ်အတွင်း စစ်ဖက်ဌာနတခုက လက်မှတ်ရေးထိုးပြီး သူ၏ ကုမ္ပဏီအမည်ပါ ထို စက်ပစ္စည်း ကိရိယာ လွှဲပြောင်းမှု ပုံစံသည် တရားဝင် စာရွက်စာတမ်းများ ဖြစ်ကြောင်း ဇေယျာဖြိုးက ဝန်ခံသည်။
စစ်ဖက်မှ လွှဲပြောင်းပေးပြီး ဇေယျာဖြိုးလက်ခံရရှိသော ရေဒီယိုပို့ယူစက် တခုနှင့် မိန်းဘုတ်သုံး ဝှက်စာဖော်ကတ် အပါအဝင် ကိရိယာများသည် ကြားလူ နားမထောင်နိုင်ရန် ပြုလုပ်ထားသည့် နေရာနှစ်ခုကို ဆက်သွယ်သော ကိရိယာများ ဖြစ်ကြောင်းပြသနေသည်ဟု စစ်အရာရှိဟောင်း တဦးက Reuters သတင်းဌာနသို့ ပြောသည်။
ဆက်သွယ်ရေးပစ္စည်း လွှဲပြောင်းမှု ပုံစံ မိတ္တူကို လေ့လာခဲ့ပြီး စစ်ဖက်ပစ္စည်း လွှဲပြောင်းမှုနှင့် အကျွမ်းတဝင်ရှိသော ထိုစစ်အရာရှိဟောင်းက ဇေယျာဖြိုးသည် စစ်ဖက်ထိပ်ဆုံးအဆင့်နှင့် အဆက်အသွယ်ရှိကြောင်း ပြသနေသည်ဟု ပြောသည်။ စစ်ဖက်ဝန်ထမ်းများသည် ထိုသို့သော ကိရိယာများကို အရပ်သားတဦးထံသို့ လွှဲပြောင်းပေးခြင်းကို စစ်ဖက် ထိပ်တန်းပုဂ္ဂိုလ်များ၏ လက်မှတ်ဖြင့်သာ လုပ်နိုင်ကြောင်း ထိုစစ်အရာရှိဟောင်းက ပြောသည်။
ဇေယျာဖြိုး၏ ကုမ္ပဏီများကို ရဲတပ်ဖွဲ့က ရှာဖွေသောအခါ ဦးဝီရသူအမည်ရှိ အမျိုးသားရေး အစွန်းရောက်ဘုန်းကြီး ဟောသော တရားခွေ တခွေကို တွေ့ခဲ့ရသည်ဟု တရားရုံး အထောက်အထားများအရ သိရသည်။ မွတ်စလင်များသည် ရန်သူများဖြစ်သည်ဟု ဦးဝီရသူက ယခင်ဟောခဲ့သည်။
ဇေယျာဖြိုးက ထိုတရားခွေကို သူတဦးတည်း အလုပ်လုပ်သောနေရာတွင် တွေ့ခြင်းမဟုတ်ကြောင်းနှင့် သူသည် အမျိုးသားရေး အစွန်းရောက် မဟုတ်ကြောင်း ပြောသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လက်ထောက်ဟောင်း ဦးဇော်လင်းထွန်းက ဦးဝီရသူကို ၂၀၁၅ ခုနှစ်က ငွေကျပ် သိန်း ၂၀၀ လှူဒါန်းသည်ကို ဦးဝီရသူက ဓာတ်ပုံအရိုက်ခံသည်။
ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုအပြီးတွင် ဦးဝီရသူက ဖေ့စ်ဘွတ်တွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ထိုအခြေခံဥပဒေက ပေးအပ်သော နိုင်ငံရေးအာဏာသည် တပ်မတော်အတွက်ဖြစ်ပြီး မျိုးနွယ်တခုလုံး၏ လုံခြုံရေးအတွက် အရေးပါသည်ဟု ရေးသားသည်။ ထိ့်ုနောက် ဦးကိုနီကို သတ်ဖြတ်သည်ဟု စွပ်စွဲခံရသူများကို ကျေးဇူးတင်ကြောင်းလည်း သူက ပြောသည်။
ယခုဆောင်းပါးအတွက် ဖုန်းဖြင့် ဆက်သွယ်သောအခါ ဦးဝီရသူက ဝေဖန်ပြောဆိုရန် ငြင်းသည်။
မြန်မာနိုင်ငံတွင် မွတ်စလင် ဆန့်ကျင်ရေးစိတ်များ မြင့်မားနေချိန်တွင် သူမြင်သည့် တခုတည်းသော နည်းလမ်းမှာ ဒီမိုကရေစီအတွက် လုပ်ကိုင်ရန်သာဖြစ်ကြောင်း ဦးကိုနီက သူ၏ဇနီးကိုပြောသည်။
ထိုလုပ်ငန်းမှာ သူလုပ်ကြံခံရသောနေ့တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ သူပြန်လည်ရောက်ရှိသော အချိန်ထိ တလျှောက်လုံး လုပ်နေသော လုပ်ငန်းဖြစ်သည်။ သူ အင်ဒိုနီးရှားမှပြန်လာသည်။ မြန်မာအရာရှိများနှင့် တက်ကြွ လှုပ်ရှားသူများ၏ ကိုယ်စားလှယ် အဖွဲ့သည် အင်ဒိုနီးရှားသို့သွားရောက်ပြီး စစ်အာဏာရှင် စနစ်မှ အဝေးသို့ခွဲထွက်သော အသွင် ကူးပြောင်းရေး သင်ခန်းစာများကို လေ့လာကြသည်။ ထိုကိုယ်စားလှယ်အဖွဲ့ဝင်များ အကြားတွင် ဗုဒ္ဓဘာသာနှင့် ရိုဟင်ဂျာ မွတ်စလင် အဖွဲ့ငယ်များလည်း ပါဝင်သည်။ ၎င်းတို့သည် ရခိုင်ပြည်နယ်မှ ၎င်းတို့ အသိုင်းအဝန်းများ အကြား ပြန်လည် သင့်မြတ်ရေးဆွေးနွေးရန် စေ့စပ်ညှိနှိုင်းသော အဖွဲ့ငယ်များ အမည်စာရင်းတင်ရန် သဘောတူခဲ့ကြသည်။
“ဒါဟာ ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းရဲ့ အစိတ်အပိုင်းလို့ လူတိုင်းယုံကြည်နေကြတာ” ဟု ထိုခရီးတွင် ပါသွားခဲ့သော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဦးမြအေးက ပြောသည်။
ထိုကိစ္စကို အဆုံးသတ်ရန် ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်သည်ဟု သူက ပြောသည်။ ၇ လခန့်ကြာသောအခါ ရခိုင်ပြည်နယ်မှ စစ်ဆင်ရေးများသည် သိန်းနှင့်ချီသော ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေခဲ့သည်။
ရန်ကုန်တွင် ကာကွယ်ရေး လေ့လာမှုဌာန တည်ထောင်ထားပြီး ထိုခရီးစဉ်တွင် လိုက်ပါသွားသည့် စစ်အရာရှိဟောင်း ဦးနိုင်ဆွေဦးက ဦးကိုနီကို သတ်ဖြတ်သည့် သေနတ်သံကို သူကြားရကြောင်း ပြောသည်။
ဦးနိုင်ဆွေဦး၏ ခန့်မှန်းချက်တွင်မူ စစ်တပ်က ပါဝင်ပတ်သက်ခြင်းမရှိပေ။ သို့သော် ဦးကိုနီက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးကို ဆက်လက် ဟောပြောနေသောကြောင့် ထိုသို့သော စကားများသည် တိုင်ပြည်အတွက် အန္တရာယ် ရှိသည်ဟု ထင်သူများရှိကြောင်း သူက ပြောသည်။
မြန်မာနိုင်ငံတွင် နေ့ခင်းကြောင်တောင် ကျည်ဆံတတောင့်က ဒီမိုကရေစီလာနေပြီဟု မျှော်လင့်သူတဦး၏ သွေးများကို စွန်းထင်းစေခဲ့ပြီ။
(Reuters သတင်းထောက် Tom Lasseter ၏ Special Report: In a Muslim lawyer’s murder, Myanmar’s shattered dream ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)