ဆောင်းပါး

ဗီယက်နမ် စိတ်ဓာတ် မပျက်ယွင်းသေးတဲ့ ဒင်ဗျင်ဖူး

Want create site? Find Free WordPress Themes and plugins.

ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်း Hanoi ၏ အနောက်မြောက်ဘက် ၄၅၆ ကီလိုမီတာ ခန့် (သို့မဟုတ် ကုန်းလမ်းမှသွားလျှင် ၁၀ နာရီကျော် ခရီး) အကွာတွင်ရှိသော ဒင်ဗျင်ဖူး Dien Bien Phu သည် စပါးခင်းများအလယ်မှ ခရိုင်မြို့ငယ်တခု ဖြစ်သည်။ ကျယ်ပြန့် သောတောင်ကြားတခု အတွင်းတွင် တည်ရှိပြီး တောင်ကုန်းများက ဝိုင်းရံထားသည်။ လာအို-ဗီယက်နမ် နယ်စပ်နှင့် ကီလို မီတာ ၃၀ ခန့်သာ ကွာဝေး၏။

မြို့တော် ဟနွိုင်းမှ ဒင်ဗျင်ဖူး သို့ နေ့စဉ် လေယာဉ်ခရီးစဉ်များ ပြေးဆွဲပေးနေသော်လည်း ဗီယက်နမ် နိုင်ငံသားများကို မေးကြည့်မည် ဆိုပါက တိုင်း Tai မှသည် မုန်း Mong နှင့် ကင်း Kinh အထိ တောင်ပေါ်နေ တိုင်းရင်းသား မျိုးစုံ စိတ်ဝင်စားဖွယ်ရာ ရော ယှက်နေထိုင်ကြသော အဆိုပါမြို့ကလေးသို့ ခက်ခဲသော ကုန်းလမ်းမှ သွားရန် အကြံကောင်း ပေးကြလိမ့်မည် ဖြစ်သည်။

၁၉၅၄ ခုနှစ်က ဒင်ဗျင်ဖူး စစ်ပွဲနှင့် ထိုနေရာတွင် ပြင်သစ်တို့ အရှက်တကွဲ ရှုံးနိမ့်ရခြင်းက ဒုတိယ ကမ္ဘာစစ်လွန် ကာလ၏ အထူးခြားဆုံး ဖြစ်ရပ်များထဲမှ တခုဖြစ်ခဲ့သည်။ ထိုအဖြစ်က အာရှတွင် ဥရောပ ကိုလိုနီသြဇာ အာဏာများ ကျဆုံခြင်း၏ ( ဗြိတိသျှတို့က ၁၉၅၇ တွင် မလေးရှားမှ ပြန်လည်ထွက်ခွာသွားခဲ့သည်) နှင့် အမျိုးသားရေး လှုပ်ရှားမှုများ အသာစီး ရလာခြင်း၏ အစ ဟု သတ်မှတ်၍ ရနိုင်ပါသည်။

ပုံပါ ပြင်သစ်တို့ ကတုတ်ကျင်းကို ရရန် ဗီယက်နမ်တို့ ၅၆ ရက်ကြာ တိုက်ယူခဲ့ရသည်/ Mai Duong for Ceritalah

သို့သော်လည်း ဒင်ဗျင်ဖူးတွင် ပြင်သစ်တို့သည် သူတို့ အရှက်တကွဲ ဖြစ်ခဲ့ရခြင်းအတွက် များစွာ တာဝန် ရှိပါသည်။ သူတို့က သီးခြားဖြစ်သည့် နေရာကို ရွေးချယ်ခဲ့သည်။ တပ်သား ၁၅၀၀၀ ကျော် စခန်းချနိုင်သည့် ခံတပ်တခုကို တည်ထောင်ခဲ့သည်။ ထောက်ပံ့ရေးအတွက် ကျဉ်းမြောင်းသည့် လေယာဉ်ကွင်းတခုသာ ရှိခဲ့သည်။ သူတို့၏ စိတ်ကူးမှာ လိုက်လံ ရှာဖွေရခက်ခဲပြီး အပေါ့စားလက်နက်များ တပ်ဆင်ထားသည့် ဒီမိုကရက်တစ် ဗီယက်နမ် သမ္မတနိုင်ငံ တပ်ဖွဲ့များ ထွက်လာအောင် မျှားခေါ် ရန် ဖြစ်သည်။

သို့သော်လည်း ပြင်သစ်နိုင်ငံက အင်အားနည်းနေခဲ့သည်။ အယ်လ်ဂျီးရီးယား၊ အနောက် အာဖရိက အစရှိသဖြင့် စစ်မျက်နှာ အများအပြားတွင် တိုက်ခိုက်နေရသည်။ မဒါဂက်စကာတွင်ပင် တိုက်ခိုက်နေရသည်။ နာမည်ကျော် ဗိုလ်ချုပ်ကြီး ဗို ငုယင်ကိယပ် Vo Nguyen Giap နှင့် တိုက်ပွဲရည်ဝနေသော သူ၏ တပ်ဖွဲ့များကို ချေမှုန်းရန် လိုအပ်သည့် အရင်းအမြစ်များ သူတို့တွင် ရှိမနေခဲ့ပါ။

ဗီယက်မင်းတပ်ဖွဲ့များ ဒင်ဗျင်ဖူးကို တိုက်ရာတွင် အသုံးပြုခဲ့သော ဗိုလ်ချုပ်ကြီး ငုယင်ကိယပ်၏ ကတုတ်/ Mai Duong for Ceritalah

ပြင်သစ်အတွက် ရဲတင်းသော လုပ်ရပ်တခု ဖြစ်ခဲ့ပါသည်။ ဒုတိယ ကမ္ဘာစစ် သူရဲကောင်းတယောက်ဖြစ်သော ဗိုလ်ချုပ်ကြီး ဟင်နရီ နဗား Henri Navarre က ဗီယက်နမ်များကို ရိုက်ချိုးပစ်မည်ဟု ကြေညာခဲ့သည်။ သို့သော်လည်း ပြောင်းပြန်ဖြစ်သွားပြီး သူတို့သာလျှင် ကျိုးပျက်ခဲ့ရသည်။

ထို့ပြင် အန္တရယ်ကြီးသည့် တွက်ချက်မှု အမှားအယွင်း အများအပြားကိုလည်း သူတို့ ပြုလုပ်ခဲ့သည်။ အထင်ရှားဆုံးမှာ တောတောင်ထူထပ်သည့် ရေမြေအနေအထားကြောင့် ဗီယက်နမ်များအနေဖြင့် သူတို့၏ တပ်ဖွဲ့များကို ရိက္ခာထောက်ပံ့နိုင်မည် မဟုတ်ဟု ပြင်သစ်တို့က မှားယွင်းစွာ ယုံကြည်ခဲ့ကြသည်။ သို့သော်လည်း ဟိုချီမင်းက အရေးပါသည့် စားနပ်ရိက္ခာများနှင့် ဒင်ဗျင်ဖူး ပတ်လည်မှ တောင်ကုန်းများတွင် ချထားရန် တစစီဖြုတ်နိုင်သည့် အမြောက်အပါအဝင် လက်နက်ခဲယမ်းများကို လူအားဖြင့် သယ်ဆောင်ရန် ပေါ်တာ ၂ သိန်းခွဲကျော် စုဆောင်းနိုင်ခဲ့သည်။

ဒင်ဗျင်ဖူးမြို့ပြင်ရှိ ဟုံသီင၏ ရွာ ဖုန်လွိုင်း/ Mai Duong for Ceritalah

အမြောက်ကို ချက်ချင်းတပ်ဆင်ခဲ့သည်။ ထို့နောက် ပြင်သစ်၏ အားနည်းသောနေရာများသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်မြေပြင်ကို ပထမကမ္ဘာစစ် ကတုတ်ကျင်းများအတွင်းမှ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ကြသည့် ရွှံ့အလိမ်းလိမ်းဖြင့် တိုက်ပွဲမျိုးကို ပြန်လည်အမှတ်ရစရာ အသွင်သို့ ပြောင်းလဲသွားစေခဲ့သည်။

ထိုတောင်ကုန်းများ အားလုံးက သမိုင်းရှိနေသည်။ ဗီယက်နမ် တနိုင်ငံလုံး စုစုပေါင်း အသက် ၂ သန်းကျော် ပေးခဲ့ရသည့် စစ်ပွဲကို သိမြင်နိုင်ရေး ပြင်သစ်နှင့် ဗီယက်နမ် ၂ ဘက်လုံး ထိုစစ်စခန်းများကို ထိန်းသိမ်းစောင့်ရှောက်ထားခဲ့သည်။

ဒင်ဗျင်ဖူးဈေး/ Mai Duong for Ceritalah

အသက် ၃၇ နှစ်အရွယ် စပါးစိုက်တောင်သူ တယောက်ဖြစ်သည့် ဟုံသီင Hoang Thi Nga ၏ ဂုဏ်ယူမှုက အထင်အရှား ဖြစ်သည်။ “ကျမတို့ရဲ့ သမိုင်းအတွက် ကျမ အရမ်းဂုဏ်ယူပါတယ်။ ကျမတို့နိုင်ငံက အင်အားကောင်းတဲ့ ရန်သူကို အနိုင်ယူခဲ့တယ်” ဟု သူက ပြောသည်။

သမိုင်းဝင် တိုက်ပွဲက နောက်လာမည့်နှစ်တွင် ၆၄ နှစ် ပြည့်မည့် အချိန်တွင် ဒေသဆိုင်ရာ အာဏာပိုင်များက နိုင်ငံခြားသား ခရီးသွား အရေအတွက်ကို ၈၇၀၀၀၀ အထိ တိုးမြှင့်နိုင်ရန် မျှော်လင့်နေသည်။ အမေရိကန် ဒေါ်လာ ၅၄ သန်း အထိရရှိ လိမ့်မည်ဟု ခန့်မှန်းထားသည်။

တိုင်းရင်းသားတွေ ရောပြွမ်းနေတဲ့ ဒင်ဗျင်ဖူး/ Mai Duong for Ceritalah

သို့သော်လည်း ဟုံသီင ကဲ့သို့ သာမန်ဗီယက်နမ် ပြည်သူများအတွက် မည်သည့် သက်ရောက်မှု ရှိမည်နည်း။

“ကျမ အိမ်ထောင်မကျခင်က အမျိုးသမီးတွေ ခေါင်းမှာပတ်တဲ့ ပဝါ(Khan Pieu) တွေ အများကြီး လုပ်ခဲ့ပါတယ်။” ဒါပေမယ့် အခုတော့ ကျမ မိသားစုကိုစောင့်ရှောက်ဖို့ ၊ ပံ့ပိုးပေးနိုင်ဖို့ အချိန်ပေးနေရတယ်။”

“ကျမမှာ သား ၂ ယောက်ရှိပါတယ်။ သားအကြီးက ၁၆ နှစ်၊ အထက်တန်းကျောင်း ရောက်နေပြီ။ အသက် ၆ နှစ် အရွယ် သားအငယ်က မူလတန်းတက်နေပါတယ်။”

“မိသားစုက အမြဲတမ်း စည်းစည်းလုံးလုံး ရှိနေလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။ ကျမသားတွေက သင့်တင့်တဲ့ ပညာ တတ်ကြလိမ့်မယ်။ ကျမ ငယ်ငယ်တုန်းက ကျမမှာ မျှော်လင့်ချက် မရှိဘူး။ ကျမအဖေက အရက် အရမ်းသောက်တယ်။ ကျမ ထွက်ပြေးချင်ခဲ့တယ်။ လက်ထပ်ပြီးတော့ ကျမရဲ့ကိုယ်ပိုင် မိသားစုတခု လိုချင်ခဲ့တယ်။”

လယ်ကွင်းများနဲ့ တောင်တန်းများ ဝိုင်းရံထားတဲ့ ဒင်ဗျင်ဖူး/ Mai Duong for Ceritalah

“ကျမတို့ ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်မျှက မိသားစုကို ထောက်ပံ့ဖို့ လုံလောက်တဲ့ ငွေကြေးရဖို့ပါ။ လယ်က စတုရန်း မီတာ ၂၀၀ (ဝ.၀၅ ဧက) ပဲရှိတယ်။ ကျမတို့ တနှစ်ကို စပါး ၂ သီးစိုက်တယ်။ (တကြိမ်လျှင် စပါး ၃၀၀ ကီလိုဂရမ်ခန့် ရ သည်)။ ကျမတို့ နွားတွေ၊ ဝက်တွေ၊ ကြက်နဲ့ ဘဲတွေလည်း မွေးပါတယ်။”

“ဟုတ်ကဲ့၊ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာတော့ တိုးတက်လာပါတယ်။ ကျမတို့မှာ ပိုကောင်းတဲ့ လမ်းတွေနဲ့ လျှပ်စစ်မီး ရှိလာပါတယ်။ ဒါပေမယ့် တကယ့် စိန်ခေါ်မှုက သီးနှံ အထွက်တိုးရေး နဲ့ ကျေးလက်ဒေသ ဖွံဖြိုးရေး ဖြစ်ပါတယ်။”

ဒင်ဗျင်ဖူးက ဗီယက်နမ်တို့၏ စိတ်ဓာတ်အတွက် အင်အားကောင်းသော စမ်းသပ်မှုတခု ဖြစ်ပါသည်။ နောက်ထပ် စိန်ခေါ်မှုများ (ကြာရှည်ခိုင်မြဲသော ငြိမ်းချမ်းရေး၊ အောင်မြင်တိုးတက်ရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးတို့ အတွက် ရုန်းကန်ရသည့် အကျပ်အတည်းများက ဟုံသီင ကဲ့သို့သော သူများ အတွက် ကြီးမားလိမ့်မည် ဖြစ်သော်လည်း) ကျနော့် စိတ်ထဲမှာမူ ဗီယက်နမ်နိုင်ငံ အောင်မြင်လိမ့်မည်ဆိုသည်ကို သံသယ မရှိပါ။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading