ဆောင်းပါး

အမှန်တရား ဖော်ထုတ်သူ ဦးမိုးရန်နိုင် နှစ်ဆန်းမှာ လွတ်မလား

Want create site? Find Free WordPress Themes and plugins.

ရိုက်တာ သတင်းထောက်တွေကို ရဲတပ်ဖွဲ့က အမှုဆင် ဖမ်းဆီးမှုအကြောင်းစုံ ဖွင့်ချခဲ့တဲ့ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင် ဟာ လာမယ့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းမှာ ပြန်လည် လွတ်မြောက်ဖွယ် ရှိတယ်လို့ အကျဉ်းဦးစီးဌာန ဘက်က ပြောပါ တယ်။

“ဒီလက အထူး လျှော့ရက်တွေ ပေးတဲ့လလည်း ဖြစ်တယ်။ ပေးသင့်တဲ့ လူတွေကိုတော့ တင်ပြထားပြီးပြီ။ ခွင့်ပြုပေး မယ် ဆိုရင် ခန့်မှန်းရရင် ဇန်နဝါရီထဲမှာ လွှတ်မယ်၊ ၁၅ ရက်နေ့ မကျော်ပါဘူး”လို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူ တဦး က ဧရာဝတီကို ပြောပါတယ်။

သူဟာ ဘင်္ဂါလီ ၁၀ ဦးကို တပ်မတော် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဥပဒေမဲ့ သတ်ဖြတ်မှုတွေအကြောင်း ဖော်ထုတ် ရေးသား ခဲ့တဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက်နဲ့ ပတ်သက် ဆက်နွှယ်နေတယ်လို့ စွပ်စွဲ ဖမ်းဆီးခံရပြီးနောက် ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ ထောင်ဒဏ် တနှစ် ချမှတ်ခံရတာ ဖြစ်ပါတယ်။

ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ဟာ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဖမ်းဆီးခံရတဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ကတည်းက စခန်းအတွင်းမှာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး စတင် ဖမ်းဆီးခံရချိန်ကစလို့ သူ့ကို ဘယ် နေရာမှာ ထိန်းသိမ်းထားတယ် ဆိုတာကို ရဲတပ်ဖွဲ့က ဖုံးကွယ်ထားခဲ့ပြီး ရက်ပေါင်း ၁၂၀ ကျော်ကြာ မိသားစုနဲ့ တွေ့ဆုံ ခွင့် မရခဲ့ပါဘူး။

ဒီအခြေအနေတွေ ကြားကနေ တရားလိုပြ သက်သေအဖြစ် ပထမဆုံး ရုံးချိန်း တရားခွင်မှာ သူဟာ ရဲတပ်ဖွဲ့ရဲ့ မမှန်ကန် တဲ့ လုပ်ရပ်တွေကို ဖွင့်ချ ထွက်ဆိုခဲ့တာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ် အတွင်းရှိ အင်းဒင်ကျေးရွာ လူသတ်မှု ဖော်ထုတ်သည့် ရိုက်တာ သတင်းထောက် နှစ်ဦးအား အမှုဆင် ဖမ်းဆီးရန် ရဲမှူးချုပ် တင်ကိုကိုက ဦးစီးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဧပြီလ၂၀ ရက်က ပြုလုပ်တဲ့ တရားခွင်အတွင်း ထွက်ဆိုခဲ့ပါတယ်။

“အမှန်တရား ဖွင့်ပြောရတဲ့ အကြောင်းအရင်းက ရဲတပ်ဖွဲ့ဝင်မှာလည်း ဘယ်အဆင့်အတန်းမဆို သူ့ဂုဏ်သိက္ခာနဲ့ သူ ရှိပါတယ်”လို့ တရားခွင် ထွက်ဆိုမှုတွေအပြီး ဦးမိုးရန်နိုင်က မီဒီယာတွေကို ထုတ်ဖော်ခဲ့ပါတယ်။

အမှန်တရား အတိုင်း ထွက်ဆိုခဲ့မှု ဂယက်ကြောင့် ရဲ တပ်ဖွဲ့ ဆိုင်ရာ တရားခုံရုံးက သူ့ကို ရဲစည်းကမ်း ထိန်းသိမ်းရေး အက်ဥပဒေ ပုဒ်မ ၁၆ (ခ)/၂၂ နဲ့ ထောင်ဒဏ် တနှစ် ချမှတ်ခဲ့သလို ရက်ပေါင်း ၁၂၀ ကျော်ကြာ ထိန်းသိမ်း ခံထားရတဲ့ ချုပ်ရက်တွေကိုလည်း ခံစားခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။

သူ့ကို ထောင်ဒဏ် ချမှတ်ခဲ့တာဟာ ဘယ်ရက်ဆိုတာကို မသိခဲ့ရဘဲ မေလ ၉ ရက် တရားရုံးထုတ်ချိန်မှာ သူဟာ ထောင် အဝတ်အစားနဲ့ ဖြစ်နေတာကြောင့် သိခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အမှန်တရားအတိုင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး နောက်တနေ့မှာပဲ နေပြည်တော် ရဲဝန်ထမ်း လိုင်းခန်းမှာ နေထိုင် နေဆဲ ဖြစ်တဲ့ သူ့ရဲ့ မိသားစုဝင်တွေကိုလည်း လိုင်းခန်းကနေ ဖယ်ရှားပေးဖို့ အာဏာပိုင်တွေက ဖိအားပေးမှုတွေ ရှိခဲ့ ပါတယ်။

ဒုရဲမှူးဟောင်း မိုးရန်နိုင်ဟာ ၃ လကျော်ကြာ ချုပ်ရက်တွေအပြင် အကျဉ်းထောင် ဥပဒေအရ ရရှိရမယ့် သာမန် လျှော့ ရက်၊ အထူး လျှော့ရက်တွေကိုပါ အပြည့်အ၀ ခံစားရမယ်ဆိုရင် ပြီးခဲ့တဲ့ စက်တင်ဘာ လကတည်းက လွတ်မြောက် ရမှာ ဖြစ်သလို မိသားစုနဲ့ ဆုံတွေ့ခွင့် ရမှာပါ။

အကျဉ်းထောင်စည်းမျဉ်းတွေအရ အကျဉ်းသားတဦးဟာ တလကို သာမန်လျှော့ရက် ၄ ရက် ခံစားခွင့်ရှိပြီး အထူး လျှော့ ရက်ကတော့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် သဘောတူညီချက်နဲ့ ၃ လကို တကြိမ် ၂၉ ရက်ခန့် ခံစား ခွင့် ရှိတယ်လို့ ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်က ရှင်းပြပါတယ်။

“ဒီလိုအဆင့်မျိုးနဲ့ လူတယောက်က ရဲရဲဝံ့ဝံ့နဲ့ ဖွင့်ချခဲ့တဲ့ လုပ်ရပ်ကတော့ လေးစားစရာပါ။ ဒါပေမယ့် နဂိုကတည်းက ဒါတွေကို ကြိုသတိပေးနိုင်ခဲ့ရင် အခုလို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေလည်း ရှိလာစရာ မရှိပါဘူး”လို့ ဦးခင်မောင်မြင့်က ဧရာဝတီကို ပြောပြပါတယ်။

ရဲ စည်းကမ်း ဥပဒေအရ ပြစ်ဒဏ် ကျခံရလို့ ရဲဝန်ထမ်း အဖြစ်ကပါ ထုတ်ပယ် ခံလိုက်ရတဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်နဲ့ ပတ်သက်လို့ သူ ပြန်လွတ်လာတဲ့ အခါမှာ ပြည်ထောင်စု တရား လွှတ်တော်ချုပ်ထံ စာချွန်တော် တင်သွားမယ်လို့ သူရဲ့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ဧရာဝတီကို ပြောပါတယ်။

၎င်းက“သူ့ကို အလုပ်ထုတ်ခဲ့တာနဲ့ ပြစ်ဒဏ်ချတာက ဥပဒေနဲ့မညီလို့ စာချွန်တော် တက်မှာ။ အဓိကတော့ တရား ဥပဒေ စိုးမိုးရေးအတွက်ပဲ”လို့ ရှင်းပြပါတယ်။

သူ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံခဲ့ရပြီး ရိုက်တာ သတင်းထောက် နှစ်ဦး ရေးသား ဖော်ထုတ်ခဲ့တဲ့ လူသတ်မှု ဖြစ်စဉ် ဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ အတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင် ကျေးရွာအနီး ပဲရုံ သုသာန် မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီလူသတ်မှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်တယ်လို့ တပ်မတော်ဘက်က ဝန်ခံထားပြီး အရာရှိ စစ်သည် ၇ ဦးကိုလည်း အရပ်ဘက် အကျဉ်းထောင်တွေမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ကျခံဖို့ အမိန့်ထုတ်ထားကြောင်း ဧပြီလ ၁၀ ရက်က တပ်မတော်ဘက်က ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ဒီအမှန်တရားကို ဖော်ထုတ်ခဲ့သူ ရိုက်တာ သတင်းထောက်နှစ်ဦးနဲ့ ဒီအမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲ ခံရပြီး အလုပ်ပြုတ်၊ ထောင်ချ ခံထားရတဲ့ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်တို့ကတော့ အခုအချိန်အထိ အကျဉ်းထောင်တွေ ထဲမှာ မိသားစုနဲ့ ဝေးကွာနေရဆဲပါ။

ပြစ်ဒဏ်အတွက် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ဟာ ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင် အဆောင် ၅ မှာ ကျခံနေရ တယ် လို့လည်း ထောင်ဝင်စာ သွားတွေ့တဲ့ ဇနီးဖြစ်သူ မတူးတူးက ပြောပါတယ်။

မတူးတူးဟာ မန္တလေးတိုင်း ခင်ဦးမြို့မှာ နေထိုင်သူဖြစ်ပြီး လာမယ့် ဒီဇင်ဘာကျောင်းပိတ်ရက် အတွင်း သမီးငယ်ဖြစ် သူ နဲ့ အတူ ခင်ပွန်းဖြစ်သူကို အင်းစိန်ထောင်မှာ ထောင်ဝင်စာ လာတွေ့ဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

အကျဉ်းကျခံနေရတဲ့ ဦးမိုးရန်နိုင်ဟာ ကျန်းမာရေး အခြေအနေ ကောင်းမွန်ဆဲ ဖြစ်တယ်လို့ ဇနီးဖြစ်သူ နဲ့ အကျဉ်းထောင် ဝန်ထမ်းများ ဆီက သိရပါတယ်။

အမှန်တရားကို ဖော်ထုတ်တာကြောင့် အကျဉ်းထောင်အတွင်း တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်ဆုံးနေရတဲ့ ခင်ပွန်းသည် အတွက် ရဲမှူးချုပ် တင်ကိုကို ကို ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က ဇနီးဖြစ်သူ မတူးတူးက “ဘာကြောင့် ဒီလိုလုပ်ရက်ရ တာ လဲ” ဟု မေးချင် မိတယ်လို့ ဆိုပါတယ်။

“သူ့ကို မြန်မြန် လွှတ်စေချင်ပါပြီ”လို့ မတူးတူးက ပြောဆိုပါတယ်။ ။

ဆက်စပ် ဖတ်ရှုရန် –

ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်အမှုအတွက် အာဏာပေး စာချွန်တော်တင်မည် 

သံတိုင်များ နောက်ကွယ်က ဒု ရဲမှူးဟောင်း မိုးရန်နိုင်

သတင်းထောက်နှစ်ဦးအား အမှုဆင် ဖမ်းရန် ရဲမှူးချုပ် ကိုယ်တိုင် စီမံခဲ့ကြောင်း တရားလို သက်သေထွက်ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading