တည်းတဲ့ဟိုတယ်ကနေ ဘုရင့်နောင်ရိပ်သာကိုရောက်တော့ တပ်ချုပ်နဲ့ တွေ့မယ့် သတင်းမီဒီယာကောင်စီဝင်တွေကို အစီလိုက် အတန်းလိုက် စီခိုင်းတယ်။ တပ်အရာရှိတွေက နာမည်နဲ့ ထိုင်ရမယ့် ခုံ အစဉ်အလိုက်အတိုင်း တန်းစီခိုင်းတယ်။ မြန်မာသတင်းမီဒီယာကောင်စီဝင်တွေ အားလုံး ရထားတွဲကြီးတခုလိုဖြစ်သွားတယ်။ ဥက္ကဋ္ဌက ရှေ့ဆုံးခေါင်းတွဲပေါ့။ ကျနော်က နောက်ဆုံးရဲ့ ရှေ့က ရထားတွဲလို နေရာရပါတယ်။ ကိုယ့်မှာ စစ်တပ်ထဲရောက်သွားသလို သတိပဲ ဆွဲနေရမလိုလိုပေါ့။ ကောင်စီဝင်တွေကို တန်းစီထားတာ အတော် အတန်းရှည်သားပဲလို့ တွေးမိတယ်။ ဘယ်သူ့သြဇာမှ မခံခဲ့တာ အခုတော့ တပ်အရာရှိတွေ တန်းစီခိုင်းတာ ခံရပြီလို့ တွေးမိရဲ့။ သမ္မတအိမ်တော်မှာလည်း ကတိသစ္စာပြုတုန်းက နံပါတ်စဉ်အတိုင်း နေရာချထားပေမယ့် ဒီလိုကြီးတော့ တန်းမစီရဘူးဆိုတာလည်းတွေးမိတယ်။ သြော် တပ်ပဲလေဆိုပြီး တွေးမိတယ်။
ထိုင်ခုံမဆန့်လို့ ရှေ့ဆုံးခုံတန်း ခုံတန်းရှည်မှာ ကျနော် မထိုင်ရဘဲ ဒုတိယတန်းခုံမှာ ထိုင်ခိုင်းတယ်။ အင်း ဒါလည်း တမျိုးကောင်းတယ်၊ ငိုက်ချင်ရင် ငိုက်လို့ရတာပေါ့လို့ တွေးမိတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ တမင်လုပ်သလား၊ ဗိုလ်ချုပ်ကြီးတွေ ငါ့မျက်နှာ မမြင်ချင်လို့များလားဆိုပြီး တွေးမိတယ်။
ဝင်ဝင်ချင်း တပ်ချုပ်နဲ့တွေ့တယ်။ ကျနော့် လက်ထဲမှာ အသင့်ကိုင်ထားတဲ့ စာ ၃ စောင်ကို ချက်ချင်း ပေးလိုက်တယ်။ တစောင်က PCMJ က သတင်းသမားတွေကို ထောင်ချောက်ဆင်ဖမ်းတဲ့ ပြည်ထဲရေးတာဝန်ရှိသူတွေကို အရေးယူပေးဖို့၊ နောက်တစောင်က ရိုက်တာသတင်းထောက် ၂ ဦးရဲ့ ဇနီးတွေဆီက စာ၊ နောက်တစောင်က ဒုရဲမှူး မိုးရန်နိုင်ရဲ့စာ။ တပ်ချုပ်က သူ့ PSO ကို စာတွေ လှမ်းယူခိုင်းတယ်။
အတွင်းရေးမှူး ဦးကျော်စွာမင်းက ကျနော့်ကို တပ်ချုပ်နဲ့ မိတ်ဆက်ပေးဖို့ ဟန်ပြင်နေတုန်းမှာပဲ တပ်ချုပ်နှုတ်က ကျနော့် နာမည်စခေါ်တယ်။ “သာလွန်ဇောင်းထက်” တဲ့။ သိလိုက်တာက လူတွေနဲ့ မတွေ့ခင် ဘယ်သူ ဘာဆိုတာ ကိုယ်ရေးအကျဉ်းနဲ့တကွ၊ ဘယ်လို Background က လာတယ်ဆိုတာ တပ်အရာရှိကြီးတွေ ကြိုဖတ်ထားတယ်လို့ ကောက်ချက်ချမိတယ်။ လူနဲ့ နာမည် တွဲသိတယ်။ တစ်နည်းအားဖြင့်ပြောရင် အိမ်စာလုပ်တယ်။ ဒီထက်ပိုတွေးမိတာက ဘယ်သူ့ဆီက ဘယ်လိုစကားထွက်မယ်ဆိုတာ ကြိုတင်ခန့်မှန်းထားတာမျိုးနဲ့ အဖြေအတွက် ကြိုပြင်ထားတာရှိနိုင်မယ်လို့ တွေးမိတယ်။ Well Planned ရှိတယ်ဆိုတာ ပေါ်လွင်တယ်လို့ တွေးမိတယ်။ အဲဒီလို တွေးရင်းနဲ့ ထိုင်ခုံဆီသွားလိုက်တာ တပ်ချုပ်ကို လက်စွဲ နှုတ်မဆက်ခဲ့ရမှန်း ခုံပေါ်မှာ ထိုင်မိမှ သတိထားမိတယ်။
တပ်ချုပ်က သူ့လူတွေကို မိတ်ဆက်ပေးတယ်။ တပ်ချုပ်ရဲ့ မိတ်ဆက်ပေးမှုနဲ့ တပ်လုပ်ငန်းစဉ်တချို့ အကြောင်း တပ်ချုပ်က ရှင်းပြမှုကို နားထောင်ရင် သတိထားမိတာကတော့ တပ်ချုပ်ဟာ အလုပ်လုပ်တဲ့အခါမှာ Team အသင်းအဖွဲ့နဲ့ အလုပ်လုပ်တယ်။ သူ တဦးတည်း မဆုံးဖြတ်ဘူး။ အားလုံးနဲ့ တိုင်ပင် ဆုံးဖြတ်တယ်ဆိုတာကို သွားတွေ့တယ်။ ဆုံးဖြတ်ချက်တိုင်းသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ Team က တာဝန်ယူတဲ့သဘောကိုလည်းတွေ့မိတယ်။ Well Trained အတွေ့အကြုံ ကောင်းကောင်း ရှိပြီး ဖြစ်တယ်။ လုပ်စရာရှိ တသင်းလုပ်၊ တသင်းလုံး ဖြန့်ကစားမှုမြင်ရတယ်။
ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို တဦးချင်းစီ မိတ်ဆက်ပြောခွင့်ရတယ်။ ကျနော်ကတော့ ရိုက်တာသတင်းထောက် ၂ ဦးကိစ္စနဲ့စတယ်။ ဒုရဲမှူး မိုးရန်နိုင်ကိစ္စပြောတယ်။ ထောင်ချောက်ဆင်ဖမ်းတာ မတရားဘူး။ မသင့်တော်ဘူး ။ အရေးယူပေးပါ စုံစမ်းပေးပါ ပြောတယ်။ သတင်းရယူခွင့် နည်းတဲ့ကိစ္စ၊ ရခိုင်မှာ ရဟတ်ယာဉ်တွေသုံးပြီး တိုက်နေတာ၊ ငြိမ်းချမ်းရေးအပေါ် တပ်ရဲ့ သဘောထား၊ တပ်ချုပ်ကြီး ပင်စင်ယူပြီး တပ်ချုပ်သစ် ဘယ်သူဖြစ်လာမလဲ ( အဲဒီအကြောင်းအရာမှာ တပ်အရာရှိကြီးတွေ မသိမသာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပုံ ရတယ်) ဆိုတာတွေကို သတင်းမီဒီယာတွေက စိတ်ဝင်စားတယ်ဆိုတာပြောပြတယ်။ Access to Information ပေးဖို့ပါ။ သတင်းမီဒီယာဥပဒေ ပြင်ဖို့ လိုအပ်တယ်။ ဥပဒေပြင်ရင်တပ် လွှတ်တော်ကိုယ်စားလှယ်တွေက ပြင်ဆင်မှု ပူးပေါင်းဆောင်ရွက်ပေးဖို့။ သတင်းမီဒီယာတွေ တကယ် အလုပ်လုပ်ဖို့က မီဒီယာဥပဒေမပြင်ဘဲ မဖြစ်နိုင်ဘူး။ မီဒီယာဆိုတာ ပြည်သူလူထုကို အမှန်ကို အမှန်အတိုင်း ချပြဖို့ တာဝန်ရှိတယ်ဆိုတာ ပြောခဲ့တယ်။
ကျနော် စကားပြောနေစဉ်မှာ ကျနော့်ကို မနှစ်သက်တဲ့ အရိပ်လက္ခဏာတွေ တချို့သော ဗိုလ်ချုပ်ကြီးတွေဆီမှာ မြင်ရပေမယ့် တပ်ချုပ်ကတော့ ငြိမ်ပြီး နားထောင်နေတယ်။ နားထောင်တတ်ခြင်းဟာလည်း အရည်အချင်း တရပ်ပဲ။ ကိုယ်ပြောချင်ရာ ပြောလိုက်ရတော့ စိတ်ထဲမှာတော့ ပေါ့သွားတယ်။ ပြောသမျှကို အရာရှိကြီးတွေ အကုန်လုံး လိုက်ပြီး မှတ်သားကြတာလည်း တွေ့မိတယ်။
တပ်ချုပ်က ကျနော်တို့ ပြောသမျှ စကားတွေ ပြန်ပြီး ရှင်းပေးတယ်။ အခြေခံဥပဒေပါ အခွင့်အရေးတွေကို ရှင်းပြတယ်။ ပြည်ထဲရေးဝန်ကြီးကို ခေါ်ပြီး လုပ်သင့်တာ၊ လုပ်ရမှာတွေ ခေါ် ပြောတာတွေ ရှိတယ်ဆိုတာ ရှင်းပြတယ်။ ပြည်ထဲရေး ဝန်ကြီးက တပ်ချုပ်ကြီးရဲ့ အောက်မှာရှိပြီး ဝန်ကြီးကို တပ်ချုပ်က ခေါ် ခိုင်းလို့ရတယ်ဆိုတဲ့ ပြင်ပက အပြောတွေ တကယ်ပါလားဆိုတာ ကောက်ချက်ချမိတယ်။
အချိန် တိကျမှု ရှိတယ်။ အစည်းအဝေး သတ်မှတ်ထားတဲ့ အချိန်ကိုက် အဆုံးသတ်တယ်။
နေ့လယ်စား စားဖို့ ခေါ်သွားတယ်။ တပ်က ချက်တဲ့ ဒံပေါက်ထမင်း၊ ကြက်ကလည်း တပ်မွေးမြူရေးက ထွက်တာတဲ့။ တော်တော်များများ တပ်က ထုတ်လုပ်တာလို့ ဗိုလ်ချုပ်တဦးဆီက ပြောသံကြားမိတယ်။
ထမင်းစားကြတော့ ပုံစံခွက်နဲ့ စားတာသတိထားမိတယ်။ ဗိုလ်ဆိုရင် စတီး ပုံစံခွက်၊ ဗိုလ်ချုပ်တွေဆိုရင်တော့ ကြွေပုံစံခွက်နဲ့ပါတဲ့။ ကြွေခွက်တွေမှာလည်း တပ်တံဆိပ် ရိုက်နှိပ်ထားတယ်။ တပ်က ထုတ်တဲ့ ပန်းကန်တွေတဲ့။
ထမင်းစားပြီးတော့ ကျနော်တို့ကို ခေါ်တယ်။ သတင်းစာရှင်းလင်းပွဲပုံစံ မိန့်ခွန်းပြောမယ့်နေရာလေး ပြင်ထားတယ်။ ဘာလဲပေါ့ စိတ်ထဲ စဉ်းစားမိတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းပြောတယ်။ ငြိမ်းချမ်းရေးအတွက် တပ်ရဲ့ ထုတ်ပြန်ချက်ပါတဲ့။ ဗိုလ်ချုပ်ထွန်းထွန်းညီက ဖတ်တယ်။
ငြိမ်းချမ်းရေးအတွက် စစ်ဆင်ရေးတွေ ရပ်တယ်ပေါ့။ စိတ်ထဲ ကြောင်သွားတယ်။ သတင်းမီဒီယာကောင်စီနဲ့ တွေ့ဆုံပွဲလား၊ သတင်းထုတ်ပြန်ပွဲလား၊ နှစ်ခုစလုံး တိုက်ဆိုင်တာလား၊ တမင် နှစ်ခုစလုံး တွဲလုပ်တာလား၊ အံ့အားသင့်သွားတယ်။ ကောင်စီခေါ်ပြီး သတင်းထုတ်ပြန်တာပေါ့လို့ နားလည်တွေးလိုက်တယ်။ ကောင်စီက မီဒီယာတွေ အားလုံးပါတော့ ချက်ချင်း ပြန့်သွားတယ်။ မီဒီယာတွေလည်းရှိနေတော့ အဲဒီသတင်းက စက္ကန့်ပိုင်းအတွင်း သတင်းဌာန အားလုံးက Breaking News အနေနဲ့ တက်လာတယ်။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနဲ့ တွေ့ဆုံရင်း ငြိမ်းချမ်းရေး သတင်းထုတ်ပြန်လို့ ခေါင်းစဉ် တပ်ရင်ကောင်းမလား စဉ်းစားမိတယ်။
ဘုရင့်နောင်ရိပ်သာက ပြန်ထွက်လာတော့ စိတ်ထဲမှာ တွေးမိတယ်။ ဇေယျာသီရိဆိုတာ တပ်မြို့ လေး ဖြစ်တော့ နေပြည်တော်က ပဲခူးရိုးမ တောင်ကြားတွေကြားထဲမှာ သီးခြားကမ္ဘာလေးလိုဖြစ်နေတယ်။ ဘုရင့်နောင်ရိပ်သာလို နေရာမျိုးက ခမ်းနားမှုတွေကလည်း သမ္မတအိမ်တော်က ဧည့်ခန်းမဆောင်ရဲ့ ခမ်းနားမှုနဲ့ မခြားပါပဲ။ နေပြည်တော်မှာကိုပဲ အစိုးရနဲ့ တပ်ဌာနချုပ်က သီးခြားစီရှိနေကြတယ်။ တစ်နေရာကနေ တစ်နေရာရောက်ဖို့ အတော်ကို သွားလာရတာလည်း သတိထားမိတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေပြောနေတဲ့ မြန်မာနိုင်ငံမှာ အစိုးရနှစ်ရပ်ရှိတယ်ဆိုတဲ့စကား သွားသတိထားမိတယ်။ သေချာတာကတော့ နေပြည်တော်ဆိုတဲ့မြို့ကြီးမှာ သီးခြားကမ္ဘာလေးနှစ်ခု တည်ရှိနေတာကိုတော့ အမြင်အတွေ့အားနဲ့ လက်ခံလိုက်ရတယ်။
မီဒီယာသြဇာကြီးပုံကို သဘောပေါက်ပေမယ့် မီဒီယာတွေနဲ့ ပူးပေါင်းလုပ်မယ်ဆိုတာမျိုး ပြောတယ်။ တကယ်က ပူးပေါင်းစရာ မလိုပါဘူး။ မီဒီယာက တပ်နဲ့ ပူးပေါင်းလို့လည်း မရပါဘူး။ တပ်က ဘာလုပ်နေလဲဆိုတာ Access to Information ခွင့်ပြုပေးဖို့က အဓိကပါ ။ မီဒီယာတွေမှာ လက်ဝဲ၊ လက်ယာယိမ်းတာတွေရှိတယ်ဆိုတာပြောပေမယ့် တကယ့် စစ်မှန်တဲ့ မီဒီယာသဘောတရားကို တပ်ချုပ် ရှင်းရှင်းလင်းလင်း နားလည်ပုံ မရဘူး။ စစ်မှန်တဲ့ မီဒီယာဆိုတာ စာဖတ်သူကို ဘက်ပေါင်းစုံက မျှမျှတတ အမှန်ကို အမှန်တိုင်း ရှင်းပြဖို့ တာဝန်ဆိုတာကိုတော့ ရှင်းပြခဲ့တယ်။ မှန်ခြင်း မှားခြင်းက မီဒီယာက ဆုံးဖြတ်ရတာမဟုတ်ဘဲ သတင်း စားသုံးသူတွေက ဆုံးဖြတ်ရတာကို တပ်ချုပ် ရှင်းရှင်းလင်းလင်း နားလည်ပုံ မပေါ်ပါ။
(သာလွန်ဇောင်းထက်သည် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဘက် အတွင်းရေးမှူး ၂ ဖြစ်သည်။)