မြန်မာနိုင်ငံကို ပေးထားသည့် ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ရုပ်သမ်းရန် သင့်၊ မသင့် စိစစ်မှု လုပ်မည်ဟု ဥရောပ သမဂ္ဂ (EU) က အောက်တိုဘာလ အတွင်း တရားဝင် ထုတ်ဖော် ကြေညာပြီး နောက်ပိုင်း မြန်မာ အလုပ်သမားများကြား တွင် စိုးရိမ်မှု မြင့်မားလာနေသည်။
GSP ရုပ်သိမ်းမှုကြောင့် သိန်းချီသော အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်နိုင်သည့်အပြင် ၎င်းတို့ကို မှီခိုနေသည့် မိသားစု ဝင် ပေါင်း များစွာ ထိခိုက်နိုင်မည့် အတွက်ကြောင့် ဖြစ်သည်။
“၂၀၁၃ ခုနှစ်က အမေရိကန် ဆန်ရှင် (စီးပွားရေး ပိတ်ဆို့မှု) လုပ်ခဲ့တုန်းက ဖြစ်သလို အကုန်လုံး အလုပ်လက်မဲ့ ဖြစ်သွား နိုင်ပါတယ်”ဟု လှိုင်သာယာ အခြေခံ အထည်ချုပ် လုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။
၎င်းက ဆက်လက်ပြီး“အဲဒီလို အလုပ်လက်မဲ့ ဖြစ်တာရဲ့ ဆိုးရွားတာက ဒီ (အထည်ချုပ်) ကဏ္ဍမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေရဲ့ ၈၅ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်နေတယ်။ မိန်းကလေးတွေက ငယ်ရွယ်တဲ့ ၂၀ ကျော် ဝန်းကျင် တွေဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ဒီလူတွေနဲ့ သင့်တော်တဲ့ အလုပ်က အစားထိုးဖို့ မလွယ်ဘူး”ဟုလည်း ဆိုသည်။
EU က မြန်မာနိုင်ငံအပေါ် GSP အထူးအခွင့်အရေးကို ၂၀၁၃ ခုနှစ်က ပေးထားခြင်း ဖြစ်ပြီး ယင်းအချိန်ကစ၍ အထည်ချုပ် လုပ်ငန်း အပါအဝင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ သိသာစွာ တိုးလာရာ အလုပ်အကိုင် အခွင့်အလမ်းများစွာ ရှိလာသည်။
ကမ္ဘာ့ဘဏ်၏ ယခုနှစ် ဒီဇင်ဘာလအတွင်း ထုတ်ပြန်သည့် အစီရင်ခံစာတခု၌ အထည်ချုပ်ကဏ္ဍတွင် လုပ်သား ၇ သိန်း ကျော် ရှိနေသည်ဟု ဆိုသည်။
၂၀၁၅ ခုနှစ်မတိုင်ခင်က ကုလသမဂ္ဂက ထုတ်ပြန်သည့် စီးပွားရေး ဆိုင်ရာ စစ်တမ်းတခုတွင်မူ ၂ သိန်းခွဲခန့်သာ ရှိသည်ဟု ဖော်ပြ ထားဖူးသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်းများ အသင်းချုပ် (UMFCCI) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က“GSP ကို ဥရောပသမဂ္ဂက ၂၀၁၃ က စပြီးတော့ ပြန်ကြေညာပေးတဲ့ အချိန်ကစပြီးတော့ ဒီနေ့အထိ ဥရောပ ဈေးကွက်မှာ အထူးကို အရေးပါတဲ့ ဈေးကွက်တခု ဖြစ်လာတယ်။ ဈေးကွက်နဲ့အတူ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာ တယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ အတူ လုပ်ငန်းအသစ်တွေလည်း ဝင်လာတာမို့လို့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အများ ကြီး ရပါတယ်”ဟု ပြောသည်။
EU သို့ တင်ပို့နေသည့် မြန်မာ့ ကုန်ပစ္စည်းများတွင် အထည်ချုပ်ကဏ္ဍက အများဆုံးဖြစ်ကာ တင်ပို့ကုန် စုစုပေါင်း၏ ၇၂ ရာခိုင် နှုန်းရှိကာ စိုက်ပျိုးရေးမှ ၉ ရာခိုင်နှုန်း၊ ဖိနပ်နှင့် ဦးထုပ်ချုပ်လုပ်ငန်းမှ ၆ ရာခိုင်နှုန်းရှိပြီး မကြာသေးခင်ကမှ သားငါး ကဏ္ဍ တင်ပို့မှုကို လက်ခံထားခြင်း ဖြစ်သည်။
GSP ရုပ်သိမ်းခံရပါက အထည်ချုပ်ကဏ္ဍ အပြင် ၎င်းနှင့် ဆက်စပ်နေသည့် ကုန်စည်ပို့ဆောင်ရေး ကဏ္ဍလည်း ထိခိုက်မည် ဖြစ်ကာ အခြားသော ရေထွက်လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းထွက် ပစ္စည်းတင်ပို့မှု ကဏ္ဍများတွင်လည်း ထိခိုက်မည် ဖြစ် သည်။
မြန်မာ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဦးက“အထည်အပ်တာတွေ မလာတော့ဘူး ဆိုရင် ကျနော်တို့ရဲ့ ပင်လယ်ရေကြောင်း ပို့ဆောင်ရေး ကဏ္ဍမှာပါ၊ ကွန်တိန်နာတွေမှာပါ အများကြီး အခက်အခဲတွေ ဖြစ် လာ မယ်။ သဘောၤတွေ လာတာ နည်းသွားမယ်။ ကျနော်တို့ဆီက အလုအယက် ပို့ချင်တဲ့သူတွေကလည်း သဘောၤခတွေ ပိုပြီးတော့ ပေးရမယ့် ပြဿနာတွေ ဖြစ်လာမယ်”ဟု ရှင်းပြသည်။
EU ဘက်က အထူးအခွင့်အရေး ရုပ်သိမ်းမည်ဆိုပါက ပြည်တွင်း အလုပ်လက်မဲ့ပြဿနာကို တဖက်တလမ်းက ဖြေရှင်းပေး နိုင် သည့် အထည်ချုပ် ကဏ္ဍ တခုတည်းပင် အမေရိကန် ဒေါ်လာ ဘီလီယံနှင့်ချီ၍ တိုင်းပြည် ဝင်ငွေ ဆုံးရှုံးနိုင်သည်။
အထည်ချုပ်ကဏ္ဍမှ ထွက်ရှိသော ကုန်ပစ္စည်း ၅၅ ရာခိုင်နှုန်းမှာ EU သို့ တင်ပို့ရခြင်းဖြစ်ကာ ၂၀၁၈ ခုနှစ်တွင် တင်ပို့ငွေ ပေါင်း ဒေါ်လာ ၂ ဘီလီယံနီးပါး ရှိကြောင်း အထည်ချုပ် လုပ်ငန်းရှင်အသင်း ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
ထို့ပြင် အထည်ချုပ် အလုပ်သမားများက ၎င်းတို့ မိသားစုထံ နှစ်စဉ် ထောက်ပံငွေမှာ ဒေါ်လာ သန်း ၄၀၀ အထိ ရှိကြောင်း လည်း ၂၀၁၇ ခုနှစ်အတွင်းက ပြုလုပ်သည့် C&A Foundation ၏ သုတေသန စစ်တမ်းတခုတွင် ဖော်ပြထားသည်။ ယင်း သုတေသန ကို ရန်ကုန်တိုင်းအတွင်းရှိ အထည်ချုပ်လုပ်ငန်းများအပေါ် အခြေခံကာ ပြုလုပ်ထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က“ဒီဇင်ဘာလ ၁ ရက်နေ့ကမှ မြန်မာပြည်က ရေချိုမွေးမြူရေး ငါးနဲ့ ပုစွန် ဥရောပကို ပို့ခွင့်ကကျတာ။ ပိတ်ခဲ့ရင် အဲဒီ ၁၀ နှစ်လုံးလုပ်ခဲ့တာတွေ အားလုံးက ပျက်သွားမှာ။ အဲဒီမှာ လူတွေက ၄ သိန်းကျော် ရှိတယ်။ အထည်ချုပ်မှာက မရှိဘူးဆိုရင်တောင် ၇ သိန်းလောက်ရှိတယ်။ ဒါက အလုပ်သမားတွေပဲ ပြောတာ။ သူတို့ မိသားစုတွေနဲ့ ဆိုရင် သန်းကျော်သွားမှာ။ အဲဒီအပေါ်တွေမှာပါ သက်ရောက်မှုရှိ မယ်”ဟု ပြောသည်။
GSP ကို မြန်မာ အပါအဝင် အရှေ့တောင်အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများကို EU က ပေးထားပြီး ရခိုင်မြောက်ပိုင်း ပဋိပက္ခတွင် လူ့အခွင့်အရေး ချိုးဖောက်မှု ရှိသည်ဆိုကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။
EU ကုန်သွယ်မှု အခွင့်အရေး စိစစ်လေ့လာရေး အဖွဲ့က ရခိုင် အပါအဝင် အခြားဒေသများတွင် ဖြစ်ပွားနေသည့် လူ့ အခွင့် အရေး ဆိုင်ရာများ လေ့လာရန်အတွက် ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
ယင်းသို့ လာရောက်စဉ် အတွင်း EU ဈေးကွက်သို့ တင်သွင်းနေသည့် အထည်ချုပ်၊ ဖိနပ်နှင့် ဆန်စပါးကဏ္ဍမှ ကိုယ်စား လှယ် များကို တွေ့ဆုံသည့်အပြင် အလုပ်သမား အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခဲ့သည်။
သို့သော် ယခုအချိန်အထိ မည်သို့ ဆောင်ရွက်မည်ဆိုသည်ကိုမူ EU ဘက်က ထုတ်ပြန်ကြေညာခြင်း မရှိသေးသည့် အတွက် ပြည်တွင်း လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများက စိုးရိမ်မှုရှိနေခြင်း ဖြစ်သည်။
ဦးဇော်ဦးက“ရခိုင်ကိစ္စကြောင့် GSP ရုပ်သိမ်းရေးကို ဆုံးဖြတ်လိုက်မယ်ဆိုရင် ရခိုင်အရေးနဲ့ ဘာမှမဆိုင်တဲ့ အလုပ်သမား ပေါင်း များစွာ ထိခိုက်နစ်နာဆုံးရှုံးမှုတွေ ဖြစ်နိုင်တယ်။ အဲဒါသည်ပင်လျှင် နောက်ထပ် ကြီးမားတဲ့ အကျပ်အတည်းတခု ဖြစ် လာနိုင်တယ်။ အဲဒါကိုလည်း EU အနေနဲ့ ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်”ဟု ပြောဆိုသည်။
မြန်မာနိုင်ငံ ကဲ့သို့ အာဏာရှင် စနစ်ကနေ ပြောင်းလဲနေသည့် နိုင်ငံကို ဖေးမကူညီရမည့် အစား ရေနစ်သူကို ဝါးနှင့်ကူ ထိုး သကဲ့သို့ ဖြစ်နေသည်ဟု UMFCCI ဒု ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးကလည်း ပြောသည်။
ထို့ကြောင့် GSP ရုပ်သိမ်းခြင်းမပြုရန် ဒီဇင်ဘာလ ၁၇ ရက်က ကဏ္ဍစုံမှ လုပ်ငန်းရှင်းများနှင့် အလုပ်သမားအဖွဲ့များ တွေ့ဆုံ၍ ဆွေးနွေးပွဲပြုလုပ်ပြီး ကြေညာချက်တရပ် ထုတ်ပြန်ထားသေးသည်။
မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်းနှင့် လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်သည့် EU ၏ အထူး အခွင့်အရေးသည် နိုင်ငံ အတွက် အကျိုးကျေးဇူးများကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် အထောက်အကူ ဖြစ်ကြောင်း၊ ယင်းအခွင့်အရေး ကို ရုပ်သိမ်းပါက မြန်မာ အလုပ်သမားများ၏ လူမှုဘ၀ နိမ့်ကျကာ ဆိုးရွာမှုကို ကြုံတွေ့စေမည် ဖြစ်ကြောင်း ကြေညာချက် တွင် ဖော်ပြထားသည်။
ယင်း ကြေညာချက်၌ မြန်မာ့စီးပွားရေး လုပ်ငန်းများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် အလုပ်သမား အခွင့်အရေး ဆုံးရှုံး မှု များ နည်းနိုင်သမျှ နည်းရန် လုပ်ဆောင်နေကာ နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) စံချိန်စံညွှန်းများနှင့် ကိုက်ညီရေး လည်း ကြိုးပမ်းနေကြောင်းနှင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး ကြိုးပမ်းမှုကို အသိအမှတ်ပြုခြင်းဖြင့် GSP ရုပ်သိမ်းခြင်း မပြုရန်လည်း ထည့်သွင်း ရေးသားထားသည်။
ရန်ကုန်ရှိ Yes One အထည်ချုပ်စက်ရုံ အခြေခံ အလုပ်သမား အဖွဲ့အစည်းမှ ဒေါ်ဝင်းသိင်္ဂီစိုး က“အလုပ်သမားရော၊ သမဂ္ဂ ရော၊ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးအနေနဲ့ရော ပြောင်းလဲမှုကို အများကြီးသွားနေတဲ့ အချိန် အတောအတွင်းမှာ ရုတ် တရက် ဒါကြီးက ပေါ်လာမယ်ဆိုရင် ကျမတို့ လုပ်ထားတာတွေက အလကား ဖြစ်သွားတာပေါ့”ဟု ပြောသည်။
သို့သော် GSP အခွင့်အရေး ရုပ်သိမ်းမှု ပြုမည်၊ မပြုမည်မှာ ဥရောပသမဂ္ဂပေါ်တွင် မူတည်နေပြီး မြန်မာပြည်အတွက်မူ ယင်း အခွင့်အရေး ဆုံးရှုံးပါက သိန်းနှင့် ချီသော အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ကာ ၎င်းတို့၏ မိသားစုဘဝများ လည်း ထိခိုက်မည် ဖြစ်သည့်အတွက် စိုးရိမ်နေကြဆဲ ဖြစ်သည်။
UMFCCI တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က“ဥရောပသမဂ္ဂက အကျိုးခံစားခွင့် ပေးထားတဲ့ အထူး ကုန်သွယ်မှု အခွင်အရေး (GSP/EPA) အစီအစဉ် ကို ဆက်လက်ပြီးတော့ မြန်မာနိုင်ငံက လိုအပ်နေတယ်ဆိုတာ ကျမတို့ ပြောချင်တယ်”ဟု ပြောဆိုသည်။ ။