ဒေါက်တာ ဂျပ်ဆင် သို့မဟုတ် ဆရာ ယုဒသန်၏ မြန်မာ-အင်္ဂလိပ် အဘိဓာန်သည် ခိုင်လုံသော မြန်မာဝေါဟာရ ကျမ်း တစောင် ဖြစ်သည်။ ဤအဘိဓာန်ကို နိုင်ငံခြားသား သာသနာပြု ဆရာတယောက်သည် အဘယ် ရည်ရွယ်ချက်မျိုးဖြင့် အဘယ်သို့ ပြုစုခဲ့သည်ဆိုသော အကြောင်းအရာများကို မှတ်သား ထားထိုက်သောကြောင့် ကျနော် တွေ့ရှိခဲ့ဖူးသော အမှတ်အသားတို့ကို တဆင့် ဖော်ပြလိုက်ရပါ၏။
ပထမ အမှတ်အသား
ပထမ တွေ့ရှိသည့် အမှတ်အသားမှာ ၁၈၅၇ ခုနှစ် နယူးယောက်မြို့ထုတ် မြန်မာပြည် သာသနာပြု ပုဂ္ဂိုလ်များဖြစ် သော မစ္စက်အင်ဂျပ်ဆင်၊ မစ္စက်ဆာရာဂျပ်ဆင်နှင့် မစ္စက် အမလီဂျပ်ဆင်တို့ အတ္ထုပ္ပတ္တိ အမည်ရှိ စာအုပ် ဖြစ်သည်။ စာရေးသူမှာ မစ္စက် အရာဘဲလာဝီလဆင် ဆိုသူ မိန်းမတဦး ဖြစ်၏။ ထိုစာအုပ်တွင် ဒေါက်တာ ဂျပ်ဆင် မြန်မာပြည်သို့ လာရောက်ခဲ့ပုံ အကြောင်းများနှင့် အထက်အမည်ပါ ဇနီးသုံးယောက်ကို တဆက်ပြီး တဆက် အိမ်ထောင်ပြုပုံ၊ မြန်မာ နိုင်ငံ၌ သာသနာပြု လုပ်ငန်းကိစ္စတို့ကို လုပ်ကိုင်ခဲ့ကြပုံ အကြောင်းအရာများ ပါရှိလေသည်။ ဒေါက်တာ ဂျပ်ဆင်၏ အကြောင်းကို အောက်ပါအတိုင်း ဖော်ပြ၏။
ဆရာ ဂျပ်ဆင်သည် အမေရိကန်ပြည် ဘော့စတန် တက္ကသိုလ်မှ ဘွဲ့ယူ၍ တည်ထောင်ခါစ သာသနာပြု အသင်း တသင်း သို့ ဝင်၏။
ထို့နောက် သာသနာပြု စိတ်ထက်သန်သော အသင်းသား လေး၊ ငါးယောက် ပေါ်ပေါက်လာသဖြင့် အသင်းက နိုင်ငံ ခြား သာသနာပြု ဘုတ်အဖွဲ့တခု တည်ထောင်ပေးလိုက်သည်။ ၁၈၁၂ ခုနှစ် ဆရာဂျပ်ဆင်သည် ပထမဇနီး အင်နှင့် အိမ်ထောင် ကျပြီး အရှေ့တိုင်းသို့ သာသနာပြု ထွက်ခဲ့ရာ ၁၈၁၂ ခုနှစ် ဇွန်လ၌ ကာလကတ္တားမြို့သို့ ရောက်၏။ သို့သော် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီက သာသနာပြုများ လက်မခံသောကြောင့် ဂျပ်ဆင် ဇနီးမောင်နှံသည် မြန်မာ ပြည်သို့ ထွက်ခွာလာ ရာ ၁၈၁၃ ခု ဇူလိုင်လတွင် ရန်ကုန်သို့ ရောက်ကြ၏။ ထို့နောက် ၁၈၁၆ ခု အောက်တိုဘာလတွင် အမေရိကန်ပြည်မှ မစ္စတာဟိုးနှင့် ဇနီးတို့သည် ရန်ကုန်သို့ သာသနာပြု ရောက်လာကြပြန်သည်။ သူတို့နှစ်ယောက်နှင့် အတူ ဆရမ်ပူမြို့မှ ပုံနှိပ်စက်တလုံးနှင့် မြန်မာစာ ခဲစာလုံးပုံစံများပါ၍ လာသည်။ ထိုအချိန်တွင် ဆရာဂျပ်ဆင်သည် ခရစ်ယာန်ဘာသာ အမှန်တရား အကျဉ်းချုပ် ခေါ် ကျမ်းငယ်ကို မြန်မာဘာသာဖြင့် ပြုစုပုံနှိပ်သည်။ (ဤစာအုပ်သည် မြန်မာပြည်၌ ပထမဆုံး ပုံနှိပ်စာအုပ်ဖြစ်သည်ဟု စာအုပ်က ဆို၏။)
ယင်းနောက် ဆရာ ဂျပ်ဆင်သည် အင်းဝသို့ ပြောင်း၍ သာသနာပြုရာ ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ စစ်ပွဲအတွင်း မြန်မာ အစိုးရက သူ့အား ဖမ်းဆီး အကျဉ်းချထားသည်။ ထို့နောက် လွတ်မြောက်ပြီးလျှင် ပထမ ကျိုက္ခမီ၊ နောက် မော်လမြိုင်သို့ ပြောင်း၍ သာသနာပြုသည်။ ဤအချိန်၌ ပထမဇနီး သေဆုံးသည်။ ထိုအချိန်တွင် ထားဝယ်မြို့၌ သာသနာပြုနေသာ မစ္စတာ ဘို့ (ဒ်)မင်း ဆိုသူ သေဆုံးသွားသဖြင့် ၁၈၃၄ ခုနှစ်တွင် ကျန်ရစ်ခဲ့သူ မုဆိုးမ မစ္စက် ဘို့မင်းနှင့် ဆရာဂျပ်ဆင်တို့ တွေ့ဆုံကာ လက်ထပ်ကြသည်။ ဒုတိယ ဇနီးမှာ မြန်မာဘာသာ အလွန်ကျွမ်းကျင်၍ ဂျွန်ဘန်းယန်း၏ ပီးလ်ဂရင်း ပရိုဂရက် စာအုပ်ကို ဘာသာပြန်ခဲ့သည်ဟု ဆို၏။
ထိုအခါတွင် အမေရိကန် သာသနာပြု အများပင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီ ဖြစ်၏။ ဆရာဂျပ်ဆင်သည် သမ္မာ ကျမ်း စာ မြန်မာပြန်ကို ငါးနှစ်တိုင်တိုင် ပြန်လည် သုတ်သင်၏။ သူ့ဇနီးကလည်း သမ္မာကျမ်းစာ အသစ်ကို ဘာသာပြန် ၏။ ထို့နောက် ဇနီးသည် မမာသဖြင့် အမေရိကန်သို့ ပြန်၍ ခေါ်သွားရာ လမ်းမတ်တတ် သင်္ဘောပေါ်တွင် အနိစ္စ ရောက်သွား လေသည်။
၁၈၄၅ ခုနှစ် ဆရာ ဂျပ်ဆင်သည် အမေရိကန်ပြည်သို့ ခေတ္တပြန်စဉ် တတိယ ဇနီးလောင်းနှင့် တွေ့ဆုံ၍ ၁၈၄၆ ခုနှစ် တွင် လက်ထပ်ယူ၏။ တတိယဇနီး အမလီမှာ နယူးယောက်ကြေးမုံ သတင်းစာတွင် ဝတ္ထုတိုများ ရေးသားနေသော စာရေး ဆရာမ တယောက် ဖြစ်၏။
ထို့နောက် မြန်မာပြည်သို့ ပြန်လာခဲ့ကြပြီး ၁၈၅၀ ပြည့်နှစ်တွင် ဆရာဂျပ်ဆင်သည် မကျန်းမမာသဖြင့် ဆရာဝန် အမိန့် ဖြင့် ပင်လယ်ခရီး ထွက်ခဲ့ရာ သင်္ဘောပေါ်၌ သေဆုံးလေသည်။ အမလီဂျပ်ဆင်သည် အမေရိကန်ပြည်သို့ ၁၈၅၁ ခုနှစ် ပြန်သည်။ ၁၈၅၂ ခုနှစ်၌ အမလီလည်း အနိစ္စ ရောက်သွားလေသည်။
ဤစာအုပ်မှာ ၁၈၅၃ ခုနှစ် ဘော့စတန်မြို့နှင့် လန်ဒန်မြို့ထုတ် ဆရာဂျပ်ဆင်၏ အတ္ထုပ္ပတ္တိနှင့် ဆောင်ရွက်မှု ခေါ် စာအုပ် အတွဲ (၂) ဖြစ်၏။ ဖရန်စစ်-ဝေလင် ဆိုသူက ပြုစုလေသည်။ ဤစာအုပ်တွင် ဆရာဂျပ်ဆင် ကိုယ်တိုင် ပုဂ္ဂိုလ် အသီးသီး ထံ ရေးသားပေးပို့ခဲ့သော စာတို့ကို မူရင်းအတိုင်း ဖော်ပြပါရှိရာ အထူးသဖြင့် မြန်မာ အဘိဓာန်ကြီးနှင့် ပတ်သက်သော အမှတ်အသားများ အလွန် ပြည့်စုံလေသည်။
ပထမစာမှာ ၁၈၄၁ ခု၊ ဇွန်လ (၁) ရက် နေ့စွဲဖြင့် ဆရာဂျပ်ဆင်က ရခိုင်ပြည် သာသနာပြု မိတ်ဆွေတဦးထံ ရေးသော စာ ဖြစ်၏။ စာ၏ အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။
“…ကျုပ်ကတော့ ခင်ဗျားပြောသလိုပဲ တခြားအလုပ်မရှိလို့ အဘိဓာန်လုပ်ငန်းကို စပြီး ကိုင်နေပြီ။ ဒါပေမယ့် ဒီအလုပ် ဟာ အတော် ဝရုန်းသုန်းကား အလုပ်ဖြစ်တယ်။ သာသနာပြုလည်း မဆန်ဘူး။ ဒါကြောင့် ဒီအလုပ်ကို မလုပ်ရအောင် တခြားကိစ္စတခု ပေါ်လာပါစေလို့ အမြဲ မျှော်လင့်နေတာပဲ…”
(မှတ်ချက်။ ။ ဆရာဂျပ်ဆင်သည် အမေရိကန်ပြည်ရှိ နိုင်ငံခြား သာသနာပြုဘုတ် အဖွဲ့က စေခိုင်းတာကြောင့် အဘိဓာန် ကို ပြုစုရသည်)
ဒုတိယစာမှာ ၁၈၄၈ ခု၊ ဇူလိုင်လ (၂၉) ရက် နေ့စွဲဖြင့် ဆရာဂျပ်ဆင်က သူ့ညီထံ ပေးစာ ဖြစ်သည်။
“…အဘိဓာန်ရဲ့ ပဏာမစာအုပ်ကို ပုံနှိပ်မယ်လို့ ဆိုကြတာပဲ။ ပဏာမစာအုပ်က အင်္ဂလိပ်-မြန်မာ အပိုင်း ဖြစ်တယ်။ ဒီအုပ်ကို သုံးလလောက်ကြာရင် ပြုစုပြီး လိမ့်မယ်…”
တတိယစာသည် ၁၈၄၈ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက် နေ့စွဲဖြင့် ဆရာဂျပ်ဆင်က အမေရိကန်ပြည်ရှိ အသင်း အတွင်းရေးမှူးထံသို့ ရေးသောစာ ဖြစ်သည်။ အောက်ပါအတိုင်း ဖြစ်၏။
“ကျွနု်ပ်၏ အဘိဓာန်တွင် အင်္ဂလိပ်-မြန်မာပိုင်းသည် အတော် ပြီးစီးနေပြီဖြစ်၍ ရှေ့လတွင် အုပ်ရေအနည်းငယ် ပုံနှိပ် နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ယင်းနောက်မှ မြန်မာ-အင်္ဂလိပ်အပိုင်းပြီးလျှင် နှစ်အုပ်တွဲ ပုံနှိပ်ပါမည်။ သို့သော် မြန်မာ-အင်္ဂလိပ်ပိုင်းကို ပြုစုရာ၌ အင်းဝမြို့သို့တက်ရန် အလွန်လိုကြောင်း သိမြင်လာပါသည်။ အဘယ်ကြောင့် ဆို သော် မြန်မာပညာရှိများနှင့် စာပေကျမ်းဂန်တို့မှာ အင်းဝမြို့တော်မှာသာ ပြည့်ပြည့်စုံစုံ ရှိသောကြောင့် ဖြစ်ပါသည်။ ယမန်နှစ် တွင် ကျွနု်ပ် ရန်ကုန်မြို့သို့ ရောက်စဉ်က မိတ်ဆွေဖြစ်ခဲ့သော အစိုးရစကားပြန်က ကျွနု်ပ်၏ စာအုပ်ကို ပုံ မနှိပ်မီ အင်းဝမြို့သို့ တက်ရန်လိုကြောင်း မမေ့သင့်ဟု မကြာခင်က စာတစောင် ရေးလိုက်ပါသည်။ အကယ်၍ အင်း၀ သို့ မတက်လျှင် အဘိဓာန်မှာ ကောင်းသင့်သလောက် ကောင်းလိမ့်မည် မဟုတ်ဟုလည်း သူက ဆိုပါသည်။ ဤကိစ္စ ကို သိရှိနားလည်သူတိုင်း အထက် စကားပြန်၏ အယူအဆနှင့် သဘောကွဲလွဲလိမ့်မည် မဟုတ်ဟု ကျွန်ုပ်လည်း ထင်မြင် သဘော ရရှိပါသည်။ သို့ရာတွင် အင်းဝသို့သွားရန် အရေးနှင့် အဘိဓာန် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက် ဖို့အတွက် မြို့တော်တွင် ကြာရှည်လေးမြင့် နေနိုင်ရေးမှာ အလွန်ခဲယဉ်းလှပါ၏…”
စတုတ္ထစာကား ၁၈၄၉ ခု၊ ဇန်နဝါရီလ (၂၂) ရက် နေ့စွဲဖြင့် ဆရာဂျပ်ဆင်က သူ၏ နှမထံ ပေးစာ ဖြစ်သည်။ အောက်ပါအတိုင်း ဖြစ်၏။
“…ကျွန်ုပ် အဘိဓာန် အင်္ဂလိပ်-မြန်မာပိုင်း ပြီးစီး၍ ယခု အုပ်ရေ (၃၀၀) ပုံနှိပ်နေပြီ။ စာအုပ်က ကွာတိုအရွယ်နှင့် စာမျက်နှာ (၆၀၀) လောက် ရှိလိမ့်မယ်။ အခု မြန်မာ-အင်္ဂလိပ်ပိုင်းကို စကိုင်နေပြီ။ ဒီအပိုင်းကလည်း ပထမပိုင်း လောက်ပဲ ရှိလိမ့်မယ်။ ကျွန်ုပ်သာ အသက်မသေသေးရင် ဒီလုပ်ငန်းကြီးကို နောက် တနှစ်ခွဲ၊ နှစ်နှစ်အတွင်း ပြီးလိမ့် မယ်လို့ မျှော်လင့်တာပဲ…”
ပဉ္စမစာသည် ၁၈၄၉ ခု၊ အောက်တိုဘာလ (၂၁) ရက် နေ့စွဲဖြင့် မစ္စတာ ဂီးလက်ဆိုသူ ဘုန်းကြီးတပါးထံ ပေးစာဖြစ်၍ အောက်ပါအတိုင်း ဖြစ်သည်။
“…ကျွန်ုပ် ယခုထက်တိုင် အဘိဓာန်ကို ကြိုးစားပြုစုလျက် ရှိပါ၏။ ကျွနု်ပ် မသေသေးလျှင် နောက်ထပ်လည်း တနှစ် ကျော် ပြုရဦးမည်။ အဘိဓာန်မှာ ကွာတိုအရွယ် နှစ်တွဲရှိ၍ စာမျက်နှာ တထောင်ကျော် ပါလိမ့်မည်။ ဤလုပ်ငန်းသည် ကျွနု်ပ် မည်မျှပင်ပန်းသည်ကို မည်သူမျှ ပြောပြနိုင်လိမ့်မည် မဟုတ်ပါ။ သို့သော် ဤအဘိဓာန်သည် အရှည်သဖြင့် အဖိုးတန်မည့် လုပ်ငန်းဖြစ်လိမ့်မည်ဟု ယုံကြည်ပါသည်…”
အထက်ပါစာတို့ကို ဖော်ပြပြီးလျှင် စာအုပ်က အောက်ပါအတိုင်း ဆို၏။
“ဒေါက်တာဂျပ်ဆင်သည် ၁၈၄၉ ခု၊ နိုဝင်ဘာလအထိ မြန်မာအဘိဓာန်ကျမ်းကို မနားမနေ ပြုစုသည်။ ထို့နောက် အပြင်းအထန် အအေးမိ၍ ဖျားနာလေသည်”
ဤအမှတ်အသားများကို ထောက်ရှု၍ ဆရာဂျပ်ဆင်သည် ယခု ကျွန်ုပ်တို့ အသုံးပြုလျက်ရှိသော အဘိဓာန်ကြီးကို ပထမတွင် အသင်းက စေခိုင်းသဖြင့် စိတ်မပါ့တပါနှင့် ပြုစုရသည်။ ထိုကျမ်းကို ပြုစုရင်းပင် အသက်သေဆုံးခဲ့သည်ဟု သိသာ၏။ သူ၏ ကျမ်းကား မြန်မာစာပေလောက၌ အစူအစဉ်မပျက် ထင်ရှားမည်သာတည်း။
ဤဆောင်းပါးကို မြန်မာ စာပေလောကတွင် ထင်ရှားသည့် မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်-မြန်မာ အဘိဓာန် ပြုစု ပေးခဲ့ သော ဒေါက်တာ ဂျပ်ဆင် (ဆရာ ယုဒသန်) အား ခရစ္စမတ်ကာလ အမှတ်တရ အနေဖြင့် ဂုဏ်ပြု ဖော်ပြခြင်း ဖြစ်ပါ သည်။ ဆောင်းပါးအား စိတ်ကူး ချိုချို စာပေတိုက်က ထုတ်ဝေသော “စာဆိုနှင့် စာ” စာအုပ်မှ ကူးယူ ဖော်ပြ ပါသည်။ ၁၉၆၁ ခုနှစ် မေလ ထုတ် ငွေတာရီ မဂ္ဂဇင်းတွင် ဦးစွာ ဖော်ပြထားခြင်း ဖြစ်ကြောင်းလည်း သိရှိရပါသည်။