ဆောင်းပါး

ဘိန်းပင်တွေကြား ဘဝတည်ဆောက်ထားသူများ

Want create site? Find Free WordPress Themes and plugins.

ရဲတွေ ရောက်လာမယ်ဆိုတဲ့ သတင်းကို ကြားလို့ ဒေါ်နန်းငွေ တယောက် သူ့စိုက်ခင်းအတွက် စိုးရိမ်နေပါတယ်။

စိုက်ခင်းထဲက အပင်တွေကလည်း အသီးအပွင့်တောင် မစုံသေး။ ရဲတွေများ ရောက်လာပြီး ဖျက်ဆီးလိုက်ရင် သူတို့ မိသားစု လာမယ့် တနှစ်လုံး ဘယ်လို စားသောက်ကြမလဲ။ ဝင်ငွေ ဘယ်ကရမလဲဆိုတာတဲ့အတွေးက ကျောင်းတတ်နေဆဲ သားသမီး ၄ဦးနဲ့ မိခင်ဖြစ်သူကို စိုက်ခင်းက ရတဲ့ ဝင်ငွေနဲ့ ရှာဖွေကျွေးမွေး၊ ကျောင်းစရိတ် ထောက်နေတဲ့ ဒေါ်နန်းငွေအတွက်တော့ ရဲတွေ လာမယ်ဆိုတဲ့ သတင်း သဲ့သဲ့ကြားရုံနဲ့တင် ထိတ်လန့်နေပါပြီ။

“ဒီဟာစိုက်ရတာ သူများ လာရမ်းတော့မယ်ဆိုရင် သြော် ကိုယ့်အခင်းများ ပါသွားမလားဆိုပြီး ငါတော့ သွားပြီ၊ ဒီတနှစ်တော့  ဘာသွားစားမလဲ ဆိုတာ စိုးရိမ်စိတ်က အပြည့်ပဲ ။ အခုတောင် ဒီဘက်ကို လာရမ်းမယ် ဆိုပြီး ကြားလို့ စိတ်ညစ်နေတာ”လို့ ဒေါ်နန်းငွေက ပြောပါတယ်။

ရဲတပ်ဖွဲ့တွေနဲ့ ဒေသ အာဏာပိုင်တွေဟာ ဆောင်းတွင်းကာလဖြစ်တဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေဆိုရင် ဒေါ်နန်းငွေတို့ နေတဲ့ တောင်ခြေကို ရောက်လာပြီး ရွာသားတွေပင်ပင်ပန်းပန်း ပြုစုထားတဲ့ စိုက်ခင်းတွေကို ဓားရှည်တွေနဲ့ လာဖျက်ဆီးလေ့ ရှိပါတယ်။

ရဲတွေ လာလာဖျက်ဆီးတတ်တဲ့ ဒေါ်နန်းငွေရဲ့ စိုက်ခင်းထဲက အပင်တွေဟာ သီးပင်စားပင်တွေတော့ မဟုတ်ပါဘူး။ အန္တရာယ်ကြီးမားလှတဲ့ ဘိန်းဖြူမှောင်ခိုဂိုဏ်းတွေနဲ့ ဆက်စပ်ပတ်သတ်နေတဲ့  တရားမဝင်တဲ့ ဘိန်းပင်တွေပါ။

ဘိန်းပန်းပင်များ/နန်းလွင်နှင်းပွင့်/ဧရာဝတီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ မဲနယ်တောင်ကြောတလျှောက် က အိမ်ထောင်စု ၅၀၀ကျော်လောက်ရှိတဲ့ ပအို့ဝ်တောင်သူများဟာ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာတဲ့ ဘိန်းစိုက်၊ အစေးခြစ် ရောင်းတဲ့ အလုပ်ကိုပဲ အဓိက အသက် မွေးဝမ်းကျောင်း လုပ်ကြပါတယ်။

မြန်မာနိုင်ငံ ဘိန်းစိုက်တောင်သူများအသင်းက ပြောဆိုချက်အရ ရှေးယခင်က မဲနယ်တောင်ကြော တလျှောက်မှာ ဘိန်းကို တိုင်းရင်းဆေးအဖြစ် သုံးဖို့သာ စိုက်ခဲ့ကြတာပါ။

၁၉၉၇ ခုနှစ်နောက်ပိုင်းမှာ ဒေသခံတွေရဲ့ အဓိက စီးပွားရေး ဖြစ်တဲ့ ကြက်သွန်နဲ့ သနပ်ဖက် ဈေးတွေ ကျဆင်း လာတာကြောင့် ဘိန်းကို အဓိက စိုက်ခင်းတွေ အဖြစ် ပြောင်းလဲ စိုက်ပျိုး လိုက်ကြတာလို့ သိရပါတယ်။အဲဒီထဲမှာ ဒေါ်နန်းငွေကလည်း တဦးအပါအဝင်ပါ။

မူးယစ်ဆေးဝါးနဲ့ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) ရဲ့ ၂၀၁၇ ခုနှစ်၊ အစီရင်ခံစာအရတော့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးနေတဲ့ မြေဧရိယာ ဟတ်တာ လေးသောင်း ကျော်ရှိပါတယ်။ ဘိန်းစိုက်ဧရိယာ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဒေါ်နန်းငွေတို့ နေထိုင်တဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ရှိပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ့ ဒေါ်နန်းငွေတို့ နေထိုင်တဲ့ မဲနယ်တောင်ကြောဟာ ဘိန်းစိုက်ပျိုးမှု အများဆုံး ဧရိယာ တခုလည်း ဖြစ်ပါတယ်။

ဘိန်းစေးများ ခြစ်ထုတ်စဉ်/နန်းလွင်နှင်းပွင့်/ဧရာဝတီ

ဒေါ်နန်းငွေက “ကျမတို့မှာ တနှစ် တနှစ် ဒီကရတဲ့ ငွေနဲ့ပဲ သားသမီးကျောင်းစရိတ်၊ စားဖို့သောက်ဖို့ စီစဉ်ရတာ ။ တရားဝင် သီးနှံလည်း မဟုတ်တော့ အခင်းလာဖျက်လည်း ကျမတို့က ထိုင်ကြည့်ရုံကလွဲပြီး မတတ်နိုင်ပါဘူး။ ခြံဖျက်ခံရတဲ့ နှစ်ဆိုရင်တော့ စားဖို့သောက်ဖို့ ကျပ်တည်းတယ်။ အကြွေးတင်တယ်”လို့ ပြောပါတယ်။

မဲနယ်တောင်ကြောတလျှောက်မှာ နေထိုင်ကြတဲ့ ဘိန်းစိုက်ပအို့ဝ်တောင်သူများဟာ မထင်မှတ်ရင် မထင်မှတ် သလို သူတို့ အခင်းတွေကို ဖျက်ဆီးခံရနိုင်တာကြောင့် လူသူအပေါက်ရောက် နည်းပြီး ခြေလျင်တက်ရခက်တဲ့ တောင်စောင်းတွေ ပေါ်မှာ ဘိန်းတွေကို စိုက်ကြပါတယ်။

သူတို့နေထိုင်တဲ့ ရွာကနေ လမ်းလျှောက်ရင် တော်တော်ခက်ခက်ခဲခဲကို တောင်တွေပေါ် တက်ရပါတယ်။

အကွေ့အကောက်နဲ့ မတ်စောက်ပြီး ကျဉ်းမြောင်းတဲ့ ကျောက်တောင်ငယ်တွေ တောင်စောင်းတွေကို တက်သွားပြီးမှ ဘိန်းခင်းတွေကို မြင်ရပါတယ်။

တောင်စောင်းတွေမှာ စိုက်ပျိုးတယ်ဆိုလို့ ကျယ်ကျယ်ပြန့်ပြန့် မြေဧရိယာတွေကို ပိုင်ဆိုင်ကြတာလည်း မဟုတ်ပါဘူး။ တောင်စောင်းတခုစီမှာ ဘိုးစဉ်ဘောင်ဆက်ပိုင်ဆိုင်လာကြတဲ့ မြေကွက်တွေကို လက်ဆင့် ကမ်းကြတာကြောင့် တဦးကို ပေ ၄၀ ပတ်လည် မြေကွက် တကွက်၊ ၂ကွက် ကနေ ၅ကွက်ထိ ပိုင်ဆိုင်ကြတာ မျိုးပါ။

ဘိန်းစိုက်ပျိုးရာသီဟာ ဆောင်းဝင်ကာလ သြဂုတ်လ၊ စက်တင်ဘာလတွေမှာ စတင်ပါတယ်။

ဘိန်းစိုက်မယ့် တောင်သူတွေဟာ ပြီးခဲ့တဲ့ နှစ်က သိမ်းဆည်းထားတဲ့ ဘိန်းစေ့တွေကို ကြက်ချေး၊ နွားချေး၊ ထင်းပြာ၊ ဓါတ်မြေသြဇာတွေနဲ့ရောနယ်၊ ပေါင်းသင်ရှင်းလင်းထားပြီး ကျင်းငယ်လေးတွေ တူးထားတဲ့ အထဲကို ရောနယ်ထားတဲ့ မျိုးစေ့တွေကို ပစ်ချလိုက်ရပါတယ်။

ခြစ်ထားထားသည့် ဘိန်းစေးများ/နန်းလွင်နှင်းပွင့်/ဧရာဝတီ

ရက် ၂၀ လောက် ကြာရင်တော့ ပစ်ချထားတဲ့ မျိုးစေ့တွေကနေ အပင်ပေါက်လေးတွေ အညှောင့်ထွက်စ ပြုလာ ပါပြီ။

ကနဦးက မျိုးစေ့တွေ အများကြီးပါနေလို့ ရောယှက်ထွက်လာတဲ့ အပင်ငယ်တွေကို တပင်ချင်းစီ ပြန်ခွဲစိုက်၊ ဘေးမှာ ထွက်နေတဲ့ မလိုတဲ့ မြက်တွေ အခြားအပင်တွေကို ရှင်းလင်းတာ မြေသြဇာ ကျဲတာတွေကိုလည်း တလျှောက်လုံး လုပ်ရင်း ဘိန်းပင်တပင် ကြီးထွားရှင်သန်လာဖို့ ပြုစုကြရပါတယ်။

ရက် ၅၀ လောက် မျက်ခြေမပျက် စောင့်ကြည့်ပြီး ပြုစုလာရတဲ့ ဘိန်းပင်တွေ ကြီးလာပြန်တော့လည်း မိုးအရိပ် အခြေကို ကြည့်ရပြန်ပါတယ်။

တောင်ပေါ်ဒေသဖြစ်လို့ ဆောင်းတွင်းမှာလည်း မိုးက ရွာချင်ရင် ရွာချတာပါပဲ။

မိုးရွာလိုက်ရင်လည်း ဘိန်းပင်တွေ ပျက်စီးကုန်တာကြောင့် ဘိန်းစိုက်သူတွေမှာ အရှုံးနဲ့ ရင်ဆိုင်ရပြန်ပါတယ်။

ဘိန်းပင်တွေ မပျက်စီးသွားရင်တောင် မိုးအုံ့နေ မိုးတစိုစိုရွာနေတဲ့ ကြားမှာ ခြစ်ယူရတဲ့ ဘိန်းစေးဟာ မဲညစ်ပြီး အဆီအနှစ် သိပ်မရှိတော့တာကြောင့် ရောင်းဈေး ကောင်းကောင်း မရပြန်ပါဘူး။

အဲဒီအပြင် မြန်မာနိုင်ငံတွင်းမှာ ဘိန်းစိုက်ကြတဲ့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့နဲ့ တောင်ပိုင်း တွေထဲမှာ ဆီဆိုင်မြို့နယ်ထဲမှာ စိုက်တဲ့ ဘိန်းပင်တွေရဲ့ အသီးဟာ အခြားဒေသထက် အင်မတန်ကို သေးငယ်ပါတယ်။တချို့ ဘိန်းသီးတွေဟာ လက်မ လက်သည်းခွံလောက် အရွယ်အစားသာ ရှိပါတယ်။ဒါကြောင့် ဘိန်းစေးခြစ်တဲ့ အခါ အစေးနည်းနည်းပဲ ရတတ်ပါတယ်။

ဘိန်းစေ့သေးလို့ အစေးထွက်နည်းနည်းပဲ ရတာနဲ့ ပတ်သတ်ပြီး ဒေါ်အေးကြူက “ကချင်က ဘိန်းသီးတွေက လက်ဖက်ရည်ကြမ်းပန်းကန်လုံးလောက်တောင် ကြီးတယ် ဆိုလို့ ကျမလည်း ကချင်ဘက်က တောင်သူတွေကို ပြောတာ။ မျိုးစေ့လေး သယ်လာပေးပါလားလို့ ပြောတော့ ဟဲ့ ငါအဖမ်းခံရမှာပေါ့ မပေးဘူးတဲ့”ဆိုပြီး ရယ်မောရင်း ပြောပြပါတယ်။

ဘိန်းပင်က အစေးကိုတော့ မိုးလေဝသကြည့်ပြီး ခြစ်ယူရပါတယ်။ မိုးရွာနေ မိုးအုံ့နေတဲ့ အချိန်မှာ ခြစ်တဲ့ အစေးဟာ မဲညစ်နေတာကြောင့် ကုန်သည်တွေ လာဝယ်တဲ့အခါ ဈေးနှိမ်ခံရပါတယ်။ ရာသီဥတု ကောင်းချိန် မှာ ခြစ်ရင်တော့ အဝါရောင်သန်းတဲ့ အစေးကို ရလို့ ဈေးကောင်း ရတတ်ပါတယ်။

ဘိန်းစေးဆိုတာ ချက်ချင်းခြစ်ယူလို့ ရတာမျိုး မဟုတ်ပါဘူး။ ရင့်မှည့်လာတဲ့ အသီးကို ဓားနဲ့ အရာပေး၊  အသီးက အဖြူစေးတွေ ထွက်လာရင် ဒီတိုင်း တရက်ထားထားပြီး နောက်တရက်မှ ဝါသွား၊ မဲသွားတဲ့ အစေးတွေကို လိုက်စုဆောင်းရတာပါ။

ဘိန်းစိုက်တောင်သူတဦးဖြစ်တဲ့ ခွန်မောင်ပျို့က “မှန်းလို့မရဘူး။ တကွက်ကို အစေးက တထုပ်(တပိဿာ) ရတာ ရှိသလို တချို့အကွက်တွေက ၇၀ ကျပ်သားလောက်ပဲ ရတာလေ။ များများစိုက်တဲ့ အိမ်ထောင်စုက ငါးထုပ်၊ ခြောက်ထုပ် (၅ပိသာ၊ ၆ပိဿာ) လောက် ပေါ့။ မြေမရှိတဲ့ လူကျတော့ ၁ပိဿာ၊ ၂ပိဿာပေါ့”လို့ ပြောပါတယ်။

ဘိန်းစိုက်သူတွေဆီက ဘိန်းမဲကို အရည်အသွေးအလိုက် တပိဿာကို ငွေကျပ် ၂သိန်းခွဲကနေ  ၄သိန်းကျပ် ထိ ကုန်သည်တွေက လာဝယ်ကြပါတယ်။

ဘိန်းစေး ဈေးနှုန်းဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ဝန်းကျင်က လာဝယ်တဲ့ ကုန်သည်တွေ များတာကြောင့်  တပိဿကို ၈ သိန်း၊ ၉သိန်းထိ မြင့်တက်ခဲ့ပါတယ်။

လက်ရှိကာလမှာတော့ ဘိန်းမဲကို လာဝယ်တဲ့ ကုန်သည်တွေလည်း နည်းလာတာကြောင့် ရတဲ့ ဈေးနဲ့ ရောင်းရင်း ဘိန်းဈေးနှုန်းဟာ ကုန်သည်တွေ ဝယ်တဲ့ ဈေးနဲ့ပဲ ရောင်းရပါတော့တယ်။

ဘိန်းမဲဈေးကျဆင်းလာတာဟာ အဖမ်းအဆီးများလာတာက တကြောင်း၊ ဘိန်းမဲထက် အမြတ်အစွန်းပိုရတဲ့ ဓာတုပစ္စည်းတွေနဲ့ ထုတ်တဲ့ မူးယစ်ဆေးပြား တွေဘက်ကို ကုန်သည်တွေက ပိုလုပ်ကိုင်လာကြ တာက တကြောင်းကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဘိန်းစိုက်တောင်သူ တွေက ပြောကြပါတယ်။

ခွန်မောင်ပျို့ကတော့  “ကျနော်တို့က လာဝယ်တဲ့ လူကို စောင့်ရောင်းရတယ်။ သူတို့ပေးတဲ့ ဈေးနဲ့ပဲ ရောင်းရတယ်။ တထုပ် ၂ထုပ် သယ်သွားလို့ မြို့မှာ ချိန်းပြီး ရောင်းလို့ မိရင် ရတာက ငွေက နည်းနည်း၊ မိရင် တဘဝလုံး ထောင်ထဲရောက်သွားမှာ”လို့လည်း ပြောပါတယ်။

ကုန်သည်တွေ လာမဝယ်ခင် ဘိန်းစေးကို ထိန်းသိမ်းနည်းကလည်း အရေးပါ ပါတယ်။ ဒီတိုင်း ဘူးထဲ ထည့်ထား ရင် အရည်ဓာတ်ခမ်း ခြောက်ကပ်သွားတာကြောင့် အလေးချိန် မရှိတော့ရင်လည်း ဘိန်းစိုက်သူက ရှုံးမှာပါ။

ဒါကြောင့် အစိုဓာတ်ရှိနေအောင် ဘိန်းရွက်တွေနဲ့ အုပ်၊ အလုံးတလုံးကို တပိဿာအလေးချိန်ရှိအောင် အဆင်သင့် လုံးထားပြီး ဝယ်သူလာရင် အဆင်သင့်ရောင်းနိုင်အောင် သိမ်းဆည်းထားရပါတယ်။

လူသူမပေါက်ရောက်တဲ့ ခက်ခက်ခဲခဲ တက်ရတဲ့ တောင်တွေပေါ်မှာ စိုက်ပျိုးပြီး အရောင်းအဝယ်လုပ်တယ်ဆိုလို့ လွတ်လွတ်လပ်လပ် စိုက်ပျိုးလို့ ရတယ်လို့တော့ မထင်လိုက်ပါနဲ့ ။

မဲနယ်တောင်ကြောတလျှောက်မှာ လှည့်လည် လှုပ်ရှားနေတဲ့ ပအို့ဝ်ဌာနေပြည်သူ့စစ်တွေ လှုပ်ရှားပြည်သူ့စစ် တွေ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နဲ့ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေကို ဘိန်းစိုက်သူတွေက နှစ်စဉ် တောင်းသမျှ တရားမဝင်အခွန်နဲ့ ဘိန်းမဲတွေကို ပေးဆောင်နေရတယ်လို့ မြန်မာနိုင်ငံဘိန်းစိုက်တောင်သူ များ အသင်းက ဆိုပါတယ်။

လက်နက်ကိုင်အဖွဲ့တွေနဲ့ ရဲတွေ ငွေလာတောင်းတဲ့အခါ ဘိန်းစိုက်တောင်သူ တအိမ်ကို ငွေကျပ် လေးသောင်းကနေ ငါးသောင်းအထိ ပေးရပြီး ပအို့ဝ်ဌာနေပြည်သူ့စစ် တွေကိုတော့ ဘိန်းတပိဿာကို လေးသောင်း၊ ဘိန်းမပေးနိုင်ရင် တပိဿာကို ဘိန်း ၁၀ကျပ်သား အခွန်အဖြစ် ပေးဆောင်ရပါတယ်။

ဘိန်းပင်များဟာ ပြင်ပအရပ်က လူများအတွက်တော့ ဆိုးကျိုးကိုပဲ ဖြစ်စေတယ်လို့ မြင်ကြပေမယ့် ဒေါ်နန်းငွေ တို့ ဒေသအတွက်တော့ အရေးပါတဲ့ အပင်တွေပါ။

ဒေါ်နန်းငွေတို့ရွာဟာ ယနေ့ခေတ်မှာတော့ ဆိုင်ကယ်တွေ အိမ်တိုင်း ရှိလာလို့ မြို့ပေါ်ကို သွားလာရ လွယ်လာ ပေမယ့် လွန်ခဲ့တဲ့ ၆ နှစ်တာ ကာလလောက်ထိက တောင်ဆင်းတောင်တက်တောလမ်း၊ မြေလမ်းကို ခြေလျင် ခရီးနှင် ရတာပါ။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲစဉ်တုန်းက ဖျားနာရင် ယနေ့ခေတ်လို အိမ်တွင်းကုသဖို့ ပါရာစီတမော့တွေ ဒီကိုဂျင်တွေ ချောင်းဆိုး ပျောက်ဆေးတွေ မရှိတာကြောင့် ဘိန်းမဲကိုပဲ အားကိုးခဲ့ရပါတယ်။

ကလေးတွေ ကိုယ်ပူကြီးပြီး အဖျားတတ်နေရင် ဘိန်းမဲနည်းနည်းကို ရေကျဲကျဲဖျော်ပြီး ကလေးရဲ့ နဖူး၊ ချိုင်းနဲ့ ပေါင်ကြားတွေကို လိမ်းပေးလိုက်တဲ့ အခါ နာရီပိုင်းအတွင်းပဲ အဖျားကျသွားတတ်ကြောင်း သိရပါတယ်။

ချောင်းဆိုးတဲ့အခါမှာလည်း ဘိန်းမဲကို အားကိုးရသလို အသက်ပါနိုင်လောက်တဲ့အထိ ဝမ်းကိုက်ရောဂါ ဖြစ်တဲ့ အခါမှာ လည်း ကြက်သွန်ဖြူတလုံးဥကို အလယ်မှာ အပေါက်ဖောက်၊ မီးခြစ်ဆံခေါင်းတဝက်စာလောက် ဘိန်းမဲကို ထည့်၊ မီးဖုတ်စားလိုက်တာနဲ့ ဝမ်းကိုက်ရောဂါဟာ ယူပစ်သလို နေ့ချင်းညချင်း ပျောက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘိန်းစိုက်တောင်သူတဦးဖြစ်တဲ့ ဒေါ်ကြူကြူက“အရင်က ဆေးခန်းတွေဆိုတာ အဝေးကြီး၊ သွားမယ်ဆို ပုခက်တွေနဲ့ လူထမ်းရတယ်။ ငွေကြေးကလည်း မတတ်နိုင် တော့ ဘိုးဘွားတွေလက်ဆင့်ကမ်းလာတာကိုပဲ ဆေးအဖြစ် ကျမတို့ သုံးခဲ့ပါတယ်။အခုလည်းသုံးတယ်”လို့ ဆိုပါတယ်။

ဘိန်းကို သုံးတဲ့ နောက်ထပ်နည်းတမျိုး ရှိပါသေးတယ်။

အဲဒါကတော့ တောင်ပေါ်ဒေသနေသူတွေ ယုံကြည်လေ့ရှိတဲ့ ဖျားနာကိုက်ခဲရင် အရေပြားကို သွေးခြေဥ အောင် ခြစ်တဲ့ မက်ကလောင် ထုတ်နည်းမှာ သုံးတာပါ။

မဲနယ်တောင်ကြောမှာတော့ မက်ကလောင်ထုတ်ချင်တဲ့အခါ စအိုဝမှာရှိတဲ့ အဖုတွေကို ဆေးထိုးအပ် လို ချွန်ထက်တဲ့ အရာနဲ့ သွေးထွက်အောင် ဖောက်ပစ်ပါတယ်။

သွေးတွေ ထွက်လာပြီ ဆိုရင်တော့ ဘိန်းမဲအရည်သုတ်လိမ်းထားတဲ့ ဂွမ်းစကို စအိုထဲ ထည့်ပါတယ်။

ဒီလိုနဲ့ ဖျားနာကိုက်ခဲတာတွေကို ကိုယ်ခန္ဒာတွင်းကပဲ မှော်အတတ်နဲ့ ဆွဲထုတ်ယူပစ် လိုက်သလို ပေါ့ပါး လန်းဆန်းသွားတယ်လို့ ဆိုကြပါတယ်။

ဆေးပညာရပ်ဆိုင်ရာ ဆရာဝန်များကတော့ ရှေးကျလွန်းတဲ့ မက်ကလောင်ထုတ်နည်းဟာ ရောဂါပိုးတွေ ကူးစက်ဖို့ လွယ်ကူလွန်းပြီး မလုပ်သင့်တဲ့ အရာလို့ သတ်မှတ်ထားကြပါတယ်။

ဝေးလံခေါင်ဖျားပြီး ဆေးရုံဆေးခန်းတွေ သွားဖို့ လမ်းစရိတ်၊ တည်းခိုစရိတ်၊ ဆေးကုသစရိတ် မတတ်နိုင်တဲ့ ဘိန်းစိုက်တောင်သူအချို့ဟာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ဘိန်းမဲနဲ့ ဆေးကုသတဲ့ နည်းတွေကို အားကိုးယုံကြည်နေကြတုန်းပါပဲ။

ဘိန်းပင်တွေဟာ သူတို့အတွက်တော့ စားဝတ်နေရေးကို ဖြေရှင်းပေးတဲ့ သီးနှံပင်တခုဖြစ်သလို မျိုးရိုး စဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ အသက်မွေးဝမ်းကျောင်းနဲ့ သူတို့ယုံကြည်တဲ့ အရေးပေါ်ဆေးမြီးတို လည်း ဖြစ်နေပြန် ပါတယ်။

မြန်မာနိုင်ငံဘိန်းစိုက်တောင်သူများကို အစားထိုးသီးနှံ စိုက်ပျိုးနိုင်ဖို့ ဘိန်းစိုက်ဧရိယာ လျော့ချနိုင်ဖို့ အတွက် ကုလသမဂ္ဂ(UN)၊ နိုင်ငံတကာအဖွဲ့အစည်းတွေအပြင် အစိုးရထံ တင်ပြ ကူညီပေးနေတဲ့  ဦးစိုင်းလုံကတော့ ဘိန်းမဲကို မိရိုးဖလာအရဆို ကျိုချက် ပြီး ရလာတဲ့ အငွေ့ကို ရှုကြတာဖြစ်ပြီး တောင်သူတွေဆီက ဝယ်ယူသွားတဲ့ ဘိန်းမဲကိုတော့ ကုန်သည် တွေက အဆင့်ဆင့်ချက်ပြီး ဘိန်းဖြူ ထုတ်ကြတာလို့ ပြောပါတယ်။

“အမဲကနေ အဖြူမှုန့်ရတဲ့အထိ အက်ဆစ်တို့ ဓာတုဆေးတု့ိနဲ့ ဘိန်းထဲမှာ ပါတဲ့ မော်ဖင်းကို ဆွဲထုတ်ချက် ရတာ။ နောက်ဆုံးဘိန်းဖြူဖြစ်တဲ့ အဆင့်ကတော့ မော်ဖင်းတော်တော်လေး မြင့်တဲ့ ၉၉ ရာခိုင်နှုန်းထိမော်ဖင်းပါတဲ့ ဟီရိုးအင်းရတဲ့ထိပေါ့။ ဘိန်းမဲမှာတော့ တွက်ချက်မယ်ဆို မော်ဖင်းပါဝင်နှုန်းက ၁၄ကနေ ၁၅ ရာနှုန်းပဲ ရှိတယ်” လို့ ဦးစိုင်းလုံက ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းမှာတော့ ဘိန်းဖြူအဆင့်ရောက်အောင် ချက်ဖို့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေ ရဖို့ ခက်တာ ကြောင့် ကုန်သည်အများစုဟာ ပြည်တွင်းက ဘိန်းမဲကို နယ်စပ်ဖြတ်ကျော် သယ်သွားပြီး နယ်စပ်က ဘိန်းချက်စခန်းတွေမှာ ချက်ကြတာလို့လည်း ဦးစိုင်းလုံက ပြောပြပါတယ်။

ဘိန်းမဲကို မူးယစ်ဆေးဝါးအဖြစ်ပဲ သုံးလို့ ရတာ မဟုတ်တော့ မဟုတ်ပါဘူး။ လူ့ကျန်းမာရေး အတွက် လိုအပ်တဲ့ ဆေးဝါးထုတ်လုပ်မှုတွေမှာလည်း ထည့်သွင်း အသုံးပြုကြပါတယ်။

ဦးစိုင်းလုံကတော့ ဘိန်းစိုက်ဧရိယာ လျော့ချဖို့အတွက် ဘိန်းစိုက်တောင်သူတွေကို အစားထိုးသီးနှံနဲ့ ဘိန်းကို မမှီခိုရတဲ့ အလုပ်အကိုင် အခွင့်အလှမ်းတွေ အစိုးရက ဖန်တီးပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အခြားသီးနှံစိုက်ရခက်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းအောင် လုပ်ရခက်တဲ့ ပင်လယ်ရေမျက်နှာပြင် ၆၀၀၀ ကျော်လောက် ရှိတဲ့ တောင်ပေါ် ဒေသအချို့မှာတော့ ဘိန်းကို နိုင်ငံတွင်း ဆေးဝါးထုတ်လုပ်ရမှာ ကုန်ကြမ်း သုံးဖို့ အတွက် တရားဝင် စိုက်ပျိုးခွင့် ပေးသင့်တယ်လို့ ဦးစိုင်းလုံက ပြောပါတယ်။

“ဘိန်းမဲက ကမ္ဘာမှာလည်း မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးတမျိုးပါ။ အထူးသဖြင့် အကိုက်အခဲ ပျောက်ဆေး ထုတ်လုပ်မှုမှာလည်း မရှိမဖြစ်လိုအပ်တဲ့ ကုန်ကြမ်းပါ”လို့ ဦးစိုင်းလုံက ဆိုပါတယ်။

ဘိန်းစိုက်တောင်သူတွေဟာ ၂၀၁၃ ခုနှစ်ကနေ စလို့ တနှစ်တခါ စုဝေးပြီး ဘိန်းစိုက်တောင်သူများ ညီလာခံကို ကျင်းပကြပါတယ်။

ညီလာခံကနေ သူတို့ရဲ့ အခက်အခဲတွေကို အစိုးရကို တင်ပြပေမယ့် ဒီနေ့ထိတော့ အရေးတယူ တသီးတသန့် ကူညီဆောင်ရွက်ပေးတာမျိုး မတွေ့ရသေးကြောင်း သိရပါတယ်။

ဒေါ်ကြူကြူကတော့ “ကျမတို့ကို မကောင်းဘူး။ မစိုက်နဲ့ပဲ ပြောနေတာ။ အစားထိုးစိုက်ဖို့ ကော်ဖီမျိုးစေ့တို့ ဘာတို့ကျ ဘယ်သူမှ လာမပေးဘူး။ ကျမတို့ကို ဘယ်သူမှ မကူညီဘူး”လို့ ဆိုပါတယ်။

ဘိုးစဉ်ဘောင်ဆက် ဘိန်းကိုပဲ စိုက်လာတာကြောင့် အခြားသီးနှံတခုကို ချက်ချင်း ပြောင်းလဲစိုက်ပစ်ဖို့ကို ဘိန်းစိုက်တောင်သူတွေဟာ မစွန့်စားရဲကြပါဘူး။

လက်နက်ကိုင်တွေနဲ့ ရဲတွေကိုလည်း ငွေတွေပေးရပြီး တဖက်မှာလည်း သားသမီးတွေ ကျောင်းစရိတ်နဲ့ စားဝတ် နေရေးအတွက် ဘိန်းစိုက်လို့ ရောင်းလိုက်၊ ရတဲ့ ငွေနဲ့ လည်ပတ်လိုက် ဖြစ်နေကြတာပါ။

“ပြီးခဲ့တဲ့ နှစ်တွေက ကျမတို့ ပြောင်းဖူးစမ်းစိုက်ကြည့်တယ်။ သူများတွေက ရောင်းကုန်ပြီ။ ကျမတို့က အစေ့တောင် မစုံဘူး။ အဖူးကလည်း ညှက်နေတယ်။ ရောင်းတန်းမဝင်ဘူး။ အဲဒီတော့ ကျမတို့ ရှုံးတယ်”လို့ လည်း ဒေါ်ကြူကြူက ပြောပြပါတယ်။

၂၀၁၈ ခုနှစ်ထဲမှာတော့ ဒေါ်ကြူကြူအပါအဝင် မဲနယ်တောင်ကြောက ဘိန်းစိုက်တောင်သူအချို့ဟာ သူတို့ ခြံထဲမှာ ထောပတ်ပင်တွေကို နည်းနည်းစီ စမ်းစိုက်ကြည့်နေပါတယ်။ထောပတ်ပင်ဟာ ရောင်းတန်းဝင်တဲ့ အသီးရဖို့ ၅နှစ်လောက် စောင့်ရမှာပါ။

ဆောင်းတွင်းမှာ အအေးဒဏ် ကဲလွန်းတဲ့ မဲနယ်တောင်ကြောလို ဒေသမှာ စပါး၊ ပြောင်း၊ ပဲတွေ မဖြစ်ထွန်းတာ ကြောင့် ရက်၁၀၀ အတွင်း စိုက်ပျိုး၊ ရင့်မှည့်၊ အစေးခြစ်လို့ ရတဲ့ ဘိန်းဟာ ဒေသခံ တွေအတွက် အားထားစရာ ဖြစ်နေဆဲပါပဲ။

ဒေါ်နန်းငွေ၊ ခွန်မောင်ပျို့နဲ့ ဒေါ်ကြူကြူတို့ကတော့ သူတို့ ဘိန်းခင်းထဲမှာ ဘဝကို မြှုပ်နှံထားပေမယ့် သူတို့ရဲ့ သားသမီးတွေကိုတော့ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာမ စတဲ့ ပညာရပ်ဆိုင်ရာနဲ့ အသက်မွေးဝမ်းကျောင်း နိုင်တဲ့ အလုပ်တွေ ရနိုင်ဖို့ ရည်မှန်းချက်တွေ ရှိကြပါတယ်။

ပင်ပန်းပြီး စားလောက်ရုံသာ ငွေရပြီး လက်နက်ကိုင်အဖွဲ့တွေကို ရတဲ့ ငွေတွေ ဖဲ့ပေး နေရတဲ့ ဘိန်းစိုက်တောင်သူတွေ ဘဝကိုတော့ သားသမီးတွေကို လက်ဆင့်မကမ်းချင်ကြဘူးလို့ ဆိုပါတယ်။

သူတို့အသိ ဘိန်းစိုက်တောင်သူတဦးရဲ့ သမီးဆိုရင် ဆေးတက္ကသိုလ်တက်နေတာလို့ လည်း သူတို့က ပြောပြပါတယ်။

သားသမီးတွေအပေါ် ရည်မှန်းချက်မြင့်မြင့် ထားထားတဲ့ သူတို့ဟာ သားသမီးတွေ ကျောင်းပညာရေး မပြီးမချင်း ၊ အလုပ်အကိုင် ကောင်းကောင်းမရမချင်း၊ သူတို့ကို အစားထိုးသီးနှံမျိုးစေ့တွေ ကူညီပေးမယ့် သူတွေ ရောက်မလာ မချင်းတော့ ဘိန်းစိုက်ရင်းပဲ ဝင်ငွေတွေ ဆက်ရှာနေရဦးမှာပါ။

ရဲတွေလာမလား တွေးပူနေတဲ့ ဒေါ်နန်းငွေကတော့  “သားသမီးတွေကိုတော့ ဘိန်းအမွေ မပေးချင်ဘူး။ အဲဒါကြောင့် ကျမ ကြိုးစားနေတယ်”လို့ ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading