၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံ့အကြီးအကဲသည် သမ္မတဖြစ်သော်လည်း အုပ်ချုပ်ရေးလုပ်ငန်းများကို အဓိက စီမံခန့်ခွဲနေသည်မှာ ပြည်ထဲရေးဝန်ကြီဌာန လက်အောက်ခံ အထွေထွေအုပ်ချုပ်ဦးစီးဌာန (ထွေ/အုပ်) ဖြစ်နေ၍ တပ်မတော်ကပင် တိုက်ရိုက် အုပ်ချုပ်ခွင့်ရရှိနေခြင်း ဖြစ်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်နေကြသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
လက်ရှိ ထွေ/အုပ်ဌာနကို ဦးဆောင်သူမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေဖြစ်ပြီး တပ်မတော် အကြီးအကဲက အမည်စာရင်းတင်သွင်းကာ သမ္မတက ခန့်အပ်ထားသူ ဖြစ်သည်။
ထို့အတွက် သူ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေစဉ် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သမ္မတ နှင့် တပ်မတော် အကြီးအကဲတို့အကြား မည်သူ၏ အမိန့်ကို နာခံမည်လဲဆိုသည့် မေးခွန်းက အမြဲတမ်း ရှိနေခဲ့ပြီး ၂၀၀၈ အခြေခံ ဥပဒေ အရမူ ပြည်ထောင်စုဝန်ကြီးများသည် သမ္မတကို တာဝန်ခံရမည်ဟု ပါရှိပြီး ဖြစ်သည်။
အာဏာရ NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က “အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ လမ်းဆုံလမ်းခွမှာ တခုပဲ ရွေးရတော့မယ်ဆိုရင် ပြည်ထဲရေးဝန်ကြီး လုပ်တဲ့သူက တပ်ချုပ်အမိန့် နာခံမလား။ သမ္မတအမိန့် နာခံမလားဆိုတာ သူရွေးရတော့မယ်။ သူဘယ်လို ရွေးမလဲဆိုတာ ပြောရတာ ခက်တယ်။ ဒါက ၂၀၀၈ အခြေခံ ဥပဒေရဲ့ အကြပ်အတည်းပေါ့” ဟု ပြောသည်။
ပြည်ထောင်စုအစိုးရအဖွဲ့တွင် တပ်အကြီးအကဲက အမည်စာရင်း တင်သွင်းခံထားရသူမှာ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ ဖြစ်ပြီး ၎င်းတို့သည် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တပ်အရာရှိကြီးများ ဖြစ်ပြီး အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီတွင်လည်း ပါဝင်ကြသူများ ဖြစ်သည်။
ယင်းသို့ ဝေဖန်မှုများ ရှိနေချိန်တွင်ပင် အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်သည့်အနေဖြင့် ထွေ/အုပ်ဌာနကို သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက် ရောက်စေရေးအတွက် အသစ်ဖွဲ့စည်းထားသော ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက် ထည့်သွင်းရန် ဆုံးဖြတ်လိုက်သည်။
အဆိုပါ ဝန်ကြီးဌာနကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သည့် တပ်မတော်သား အရာရှိဟောင်း ဦးမင်းသူကို ဝန်ကြီးအဖြစ် ခန့်အပ်ထားပြီး မကြာခင်ပင် ယင်းသို့ ဆုံးဖြတ်ချက် ချလိုက်ခြင်းပင် ဖြစ်သည့်အတွက် စနစ်တကျ ပြင်ဆင်ထားသည်ဟု ဆိုနိုင်မည် ဖြစ်သည်။
ထိုသို့ လုပ်ဆောင်ရခြင်းမှာ အစိုးရက ရှေ့ဆက်ဖော်ဆောင်မည့် ပြုပြင်ပြောင်းရေးကို တိုင်းပြည်အာဏာ၏ မူလပိုင်ရှင် ပြည်သူလူထုနှင့် နီးစပ်သည် အောက်ခြေမှ စတင်ရမည် ဖြစ်ရာ အနာဂတ်တွင် ပေါ်ပေါက်လာမည့် ဖက်ဒရယ် ပြည်ထောင်စု အုပ်ချုပ်ရေးစနစ်အတွက် ကြိုတင်စီမံ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဗဟိုချုပ်ကိုင်မှု လျှော့ချကာ တိုင်းနှင့် ပြည်နယ်များအလိုက် တင်ပြချက်များကို အခြေခံကာ ပြောင်းလဲသင့်သည်များကို ပြောင်းလဲရန် ရှိကြောင်း အစိုးရက အကြောင်းပြ ပြောဆိုထားသည်။
သို့သော် တပ်မတော်သား ဝန်ကြီးများသည် သမ္မတ အမိန့်နာခံရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော်လည်း ၎င်းတို့သည် မိခင်ဌာနဖြစ်သည့် တပ်မတော်နှင့် တပ်ချုပ်ကိုသာ သစ္စာခံမည်သာ ဖြစ်သည်ဟု နိုင်ငံရေး အသိုင်း အဝိုင်းနှင့် NLD ဘက်က ယုံကြည်နေကြဆဲ ဖြစ်သည်။
သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက “အုပ်ချုပ်ရေး မဏ္ဍိုင်ကို ကြည့်လိုက်ရင် ကျနော်တို့က သမ္မတရှိတယ်။ ကက်ဘိနက် (အစိုးရအဖွဲ့) ရှိတယ်။ အဲဒီကနေ ဒေါင်လိုက်သွားရင် တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော်ကောင်စီ၊ ဝန်ကြီးချုပ်တွေ ရှိတယ်။ ပြီးရင် ဝန်ကြီးချုပ်တွေနဲ့အတူ တိုင်းဒေသကြီး/ပြည်နယ် ကက်ဘိနက် (အစိုးရ) တွေ ရှိတယ်။ ပြီးရင် ကျနော်တို့ ခရိုင်၊ မြို့နယ်စသည့်ဖြင့် အုပ်ချုပ်ရေး Structure ရှိပါတယ်။ အဲဒီ Structure က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင် သမ္မတ၊ ဝန်ကြီးချုပ်၊ ပြီးရင် အုပ်ချုပ်ရေးမှူး စသည်ဖြင့် အဆင့်ဆင့်သွားတဲ့ ပုံစံ ဖြစ်ပါတယ်။ ဒီမူအတိုင်းလည်း သမ္မတ အောက်မှာ ရှိဖို့ဆိုပြီးတော့ ကျနော်တို့က ဒါကို ပြန်သုံးသပ်ပြီးတော့မှ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်ကို ရွေ့လိုက်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။
အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ဦးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီလက်ထက် ၁၉၇၂ ခုနှစ်တွင် “မြန်မာနိုင်ငံတွင် တည်ရှိခဲ့သည့်အုပ်ချုပ်ရေးစနစ်သည် အခြေခံအားဖြင့် ကိုလိုနီ အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ထားသည့် စနစ်သာဖြစ်သည့်အလျောက် တိုင်းရင်းသားလူမျိူးတို့၏ အကျိူးကို ထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် ဆိုရှယ်လစ် ဒီမိုကရေစီ ယန္တရား တပ်ဆင်နိုင်ရေးအတွက် အသင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်ထားနိုင်ရန်” ရည်ရွယ်ချက်ဖြင့်
စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန လက်အောက်တွင် သီးခြားဌာနအဖြစ် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အုပ်ချုပ်ရေးစနစ်သစ်အရ ယခင်က တည်ရှိခဲ့သည့် အတွင်းဝန်ရုံးနေရာတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဆိုကာ ပေါ်လာသလို အတွင်းဝန်ရုံးအောက်ရှိ လက်ထောက်မြို့ပိုင်၊ မြို့ပိုင်၊ ခရိုင်ဝန်၊ တိုင်းမင်းကြီး အစရှိသည့် ဝန်ထမ်းများသည်လည်း ထွေ/အုပ်ဝန်ထမ်းများ ဖြစ်သွားကြောင်း သိရသည်။
ယင်းနောက် ၁၉၇၇ ခုနှစ်တွင် နိုင်ငံတော်ကောင်စီ အောက်သို့ လွှဲပြောင်းပေးခဲ့ရပြီး ၁၉၈၈ ခုနှစ် စစ်တပ် အာဏာ သိမ်းပြီး နောက်ပိုင်းတွင်မူ ပြည်ထဲရေး လက်အောက်သို့ ပြန်လည်ရွှေ့ပြောင်းခဲ့သည့်အတွက် ပြည်ထဲရေး လက်အောက်ခံ အဖွဲ့အဖြစ် နှစ်ပေါင်း ၃၀ ရှိပြီ ဖြစ်သည်။
မြန်မာနိုင်ငံတွင် တိုင်းနှင့် ပြည်နယ် အဆင့်ပြီးလျှင် အဆင့်မြင့်ဆုံး အုပ်ချုပ်ရေးအဖွဲ့အစည်းမှာ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဟု ခေါ်သည့် ခရိုင်အဆင့် အုပ်ချုပ်ရေးပင် ဖြစ်သည်။ ယင်းခရိုင်အဆင့် အုပ်ချုပ်ရေးမှူးသည် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းပင် ဖြစ်ပြီး မြို့နယ်အဆင့်တွင်လည်း ယင်းအတိုင်းပင် ဖြစ်သည်။
ထွေ/အုပ် ဌာနတွင် ရည်မှန်းချက် ၄ ရပ်ရှိပြီး (က) တရားဥပဒေစိုးမိုးရေး (ခ) ရပ်ရွာအေးချမ်းသာယာရေး (ဂ) ဒေသဖွံ့ဖြိုးရေး (ဃ) ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး တို့ ဖြစ်ပြီး လုပ်ငန်းတာဝန်းပိုင်းတွင်လည်း များစွာ ရှုပ်ထွေးသည်။

ဌာန၏ ပင်မလုပ်ငန်းတာဝန်များ သီးခြား ရှိသလို နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့က ချမှတ်ပေးသည့် လုပ်ငန်း တာဝန်များ၊ ပြည်ထဲရေးဝန်ကြီးဌာနက ပေးအပ်သည့် လုပ်ငန်းတာဝန်များနှင့် အခြားဝန်ကြီးဌာနက ပေးအပ်သည့် လုပ်ငန်းတာဝန်ဟူ၍ ရှိသည်။
ထွေ/အုပ်ဌာန၏ မူလတာဝန်များတွင် မြေယာနှင့် ယစ်မျိုး စီမံခန့်ခွဲရေး၊ အခွန်ကောက်ခံခြင်း၊ မြို့နှင့် ကျေးရွာများ စနစ်တကျ ဖွဲ့စည်းခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ အသင်းအဖွဲ့များအား ဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်ပြုရေး၊ ဂုဏ်ထူးဆောင် ဘွဲ့နှင့် တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည် ဥပဒေဆိုင်ရာ ကိစ္စရပ်များ လုပ်ဆောင်ရန် ဖြစ်သည်။
ယင်းမူလတာဝန်များသည့် အရပ်ဘက်နှင့် သက်ဆိုင်သည့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များ ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာနက ပေးအပ်ထားသည့် လုပ်ငန်းများတွင် (၁) တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေး ပျက်ပြားစေမည့် လုပ်ရပ်များအား တားမြစ်ခြင်း (၂) အများပြည်သူ စိတ်ငြိုငြင်စေမည့် နှောင့်ယှက်မှုများ ဖယ်ရှားစေခြင်း (၃) ဥပဒေနှင့်ဆန့်ကျင်သောအစုအဝေးကို လူစုခွဲရန် အမိန့်ပေးခြင်း၊ စီစဉ်ဆောင်ရွက်ခြင်း (၄) စာတိုက်နှင့် ကြေးနန်းရုံးများရှိ စာ၊ ကြေးနန်းနှင့် ချောထုတ်များကို ပြစ်မှုဆိုင်ရာစုံစမ်းမှုအတွက် လိုအပ်လျှင် ထုတ်ပေးရန် တာဝန်ရှိသူများကို ညွှန်ကြားခြင်း တို့ ဖြစ်သည်။
ထို့ပြင် (၅) လက်နက်အက်ဥပဒေပုဒ်မ ၁၉(စ)နှင့် ပုဒ်မ(၂၉)တို့အရ ပြစ်မှုကျူးလွန်သူကို တရားစွဲဆို ခွင့်ပြုမိန့်ပေးခြင်း (၆) မရွှေ့မပြောင်းနိုင်သော ပစ္စည်း (မြေ၊ အိမ်) တို့နှင့် ပတ်သက်၍ အငြင်းပွားမှုများကြောင့် အေးချမ်းသာယာရေးကို ထိခိုက်လာပါက ဝင်ထွက်မှုကို တားဆီးခြင်း (၇) လောင်းကစား အိမ်သို့ ဝင်ရောက်ရှာဖွေရန် ဝရမ်းထုတ်ပေးခြင်း (၈) ဝိနည်း၊ ဓမ္မကံ၊ အဓိကရုဏ်း၊ မှုခင်းများ ဖြေရှင်းရာတွင် အငြင်းပွားမှု ဖြစ်ပါက တည်ဆဲဥပဒေများနှင့်အညီ ဖယ်ရှားခြင်းနှင့် အငြင်းပွားပစ္စည်းများကို စာရင်းပြုစု ထိန်းသိမ်းခြင်း (၉) တရားရုံးသို့ သက်သေခံအဖြစ် တင်ပြခြင်း မပြုရသေးသော သိမ်းဆည်းထားသည့် ပစ္စည်းများနှင့်ပတ်သက်၍ စီမံခန့်ခွဲခြင်းတို့ လုပ်ဆောင်ရန်လည်း ပြည်ထဲရေးဝန်ကြီးက တာဝန်ပေးထားသည်။
ယင်းတာဝန်ပေးချက်များအရ ထွေ/အုပ်ဌာနသည် တရားရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင်ပါ ပါဝင်စွက်ဖက်ခွင့် ရနေပြီး ဒေသတွင်း အာဏာအမြင့်ဆုံး စစ်ဘက်လက်အောက်ခံ အရပ်သားအဖွဲ့ ဖြစ်နေခြင်း ဖြစ်သည်။
NLD က ယခုကဲ့သို့ လုပ်ဆောင်ခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၂၇ (က) (ခ) အရ လုပ်ဆောင်ခြင်း ဖြစ်ပြီး ယင်းပြဋ္ဌာန်းချက်တွင် ပြည်ထောင်စုအစိုးရသည် ဥပဒေနှင့်အညီ ပြည်ထောင်စုဆိုင်ရာ ဝန်ထမ်းအဖွဲ့ အစည်း များကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ ယင်းသို့ ဖွဲ့စည်းရာတွင် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေး ရမည် ဖြစ်ကာ လိုအပ်သော ဝန်ထမ်းများကို ခန့်အပ်နိုင်သည်ဟု ပါရှိသည်။
ထို့ကြောင့် ပြည်ထဲရေးလက်အောက်ခံ ထွေ/အုပ်ဌာနအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက် ပြောင်းရွှေ့ခြင်းမှာ အခြေခံဥပဒေနှင့် ညီညွတ်သည်ဟု NLD က သတ်မှတ်ထားပြီး မည်သူတဦးတယောက် တိုက်တွန်းချက်ကြောင့်မှ မဟုတ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ထုတ်ဖော်ပြောဆိုထားသည်။
ထို့ပြင် မည်သည့်အချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန လက်အောက်သို့ ရောက်ရှိမည်ဆိုသည်နှင့် ပတ်သက်၍မူ “မကြာတော့ဘူး။ မူလည်း ချပြီးသွားပြီး။ လုပ်ထုံးလုပ်နည်းနဲ့အညီ စနစ်တကျ ဆောင်ရွက်နေပါတယ်” ဟု ဆိုထားသည်။
NLD အစိုးရကဲ့သို့ပင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ထွေ/အုပ်ဌာနကို အစိုးရအဖွဲ့ရုံး အောက်ပြောင်းရန် ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရလက်ထက်က ကြိုးစားခဲ့ဖူးသည်။ သို့သော် အုပ်ချုပ်ရေးကဏ္ဍတွင် စနစ်တကျ သင်ကြားခံထားရသည့် တပ်ထွက် ဗိုလ်ချုပ်များနှင့် ဖွဲ့စည်းထားပြီး စစ်တပ်နောက်ခံ ပြုထားသည့် USDP သည်ပင်လျှင် မအောင်မြင်ခဲ့သည့် သာဓကများ ရှိသည်။
USDP ပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်ကမူ ယင်းသို့ လုပ်ဆောင်ခဲ့ခြင်းမှာ ပြည်ထဲရေးဝန်ကြီးဌာန၏ အလုပ် တာဝန်များကို လျှော့ချရန် ရည်ရွယ်ခြင်း ဖြစ်ပြီး နိုင်ငံတကာတွင် ထွေ/အုပ် ဌာနကို ပြည်ထဲရေး လက်အောက်တွင် ထားရှိခြင်းနှင့် ဌာန၏ လုပ်ငန်းတာဝန်၊ သဘောသဘာဝများကြောင့် မရွေ့ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
ဒေါက်တာ နန္ဒာလှမြင့် က “ထွေ/အုပ်ရဲ့ လုပ်ငန်းတာဝန်က သမ္မတရုံးနဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတွေကို ဖော်ဆောင် ပေးရမယ် ဆိုတာ ပါတယ်။ ဆိုလိုတာက အစိုးရအဖွဲ့က ခိုင်းရင် လုပ်ရမှာ။ အဲဒီတော့ သီးခြား ဆွဲယူစရာ မလိုဘူး။ သူ့ရဲ့ လုပ်ငန်းစဉ် အားလုံးက ပြည်ထဲရေး ဝန်ကြီးဌာနအောက်မှာ ဆက်စပ်ထားပြီးသား။ ရဲ၊ တရားရေးနဲ့ ဆက်စပ် နေတယ်။ သူ့ကို အဲဒီလို လုပ်လိုက်ရင် ပိုပြီး ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်။ အဲဒီလို သုံးသပ်ပြီး အခက်အခဲ ရှိနိုင်လို့ မလုပ်တော့တာ” ဟု ပြောသည်။
ထွေ/အုပ်ဌာနအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက် ပြောင်းရွေ့ရန် လုပ်ဆောင်မှုနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်နှင့် ထွေ/အုပ် ဌာန ညွှန်ကြားရေးမှူး ဦးအောင်သိုက်ဝင်းထံ ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
မြို့နယ်နှင့် ခရိုင်အဆင့် ထွေ/အုပ်ဌာန အရာရှိများထံမှ သဘောထားမှတ်ချက် ရနိုင်ရန် ဧရာဝတီက ထပ်မံ ကြိုးစားသော်လည်း ပြဿနာ ရှိသည်ဟု ဆိုသူများ ရှိပြီး မည်သည့်ပြဿနာလဲဟု ထပ်ဆင့် မေးမြန်းချိန်တွင် မဖြေကြားတော့ပေ။
ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်က ယခုကိစ္စအပေါ် မှတ်ချက်ပေးရသည်မှာ အန္တရာယ် များသော်လည်း ဝန်ထမ်းသည် ပြည်သူလူထုက ရွေးချယ်မှုဖြင့် တက်လာသည့် မည်သည့်အစိုးရက ဖြစ်စေ တာဝန်ပေးလာပါ လိုက်လုပ်ရမည် ဖြစ်ကြောင်း ဧရာဝတီကို ဆိုသည်။
၎င်းက “ကျနော်တို့ဆီကိုတော့ တရားဝင် ဘာအမိန့်၊ ညွှန်ကြားစာမှ မဝင်သေးပါဘူး။ ကျနော်တို့ကတော့ ဝန်ထမ်း အဖွဲ့အစည်းဆိုတော့ ဘယ်သူ တာဝန်ပေးပေး လုပ်ရမှာပဲ။ တို့က ပြည်သူ့ဘဏ္ဍာစားတဲ့ ဝန်ထမ်းပဲလေ။ ပြည်ထောင်စု အစိုးရအဖွဲ့က အမိန့်လည်း လုပ်ရမှာပဲ”ဟု ပြောသည်။
နေပြည်တော် ဥတ္တရသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က “ပြောင်းသွားပြီးရင်တော့ ဘယ်လိုလာဦးမလဲ ဆိုတာ မသိသေးဘူး။ တာဝန်ပေးတဲ့အတိုင်း လုပ်သွားဖို့ပဲ ရှိပါတယ်။ မူဝါဒတွေ ဘယ်လိုဖြစ်မလဲ ဆိုတာကတော့ ကျနော်တို့လည်း မသိရသေးဘူး။ တရားဝင် ညွှန်ကြားချက်လည်း မရောက်သေးတော့ ဘာမှ မသိရသေးဘူး” ဟု ဆိုသည်။
ထွေ/အုပ်ဌာန ပြောင်းရွှေ့မည်ဖြစ်၍ ပြည်ထောင်စုအစိုးရအနေဖြင့် ယင်းဌာနအပေါ် တာဝန်ခံရတော့မည်ဖြစ်ကာ ဦးဆောင်မည့် ဝန်ကြီး၊ ညွှန်ကြားရေးမှူးများ၏ အရည်အချင်းနှင့် ထိန်းညှိမှု လုပ်ဆောင်ရမည့် လွှတ်တော် အမတ်များ၏ အရည်အချင်းကလည်း ပိုမို အရေးပါလာပြီ ဖြစ်သည်။
တွံတေး ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်လွင်က “အရင်ကထက် ပိုပြီးတော့ တာဝန်လည်း ပိုရှိလာတယ်။ အခွင့် အလမ်းလည်း ပိုရလာတယ်။ လွှတ်တော် ကိုယ်စားလှယ်ရဲ့ အရည်အချင်းက အားနည်းရင်တော့ သိသာတဲ့ အကျိုးရှိတာတွေ တွေ့ရမှာ မဟုတ်ဘူး” ဟု ပြောသည်။
လက်ရှိ ထွေ/အုပ် ဝန်ထမ်းများတွင် ရပ်ကွက်နှင့် မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးရာထူးများတွင် အရပ်သားများကို တွေ့ရသော်လည်း ခရိုင်အဆင့်တွင်မူ တပ်မတော် အရာရှိဟောင်းများ ရှိနေခြင်းက ယခု ပြောင်းရွှေ့မှုအတွက် အဟန့်အတား တခုဖြစ်နိုင်ကာ ပြည်သူက ရွေးချယ်သည့် စနစ်သို့လည်း ကူးပြောင်းနိုင်ရေး လုပ်ဆောင်ရမည်ဟု ထောက်ပြအကြံပြုသူများလည်း ရှိသည်။
မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးအဖွဲ့ (မြန်မာ) မှ ဒါရိုက်တာတဦး ဖြစ်သူ ဦးအောင်သူငြိမ်းက “ဗဟိုချုပ်ကိုင်မှု လျော့ချပြီး အပေါ်ကနေ အောက်ကို အာဏာတွေ ပိုပေးဖို့ လိုတယ်။ နောက်တခါ စံနှုန်းတကျ လုပ်ထုံးလုပ်နည်း ဆိုတာ နဂိုကတည်းကလည်း ထွေ/အုပ်မှာ ရှိပါတယ်။ ဒါပေမယ့်လည်း စနစ်သစ်နဲ့ ဒီမိုကရေစီနဲ့ လိုက်လျောညီထွေတဲ့ ဟာမျိုး လိုလိမ့်မယ်ဗျ” ဟု ပြောသည်။
သင့်ဘဝ မဂ္ဂဇင်း အယ်ဒီတာဟောင်း ဦးတင်မောင်သန်း ကလည်း “စိန်ခေါ်ချက်က ပြည်နယ်နဲ့တိုင်း အစိုးရတွေရဲ့ စီမံခန့်ခွဲမှုကို ပိုပြီးတော့ စနစ်တကျ ဖြစ်အောင် လုပ်ဖို့ဆိုတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတခု လိုမယ်လို့ ထင်တယ်။ အဲဒါကလည်း နိုင်ငံရေးခေါင်းဆောင်သူတွေရဲ့ မူဝါဒ စဉ်းစားပုံတွေနဲ့ အများကြီး ဆက်စပ်နေတယ်။ အဲဒီမှာလည်း ပြုပြင်ပြောင်းလဲရေး လိုမှာပဲ” ဟု သုံးသပ်သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြည်ထောင်စုအစိုးရရုံးဝန်ကြီးဌာန လက်အောက် ပြောင်းရွှေ့ရေးအတွက် အစိုးရက လုပ်ဆောင်နေသော်လည်း ပွတ်တိုက်မှုများစွာ ရှိလာနိုင်မည်မှာ အသေအချာပင် ဖြစ်သည်။
နှစ်ပေါင်းများစွာ တပ်ဘက် အုပ်ချုပ်ရေးအောက်တွင် ရှိနေခဲ့ပြီး အရပ်ဘက်အာဏာပိုင် ထွေ/အုပ်အနေဖြင့် အစိုးရက ဖော်ဆောင်နေသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအပေါ် မည်မျှအထိ အတူလိုက်ပါနိုင်မည်ဆိုသည်မှာ NLD ၏ စည်းရုံးရေးနှင့် စီမံခန့်ခွဲမှု စွမ်းရည်အပေါ် များစွာ မူတည်နေပြီး ဆက်လက်စောင့်ကြည့်နေရဦးမည် ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
ထွေ/အုပ်ကို သမ္မတရုံးအောက် ထည့်သွင်းနိုင်ရေး “လတ်တလော အစီအစဉ် မရှိသေး”
ထွေ/အုပ် ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်မှု အားနည်းဟု လွှတ်တော် အမတ်များ ပြော
စစ်ဘက် အရာရှိဟောင်း ဦးမင်းသူ အစိုးရအဖွဲ့ရုံး ဝန်ကြီး ဖြစ်လာရန်ရှိ
အရပ်ဘက် အစိုးရက တပ်မတော်နဲ့ ပတ်သက်လေသမျှ