မော်ကွန်းတိုက်၏ ကျေးဇူး
၁၉၅၅ ခု ဒီဇင်ဘာလထုတ် မြဝတီ (မဂ္ဂဇင်း) ပါ “တိုင်း ၄ မှ ချီးကျူးလွှာ” ဆောင်းပါးနှင့် စပ်လျဉ်း၍ တပ်မတော် မော်ကွန်းတိုက် ဦးစီး ဒုဗိုလ်မှူးကြီး ဘသန်းနှင့် မော်ကွန်းတိုက်တွင် မကြာသေးမီက ဆွေးနွေးမိခဲ့ရာ ဂျပန် လက်နက်ချ လုနီးနှင့် ချပြီးအချိန် တိုင်း ၄ တည်ရာ ပဲခူးမြို့နှင့် ရန်ကုန်မြို့တို့တွင် တပ်မတော် ခေါင်းဆောင်တို့ ဆောင်ရွက်ပုံ၊ ယင်း ဆောင်ရွက် ချက်တို့မှာ လွတ်လပ်ရေး အတွက် အဓိက အရေးပါ အရာရောက်ခဲ့ပုံကို စိတ်ဝင်စားစွာ ပြောပြလိုက်ပါ သည်။
ပြောပြရုံသာမက အထောက်အထား မူရင်း စာရွက်စာတမ်းတို့ကိုပါ ထုတ်ပြပါသည်။ ယင်း စာတမ်းတို့မှာ တပ်မတော် သမိုင်းသာမက နိုင်ငံသမိုင်း အတွက်ပါ ယခုအခါတွင် လွန်စွာ အဖိုးထိုက်တန် လှပေသည်။
မပျောက်ပျက်ရအောင် ဓာတ်ပုံ ရိုက်ကူး၍ ထိန်းသိမ်းထားသည်မှာ မော်ကွန်းတိုက်၏ သေချာလှသောာ စနစ်တရပ်ပင် ဖြစ်ပေသည်။ မော်ကွန်းတိုက် ရှိနေ၍သာ ဤမျှ အရေးကြီးသော အထောက်အထားစာများကို လွယ်ကူစွာ ဖတ်ရှုနိုင် ခွင့် ရခြင်းဖြစ်၍ ကျေးဇူးတင်မိ၏။
အချိန်မှာ တော်လှန်ရေး တပ်မတော် အောင်ပွဲရဆဲ၊ ဖက်ဆစ် ဂျပန်ကို ဆက်တိုက်ရဆဲ၊ မဟာမိတ် တပ်များနှင့် လက် တွဲ မိပြီးစ အချိန်။ ထိုစဉ်က ကျွန်ုပ်မှာ တိုင်း ၄ ပဲခူးမြို့တွင် ရှိနေ၍ ဒုဗိုလ်မှူးကြီး ဘသန်း ပြောပြချက်များကို ပြန် ပြောင်း သတိရမိသည်။
တပ်မတော် ခေါင်းဆောင်များ ဖြစ်ကြသော စစ်သေနာပတိ ဗိုလ်ချုပ် အောင်ဆန်း၊ ဒုတိယ စစ်သေနာပတိ ဗိုလ်မှူးကြီး လကျာ်၊ စစ်ဦးစီးမှူး ဗိုလ်မှူးကြီး ဇေယျ (တောခို)၊ ရှေ့တန်း စစ်ဌာနချုပ်မှူး ဗိုလ်မှူးကြီး နေဝင်း၊ တိုင်း ၁ မှူး ဗိုလ်မှူး မောင်မောင်၊ မြစ်ဝကျွန်းပေါ် တိုင်းမှူး ဗိုလ်မှူး အောင်ကြီး၊ တိုင်း ၄ မှူး ဗိုလ်မှူး ကျော်ဇော၊ တိုင်း ၆ မှူး ဗိုလ်မှူး ရဲထွဋ်၊ တိုင်း ၇ မှူး ဗိုလ်မှူး အောင်၊ အထက် မြန်မာပြည် တိုင်းမှူး ဗိုလ်ကြီး အာဠာဝက၊ မြင်းခြံ တပ်ပေါင်းစုမှ ဒုဗိုလ်မှူး ဗလ တို့နှင့် တကွ စစ်ဌာနချုပ်မှ တာဝန်ခံ အရာရှိများ၊ အခြား တိုင်းများမှ ကိုယ်စားလှယ် ၃၀ ကျော် (ဒုဗိုလ်မှူးကြီး ဘသန်း လည်း ပါဝင်သည်) နှင့် မဟာမိတ်တို့ဘက်မှ ဗမာ့တပ် စစ်မင်းကြီး မေဂျာဂျင်နရယ် သောမတ်။ အမှတ် ၃၂ ဗြိတိသျှ တပ် မတော်၊ အမှတ် ၄ တပ်ဖွဲ့ (ကိုး) မှူး မဟာမိတ် ဆက်သွယ်ရေး အရာရှိ ၉ ဦးတို့ တက်ရောက်သော အစည်း အဝေး တရပ်ကို ပဲခူးမြို့၊ တိုင်း ၄ တွင် သြဂုတ်လ ၁၀ ရက်နေ့ (၁၉၄၅ ခုနှစ်) မှ စတင် ကျင်းပခဲ့၏။
ဆွေးနွေးချက်တို့မှာ အကြမ်းအားဖြင့် ပြီးခဲ့သော တိုက်ခိုက်မှုများကို ဝေဖန် သုံးသပ်ခြင်း၊ မဟာမိတ်တို့နှင့် ဆက်သွယ် ရာတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် လိုလားချက်များကို တိုင်းအလိုက် အစီရင်ခံခြင်း၊ ဆွေးနွေးခြင်း၊ ဖက်ဆစ် ဂျပန် တို့ မြန်မာပြည်ပသို့ ဆုတ်ခွာသွားသည့် တိုင်အောင် အပြီးအပိုင် လိုက်လံ နှိမ်နင်းရေးနှင့် ဤစစ်ဆင်မှု အတွက် ပင် လယ် ကမ်းခြေ တက်ရန် နေရာ ရွေးချယ်ရေး၊ လေထီးစစ်သားများ ချပေးရေး၊ လက်နက် ခဲယမ်း မီးကျောက်များကို လေယာဉ်မှ ချပေးရေး စသည်တို့ အတွက် စီစဉ်ရေး၊ နေရာ ချရွေးချယ်ရေးတို့ ပါသည့် ဗိုလ်ချုပ် တာဝန်ပေးထားသည့် အတိုင်း လေထီးစစ်သား ချရန်၊ ကမ်းတက်ရန်၊ ရိက္ခာလက်နက်ချရန် စီမံချက်နှင့် နေရာ ရွေးချယ်မှုကို ကွယ်လွန်သူ ကောင်းကင်မြေတိုင်း ဌာနမှူး ဗိုလ်မှူး ဘဟန်က မြေပုံနှင့် ရှင်းလင်း ပြောပြသည်။
တပ်မတော် ခေါင်းဆောင်တို့မှာ ရှေ့တဆင့် တိုးတက် တိုက်ခိုက်ရေး အတွက် အကောင်းဆုံး စီစဉ်မှု ရရှိရန် အမျိုးမျိုး ကြံဆ တွေးတော ဆွေးနွေးကြသည်။ ထမင်းစားချိန်လောက်သာ နား၍ စည်းဝေးကြသည်မှာ ညသန်းခေါင် ၁၂ နာရီ လောက် အထိပင် ဖြစ်သည်။
ဂျပန်များ လက်နက် ချခြင်း
အစည်းအဝေး အပြီးတွင် ဗိုလ်ချုပ်သည် သီးသန့် တည်းခိုအိမ်သို့ ပြန်သွားသည်။ ကျန် စစ်ခေါင်းဆောင်တို့မှာ အသီး သီး အိပ်ရာဝင်ရန် ပြင်နေကြသည်။ သြဂုတ်လ ၁၁ ရက်နေ့ အကူး နံနက် ၁ နာရီလောက်တွင် ပဲခူးတမြို့လုံး သောင်း သောင်း အုတ်အုတ် ဆူညံသွားသည်။
မြို့ပေါ် အနှံ့အပြား တပ်စွဲထားသော အင်္ဂလိပ်၊ အိန္ဒိယ၊ ကပ္ပလီတပ်တို့မှ လာသော ဆူညံသံများ ဖြစ်သည်။ ထူးခြား၍ စုံစမ်းရာ ဂျပန်လက်နက်ချပြီ ဖြစ်ကြောင်း ရေဒီယို သတင်းကို ယခုပင် ရရှိကြောင်း၊ ဂျပန်နှင့် စစ်ပြီး၍ မဟာမိတ် တပ် များ ပျော်ရွှင်ခြင်း ဖြစ်ကြောင်း တိုင်း ၄ အချက်ပြ ဆက်သွယ်ရေး ဌာနမှ သိရသည်။ အရာရှိ တဦးအား ဤ သတင်းကို ဗိုလ်ချုပ်ထံ သွားရောက် ပို့ခိုင်းကြသည်။
ပြန်လာ၍ အကျိုးအကြောင်း မေးရာ ဗိုလ်ချုပ်မှာ သီချင်းသံ တခုကို ညည်းရင်း ခြင်ထောင်မ၍ အိပ်ရာဝင်မည့် ဆဲဆဲ ဂျပန် လက်နက်ချပြီ ဖြစ်ကြောင်း သတင်းပို့လိုက်ရာ “X ချီး” ဟုသာ ဆို၍ ခြင်ထောင်တွင်း ဝင်သွားကြောင်း ပြောပြ သည်။
အပွဲပွဲကို ဆက်လက် နွှဲရန် စိတ်စောနေကြသော စစ်ခေါင်းဆောင်တို့မှာ ဂျပန်လက်နက်ချပြီ ဆိုသော သတင်းကို ရ၍ မချင့်မရဲ ကြိတ်မနိုင် ခဲမရ ဖြစ်ကြသည်။
လွတ်လပ်ရေးနှင့် ကျောရိုး
စစ်အခြေအနေမှာ လုံးဝ ပြောင်းလဲခဲ့ပြီ။ နိုင်ငံရေး အခြေအနေလည်း ပြောင်းလဲရမည်။ ဂျပန်တိုက်ရေးထက် ဗမာ နိုင်ငံ ရေးနှင့် တပ်မတော် ပြန်လည် ဖွဲ့စည်းရေးတို့က ပိုမို အရေးကြီးလေပြီ။ ဤအရေးတို့ကို ဖဆပလ ခေါင်းဆောင်များ နှင့် ပါ ဆက်လက် ဆွေးနွေးရန် (ပဲခူးတွင် အစည်းအဝေး ဆက်လက် မကျင်းပတော့ဘဲ) စစ်ခေါင်းဆောင်တို့ နောက် တနေ့ ပင် ရန်ကုန်သို့ ဆင်းသွားကြသည်။
သြဂုတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ တာဝါလိန်းလမ်းရှိ ဗိုလ်ချုပ် အောင်ဆန်း နေအိမ် ၌ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ စစ်ခေါင်းဆောင်တို့ ဆက် လက် ဆွေးနွေး၍ ဆုံးဖြတ်ချက်များ ချကြသည်။ တိုင်းပြည်နှင့် တပ်မတော် နောင်ရေး အတွက် အရေးကြီးသော ဆုံး ဖြတ်ချက်များပင်။ နေ့ ၁၂ နာရီခွဲမှ ၃ နာရီတိုင် စစ်ခေါင်းဆောင် တို့သည် ဖဆပလ ခေါင်းဆောင်တို့နှင့် တွေ့ဆုံ၍ မိမိတို့၏ ဆုံးဖြတ်ချက် တို့ကို တင်ပြကြသည်။
အရေးအကြီးဆုံး အချက်မှာ ဗမာ့ လွတ်လပ်ရေး အတွက် ဆောင်ရွက်ကြရာ၌ တနိုင်ငံလုံးရှိ အဖွဲ့အစည်း ပါတီတို့သည် တညီတညွတ်တည်း ခိုင်မြဲစွာ ပူးပေါင်းကြ၍ ညီညွတ်ရေး အဖြစ် ဆောင်ရွက်ကြရန်ပင် ဖြစ်ပေသည်။ လွတ်လပ်ရေး အတွက် ညီညွတ်ရေးမှာ အရေးကြီးဆုံး ဖြစ်ကြောင်း စစ်ခေါင်းဆောင်တို့က ရှေးဦးစွာ တပ်လှန့် လိုက်ချက်ပင်။
တော်လှန်ရေးတွင်လည်း အသေခံ၊ အနာခံ၊ အဆုံးအရှုံးခံသော အောင်ပွဲများကို ရ၍ မဟာမိတ်တို့၏ လေးစားခြင်းကို ရသည့် တိုင်အောင် တပ်မတော်သည် ဆောင်ရွက်ခဲ့၏။ ဤအရေးကြီးလှသော အချိန်တွင် တတိုင်းပြည်လုံး ညီညွတ်မှု ရရှိရေးသည် အရေးကြီးဆုံး ဖြစ်ကြောင်း တင်ပြ တိုက်တွန်းရုံ သာမက၊ မဆုတ်မနစ်သော လုံ့လဖြင့် တပ်မတော် ခေါင်းဆောင်တို့သည် ဆောင်ရွက်ခဲ့ကြပေသည်။ တပ်မတော်၏ ဆောင်ရွက်ချက်တို့မှာ ကျွန်ုပ်တို့ လက်ဝယ် ရရှိနေ သော လွတ်လပ်ရေး၏ ကျောရိုးကြီး ပေတကား။
ဤကဲ့သို့ သဘောတူ ဆုံးဖြတ်ထားသည့် အတိုင်း ဗမာ့ မျိုးချစ် တပ်မတော် စစ်ဌာနချုပ်တွင် တပ်မတော် ခေါင်းဆောင် တို့သည် သြဂုတ်လ ၁၃ ရက်နေ့၌ ရန်ကုန်မြို့ရှိ သတင်းစာဆရာတို့အား ဖိတ်ကြားကာ တော်လှန်ရေးတွင် ဆင်နွှဲခဲ့ရ သော တိုက်ပွဲများ၊ စွန့်စား အနစ်နာခံမှုများ၊ အောင်ပွဲများ စသည်တို့ကို ရှင်းလင်းပြီးနောက် ဗမာ့ လွတ်လပ်ရေး အတွက် တနိုင်ငံလုံး အဖွဲ့အစည်း ပါတီ အသီးသီးတို့သည် တစည်းတလုံးတည်း ပူးပေါင်းဆောင်ရွက်ရေးနှင့် တပ်ဦးရ အောင် အဓိကထား၍ ဗမာ့နိုင်ငံရေးကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဤအချက်တို့ကို သတင်းစာတို့ကလည်း လှုံ့ ဆော် ပေးစေလိုကြောင်း ပြောကြားကာ မိမိတို့ သဘောတူ ဆုံးဖြတ် ရေးဆွဲထားသည့် ကြေညာစာတမ်းကို ပေးဝေ လိုက် ၏။
ရာဇဝင်တွင်မည့် ကြေညာစာတမ်း
တပ်မတော် ခေါင်းဆောင်တို့၏ ကြေညာစာတမ်းမှာ ရှင်းလင်းလှပါသည်။ တပ်မတော် ခေါင်းဆောင်တို့က ဖဆပလ အဖွဲ့ နှင့် ပူးပေါင်း၍ တစည်းတလုံးတည်း ဆောင်ရွက်ရန် တနိုင်ငံလုံးအား တိုက်တွန်းထားပေသည်။ တပ်မတော် မော်ကွန်းတိုက်မှ ရရှိသော ဤ အဖိုးထိုက်တန်လှသည့် ကြေညာစာတန်းကို တပ်မတော် မော်ကွန်းတိုက်၏ ခွင့်ပြုချက် အရ ပြည်သူလူထုအား အောက်တွင် မိတ္တူမူရင်း အတိုင်း လွတ်လပ်ရေး လက်ဆောင် အဖြစ် ပါးလိုက်ရပေသည်။
ညီညွတ်ခြင်းဖြင့် လွတ်လပ်ရေးကို တည်မြဲစေအံ့။
အောက်ပါ ကြေညာစာတမ်းကို ဗမာ့တပ်မတော် ခေါင်းဆောင် အရာရှိကြီးများ၏ အစည်းအဝေးက ထုတ်ပြန် ကြေညာ လိုက်ကြောင်း။
နေ့စွဲ ၁၂၊ ၈၊ ၄၅ နံနက် ၁၁ နာရီ။
ယခုအခါ ဂျပန် ဖက်ဆစ်များသည် ကျွန်ုပ်တို့ တပ်မတော်နှင့် နိုင်ငံပေါင်းစုံ မဟာမိတ် တပ်မတော်များ ဝိုင်းဝန်း တိုက် ခိုက်သည်ကို ဖက်ပြိုင်ခြင်းငှာ မစွမ်းတော့ဘဲ လက်နက်ချရန် စကားများပင် ကမ်းလှမ်း ပြီးလေပြီ။
ကမ္ဘာစစ်ကြီးကား ပြီးတော့မည်။ သို့ရာတွင် ကျွန်ုပ်တို့ နိုင်ငံသူ နိုင်ငံသားများ၏ အရေးကား မပြီးသေး။ ကျွန်ုပ်တို့ နိုင်ငံ ၏ အရေး တခုလုံးသည် ကျွန်ုပ်တို့ တပ်မတော်နှင့် လွတ်လပ်ရေး လိုချင်သူ အားလုံး သက်စွန့်ကြိုးပမ်း ထမ်းဆောင် လာခဲ့ရသည်နှင့် အမျှ ထိရောက်စွာ အောင်မြင်ရန်အတွက် ဗမာနိုင်ငံရှိ ခေါင်းဆောင် ပုဂ္ဂိုလ်များနှင့် တိုင်းသူပြည်သား အပေါင်းတို့သည် လူမျိုးမရွေး၊ ဘာသာမရွေး တညီတညွတ်တည်း ဆက်လက် ဆောင်ရွက်ရန် အထူးလိုပေသည်။
ကျွန်ုပ်တို့ တပ်မတော်သား အားလုံးသည် လည်းကောင်း၊ ဗမာနိုင်ငံ လွတ်လပ်ရေး အတွက် စွန့်စွန့်စားစား ဆောင်ရွက် ခဲ့သူ အပေါင်းတို့သည် လည်းကောင်း၊ ဤမျှ အပင်ပန်း အဆင်းရဲ အနစ်နာ အသေအကြေခံကာ ကြိုးပမ်း ဆောင်ရွက် ခဲ့သည်မှာ လက်တဆုပ်မျှရှိသော လူတစု၏ ကောင်းစားမှုကိုသာ လည်းကောင်း၊ ကျွနု်ပ်တို့၏ ကိုယ်ရေးကိုယ်တာ တိုး တက်မှုကိုသာ လည်းကောင်း ရည်မှန်း ဆောင်ရွက်လုပ်ကိုင်ခဲ့ကြသည် မဟုတ်ဘဲ ဗမာနိုင်ငံ လူထု အပေါင်း လွတ်လပ် ရေး ရည်စူးလျက် ဆောင်ရွက် လုပ်ကိုင်ခဲ့ကြသည့် အကြောင်းကို ခေါင်းဆောင်မည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံသူ နိုင်ငံသား အပေါင်းတို့အား အထူးလေးနက်စွာ ဖော်ပြလိုပေကြောင်း။
ထို့ကြောင့် ကျွန်ုပ်တို့ တပ်မတော် ခေါင်းဆောင် အရာရှိကြီးများ အစည်းအဝေးက ဗမာ နိုင်ငံအတွင်း ခေါင်းဆောင်မည့် ပုဂ္ဂိုလ်များနှင့် တိုင်းသူပြည်သားအပေါင်းက စိတ်ဝမ်းကွဲပြားခြင်း အလျှင်းမရှိဘဲ ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး (ဖဆပလ) အတွင်းသို့ ထိရောက်စွာ ဝင်ရောက်လုပ်ကိုင်ကာ ဗမာနိုင်ငံ လွတ်လပ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း အရပ်ရပ်ကို တညီတညွတ်တည်း နှောင့်နှေးဆိုင်းငံ့ခြင်း အလျှင်းမရှိဘဲ ဆောင်ရွက် ကြ ရန် ပြင်း ထန်စွာ တိုက်တွန်း လိုက်ပါကြောင်း။
၁။ ဗိုလ်ချုပ် အောင်ဆန်း၊ စစ်သေနာပတိ၊
၂။ ဗိုလ်မှူး လကျာ်၊ ဒုတိယ စစ်သေနာပတိ၊
၃။ ဗိုလ်မှူး ဇေယျ၊ စစ်ဦးစီးမှူး၊
၄။ ဗိုလ်မှူး နေဝင်း၊ ရှေ့တန်းစစ်ဌာနချုပ်မှူး၊
၅။ ဗိုလ်မှူး မောင်မောင်၊ တိုင်းအမှတ် ၁ မှူး၊
၆။ ဗိုလ်မှူး အောင်ကြီး၊ မြစ်ဝကျွန်းပေါ် တိုင်းမှူး၊
၇။ ဗိုလ်မှူး ကျော်ဇော၊ တိုင်းအမှတ် ၄ မှူး၊
၈။ ဗိုလ်မှူး ရဲထွဋ်၊ တိုင်းအမှတ် ၆ မှူး၊
၉။ ဗိုလ်မှူး အောင်၊ တိုင်းအမှတ် ၇ မှူး၊
၁၀။ ဗိုလ်ကြီး အာဠာဝက၊ အထက်ဗမာပြည် တိုင်းမှူး။
ဤဆောင်းပါးကို ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ဖော်ပြခြင်း ဖြစ်ပါသည်။ စိတ်ကူးချိုချို စာပေ က ပြန်လည် ထုတ်ဝေသော ဗိုလ်မှူး ဘရှင် ရေးသားသည် စစ်ရေး၊ နိုင်ငံရေး နှင့် လူမှုရေး ဆိုင်ရာ သမိုင်း စာတမ်းများ စာအုပ်မှ ကူးယူ ဖော်ပြ ပါသည်။