ဆောင်းပါး

ရဲဘော် သုံးကျိပ်၏ နိဒါန်း

Want create site? Find Free WordPress Themes and plugins.

ကျနော် ထိုနေ့ကို ကောင်းစွာ မှတ်မိနေပါသည်။ ၁၉၄၁ ခုနှစ် ဧပြီလဆန်း ၈ ရက် ဖြစ်ပါသည်။ ကျနော့် အင်္ဂလိပ်စာ ဖတ်စာ အုပ် ဖြစ်သော မွန်တီခရစ္စတို ဆိုတဲ့ အင်္ဂလိပ် စာအုပ်ကလေး ကုန်ဆုံးသော နေ့ ဖြစ်ပါသည်။ ကျနော် ဖတ်စာအုပ် အသစ်ကို ကိုင်ရတော့မည် ဖြစ်၍လည်း ဝမ်းသာ နေပါသည်။

ကျနော် ထိုနေ့ နေ့လယ် ဆရာမကြီး ဒေါ်မမ၏ ကျောင်းရှိရာ မအူပင်လမ်းအတိုင်း လျှောက်၍  ကျနော့်အိမ် ဇလွန်လမ်း ရှိ ရာသို့ အပြန်တွင် မအူပင်လမ်းဆုံနှင့် ရှမ်းလမ်းမကြီးတို့ ဆုံသည့်နေရာ ရောက်သောအခါ ရဲစစ်လေ့ကျင့်ရေး တာဝန်ခံ သင် ကြား ပေးသူ ရန်ကုန် ရဲတပ်ဖွဲ့မှ ကိုညိုဆိုသောသူက လက်ဖက်ရည်ဆိုင် တဆိုင်က လမ်းဆုံသို့ ထွက်လာပြီး ကျနော့်ကို ပြုံးရွှင်စွာ နှုတ်ဆက်ကာ လမ်းထောင့် တနေရာသို့ ခေါ်သွားပါသည်။

နောက်သူက ပြောသည်မှာ ကျုပ်တို့ ဗမာပြည် အရေးတော့ ပေါ်လာပြီ။ ခင်ဗျား ဗမာပြည် လွတ်လပ်ရေး အတွက် ဘာမဆို လုပ်မယ် မဟုတ်လား ဟု မေးပါသည်။ ကျနော်က လုပ်မည့် အကြောင်း စိတ်အား တက်ကြွစွာ ပြန်ပြောသော အခါ သူက ဆက်ပြောတာက ကျနော်တို့ အင်္ဂလိပ်ကို တိုက်ဖို့ စစ်ပညာကို ဂျပန်က သင်ပေးမည် ဆို၍ ဂျပန်ပြည်ကို မျိုးချစ်လူငယ်တွေ စေလွှတ်မယ်။ ခင်ဗျား လိုက်မယ် မဟုတ်လားဟု မေးပါသည်။ ကျနော်က စိတ်အားတက်ကြွလာ သော်လည်း တဖက်က အင်္ဂလိပ်စာ သင်နေသည်ကို သတိရပြီး ကျနော် လိုက်ချင်ပါတယ်။ ဒါပေမယ့် ကျနော် အင်္ဂလိပ် စာ သင်နေတာ နောက် ၆ လ ဆိုရင် တကယ် တတ်တော့မှာ၊ နောက် ၆ လလောက်ကြာမှ သွားလို့ မဖြစ်ဘူးလားလို့ ပြန်မေးပါတယ်။ သူက ရယ်မော ပြီး အင်္ဂလိပ်စာ သင်တာက ဘယ်တော့မဆို သင်နိုင်ပါတယ်ဗျာ၊ တော်လှန်ရေး ဆို တာက အချိန် အခွင့်အခါသင့်သလို လုပ် ကြရတာဗျ၊ အခွင့်သင့်တုန်း သွားကြရမှာ ဖြစ်တယ်လို့ ပြောသည်။

ကျနော် နောက်မှ စဉ်းစားမိသည်။ ဂျပန်သွားရေး ကိစ္စ ဘယ်ပါတီက လုပ်နေသည်လဲ သိဖို့ လိုသည်။ ဦးစောလည်း ဂျပန် နှင့် ဆက်နေသဖြင့် ဦးစောတို့ကများ လွှတ်တာလားဟု သံသယ ဝင်လာပါသည်။ သူက ဘယ်ပါတီက လွှတ်တယ်ဆိုတာ လျှို့ ဝှက် ချက်ဖြစ်လို့ မပြောနိုင်ဟု ဆိုပါသည်။ ကျနော်လည်း ဒီကိစ္စအရေးကြီးသည်။ ငါ့ဘာသာငါ စုံစမ်းမယ်ဆိုပြီး ကျနော် လိုက် မလိုက် ဆုံးဖြတ်ချက်ကို နောက် ၂ ရက်မှာ ခင်ဗျားအိမ်ကို လာပြောမယ်ဗျာ။ ကျနော့်ကို စိတ်ချပါ။ ဒီကိစ္စ ကျနော် လျှို့ဝှက် ထားပါ့မယ်ဟု ပြော၍ လူချင်းခွဲကြသည်။ သခင် ပါတီက လွှတ်တာမဟုတ်ရင် မသွားဘူးဟု စိတ်ထဲထား ရှိပါသည်။

နောက်နေ့တွင် ကျနော်သည် လွှတ်တော် အစည်းအဝေး တက်နေသော သခင်မြထံသွားတွေ့ပါသည်။ သခင်မြသည် လွှတ် တော်မှ ထွက်ပြီး ကျနော့်ကို တွေ့ပါသည်။ ကျနော်က ကိုညိုပြောပြသော ဂျပန်သွားရေး ကိစ္စကို အတိုချုံး ပြောပြပြီး ကျနော် သည် ဂျပန်သွားရေး ကိစ္စကို သခင်မြတို့၏ သခင်ပါတီမှ စေလွှတ်မှသာ သွားလိုသည်။ ထို့ကြောင့် တိုက်ရိုက်လာ ပြီး မေးမြန်း ရကြောင်း ပြောပြပါသည်။

သခင်မြသည် ရုတ်တရက် ပြန်ဖြေရန် ခက်နေပုံရသည်။ ထို့ကြောင့် နက်ဖြန်နံနက် သူတည်းခိုနေသော ရွှေတောင်တန်း အိမ်သို့ လာပြီး တွေ့ဖို့နှင့် သူ့လိပ်စာ ကျနော့်ကို ပေးလိုက်ပါသည်။

နောက်တနေ့ နံနက် ကျနော် သခင်မြ အိမ်ခန်းသို့ သွားပြီး သခင်မြနှင့် တွေ့ဆုံပါသည်။ သခင်မြ တည်းခိုသော အခန်းမှာ ရွှေတောင်တန်းရှိ တိုက်တတိုက်အောက်ဆုံး မြေညီထပ်ရှိ အခန်းတခန်း ဖြစ်ပါသည်။ ကော်ဇောကြီးတချပ် ခင်းထားသည် ကို မှတ်မိနေပါသည်။

သခင်မြ ထွက်လာကာ ကျနော့်ကို လက်ခံ တွေ့ဆုံပြီး ကျနော့်အကြောင်း အနည်းငယ် မေးမြန်းပြီး ဂျပန် စစ်ပညာသင် သွားရေး ကိစ္စဟာ တို့လုပ်နေတာ ဖြစ်တယ်ဟု တိတိလင်းလင်း ပြောပါသည်။ ဂျပန်လိုက်သွားဖို့လည်း တိုက်တွန်းပါသည်။ ကျနော်လည်း စိတ်ထဲ ကြည်လင် ဝမ်းမြောက်သွားပြီး ကျနော် နက်ဖန် ကိုညိုကို ဂျပန်သွားမယ်လို့ ပြောလိုက်ပါတော့မယ် ဟု ပြောပါသည်။ သခင်မြက ဂျပန်သွားရေးကို ကိုညိုတို့ ဆက်စီစဉ်ပါလိမ့်မယ်လို့ ပြောပါသည်။ ကျနော် သခင်မြအိမ်မှ ပြန် လာခဲ့ပါသည်။

ကျနော် နောက်နေ့ ကိုညိုအိမ်သွားပြီး ကျနော် ဂျပန်သွားမည်ဟု ကတိပေးပါသည်။ ကိုညိုက ဝမ်းသာပြီး ဂျပန်သွားဖို့ ရက် မဝေးတော့ပါဘူး ပြောပြီး နောက်ထပ် တွေ့ဆုံရန် ရက်ချိန်း လိုက်ပါသည်။ နောက် ကိုညိုပြောလိုက်သည်က ဂျပန်သွား ရင် သင်္ဘောနှင့် သွားရမှာ။ သင်္ဘောပေါ် သင်္ဘောဘေးက လှေခါးနဲ့ တက်ရမှာ။ ဂျပန် သင်္ဘောသားတွေနဲ့ ရောပြီး တက်ရာ မှာ သူတို့လို မြန်မြန် တက်နိုင်အောင် အိမ်က လှေခါးမှာ အတက်လေ့ကျင့်ထားရင် ကောင်းမယ် ပြောပါတယ်။ ဆက်ပြီး ပြော တာက သင်္ဘောအတက်မှာ ဖမ်းမိသွားရင်တော့ ရေထဲ ခုန်ချလိုက်ဟု ပြောရာ ကျနော်က ဟာ ကျနော် ရေမကူးတတ်ဘူး လို့ ပြောတော့ ကိုညိုက စိတ်တိုပြီး သေလိုက်ပေါ့ဗျာလို့ ခပ်တည်တည်နဲ့ ပြောတော့ ကျနော်လည်း တရား အတိုင်းလည်း ဟုတ်မှန်နေ၍ ဟုတ်ပါပြီဗျာဟု ပြန်ပြောခဲ့ရသည်။

ကျနော် အိမ်ပြန်သွားပြီး ကိုညိုချိန်းသည့် ရက်ကို စောင့်နေပါသည်။ ထိုအတွင်း သူမှာလိုက်သည့် အတိုင်း လှေခါး အတက် ကို အိမ်သားတွေ အလစ်တွင် လေ့ကျင့်ပါသည်။ တကြိမ်တွင် လေ့ကျင့်နေစဉ် ကျနော့်အဒေါ် မီးဖိုချောင်က အထွက် တွေ့ မြင် သွားပြီး ဒါလောက် ဆော့ရသလားဟု ကြိမ်းမောင်းသွားပါသည်။

၁၉၄၂ ခုနှစ် အစောပိုင်းက ရန်ကုန်ကို ဝင်ရောက်လာသော ဗမာ့လွတ်လပ်ရေး တပ်ဖွဲ့

ကျနော် ထိုရက်အတွင်း ကျနော်တို့ ကျောင်းသားတွေကို ၁၃၀၀ ပြည့် (၁၉၃၈) ဒီဇင်ဘာ၂၀ ရက်က ဗမာပြည် အင်္ဂလိပ် နယ်ချဲ့ အစိုးရ ရိုက်နှက် ဖြိုခွဲခဲ့သော အတွင်းဝန်ရုံးကြီး၏ အနောက်မြောက်ထောင့် စပတ်လမ်း (ယခု ဗိုလ်အောင်ကျော် လမ်း) နေရာကို သွားကြည့်ပြီး အင်္ဂလိပ် အစိုးရ အပေါ် မုန်းတီးရေး စိတ်ဓာတ်ကို မြှင့်တင်ခဲ့ရပါသည်။

နောက် ကိုညိုချိန်းသည့် ရက်ကို ရောက်လာပြီး ကိုညိုနှင့် တွေ့ပါသည်။ သူက ခင်ဗျား နက်ဖြန်ည သင်္ဘောဆင်းရမည် ဟု ပြောပြီး အသေးစိတ် အစီအစဉ်များ ပြောပါသည်။ နောက် ကိုညိုက ခင်ဗျား ပျောက်သွားရင် ခင်ဗျား မိဘက အကြီး အကျယ် လိုက်ရှာပြီး မတွေ့ရင် တိုင်ကြားမှုတွေ ဖြစ်မှာ စိုးရတယ်။ ဒီတော့ ခင်ဗျားက ခင်ဗျား မိဘထံကို စာရေးပို့လိုက်ပါ။ “ကျနော်ဟာ မိဘတို့ထက် ပိုပြီး ချစ်တဲ့သူနောက် လိုက်သွားပါသည်” ဟူသည့် သဘော စာရေးပါဟု မှာကြားပြီး နှုတ်ဆက် ကာ လူချင်းခွဲကြပါသည်။

ထိုရဲတပ်ဗိုလ် မြန်မာ ကျောင်းဆရာ ရဲဘော်ကြီး ကိုညိုဆိုသူမှာ နောက် ကျနော်တို့ ဗမာ့ ကာကွယ်ရေး တပ်မတော် B.D.A တွင် ပါဝင်လာပြီးနောက် ဗိုလ်မှူးသူရ ဖြစ်လာပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးအတွင်းဝန်ဖြစ်လာသူ ဖြစ်သည်။ လူချစ် လူခင် ပေါများသူလည်း ဖြစ်သည်။ နောင် တပ်မတော် တပ်ရင်းမှူး ဖြစ်လာပြီး မကြာမှ ငှက်ဖျား ရောဂါ ဖြင့် B.D.A ကာလ အတွင်း စောစွာ ဝမ်းနည်းဖွယ် ကွယ်လွန်ကျဆုံးသွားရသူ မျိုးချစ် ပုဂ္ဂိုလ်ကြီး ဖြစ်သည်။

ကျနော် အဒေါ်အိမ်ပြန်သွားပြီး ကပြာကယာပင် မိဘများထံ စာရေးပါသည်။ မိဘထက် ချစ်သူ နောက်လိုက်သွားပြီ စကား လုံး ကို အဘက်ဘက်က လိုအပ်သဖြင့် ရေးထည့်လိုက်ရသည်ကို စိတ်မကောင်းပါ။ နောက် ကျနော်ရက်ရှည် ခရီးထွက် မည့် အကြောင်း တနည်းတဖုံ ကျနော့် ရည်းစား မသန်းစိန်ထံ စာရေးသင့်သည် ထင်သော်လည်း တိုင်းပြည်၏ လျှို့ဝှက်ရေး လုံခြုံရေးကြောင့် မရေးတော့ပါ။

နောက်နေ့ ကျနော် သင်္ဘောဆင်းရမည့်နေ့ ညဦးပိုင်း ၇ နာရီလောက်တွင် ကိုညိုပြောလိုက်သော ရန်ကုန် အရှေ့ပိုင်း ရပ် ကွက် လူမရှိသော အိမ်တအိမ်သို့ ကျနော်သွားပြီး တံခါးကို အသာတွန်းဝင်သွားပါသည်။ အိမ်တွင် အိမ်ထောင် ပရိဘောဂ အစုံ ရှိသော်လည်း အိမ်ရှင်များ မရှိပါ။ အိမ်တွင်းမှာ အတော်မှောင်နေပါသည်။ နောက် ကိုညိုမှာသည့် အတိုင်း အိမ်ခန်း အတွင်း ၂ ယောက်အိပ် ခုတင်အောက်မှ ဂျပန် ရေတပ်ဝတ်စုံကို ယူရန် ခုတင်အောက်ကို ဝင်လိုက်ရာ ခုတင်အောက်တွင် လူတယောက် နှင့် တွေ့ထိမိပါတော့သည်။

၂ ဦးစလုံး ပြိုင်တူ ခင်ဗျား ဘယ်သူလဲ လို့ မေးကြသည်။ နောက်စကားသံကို ကျက်မိသဖြင့် ကျနော်က ခင်ဗျား သခင် သန်းတင် လားဟု လည်းကောင်း သူကလည်း ခင်ဗျား သခင်ရွှေ မဟုတ်လားဟု ပြောကြပြီး ခုတင်အောက်က ထွက်၍ ခပ်မှောင်မှောင်တွင် လက်ချင်းဆက်ပြီး ၂ ယောက်စလုံး ဒီည ဂျပန်သင်္ဘောကို ဆင်းကြတော့မည်။ ဂျပန်စစ်ပညာသင် သွားကြရမည်ကို ပြောကြပြီး ဂျပန်သင်္ဘောသား ဝတ်စုံကို ဝတ်ဆင်ကြပါသည်။ ကျနော်တု့ိမှာ တယောက်တည်း မဟုတ် ရဲဘော် မိတ်ဆွေနှင့် ၂ ယောက်အတူတူ သွားကြရမည် ဖြစ်၍ အလွန် ဝမ်းသာ သွားကြပါသည်။

သခင်သန်းတင်မှာ ခေါင်းဆောင်ကြီး သခင်မြ အိမ်တွင်နေပြီး ကျနော်တို့ကို ဗမာ့ လက်ရုံးတပ် စစ်သင်တန်း လေ့ကျင့် ခန်းများ လာပြီး ပေးခဲ့သူ ရဲဘော် ဖြစ်ပါသည်။ ၂ ယောက်စလုံး ဂျပန် အတူသွားရမည် ဖြစ်၍ ဝမ်းသာ နေကြပါသည်။

ကျနော်တို့ ၂ ယောက်သည် ကိုညိုမှာလိုက်သည့် အစီအစဉ် အတိုင်း ထိုအိမ်မှ နေပြီး အတွင်းဝန်ရုံးကြီးဘက်ကို သွားကြပါ သည်။ အတွင်းဝန်ရုံးကြီး၏ အနောက်မြောက်ထောင့် စပတ်လမ်းပေါ် ရောက်သောအခါ ကျနော်က ကိုသန်းတင်ကို ၁၃၀၀ ပြည့် ကျနော်တို့ ကျောင်းသားတွေ အရိုက်ခံရသော နေရာကို ရောက်သောအခါ ဒီနေရာမှာ ၁၃၀၀ ပြည့်တုန်းက ကျနော် တို့ အရိုက်ခံရတဲ့ နေရာဟု ပြောပြပါသည်။

ဤတွင် လန်ချားကုလားက ဂျပန်အဝတ်အစားနှင့် ဗမာစကားပြောသံကို ကြားပြီး အံ့သြတကြီး လန်ချားဆွဲနေရာက နောက် ပြန် လှည့်ကြည့်တော့မှ ကျနော်တို့ အမှားကို သတိပြုမိပါသည်။

ကျနော်တို့ အချိန်နည်းနည်း စောနေသဖြင့် လန်ချားမှ ဆင်းပြီး လမ်းလျှောက်ကာ ကိုညို မှာလိုက်သည့် အတိုင်း အတွင်း ဝန် ရုံးကြီး၏ အရှေ့မြောက်ထောင့်နေရာ ညာဘက်လမ်းမပေါ်သို့ ငှက်ပျောသီး တဖီးစီကိုင်ပြီး လျှောက်လာရာ ဂျပန် သင်္ဘော သားတစု ကျနော်တို့ နောက်က သင်္ဘောဆိပ်ဘက်သို့ သွားနေသည်ကို တွေ့ရသဖြင့် ကိုညို မှာလိုက်သည့် အတိုင်း ၎င်း ဂျပန် သင်္ဘောသား အုပ်စုနှင့် ရောပြီး လိုက်သွားပြီး နောက်ဆုံး ဂျပန် သင်္ဘောပေါ်သို့ ရောက်သွား ပါတော့ သည်။

နောက် ဂျပန်တဦးက ကျနော်တို့ နှစ်ယောက်ကို ဂျပန်သင်္ဘော ဆန်အိတ်များ တင်ရာတွင် တမင်လုပ်ထားသော ဆန်အိတ် လိုဏ်ခေါင်းတခုသို့ ငုံ့လျှိုးပြီး ခေါ်ဆောင်သွားပါသည်။ ထိုနေရာသည် ကျနော်တို့ ပုန်းခိုရမည့် နေရာဖြစ်ပါသည်။ ရေပုလင်း အနည်းငယ်လည်း ရှိပါသည်။

ကျနော်တို့ နောက်မှ သိရသည်မှာ ကျနော်တို့ သင်္ဘောပေါ်အတက်တွင် တံခါးဂိတ်ဝတွင် အင်္ဂလိပ်အစိုးရဘက် အကောက် ဌာန တာဝန်ခံ ရှေ့က ဖြတ်သန်းသွားရရာ ထိုအင်္ဂလိပ် အကောက်ဌာန တာဝန်ခံက ကျနော်တို့ နှစ်ယောက်ကို ဖမ်းဆီး လိုက်လျှင် ဂျပန်တယောက်က မြန်မာငွေတွေ အများကြီးပေးပြီး လာဘ်ထိုးကယ်ယူဖို့ ဂျပန်တဦး ငွေထုပ်နှင့် ကျနော်တို့ အနားတွင် ရှိနေသည် ဆိုသည်။ ကျနော်တို့ ချောမောစွာ လွတ်မြောက်ပြီး ဂျပန် သင်္ဘောပေါ်သို့ ကောင်းစွာ ရောက်ရှိခဲ့ပါ သည်။ ဒီတော့မှ ကျနော်တို့ စိတ်အေးရပါသည်။

ရဲဘော် သုံးကျိပ်ဝင်များကို စစ်ပညာသင်ပေးခဲ့သည့် ဂျပန် ဗိုလ်မှူးကြီး စူဇူကီး (ဗိုလ်မိုးကြိုး)

နောက်နေ့ ၁၁ နာရီလောက်ကစပြီး လိုဏ်ခေါင်းထဲမှာ အတော် ပူပြင်းအိုက်စပ်လာပါသည်။ ကျနော်တို့ထံသို့ ဦးလေး အရွယ် ဂျပန်လူကြီး တယောက်က ထမင်းစားချိန် ထမင်းဟင်း လာပို့တတ်ပါသည်။ သူ့ကိုယ်သူ “အိုကြီးစံ” ဟု မိတ် ဆက် ထားပါသည်။ (ကျနော်သည် ထိုဂျပန် အဘိုးကြီး၏ ယုယကြင်နာမှုများကြောင့် သူပြောသော နာမည်ကို ယခု အထိ မမေ့ ပေ။ ကျနော့် စိတ်ထင် ထို “အိုကြီးစံ” ဆိုသော နာမည်မှာလည်း၊ သူ့နာမည်ရင်း ဟုတ်မည် မထင်၊ ဂျပန်လို ဦးလေးကြီး ဟု ခေါ်သော စကားလုံး ဖြစ်ပုံရသည်။)

ခဏကြာသောအခါ ၎င်း အိုကြီးစံသည် မျက်နှာသုတ်ပဝါကလေးများ ယူလာပြီး ကျနော်တို့ကို ပေးသည်။ ကျနော်တို့ ပူအိုက် ပြီး ချွေးထွက်နေသည်ကို သူတွေ့သွား၍ ချွေးများ သုတ်ရန် နောက်တခေါက် လာပေးခြင်း ဖြစ်သည်။

(မှတ်ချက်။  ။ ကျနော်သည် ဂျပန်ပြည် စစ်ပညာသင် သွားမှတ်တမ်းကို ဗမာပြည်က စထွက်သည့်နေ့မှ ဘီအိုင် အေတပ်နှင့် ရန်ကုန်မြို့သို့ ပြန်ဝင်လာခါနီး အထိ လအချို့၏ အဖြစ်အပျက်များကို မှတ်တမ်းစာအုပ် ၂ အုပ်၊ ဗလာ စာအုပ် နှစ်အုပ်နှင့် ရေးသားထားခဲ့ပါသည်။ ၎င်းစာအုပ် နှစ်အုပ်အကြောင်းကို ဗမာ့တပ်မတော် မော်ကွန်း တိုက်များကို အုပ်ချုပ်ရသော ဗမာ့ တပ်မတော် ဌာနချုပ်ရုံးမှ ဒုဗိုလ်မှူးကြီး ဘသန်းကို ကျနော့် ဗမာ့တပ်မတော် မြောက်ပိုင်းတိုင်းမှူး ဖြစ်စဉ် ၁၉၅၅ ခုနှစ် လောက် က ပြောမိသည်။

ထိုစာအုပ်များကို စစ်ကြီးအတွင်း ကျနော် သိမ်းဆည်းထားခဲ့ကြောင်း ပြောမိသည်။ ဤတွင် ဒုဗိုလ်မှူးကြီး ဘသန်းက “ဟာ ..ဒါ  သိပ်အရေးကြီးတာပဲ။ ဒီစာအုပ် နှစ်အုပ်ဟာ သမိုင်းဝင်တဲ့ စာအုပ်တွေ ဖြစ်တယ်။ ခင်ဗျားထံမှာ သိမ်းထားရင် နောင် ဆွေးမြေ့ ပျက်စီးသွားနိုင်တယ်။

နောက်ခင်ဗျား မရှိတော့ရင်လဲ ဒီစာအုပ်တွေ ပျောက်ပျက်လဲသွားနိုင်တယ်။ ဒီကိစ္စ ဘယ်မှာမှ မှတ်တမ်းရှိတာ မဟုတ်ဘူး။ ဒီတခုသာရှိတာ၊ အလွန်အဖိုးတန်တာ။ ထာဝရ မပျက်စီးအောင် ကျနော်တို့ မော်ကွန်းတိုက်က သိပ္ပံနည်းကျ လေလုံ မိုးလုံ မှာ ထိန်းသိမ်းထားချင်ပါတယ်။ ထာဝရ ထိန်းသိမ်းထားနိုင်ပါတယ်။ နောင် ခင်ဗျား ကြည့်ချင်လဲ မော်ကွန်းတိုက်က ယူကြည့် နိုင်ပါတယ်။ ကျနော်တို့ မော်ကွန်းတိုက်ကို ပေးထားပါ။ ထာဝရ ထိန်းသိမ်းထားသွားပါ့မယ်”ဟု အတင်းနင်းပြီး အားတိုက် ခွန်တိုက် ပြောပါတော့သည်။

ကျနော်လည်း တုန်လှုပ်သွားသော်လည်း ဒီစာအုပ်များ ကျနော် တဦးတည်းပိုင် ဖြစ်ရတာထက် နိုင်ငံတော်ပိုင် ဖြစ်သွားတော့ မှာမို့ သဘောတူပြီး ပေးလိုက်ပါသည်။

၎င်းမှတ်တမ်းစာအုပ် နှစ်အုပ် တပ်မတော် မော်ကွန်းတိုက်တွင် ရှိနေကြောင်း ကျနော် ရန်ကုန်မှာ ရှိနေစဉ်က သိနေရပါ သည်။ (၁၉၉၀ )ခုနှစ် မိမိ၏ မိသားစု ပြေးရင်း လွှားရင်း တရုတ်ပြည်သို့ ရောက်လာပြီး တရုတ်အစိုးရ စောင့်ရှောက် မှုနှင့် တရုတ် ပြည်မှာ နေစဉ် (၁၉၉၉) ခုနှစ်၊ ဒီဇင်ဘာလတွင် မိမိ၏ ဇနီးသည် ဒေါ်သန်းစိန် ကွယ်လွန်ပြီးနောက် ၂၀၀၀ ပြည့်နှစ်တွင် သား ကိုမြမောင်က ရွှေလီမြို့မှ နေပြီး မြန်မာပြည် ဗမာ့တပ်မတော် မော်ကွန်းတိုက်မှ ၁၉၉၄ ခုနှစ်တွင် ထုတ်ဝေသော “တပ်မတော် သမိုင်း” စာအုပ်တွဲများကို ပို့ပေးရာတွင် ထိုစာအုပ်ပါ အချက်အလက် အချို့ကို “ဗိုလ်မှူး ချုပ်ကျော်ဇော ဂျပန် စစ်ပညာသင် သွား မှတ်တမ်း” မှဟု ကိုးကားဖော်ပြပြီး ရေးသားထားသည်ကို တွေ့ရ၍ မိမိမှတ်တမ်းစာအုပ် နှစ်အုပ် တပ်မတော် မော်ကွန်း တိုက်တွင် ဆက်ရှိနေသည်ကို သိရပါသည်။

၎င်း မှတ်တမ်းများ မပေးလိုက်ခင် ကျနော် ကော်ပီတစောင် ကူးယူထားလိုက်ပါသည်။ ကော်ပီကူးစဉ် ကူးပေးသူ မြောက် ပိုင်း တိုင်း စစ်ရုံးလက်နှိပ်စက်စာရေးက ကျနော့်ထံလာပြီး ထိုမှတ်တမ်းများမှာ အလွန် စိတ်ဝင်စားစရာ ကောင်းသဖြင့် သူ့ကို ကော်ပီတစောင် ရယူခွင့်ပြုပါရန် လာတောင်းပါသည်။

ကျနော်က ဒီမှတ်တမ်းတွေက ကျနော်ပိုင် မဟုတ်တော့ဘူး။ တိုင်းပြည်က ပိုင်သွားပြီ ဖြစ်သဖြင့် မပေးနိုင်တော့ပါဟု တောင်းပန် လိုက်ပါသည်။

ကျနော်နှင့် သားသမီးများ ၁၉၇၆ ခုနှစ်က တောခိုလာရာတွင် ထိုမှတ်တမ်း ကော်ပီမှာ ကျနော့် စမ်းချောင်းအိမ်တွင် ကျန်ရစ် ပါသည်။ ထိုစဉ်က ကျနော့်ဇနီး ဒေါ်သန်းစိန်ထံမှ ကျနော် သိမ်းထားသော ဓာတ်ပုံပေါင်း ၄၉၉ ပုံကို ထောက်လှမ်းရေးက သိမ်းယူ သွားပါသည်။

၁၉၈၀ ခုနှစ်တွင် ဒေါ်သန်းစိန် ကျနော်တို့နောက် လိုက်လာရာ ကျနော့်အိမ်တွင် ဒုတိယသမီး စန်းစန်းတို့ အိမ်ထောင် စုသာ ရှိရာမှ သမီးစန်းစန်းကို ၁၉၈၉ ခုနှစ်တွင် နဝတ အစိုးရက ဖမ်းပြီး ကျနော့် စာအုပ်စာတမ်း အားလုံးကို ကားနဲ့ တိုက်ပြီး ထောက်လှမ်းရေးက သိမ်းယူသွားရာ ထိုစာတမ်းများ ပါသွားနိုင်ပါသည်။ ထိုအကြောင်းများကို ဒေါ်သန်းစိန် နှင့် စန်းစန်းတို့ က ပြန်ပြောပြဖူးပါသည်။

ကျနော် ၎င်းမှတ်တမ်းရေးရခြင်း၏ အဓိက အကြောင်းရင်းမှာ နောင် ကျနော်တို့ ဗမာပြည် ပြန်ပြီး ဗမာစစ်တပ် ဖွဲ့စည်းရာ တွင် ကျနော်တို့ ပြန်ပြီး စစ်သင်တန်းပေးလျှင် မမေ့မလျော့ ပြန်ပြီး သင်ကြားနိုင်ရန် အတွက် ဂျပန် ဆရာများက ကျနော် တို့ကို ၁၉၄၁ ခုနှစ်က ဟိုင်နန်ကျွန်းနှင့် ဖော်မိုဆာကျွန်းတို့တွင် စစ်ပညာသင်ပေးသော သင်ကြားချက်များကို နေ့စဉ် မှတ်စု ထုတ်ထားခြင်း ဖြစ်ပါသည်။

သို့သော် ၎င်းမှတ်တမ်းများတွင် စစ်ပညာမှတ်စုများသာမက ထိုစဉ်က ကျနော်တို့ နေထိုင်စားသောက် သွားလာရပုံ၊ ဂျပန် ဆရာများနှင့် မသင့်မမြတ်ဖြစ်ပြီး ဂျပန်ဆန့်ကျင်ရေး စိတ်ဓာတ်များ ထိုစဉ်ကတည်းက ဝင်ခဲ့ပုံတွေပါ ပါဝင်နေသည်။

ဂျပန် စစ်ပညာသင်ကာလ အတွင်း တွေ့ရသည့် ဗိုလ်ချုပ် အောင်ဆန်း(ယာ)နှင့် ရဲဘော် သုံးကျိပ်ဝင်တချို့

ထို့ပြင် ထိုစဉ်က မြန်မာမျိုးချစ် လူငယ်တဦး၏ စိတ်နေသဘောထားကိုလည်း ဖော်ပြထားသလို ဖြစ်ပေသည်။

ယခုတွင် ထိုကျနော်၏ ဂျပန်စစ်ပညာသင်သွား မှတ်တမ်း စာအုပ်နှစ်အုပ်မှာ ဗမာ့တပ်မတော် မော်ကွန်းတိုက်တွင် တိုင်းပြည် ၏ သမိုင်းဝင်ပစ္စည်း အဖြစ် ကောင်းစွာ ထိန်းသိမ်းထားပြီ ဖြစ်၍ စိတ်အေးချမ်းရပေသည်။)

ကျနော်တို့ ဂျပန်ဆန်တင် ကုန်သင်္ဘော၏ လိုဏ်ခေါင်းထဲနေရသည်မှာ နေ့လယ်ပိုင်း ရောက်လေ ပူပြင်း အိုက်စပ်လာလေ ဖြစ်ရာ အတော် အနေရခက်လာပါသည်။ မတတ်သာ၍ ကျနော်တို့ အဝတ်အစားများချွတ်ကာ အတွင်းခံ ဘောင်းဘီ တိုနှင့် စွပ်ကျယ်နှင့်သာ ပင်ပန်း ခက်ခဲစွာ နေခဲ့ရသည်။ အပူဒဏ်မှာ နေဝင်ပြီးညဦး ညနေ ၆ နာရီ ၇ နာရီ လောက်ကျမှ သက်သာ လာပါသည်။ ညစာ ထမင်းလာပို့သော “အိုကြီးစံ” မှာ ကျနော်တို့ အဖြစ်ကို ကြည့်ပြီး များစွာ စိတ်မကောင်းဖြစ် သွားပုံရ သည်။ ကျနော်တို့လည်း အပူဒဏ်ကြောင့် ညစာ ကောင်းစွာ မစားနိုင်ကြပေ။

ထိုည ကျနော်တို့ အိပ်ခါနီး ကျနော်တို့လို မြန်မာလူငယ် ၂ ဦးကို အိုကြီးစံက ကျနော်တို့ထံ လာပို့ပါသည်။ ကျနော်တို့ အံ့အားသင့်ပြီး အချင်းချင်း မိတ်ဆက်ကြတော့မှ သူလည်း ကျနော်တို့လို့ ဂျပန်ကို စစ်ပညာသင်သွားရန် စေလွှတ်ခြင်း ခံရသော လူငယ်တွေ ဖြစ်ကြောင်း ဝမ်းမြောက်စွာ သိရှိရပါတော့သည်။

နောက်နေ့တွင်လည်း ယမန်နေ့လိုပင် အပူဒဏ်ကို ခံကြရပြန်ပါသည်။ ကျနော်တို့က လူသစ် ၂ ယောက်ကို အပူဒဏ် အကြောင်း မိတ်ဆက်ထားပါသည်။ ထိုအတွင်း ကိုသန်းတင်မှာ ပူအိုက်လွန်း သဖြင့် ပင်ပန်းနွမ်းနယ်ပြီး မူဝေ လဲကျသွား ပါ သည်။ ကြမ်းပြင်ကလည်း အလွန်ပူ နံရံကလည်း အလွန်ပူဖြစ်သဖြင့် ကျနော်က သူ့ကို ဖေးမပြီး လဲမကျအောင် မှေးဖက် ထား ရပါသည်။ အတော်လေးကြာမှ သူသက်သာလာပါသည်။ နေ့လယ်လောက်တွင် သင်္ဘောပေါ်ပါလာသူ ကျနော်တို့ကို ဂျပန်သို့ ခိုးထုတ်သူ ဂျပန်တာဝန်ခံ လူကြီးထံမှ အင်္ဂလိပ်လို စာတိုလေး တစောင်ကို အိုကြီးစံက ထမင်း ပို့ရင်း ပေးသွားပါသည်။

စာမှာ“ကျနော်တို့ အပူဒဏ် ဒုက္ခကို ခံနေရကြောင်း သူသိပါသည်။ စိတ်မကောင်းပါ။ တခြားလည်း စီစဉ်မပေးနိုင်ပါ။ ခင်ဗျား တို့ မျိုးချစ်တွေ ဒီဒုက္ခခံသွားနိုင်မည်ဟု ယုံကြည်ကြောင်း” ဟူသော သဘောဖြစ်ပါသည်။ ကျနော်တို့လည်း ထိုအပူဒဏ် ဒုက္ခကို ကြိတ်မှိတ်ပြီး ခံရပါသည်။ သို့သော် ကျနော်တို့မှာ နောက်ထပ် ၂ ဦး တိုးလာ၍ အားတက် ဝမ်းသာနေပါသည်။

ထိုညတွင်းလည်း နောက်ထပ် မြန်မာလူငယ်၂ ဦး ကျနော်တို့ လိုဏ်ခေါင်းသို့ ထပ်ရောက်လာ ပြန်ပါသည်။ ကျနော်တို့ အားလုံး မိတ်ဆက်ကြပြီး ပျော်ရွှင်ဝမ်းမြောက် နေကြပါသည်။

နောက်နေ့ညတွင်လည်း နောက်ထပ် မြန်မာ လူငယ်တဦး လိုဏ်ခေါင်းသို့ ထပ်ရောက်လာပါသည်။ ထိုညပြီး နောက်ည တွေ မှာ မလာတော့ပါ။ အားလုံး စုံပြီလို့ ယူဆရပါသည်။

ကျနော်တို့အားလုံး၏ အမည်များမှာ သခင်စောလွင်(ဗိုလ်မင်းခေါင်)၊ သခင်သန်းတင် (ဗိုလ်မြဒင်)၊ နောက် ကျနော် သခင် ရွှေ (ဗိုလ်ကျော်ဇော)၊ သခင် ထွန်းရွှေ(ဗိုလ်လင်းယုန်)၊ ကိုအောင်သန်း(ဗိုလ်ရဲထွဋ်)၊ သခင်တင်အေး (ဗိုလ်ဘုန်းမြင့်)၊ သခင်စိုး (ဗိုလ်မြင့်အောင်) ပေါင်း ရဲဘော် ၇ယောက် ဖြစ်ပါသည်။

နောက်ဆုံးရဲဘော် ရောက်လာပြီးနောက် တရက် နှစ်ရက်ကြာသောအခါ ကျနော်တို့ သင်္ဘောကြီး စက်ခုတ်မောင်းသံ ကြား ရပြီး မကြာမီ သင်္ဘောကြီးသွားနေသည်ဟု ယူဆရပါတော့သည်။ ထိုနေ့ကို ကျနော်တို့ ကောင်းစွာ မှတ်မိနေပါတော့သည်။ ကျနော်တို့ ဂျပန်သင်္ဘောကြီး ဂျပန်သို့စပြီးထွက်ခွာပြီဟု သိရှိနားလည်ပြီး ကျနော်တို့များစွာ ပျော်ရွင်ကြကာ မြန်မာသြင်္ကန် တွင်း ကာလလည်းဖြစ်၍ မိမိတို့ကို သောက်ဖို့ ပို့ပေးထားသော သောက်ရေပုလင်းများမှ ရေနှင့် ကျနော်တို့ အချင်းချင်း လိုဏ် ခေါင်း ထဲတွင် ရေပက်ကစားကြပါသည်။

ထိုနေ့ဟာ ဗမာ့တပ်မတော်သမိုင်းစာ အရရော ကျနော်မှတ်မိသလောက်ပါ ၁၉၄၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ ဖြစ်ပြီး ကျနော် တို့ စီးနေသော သင်္ဘော၏ အမည်မှာ “ကိုင်ရှိုမာရူး” ဖြစ်ပါသည်။

မှတ်ချက်။  ။ ယခုကျနော်သည် ကျနော်တို့ ဂျပန်ပြည် စစ်ပညာသင်သွားသည့်အကြောင်း ရေးရတော့မည်ဖြစ်ရာ ထို အကြောင်း များကို ကျနော်ရေးထားသော မှတ်တမ်းများ ကျနော့်ထံတွင် မရှိတော့ပါ။ ဗမာ့တပ်မတော် မော်ကွန်းတိုက် တွင်သာ ရှိနေပါသည်။ ထို့ပြင် ထိုအကြောင်း ကိုးကားကြည့်ရှုရန် တပ်မတော် သမိုင်းစာအုပ်နှင့် စာအုပ်အချို့သာ ရှိပါ သည်။ အဓိက ကျနော်၏မှတ်ဉာဏ်ကိုသာ အားကိုးပြီး ရေးရပါမည်။ ကျနော့် အသက်မှာလည်း ၈၄ နှစ် ရှိပြီဖြစ်၍ အတော် ကြိုးစား အားထုတ်ပြီး တဖြည်းဖြည်းခြင်း ရေးရပါတော့သည်။)

သင်္ဘောခုတ်မောင်း ထွက်ခွာစတွင် ကျနော် သတိတခု ရပါသည်။ ၎င်းမှာ မြန်မာ ဝတ္တု မဂ္ဂဇင်းများတွင် ရန်ကုန်မြစ် အတွင်း မှ ရွှေတိဂုံ ဘုရားကြီးကို ဖူးမျှော်မြင် တွေ့ရခြင်းသည် အလွန်ကြည်ညိုဖွယ် ကောင်းကြောင်း သိထားရပါသည်။ ကျနော် သည် ရွှေတိဂုံဘုရားကြီးကို အလွန်ကြည်ညို မြတ်နိုးခဲ့သူ ဖြစ်ပါသည်။

ကြည့်မြင်တိုင် အဒေါ်အိမ်မှာ နေထိုင်စဉ် က ကျနော်နေ့တိုင်း နံနက်မိုးလင်းခါနီး နှစ်မိုင်ကျော်ဝေးသော ရွှေတိဂုံ ကုန်းတော် ပေါ်သို့ ခြေလျင် လမ်းလျှောက်ရင်း တက်ပြီး ဖူးမြော်လေ့ ရှိခဲ့ပါသည်။ သို့သော် ကျနော်တို့မှာ ရန်ကုန်မြစ် အတွင်း သင်္ဘော ပေါ်မှ ဖြစ်သော်လည်း လိုဏ်ခေါင်း အတွင်းက ဖြစ်၍ မဖူးမြင်ရ၍ စိတ်မကောင်း ဖြစ်မိပါသည်။ သင်္ဘောပေါ်တွင် အင်္ဂလိပ် အစိုးရ၏ အကောက်ဌာနမှ လူတွေ မရှိသော်လည်း ကျနော်တို့ သင်္ဘောရှေ့က အင်္ဂလိပ် ရေကြောင်းပြ သင်္ဘောက ရှိနေ ၍ ကျနော်တို့ သင်္ဘော ကုန်းပတ်ပေါ် တက်ခွင့် မရသေးပါ။

အင်္ဂလိပ် ရေကြောင်းပြ သင်္ဘောမှ ကင်းလွတ်သော အခါ ကျနော်တို့ သင်္ဘောကုန်းပတ်ပေါ် တက်ခွင့်ရပြီး ကုန်းပတ် ပေါ်တွင် ကျနော်တို့ကို ခိုးထုတ်လာသော ဂျပန်တာဝန်ခံက စောင့်ကြို နှုတ်ဆက်သည်။ ၎င်း၏အမည်မှာ “မစ်ဇုတာနီ” ဖြစ်ကြောင်း တပ်မတော် သမိုင်း စာအုပ်အရ သိရပါသည်။ ကျနော်တို့ နေထိုင်ရမည့် သင်္ဘောအခန်းများကို ပြသပြီး သင်္ဘောပေါ် ဂျပန်သင်္ဘောသားများ ဝတ်ဆင်ကြသည့် ဝတ်စုံများပေး၍ ရေချိုးအနားယူစေပါသည်။

နောက်တရက်မျှ ကြာသော အခါ ကျနော်တို့ သင်္ဘော အမူးပြေပြီးနောက် သင်္ဘော ကပ္ပတိန်က ဂျပန် မစ်ဇုတာနီနှင့် ကျနော် တို့ ၇ ဦးကို ညစာ ကျွေးမွေးပြီး ဧည့်ခံနှုတ်ဆက်ပါသည်။ သင်္ဘောကပ္ပတိန်မှာ ဥပတိ ရုပ်ကောင်းသော သူတဦး ဖြစ်သည်ကို မှတ်မိနေပါသည်။

ကျနော်တို့ ပင်လယ်ပြင် သင်္ဘောပေါ်တွင် ရွှင်လန်းစွာ ရှိကြပါသည်။ သင်္ဘောသားများက သင်္ဘော ဝမ်းဗိုက်သံပြား ပေါ်က သံချေးတွေ ကွာကျရန် သင်္ဘော ဝမ်းဗိုက်သံပြားပေါ် တူများနှင့် ထုရိုက်နေသည်ကို ကျနော်တို့လဲ ဝင်ပြီး မကြာခဏ ထုရိုက် ကူညီကြပါသည်။ သင်္ဘောသားများလည်း ကျနော်တို့ကို ကောင်းစွာ ဆက်ဆံကြပါသည်။

ဒီလိုနှင့် မကြာခင် ကျနော်တို့သင်္ဘော စင်ကာပူသို့ ရောက်ပါတော့သည်။ ကျနော်တို့ အားလုံး တဖန် ဆန်အိတ် လိုဏ် ခေါင်း ထဲ ဆင်းပြီး ပုန်းအောင်းနေရပါသည်။ အင်္ဂလိပ် အကောက်ဌာနက လူများ သင်္ဘောပေါ် တက်ကောင်းတက်ပြီး ကြည့် ရှု စစ်ဆေးနိုင်သဖြင့် လိုဏ်ခေါင်းထဲဆင်း ပုန်းနေရပါသည်။ စင်ကာပူက သင်္ဘောထွက်မှ ကုန်းပတ်ပေါ် ပြန်တက် ရပါသည်။ ပုန်းရသည်မှာ တရက်လောက်သာ ရှိသည်ထင်ပါသည်။

စင်ကာပူမှ ဂျပန်သွား သင်္ဘော ခရီးမှာ သာယာဖွယ် ဖြစ်ပါသည်။ ကျနော် မှတ်မိသော ကိစ္စတခုမှာ ကျနော်သည် တနေ့ တွင် သင်္ဘော အခန်းတံခါး အဝင်အထွက်တွင် အခန်းတံခါးပေါင်နှင့် ကျနော့် နဖူးအထက်နား ဦးခေါင်းနှင့် တိုက်မိပြီး ကျနော့် နဖူးအထက်နား ကွဲသွားပြီး ဒဏ်ရာ အနည်းငယ် ရပါတော့သည်။ ဆေးထည့် ပတ်တီးစည်းခြင်း ကပ်ခြင်းများ ရက်အနည်းငယ် လုပ်လိုက်ရပါသည်။

ထိုအချိန်များတွင် ကျနော်နောက်မှ သိရသည်မှာ ကျနော်တို့ ဂျပန်ထွက်ခါနီး ရေးလိုက်သော စာရသောအခါ ကျနော့် မိဘ များ များစွာ စိတ်ပူပြီး ကျနော့် အဖေ ရန်ကုန်တက်လာကာ ကျနော့် သူငယ်ချင်း ကိုကြည်ညွန့်ကို ရှာဖွေပြီး သူတို့နှစ်ဦး ရန်ကုန် တွင် ကျနော် သွားတတ် လာတတ်သော နေရာများကို သွားရောက်စုံစမ်း မေးမြန်း ရှာဖွေကြပါသည်။ ကျနော့် သတင်း ဘာမှ မကြားရသဖြင့် ကျနော့်အဖေ ဇာတိကို ပြန်သွားပါတော့သည်။

ဇာတိပြန်ရောက်တော့လည်း ကျနော့်အဖေက ကျနော့်သတင်း မေးမြန်းတုန်း ဖြစ်ပါသည်။ ထိုသို့ ကျနော့်အဖေ ကျနော့်ကို  ရှာဖွေ စုံစမ်းနေသောသတင်းကို သခင်မြ ဘယ်လို သိသွားသည် မသိပါ။ ကျနော့် အဖေမှာလည်း ရွာ သူကြီးဖြစ်၍ ကြာရင် သတင်းပေါက်ကြားမှုတွေ ဖြစ်လာမှာ စိုးရိမ်ဟန် ရှိသည်။ ထို့ကြောင့် သခင်မြက ကျနော့် အဖေကို သာယာဝတီရှိ သူ့အိမ် သို့ လူလွှတ်ခေါ်ယူပြီး တွေ့ဆုံပါသည်။

သခင်မြက အဖေ့ကို “ခင်ဗျားသားကို ရှာနေတယ် ကြားရတယ်။ မရှာပါနဲ့။ ခင်ဗျားသားကို ကျနော်တို့က တနေရာကို လွှတ် ထားပါတယ်။ မကြာခင်ပြန်လာမှာပါ။ အဲဒီမှာလဲ ခင်ဗျားသား ကောင်းမွန်စွာ ရှိပါတယ်။ ဒီကိစ္စ ဘယ်သူကိုမှလဲ မပြောပါနဲ့” ဟု ပြောပါသည်။ အဖေလည်း များစွာစိတ်အေးချမ်းပြီး ပြန်လာပါတော့သည်။ ဒီတော့မှ ကျနော့်မိဘများ အတော် စိတ်အေး ချမ်း သွားပါသည်။

ဗမာ့ လွတ်လပ်ရေး တပ်မတော် ဘီအိုင်အေ အလံ

စင်ကာပူမှ ဂျပန်သို့ သွားနေသော ကျနော်တို့ စီးလာသည့် ဂျပန်ကုန် သင်္ဘော “ကိုင်ရှိုမာရူး” သည် တပ်မတော် သမိုင်း စာအုပ် အရ ၁၉၄၁ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ဂျပန်ပြည် “အိုဆာကာ” ဆိပ်ကမ်းမြို့သို့ ရောက်ရှိပါသည်။ ကျနော် တို့ အိုဆာကာသို့ သင်္ဘောက မဆင်းမီ ဂျပန်ပြည် ကျောင်းသား လူငယ်များ ဝတ်ဆင်တတ်သော အစိမ်းရောင် ရင်ဖုံး ရင်စေ့ တိုက်ပုံ အကျီၤအဝတ်မျိုးကို ပြောင်းလဲဝတ်ဆင်ရပြီးမှ ဆင်းရပါသည်။

ကျနော်တို့ ဂျပန်ပြည်ကို ရောက်ပါပြီ၊ အိုဆာကာ မြို့မှာ အတော်ကြီးသောမြို့  ဖြစ်ဟန်ရှိပြီး လူဦးရေများသော မြို့လည်း ဖြစ်ပုံရပြီး လူတွေ ကျပ်ကျပ်တည်းတည်း တိုးဝှေ့ သွားလာနေကြကာ အတော်ကောင်းမွန်စွာ ဝတ်စားဆင်ယင် ထားကြပါ သည်။

ကျနော်တို့ အိုဆာကာမြို့မှ ဂျပန်၏ မြို့တော် တိုကျိုသို့ ရထားစီး၍ သွားကြပါသည်။ ရထားမှာ ကျနော်တို့ ဗမာပြည်မှ ရထား တွေထက် များစွာ ခမ်းနား သန့်ရှင်းပါသည်။ တော်တော်ကြာ ရထားစီးပြီးနောက် ကျနော်တို့ တိုကျိုမြို့တော်ကို ရောက်ပါတော့သည်။ တိုကျို ဘူတာရုံကြီးလည်း အတော်ခမ်းနားပါသည်။

တိုကျိုတွင် မစ်ဇုတာနီ၏ အဖွဲ့က ဂျပန်တဦး လာကြိုနေပြီး ကျနော်တို့ကို တိုကျိုမြို့ ဂျပန်ဟိုတယ်ကြီး တခုသို့ ခေါ်သွားပြီး နေရာချထားပါသည်။ တိုကျိုမြို့မှာ ဂျပန်၏ မြို့တော်ကြီး ဖြစ်သည့်အတိုင်း အထပ်မြင့် အဆောက်အအုံကြီးများဖြင့် အလွန် ခမ်းနားသော မြို့တော်ကြီး ဖြစ်ပါသည်။ လူဦးရေလည်း ထူထပ် များပြားပုံရပါသည်။

ကျနော်တို့ ဒုတိယ အသုတ်ကို တိုကျိုမြို့တော်တွင် တပတ်နီးပါးခန့် လှည့်လည် ပြသပါသည်။ ဘယ်နေရာတွေ ဆိုတာ ကို မမှတ်မိတော့ပါ။ ထူးခြားမှု တချို့ကို သတိရပါသည်။ ပထမက ဂျပန်ပြည်သူတွေ သူတို့ အချင်းချင်း ဆက်ဆံ ကြရာတွင် အလွန် ယဉ်ကျေး ပျူငှာပြီး (အာဓိကတော်) “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ ပြောသံတွေဟာ နေရာတကာမှာ ချိုသာစွာ ကြား နေရပြီး လူအချင်းချင်း ခြေစုံရပ် ခါးကုန်း နှုတ်ဆက်နေတာတွေလည်း နေရာတကာ တွေ့ရသည်။

ဟိုတယ်လုပ်သားများ တာဝန်ခံများလည်း ကျနော်တို့ အပေါ် ဆက်ဆံကြတာ အလွန်ပင်ရိုသေ ကိုင်းရှိုင်းပါသည်။ အချုပ် က သူတို့ အချင်းချင်း ဆက်ဆံကြတာဟာ အလွန် ယဉ်ကျေးသိမ်မွေ့ကြပါသည်။

အားကစားပွဲတွေမှာလည်း ဂျပန်လူငယ်များ အတော်စိတ်အားထက်သန်ကြပြီး ညီညီညွှတ်ညွတ် တက်တက်ကြွကြွ ရှိနေ ကြ တာတွေ့ရသည်။ ဂျပန်ဘုရင်ကိုလည်း ဘုရားလို ကြည်ညို လေးစား တန်ဖိုးထားကြသည်။

ဂျပန် အမျိုးသမီးများမှာတော့ ပင်ပန်းကြီးစွာ ကျိုးနွံစွာ အလုပ်လုပ်နေရတာ တွေ့ရပါသည်။ နောက်သိလာရတာက ဂျပန် အမျိုးသမီးတွေမှာ ယောက်ျားများနှင့် တန်းတူ အခွင့်အရေးမရ ယောက်ျားများ၏ နှိမ်ချ ဖိနှိပ်ခြင်း ခံနေရသော ဘဝ ဖြစ် သည် တို့ကို တွေ့မြင်လာရပါသည်။

ကျနော်တို့ တိုကျိုမြို့တော်တွင် လှည့်ကြည့်ရှုရာတွင် တခုကို သတိရမိပါသည်။ ၎င်းမှာ တိုကျိုမြို့အတွင်း တနေရာမှ ဂျပန် ဘုရင့် နန်းတော်ကို လှမ်းပြီး ကြည့်ရခြင်း ဖြစ်သည်။ ကျနော့် စိတ်ထင် ဂျပန်ဘုရင်နန်းတော်မှာ အချွန်အတက် တွေနဲ့ ကြီး ကျယ် ခမ်းနားသော အဆောက်အအုံကြီး ဖြစ်မည်ထင်သော်လည်း သာမန်တိုက်တာ အဆောက်အအုံတွေသာ တွေ့ရ သည်။ သိပ်ထူးခြားမှု မရှိချေ။

ကျနော်တို့ အနားတွင် ဂျပန် အမျိုးသမီး အမျိုးသား တသိုက်လည်း ကျနော်တို့လို ဘုရင့်နန်းတော်ကိုလှမ်းပြီး ကြည့်နေကြ သည်။ သူတို့သည် အတော်ကြာ ကြည့်ပြီးနောက် နန်းတော်ဘက်ကို စုံရပ်ပြီး ခါးကုန်း ဦးခေါင်းငုံ့အလေးပြုကြပြီး ထွက်ခွာ သွားကြသည်။ ကျနော်တို့လည်း ဂျပန်လူမျိုးဟု ထင်မြင်စေရန် သူတို့ နည်းတူ နန်းတော်ဘက်လှည့်ပြီး ခါးကုန်းခေါင်းငုံ့ကာ အလေးပြုခဲ့ကြသည်။

ကျနော်တို့ တိုကျို ဟိုတယ်တွင်နေစဉ် ဟိုတယ်မယ် နှစ်ဦးကို ကျနော်တို့ကို စောင့်ရှောက်ပြုစုရန် အထူးတာဝန် ပေးထား ပုံ ရသည်။ ၎င်းတို့မှာ “အေးဟိကော့”နှင့်“ဟီရော့ကော့” တို့ ဖြစ်ပုံရသည်။ ၎င်းတို့ နှစ်ယောက်အနက် တယောက်မှာ အတော် ချောမော ပြေပြစ် လှပသူဖြစ်သည်။ ၎င်းတို့ နှစ်ယောက်လုံး ဗိုလ်ချုပ်အောင်ဆန်းတို့ကိုလည်း ပြုစုလိုက်ရသည်ဟု နောင်တွင် သိရပါသည်။

ကျနော်တို့ ညစာထမင်းစားပွဲများတွင် ၎င်းအမျိုးသမီး နှစ်ယောက်က ကျနော်တို့ကို ပြုစုကျွေးမွေးနေသည်ကို ဂျပန် မိတ် ဆွေ နှစ်ဦးက ထိုအမျိုးသမီး နှစ်ယောက်နှင့် ကျနော်တို့ကို လှောင်ပြောင် ပြောဆိုတတ်ပါသည်။ ထိုသို့ လှောင် ပြောင်မှုကို ကျနော် တို့ ထဲက ဗိုင်မင်းခေါင်တယောက်သာ ရယ်ကျဲရယ်ကျဲနှင့် ပြန်လည် တုံ့ပြန်နောက်ပြောင်ပါသည်။ ကျန်လူများမှာ ရှက်ကိုး ရှက်ကန်းနှင့် ခပ်တည်တည်သာ နေကြပါသည်။

ကျနော်တို့ ဒုတိယ အသုတ် တိုကျိုမြို့တွင် တပတ်ခန့် လည်ပတ်ပြီးနောက် ထိုမှ ကျနော်တို့ စစ်ပညာသင်ရမည့် တရုတ် ပြည် မှ ဂျပန်တို့သိမ်းပြီး တိုက်ယူထားသော ဟိုင်နန်ကျွန်းသို့ သွားရန်ပြင်ဆင်ကြပါသည်။

ကျနော်တို့ကို စစ်ပညာသင်ရန် ဗမာပြည်မှ ခိုးထုတ်ကြသော ဂျပန်အဖွဲ့၏ ခေါင်းဆောင်မှာ စူဇူကီး (ခေါ်) ဗိုလ်မိုးကြိုး ဖြစ်ပါ သည်။ ဂျပန်စစ်တပ်မှ ဗိုလ်မှူးကြီး တဦး ဖြစ်ပါသည်။

ကျနော်တို့ ဒုတိယအသုတ် ၇ ယောက်သည် ဟိုင်နန်ကျွန်းသို့ တိုကျိုမှ ဂျပန်ရေတပ်၏ တိုက်လေယာဉ်ငယ်များဖြင့် သွားကြ ရသည် ထင်ပါသည်။ လေယာဉ်တွင် ကျနော်တို့ အတွက် ထိုင်ခုံမရှိ ကြမ်းပေါ်တွင် လဲလျောင်းပြီးသာ စီးသွား ရသည်။

ဟိုင်နန်ကျွန်းသို့ ကျနော်တို့ ၁၉၄၁ ခုနှစ် မေလ ၁၀ ရက်မှာ ကောင်းမွန်စွာ ရောက်ကြသည်။ နောက်ကျနော်တို့ စစ်ပညာ သင်ယူရမည့် စခန်းသို့ ကျနော်တို့ ရောက်ပါတော့သည်။

စခန်းတွင် ဂျပန်စစ် ပညာသင်ရန် စောစွာကတည်းက ရောက်နေသော သခင်အောင်ဆန်း၊ သခင်လှမြိုင်(ဗိုင်ရန်အောင်)တို့ နှင့် ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်သို့ ပြန်ပြီး ခေါ်ယူလာသော ၁၉၄၁ ခုနှစ် မတ်လ အတွင်း ဂျပန်ပြည်သို့ ရောက်လာ ကြ သည့် ကျနော်တို့ အရင် ပထမအသုတ် လူများ သခင်လှဖေ(ဗိုလ်လက်ျာ)၊ ကိုထွန်းရှိန်(ဗိုလ်ရန်နိုင်)၊ သခင်အေးမောင် (ဗိုလ်မိုး)၊ သခင်ဗဂျမ်း(ဗိုလ်လရောင်) တို့ကို ဝမ်းမြောက်စဖွယ် တွေ့ရတော့သည်။ ဗမာပြည်သတင်းများ အပြန်အလှန်ပြော ကြ တော့သည်။ ဗိုလ်ချုပ် အောင် ဆန်းနှင့် ၎င်း ပထမ အသုတ် လူများမှာ ဟိုင်နန်ကျွန်းသို့ ၁၉၄၁ ခု ဧပြီလ အတွင်း ကတည်း က ရောက်နေ ကြသည်။

ကျနော်တို့ စစ်ပညာ သင်ယူရမည့် စခန်းမှာ ဟိုင်နန်ကျွန်းရှိ ဂျပန် ရေတပ်စခန်း၏ အနောက်အတွင်းဘက် ၄ မိုင် လောက် ကွာသော နေရာ “စန်းယ” ဟူသော ရွာအနီးတွင် ရှိပါသည်။ မော်တော်ကားလမ်း အကြမ်းရှိသည်။ ဂျပန် ရေတပ်မှ ရိက္ခာ များ ကားဖြင့် သယ်ယူ စားသောက်ကြရပါသည်။

စခန်းတွင် အရှည်ပေ ၂၅၀ အကျယ် ၃၅ ပေလောက်ရှိသည့် လူနေ ဗဟိုတန်းလျားကြီး တခုနှင့် လက်နက်ရုံ၊ မီးဖို ချောင် အဆောင်၊ ထမင်းစားဆောင်၊ ရေချိုးရန် နေရာ၊ မြင်းဇောင်းကလေးတခု ရှိပါသည်။ ဗဟိုလူနေတန်းလျားကြီး၏ ခေါင်းရင်း ဘက် အစွန်ခန်းများတွင် ဂျပန် စစ်သင်တန်းဆရာများ နေပြီး ကျန်တန်းလျားကြီး အပိုင်းတခုလုံး ကျနော်တို့ သင်တန်းသား များ နေထိုင်ကြပါသည်။

တန်းလျားကြီးတွင် တဖက်လျှင် ၁၅ ပေခန့် ကျယ်သော လူနေနိုင်၊ အိပ်နိုင်သော စင်မြင့်ရှည်ကြီး ၂ခု မျက်နှာချင်းဆိုင် ရှိပြီး အလယ်တွင် ၅ ပေလောက်ကျယ်သော လျှောက်လမ်းရှိပါသည်။ အောက်ခြေ သံမံတလင်း ခင်းထား၍ စင်မြင့်မှာ ၃ ပေ လောက် သာ မြင့်ပါသည်။ အခန်းတွင်း စစ်သင်တန်း ပို့ချ ချက်များကို ထိုလူနေပြီး အိပ်နိုင်သော စင်မြင့်ပေါ်တွင် သင်ကြား ပို့ချကြပါသည်။ ၎င်းလူနေစင်မြင့် ရှည်ကြီး ၂ ခုပေါ်တွင် ဂျပန်တို့ လုပ်လေ့လုပ်ထ ဖြစ်သော ကောက်ရိုး မွေ့ရာ ခင်းထား၍ နူးညံ့ သန့်ရှင်းနေပါသည်။

ကျနော်တို့ စခန်းရောက်ပြီး မကြာမီ ချက်ချင်းလိုပင် (တတိယ အသုတ်နှင့် စတုတ္ထ အသုတ်များ မရောက်မီ) စစ်သင်တန်း များ စရန် စီစဉ်ပါတော့သည်။

ကျနော်တို့ သင်တန်းသားများကို ၃ ဖွဲ့ခွဲဖွဲ့လိုက်ပါသည်။ “ဒိုင်းအိပန်” ခေါ် ပထမအဖွဲ့၊ “ဒိုင်းနိဟန်” ခေါ် ဒုတိယအဖွဲ့၊ “ဒိုင်းစန်ပန်” ခေါ် တတိယအဖွဲ့တို့ ဖြစ်ပါသည်။ ထို ၃ ဖွဲ့ခွဲထားသော်လည်း စစ်ပညာ အခြေခံနှင့် တပ်စု တိုက်ပွဲ၊ တပ်ခွဲ တိုက်ပွဲ စသော ကွင်းဆင်း စစ်လေ့ကျင့်ရေး တိုက်ပွဲများမှာ အတူတူ တဖွဲ့တည်း သင်ကြားရပါသည်။

ဒိုင်းအိပန်ခေါ် ပထမ တပ်ဖွဲ့သည် ဗဟိုအဓိက တိုက်ခိုက်ရေး ပင်မ စစ်တပ်များကို ဖွဲ့စည်း ခေါင်းဆောင်ရန် အတွက် ရည်ရွယ် ပြီး သမားရိုးကျဆန်သော တိုက်ပွဲများကို အလေးထား သင်ယူရသည်။ ဒိုင်းနိဟန်ခေါ် ဒုတိယ တပ်ဖွဲ့သည် အဓိက ရန်သူ့ နယ်အတွင်း လှုပ်ရှားရသော ပြည်တွင်း သူပုန်လှုပ်ရှားမှု အတွက်ပါ ရည်ရွယ်ပြီး မိုင်းခွဲဖျက်ဆီးသော အတတ်ပညာများ၊ စုံစမ်းထောက်လှမ်းရေး နည်းပညာလုပ်ငန်းများပါ အထူးသင်ကြားပေးသည်။

ဒိုင်းစန်ပန်ခေါ် တတိယအဖွဲ့သည် တော်လှန်ရေးကို ဦးဆောင်နိုင်မှု အတွက် စစ်တပ်ဖွဲ့စည်းပုံများ စစ်ဘက်နယ်ဘက် အထွေထွေ အုပ်ချုပ်ရေး ဆိုင်ရာတို့ကို အထူးသင်ကြားပေးသည်။

ကျနော်တို့ ဂျပန်စစ်ပညာသင် ပထမ အသုတ်နှင့် ဒုတိယအသုတ်တို့ စစ်ပညာသင်တန်း စတင်ပြီး မကြာမီပင် ဂျပန် စစ် ပညာသင် တတိယအသုတ်ဖြစ်သော ကိုလှမောင် (ဗိုလ် ဇေယျ)၊ သခင်စံမြ (ဗိုလ်တောက်ထိန်)၊ သခင် ခင်မောင်ဦး (ဗိုလ်တာရာ)တို့ ၃ ဦး ကျနော်တို့ စခန်း ဟိုင်နန်ကျွန်းသို့ ထပ်ပြီး ရောက်လာသဖြင့် ကျနော်တို့နှင့် ရောနှောပြီး ကျနော် တို့ နှင့် စစ်ပညာများ ဆက်သင်ရသည်။

ကျနော်တို့ စစ်ပညာသင်ကြားမှု နှစ်လလောက်ကြာပြီးသောအခါ ဂျပန်စစ်ပညာသင် စတုတ္ထ အသုတ်ဖြစ်သော သခင် ထွန်း အုပ်၊ သခင်ရှုမောင် (ဗိုလ်နေဝင်း)၊ သခင်စံလှိုင် (ဗိုလ်အောင်)၊ သခင် ထွန်းခင် (ဗိုလ်မြင့်ဆွေ)၊သခင်ငွေ (ဗိုလ် စောအောင်)၊ သခင်သစ် (ဗိုလ် စောနောင်)၊ သခင် ထွန်းလွင် (ဗိုလ်ဗလ)၊ သခင်ကျော်စိန် (ဗိုလ် မိုးညို)၊ ကိုလှ (ဗိုလ်မင်းရောင်)၊ ကိုသန်းညွန့် (ဗိုလ်ဇင်ယော်)၊ ကိုမောင်မောင် (ဗိုလ် ဉာဏ)၊ ပေါင်း ၁၁ ယောက်တို့ နောက်ဆုံး ၁၉၄၁ ခုနှစ် သြဂုတ် လ ၁၁ ရက်တွင် ရောက်လာပြီး ဂျပန်စစ်ပညာသင် ပထမ၊ ဒုတိယ၊ တတိယ အသုတ်တို့နှင့် ပူးပေါင်းပြီး စစ်ပညာများ သင်ယူကြ သည်။

၎င်းတို့ စတုတ္ထ အသုတ်မှာ ကျနော်တို့ ရှေ့ဦးအသုတ်များနှင့် မပူးပေါင်းမီ သူတို့ ၂ လလောက်နောက်ကျနေ၍ သူတို့ချည်း နောက်ကျနေသော စစ်သင်ခန်းစာများကို သီးသန့် နှစ်ပတ်ကျော်လောက် အမြန်သင်ကြားပြီးမှ ကျနော်တို့ ရှေ့ဦး အသုတ် များနှင့် ပူးပေါင်းပြီး သင်ကြားရသည်။

နောက် သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့၏ တို့ဗမာ အစည်းအရုံးမှ သခင်အောင်သန်း (ဗိုလ်စကြာ)သည် တဦးတည်း လိုက်ပို့ သော ဂျပန်တဦးနှင့် အတူ ဟိုင်နန်ကျွန်းသို့ တတိယအသုတ် မရောက်မီကလေးတွင် ရောက်ရှိလာပြီး ကျနော်တို့နှင့် လာပေါင်း ကာ စစ်ပညာသင်သည်။

နောက် ကိုဆောင်း (ဗိုလ်ထိန်ဝင်း)မှာ ရဲဘော်သုံးကျိပ်တွင်  (ဖော်မိုဆာတွင် ကွန်လွန်ခဲ့သော) သခင် သန်းတင်နှင့် သခင် ထွန်းအုပ်တို့ကဲ့သို့ ဟိုင်နန်ကျွန်းသို့ ဂျပန်စစ်ပညာ သင်ရန် ရောက်မလာဘဲ စစ်ပညာ မသင်ဖြစ်ကြပေ။

ရဲဘော်သုံးကျိပ် ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်ယူရာတွင် အောက်ပါ အတိုင်း တပ်ဖွဲ့ ၃ ဖွဲ့ ဖွဲ့စည်းပြီး စစ်ပညာ သင်ယူ ကြ သည်။

တပ်ဖွဲ့ (၁)တွင် သခင်အေးမောင် (ဗိုလ်မိုး)၊ သခင် ဗဂျမ်း (ဗိုလ်လရောင်)၊ သခင်စံလှိုင် (ဗိုလ်အောင်)၊သခင်စံမြ (ဗိုလ် တောက်ထိန်)၊ သခင်လှမြိုင်(ဗိုလ်ရန်အောင်)၊ သခင်ထွန်းလွင် (ဗိုလ်ဗလ)၊ သခင်ရွှေ (ဗိုလ်ကျော်ဇော)၊ သခင်စိုး (ဗိုလ် မြင့်အောင်)၊ သခင်တင်အေး (ဗိုလ်ဘုန်းမြင့်)၊ ကိုအောင်သိန်း (ဗိုလ်ရဲထွဋ်)၊ ကိုလှ (ဗိုလ်မင်းရောင်)၊ ကိုမောင်မောင် (ဗိုလ်ဉာဏ)၊ ကိုသန်းညွှန့် (ဗိုလ်ဇင်ယော်) တို့ ပါဝင်သည်။

တပ်ဖွဲ့ (၂) တွင် ကိုထွန်းရှိန်(ဗိုလ်ရန်နိုင်)၊ သခင်စောလွင် (ဗိုလ်မင်းခေါင်)၊ သခင်သန်းတင် (ဗိုလ်မြဒင်)၊ သခင်ထွန်းရွှေ (ဗိုလ်လင်းယုန်)၊ သခင် ခင်မောင်ဦး (ဗိုလ်တာရာ)၊ ကိုလှမောင် (ဗိုလ်ဇေယျ)၊ တို့ ပါဝင်သည်။

တပ်ဖွဲ့(၃) တွင် သခင်အောင်ဆန်း (ဗိုလ်တေဇ)၊ သခင်လှဖေ (ဗိုလ်လကျ်ာ)၊ သခင်အောင်သန်း (ဗိုလ်စကြာ)၊ သခင် ရှုမောင် (ဗိုလ်နေဝင်း)တို့ ပါ ဝင်သည်။

မှတ်ချက် (၁) ဗိုလ်နေဝင်းကို တပ်မတော် သမိုင်းစာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အဖွဲ့ ၃ တွင် ထည့်ထားပါသည်။ ကျနော် မှတ်မိသလောက်က ဗိုလ်နေဝင်းဟာ တပ်ဖွဲ့ ၂  ပြည်တွင်း သူပုန် အဖွဲ့တွင် ပါဝင်သည်ဟု မှတ်မိနေပါသည်။

မှတ်ချက် (၂) သခင်အောင်ဆန်း၏ ဗိုလ်နာမည်ကို ဗိုလ်တေဇ ဟု နာမည်ပေးထားသော်လည်း အများက ဗိုလ်ချုပ် အောင်ဆန်း ဟုသာ ခေါ်ကြပါသည်။

ဟိုင်နန်ကျွန်း စစ်ပညာသင်တန်း လေ့ကျင့်ရေးမှူး ဂျပန်ဆရာတို့၏ ဖွဲ့စည်းပုံမှာ –

၁။ စစ်လေ့ကျင့်ရေးမှူးချုပ်အဖြစ် (ကပ္ပတိန်) ဗိုလ်ကြီး ကာဝါရှီးမား ဖြစ်သည်။ သူသည် ဂျပန်ပြည် ဂျပန်တပ်မတော်တွင် စစ်သူရဲကောင်း အမှတ် (၆) ဘွဲ့ရ သူရဲကောင်းဖြစ်သည်။ တရုတ်တို့နှင့် တိုက်ပွဲမှာ မျက်နှာတွင် ဒဏ်ရာရသဖြင့် ပါးတဖက် စောင်းပြီး အရုပ်ဆိုးနေသည်။ ဂျပန်ပြည်သူနှင့် ဂျပန်စစ်တပ်၏ ချစ်ခင်လေးစားခြင်း ခံရသူ ဖြစ်သည်။ စိတ်သဘောထား ကြံ့ခိုင်တည်ငြိမ်ပြေပြစ်သူဖြစ်ပြီး တကယ့် စစ်သားကောင်း တယောက်၏ သွင်ပြင်လက္ခဏာ ရှိသူ ဖြစ်သည်။ သူ့ကို ကျနော် တို့က အရုပ်ဆိုး၍ သရဲ ဟု နာမည်ဝှက် ပေးပြီး ခေါ်ဝေါ်ကြသည်။ လေးလည်းလေးစားကြသည်။

၂။ ကျနော်တို့ အမှတ် (၁) တပ်ဖွဲ့ ဂျပန်လေ့ကျင့်ရေးမှူးမှာ လက်ဖတင်နင် (ဗိုလ်) ဟာတိုရီ ဖြစ်သည်။ သူသည် စကား နည်း ပြီး အေးအေးဆေးဆေး နေတတ်သူ ဖြစ်သည်။ စစ်ပညာသင်ကြားရေးတွင် များစွာ အာရုံစိုက်ပြီး လုပ်ကိုင်သူ ဖြစ် သည်။ တိုက်ပွဲ စစ်သင်တန်းများ ပြီးလျှင် ထိုတိုက်ပွဲနှင့် သင်တန်းအားလုံးအပေါ် ရှည်လျားစွာ ဝေဖန်သုံးသပ်ချက်များ ပေးတတ်သည်။

ကျနော်တို့ ဂျပန်စကား နားမလည်လို့သာ နားလည်ကြရင်တန်ဖိုးများစွာ ရှိမည် ဖြစ်သည်။ သူသည် ကာဝါရှီးမားလို မခန့် ညားသော်လည်း အေးဆေးသော ဂျပန်စစ်သားကောင်း၏ သွင်ပြင် လက္ခဏာ ရှိသူ ဖြစ်သည်။ သူဒေါသ ထွက်တာ မတွေ့ ဘူးချေ။ သူ့ကို ကျနော်တို့က “မင်းသားကြီး”ဟု နာမည်ဝှက်ပေးထားပြီး ချစ်ခင်ကြသည်။

၃။ အမှတ် (၁) တပ်ဖွဲ့၏ ဒုတိယ လေ့ကျင့်ရေးမှူးမှာ လက်ဖတင်နင် (ဗိုလ်) အီဇူးမီးယား ဖြစ်သည်။ သူက ကျနော်တို့နှင့် သင်တန်းချိန်အတွင်းမှာရော သင်တန်းချိန်အပမှာရော ရင်းနှီးစွာ ဆက်ဆံတတ်သောသူ ဖြစ်သည်။ သူသည် စစ်ဗိုလ် ရုပ် လက္ခဏာထက် ကျောင်းဆရာတယောက်၏ သွင်ပြင်လက္ခဏာ ရှိသူ ဖြစ်သည်။ အပြောအဆို ပြေပြစ် ချောမောသူ ဖြစ် သည်။

၄။ ကျနော်တို့ အမှတ်(၁) တပ်ဖွဲ့တွင် ဂျပန်တပ်ကြပ်ကြီး  လေ့ကျင့်ရေး ဆရာ “မောရိ” နှင့် “ကိုနိုဆု” ဟူသော ဆရာ ၂ ယောက်လည်း ရှိသည်။ မောရိမှာ နည်းနည်းခက်ထန်ပြီး ကိုနိုဆုမှာ ဆက်ဆံရေး ပြေပြစ်သူ ဖြစ်သည်။

၅။ အမှတ်(၂) တပ်ဖွဲ့၏ ဂျပန်လေ့ကျင့်ရေး ဆရာတွေကိုတော့ ကျနော် ကောင်းစွာမသိချေ။ လေ့ကျင့်ရေးမှူးမှာ လက်ဖ တင် နင်(ဗိုလ်) ဟာရာ ဖြစ်သည်။ ထူးခြားသော အသွင်အပြင် မတွေ့ရ။ သာမန် ဂျပန် စစ်ဗိုလ်ပဲ ဟူသော အဝေးမှ ထင်ရ သည်။

၆။ အမှတ် (၃)တပ်ဖွဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ တပ်ဖွဲ့၏ လေ့ကျင့်ရေးမှူးမှာ လက်ဖတင်နင် (ဗိုလ်) ဆူဇူကီး ဖြစ်သည်။ လူနည်းနည်း ပိန်ပြီး အရပ်ပုသည်။ သူသည် တည်တည်ကြည်ကြည် မနေတတ်။ သွက်သွက်လက်လက် သွားလာ လှုပ်ရှား တတ်သည်။ ရယ်ရယ်မောမောနှင့် ရောရောနှောနှော ပေါ့ပေါ့ပါးပါး ပြောဆိုနေထိုင်တတ်သည်။ ၎င်းသည် ဂျပန်စစ်ဗိုလ်နှင့် မတူ ကုန်သည်နှင့် ပိုပြီး တူသည်။

သူသည်စစ်ကြီးပြီးနောက် ဗမာပြည်သို့ အလုပ်ကိစ္စနှင့် တခေါက်ရောက်လာရာ ကျနော့်မှာ တပ်မတော်မှ ပင်စင်ယူပြီး ရန်ကုန်၊ စမ်းချောင်းအိမ်တွင် နေစဉ် ကျနော့်အိမ်သို့ လာရောက်လည်ပတ်သဖြင့် ကျနော်က နောက်နေ့ ညစာ ဖိတ်ကျွေး လိုက်သည်။ ဖော်ဖော်ရွေရွေနှင့် လာရောက် စားသောက်သွားသည်။

၇။ ဂျပန် စစ်ပညာသင် ဆရာများ အကြောင်းအမျိုးမျိုးအဖုံဖုံ ရှိနေကြသော်လည်း ၎င်းတို့တွင် တူညီသော စိတ်ဓာတ် အခြေခံ စိတ်တခု ရှိနေပုံ ရသည်။ ၎င်းမှာ ကာနယ်ဆူဇူကီး(ဗိုလ်မိုးကြိုး)မှအစ အားလုံးလိုလိုတွင် မိမိတို့ ဂျပန်လူမျိုးများသည် အခြား လူမျိုးများထက် မြင့်မြတ်သည်ဟူသော အယူအဆလွဲမှုတခု အနည်းအများ ရှိနေကြပုံရ၍ အခြေခံ မောက်မာ ကြသည်။

ဟိုင်နန်ကျွန်းတွင် ကျနော်တို့ စစ်ပညာ သင်ကြားရာတွင် ကျနော်တို့ အဖွဲ့တွင် ဂျပန်အရပ်သား ငါးယောက်လောက်လည်း ပါဝင်သည်။ သူတို့က ဗမာပြည် လွတ်လပ်ရေးတိုက်ပွဲ ဗော်လံတီယာ ပါဝင်လိုသူတွေ ဖြစ်သည်။ ၎င်းတို့ အထဲတွင် ဂျပန် စစ်သားဟောင်း စစ်ပြန် အသက်၃၀ အရွယ် မစ္စတာ ဟထရိ ဆိုသူလည်း ပါဝင်သည်။ (ထိုသူတွေကို နောက်ပိုင်းတွင် ကျနော်တို့ မတွေ့ရတော့ပေ)

ဟိုင်နန် ကျွန်းတွင် ကျနော်တို့ကို ဂျပန်များ သင်ကြားပေးသော စစ်ပညာ ဘာသာရပ်များမှာ အောက်ပါတို့ ဖြစ်သည်။

၁။ အခြေခံ စစ်ရေးပြ လှုပ်ရှားမှုများ

(က) လက်နက်မပါ စစ်ရေးပြ လှုပ်ရှားမှု

(ခ) လက်နက်ပါ စစ်ရေးပြ လှုပ်ရှားမှု

၂။ တိုက်ပွဲ၊ ကွင်းပြင် စစ်ရေး တိုက်ပွဲများ၊ လေ့ကျင့်မှုများ

(က) ကိုယ်စီ တိုက်ပွဲ

(ခ) တပ်စိတ် တိုက်ပွဲ

(ဂ) တပ်စု တိုက်ပွဲ (အများဆုံး)

(ဃ) တပ်ခွဲ တိုက်ပွဲ တို့ကို လေ့ကျင့် သင်ကြားရသည်။

၃။ ည တိုက်ပွဲများ

(အဓိက တခု ထား၍ သင်ကြားသည်)

၄။ စစ်မြေပုံ တိုက်ပွဲများ

(က) တပ်ရင်း တိုက်ပွဲ

(ခ) တပ်မဟာ တိုက်ပွဲ

(ဂ) တပ်မ တိုက်ပွဲ

(ဃ) အခြား တိုက်ပွဲများ

၅။ စစ်လက်နက်များ

(က) လက်နက်ငယ်များ

(ခြေလျင် တပ်ခွဲသုံး လက်နက်များ)

(ခ) လက်နက်ကြီးများ

(စိန်ပြောင်း-အလတ်၊ အကြီး၊ တင့်ကားပစ် အမြောက်၊ ရိုးရိုး မြေပြင်ပစ် အမြောက်၊ တပ်မသုံး အမြောက်)

၆။ အင်ဂျင်နီယာ လုပ်ငန်း

(က) တံတား ဆောက်ခြင်း

(၎င်းမှာ ချောင်းငယ်များ မော်တော်ကား ဖြတ်ရန်၊ တောသစ်ပင်တို့ဖြင့် ဖြစ်သလို ယာယီတံတား ထိုးခြင်း)

(ခ) မိုင်းများ ခွဲခြင်း

၇။ အထွေထွေ

(က) ရေကူးခြင်း စသည်များ ဖြစ်သည်။

၈။ စစ်ရေးဆိုင်ရာ စိတ်ဓာတ်များ သွင်းပေးခြင်း

(က) စစ်သားကောင်း စိတ်ဓာတ်။

အနိုင်မခံ အရှုံးမပေး ရဲရင့်ကြံ့ခိုင်သော သူရ သတ္တိ စိတ်ဓာတ်။

အမိန့်နှင့် စည်းကမ်းကို လိုက်နာသော စိတ်ဓာတ်။

(ခ) မိမိ လက်နက်ကို မိမိ အသက်လို ရိုသေ ဂရုစိုက်သော စိတ်ဓာတ် စသည်တို့ ဖြစ်သည်။ ။

ဤဆောင်းပါးကို ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖော်ပြပါသည်။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ယဉ်မျိုး စာအုပ်တိုက်က ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ထုတ်ဝေ သော ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ပေါင်းချုပ် စာအုပ်မှ ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading