စစ်အေးကာလအတွင်း အမေရိကန်နှင့် ဆိုဗီယက်တို့ ထိပ်တိုက်တွေ့လုနီးနီး အကြိမ်ကြိမ်ကြုံခဲ့သော်ငြား ကမ္ဘာသည် ၁၉၄၅ ခုနှစ်ကတည်းက အဓိက အင်အားကြီးအုပ်စုနှစ်စုအကြား စစ်ကို ရှောင်ရှားခဲ့ကြသည်။
ပထမဆယ်စုနှစ် နှစ်ခုတွင် ဘာလင်တံတိုင်း ပြိုကျသွားပြီးနောက် အလွန် အင်အားကြီးမားသော စစ်ဟူ၍ စိတ်ကူးယဉ်အိပ်မက်ထဲပင် ထည့်မမက်ခဲ့ကြပေ။
ယနေ့မျက်မှောက်ကာလတွင် တရုတ်အင်အားမှာ ကြီးထွားနေဆဲ ဖြစ်ပြီး နိုင်ငံတကာ အစီအစဉ်များ ထင်ရှားပြည့်စုံလာမှုများအပေါ် ရုရှားက ပယ်ချခြင်းတို့ဖြင့် အင်အားကြီးနိုင်ငံများ၏ ပဋိပက္ခမှာ ရှေ့ဆက်မတိုးဘဲ ရှိနေခဲ့သည်။
၂၀၁၉ ခုနှစ်အတွက် စစ်မီးစတင်တောက်လာင်ရန် အန္တရာယ်အများဆုံး ကမ္ဘာ့နေရာများမှာ မည်သည့် နေရာများ ဖြစ်မည်နည်း။
တောင်တရုတ်ပင်လယ်
အမေရိကန်နှင့် တရုတ်တို့အကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေးအရှိန် မြင့်တက်လာမှုကို ဆုပ်ကိုင်ထားရသော နေရာမှာ တောင်တရုတ်ပင်လယ် ဖြစ်လာခဲ့သည်။ လတ်တလော အနေအထားတွင် ယင်းပဋိပက္ခမှာ အပြန်အလှန် ပြောဆိုပုတ်ခတ်ခြင်း၊ အခွန်စည်းကြပ်ခြင်းနှင့် တခြား ကုန်သွယ်ရေး ပိတ်ဆို့မှု အမျိုးမျိုး ချမှတ်ခြင်း တို့ဖြင့် အပူဖလှယ်နေကြသည်။
အမေရိကန်နှင့် ကနေဒါတို့က တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေး၏ အမှုဆောင်တဦးကို မကြာသေးမီက ဖမ်းပြလိုက်ခြင်းဖြင့် ပဋိပက္ခအပူမီးကို အရှိန်တက်လာစေခဲ့ရာ တရုတ်ကလည်း ကနေဒါနိုင်ငံသားများနှင့် အမေရိကန် လုပ်ငန်းများကို ဖိနှိပ်၍ တုံ့ပြန်ခဲ့သည်။
တောင်တရုတ် ပင်လယ်တွင် ဖြစ်ပွားနေဆဲ ရေပိုင်နက်အငြင်းပွားမှုနှင့် ကုန်သွယ်ရေးစစ်တို့အကြား တရုတ်နှင့် အမေရိကန်တို့ တဖက်နှင့်တဖက် စစ်ဖြစ်လောက်အောင် တင်းမာသည့် ချိတ်ဆက်နေမှုတော့ မရှိပေ။ သို့သော်လည်း နှစ်နိုင်ငံဆက်ဆံရေးမှာ ဒေါ်လာများ၊ စကားလုံးများနှင့် ဥပဒေကြောင်း အရေးယူမှု များ၏ အလွန်တွင် တစုံတယောက် (သို့မဟုတ်) အခြားတဖက်က အရှိန်ယူရန် စဉ်းစားသည့် အသွင် ဆောင်နေသည်။
စင်စစ်အားဖြင့် အမေရိကန်နှင့် တရုတ်တို့သည် ၎င်းတို့၏ဆက်နွှယ်နေမှု (ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်ခုက ကမ္ဘာ့ စီးပွားရေး တိုးတက်မှု၏ အခြေခံအတွက် အထောက်အကူပြုခြင်း) အပေါ် သိသိသာသာ စွန့်စားရပြီး နောက်ထပ် ပဋိပက္ခ မဖြစ်ပွားအောင် ရှောင်လွှဲရင်း ပြိုင်တူ အဆုံးသတ်လိုက်ကြသည်။ ယင်းနောက် တောင်တရုတ် ပင်လယ်အရေးကိစ္စအတွက် နှစ်နိုင်ငံစလုံးက စစ်ရေး ဟန်ရေးပြင်နေခြင်းကို ရပ်တန့် လိုက်ကြလေသည်။
ယူကရိန်း
အက်ဇိုပင်လယ်ထဲသို့ ရေလမ်းကြောင်းဆိုင်ရာ ပြဿနာတရပ်အဖြစ် ယူကရိန်း ကင်းလှည့်ရေယာဉ်နှစ်စီးကို ပစ်ခတ် ဖမ်းဆီးခံရမှုကြောင့် ကမ္ဘာက ယူကရိန်းနိုင်ငံဘက်သို့ အာရုံစိုက်လာခဲ့ပြန်သည်။ ယူကရိန်း (သို့မဟုတ်) ရုရှားတို့ (၎င်းအစိုးရ နှစ်ရပ်စလုံးက တချို့အစိတ်အပိုင်းများတွင် စစ်ရေးကစားသည့်ဟန် ရှိနေချိန်) ရန်စလာခြင်း ရှိ၊ မရှိ စောင့်ကြည့်နေကြရင်း ယင်းအကျပ်အတည်း၌ တင်းမာမှုများ ကြားဖြတ် ပေါ်ပေါက် လာခဲ့သည်။
ယူကရိန်းအစိုးရက စစ်အုပ်ချုပ်ရေး (မာရှယ်လော) ထုတ်ပြန်လိုက်ခြင်းဖြင့် ယူကရိန်းနိုင်ငံတွင် မငြိမ်မသက်မှုများ ဖြစ်နိုင်ချေ တိုးပွားလာခဲ့သည်။
ယူကရိန်းရွေးကောက်ပွဲကို ဦးတည်ပြီး ပိုနေမြဲကျားနေမြဲ အခြေအနေကို ကသောင်းကနင်း ဖြစ်အောင် လုပ်ဆောင်ရန် ရုရှားက စိတ်ဝင်မစားသကဲ့သို့ ယူကရိန်းအစိုးရကလည်း လက်ငင်း အကျိုးသက်ရောက်မှု ဖြစ်ပေါ်နိုင်စွမ်း မရှိအောင် လက်တွေ့အခြေအနေတွင် ထိန်းထားခဲ့သည်။ လာမည့်ရွေးကောက်ပွဲများသည် အခြေခံညီမျှခြင်းကို ပြောင်းလဲပေးနိုင်ချေ မရှိသော်လည်း မသေချာမရေရာမှုကို ဖြစ်ပေါ်လာစေနိုင်သည်။
ရုရှားနှင့် အမေရိကန်တို့အကြား ယခင်နှစ်များက တင်ရှိနေဆဲ တင်းမာမှုနှင့်စပ်လျဉ်း၍ မလွယ်ကူသော အင်အား ချိန်ခွင်လျှာကို အနည်းငယ်မျှသော အရွေ့တခုဖြင့် ခြိမ်းခြောက်နိုင်စေကာမူ အရှေ့ဥရောပကို ကသောင်းကနင်း ဖြစ်စေမည့် အလားအလာတော့ ရှိခဲ့လေသည်။
ပါရှန်းပင်လယ်ကွေ့
အရှေ့အလယ်ပိုင်း ဒေသရှိ စစ်ရေးနှင့် နိုင်ငံရေးအကျပ်အတည်း စဉ်ဆက်မပြတ် ဖြစ်ပေါ်နေခြင်းကလည်း အဆင်မပြေသည့် ငြီးငွေ့ဖွယ် ကမ္ဘာ့ရေးရာတခုအဖြစ် ခင်းကျင်းနေဆဲရှိသည်။
အမေရိကန်က အမြဲတစေ ရန်လိုသည့် ခြေလှမ်းများဖြင့် ကုန်သွယ်ရေး ရပ်ဆိုင်းထားခြင်းဖြင့် အီရန်နိုင်ငံအပေါ် စီးပွားရေးဖိအားပေးမှု ထပ်မြှင့်ခဲ့သည်။ ယီမင်နိုင်ငံတွင် ဆော်ဒီဆင်နွှဲနေသော စစ်ပွဲကလည်း ရပ်စဲမည့် လက္ခဏာမပြဘဲ ရှိနေသကဲ့သို့ ဆီးရီးယား ပြည်တွင်းစစ်မှာ တိုက်ခိုက်မှုများ နှေးကွေးလာခဲ့ပြီး အမေရိကန်နှင့်ရုရှားတို့က ၎င်းတို့၏ မိတ်ဖက်များနှင့် ကိုယ်စားပြုအုပ်စု အသီးသီးကို အခိုင်အမာ ရပ်တည်နေကြဆဲ ဖြစ်သည်။
သို့သော် တိုက်ခိုက်မှုများ နှေးကွေးလာသည့်နည်းတူ ပဋိပက္ခကလည်း ပြန်လည်မင်းမူ လာနိုင်စရာရှိသည်။ အီရန်တွင် နိုင်ငံရေး မတည်ငြိမ်မှုဂယက်က ဒေသတွင်းအပေါ် ရိုက်ခတ်စေနိုင်ပြီး အီရန်နိုင်ငံကို ရန်လိုသည့် အပြုအမှုထဲ တွန်းပို့ခံရသည်သာမက အစ္စလာမ်မစ် သမ္မတနိုင်ငံတနိုင်ငံအနေဖြင့် သူ့ရန်သူများ သူ့ဘက် ဦးလှည့်လာအောင် သွေးဆောင်နေသည်။
ကာဒစ်၊ တူရကီ၊ ဆီးရီယားနှင့် အီရတ်တို့ရှိ လက်နက်ကိုင်တပ်ဖွဲ့များအကြား တင်းမာမှုတို့သည် အချိန်မရွေး ပဋိပက္ခအဖြစ်သို့ ကူးပြောင်းသွားနိုင်သည်။ နောက်ဆုံးတွင် ဆော်ဒီရေဗျ၏ ခေါင်းဆောင်မှု အပြောင်းအလဲ မြန်ခြင်းကို အချိန်က သက်သေပြခဲ့သလို ဆော်ဒီတည်ငြိမ်မှု လှုပ်ခတ်စေသည့် နှိုးဆွမှုများ ဖြစ်လင့်ကစား အန္တရာယ်ကို လက်ယပ်ခေါ်တတ်သည့် ဆော်ဒီ၏အကျင့်ကို တဖန်ဖြစ်ပေါ်လာစေပြန်သည်။
ဒေသတွင်း၌ ဖြစ်ပေါ်နေဆဲ မဟာဗျူဟာ အရေးပါမှုသည် အမေရိကန်၊ ရုရှား (သို့မဟုတ်) တရုတ်သည်ပင်လျှင် ၎င်းတို့အကြား မည်သည့် မတည်ငြိမ်မှုကမဆို ပဋိပက္ခသို့ ဦးတည်စေနိုင်သည်။
ကိုရီးယားကျွန်းဆွယ်
သံသယ ဖြစ်စရာမရှိအောင် မှန်ကန်နေသည့် ကိုရီးယားကျွန်းဆွယ် တင်းမာမှုသည် ပြီးခဲ့သည့်နှစ်က ကြီးကြီးမားမား အပေးအယူတခုကြောင့် ကျဆင်းသွားခဲ့ပြီး ကင်ဂျုံအန်းက နျူးကလီးယားနှင့် တာဝေးပစ် ဒုံးကျည်စမ်းသပ်မှုများကို အလျှော့ပေးခဲ့ကာ သမ္မတဒေါ်နယ်ထရမ့်ကလည်း မြောက်ကိုရီးယားနှင့် ထိပ်တိုက် တွေ့စေမည့် ပုတ်ခတ်ပြောဆိုမှုများ လေသံပျော့သွားခဲ့သည်။
ယင်းအပြင် ၁၉၉၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းကတည်းက မျက်မှောက်ခေတ်အထိ အဓွန့်ရှည်ကြာမည့် ငြိမ်းချမ်းရေး အလားအလာမှာ ယခုအခါသမယတွင် ပိုမိုတောက်ပလာပြီဖြစ်သည်။
သို့စဉ်လျက် အလေးအနက်ထားရမည့် ထောင်ချောက်များကတော့ ရှိနေဆဲဖြစ်သည်။ အမေရိကန်သမ္မတက မြောက်ကိုရီးယားနှင့် သဘောတူညီချက် ရခြင်းကြောင့် ဂုဏ်သိက္ခာ တက်သွားခဲ့သော်လည်း အလေးအနက် ထားရမည့် အချက်များမှာ မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက်နှင့် တိုက်ချင်းပစ် ဒုံးကျည်တို့ ထုတ်လုပ်ခြင်းကို ဆိုင်းငံ့မှု (သို့မဟုတ်) နှေးကွေးသွားမှု မရှိကြောင်း သတင်းများက ထွက်ပေါ်နေဆဲဖြစ်သည်။
ဤသို့ အခြေခံအားဖြင့် ရှေ့နောက်မညီ ဝိရောဓိဖြစ်နေခြင်းနှင့် ပတ်သက်၍ သမ္မတထရမ့်၏ အကြံပေးများက သတိပြုမိကြပြီး စိတ်မချမ်းမြေ့ကြပေ။ အကယ်၍ ထရမ့်က ကင့်မ်ကို စိတ်ကုန်သွားလျှင်ဖြစ်စေ၊ အမေရိကန် အစိုးရ အစိတ်အပိုင်းများက မည်သည့် သဘောတူညီချက်ကိုမဆို ဖျက်သိမ်းရန်ကြိုးစားလျှင် ဖြစ်စေ၊ သို့မဟုတ် ကင်မ်က ထရမ့်အပေါ် စိတ်အချဉ်ပေါက်လာခဲ့သော် ဝါရှင်တန်နှင့်ပြုံယမ်းတို့အကြား ဆက်ဆံရေးမှာ လွယ်လင့်တကူ ပျက်ပြားသွားစရာ ရှိပေသည်။
ထို့အပြင် တရုတ်ကရော၊ ဂျပန်ကပါ အကြောင်းပြချက်ကိုယ်စီဖြင့် သံသယဝင်နေမှုမှာ မတူကွဲပြားသော်လည်း တောင်ကိုရီးယားနှင့် နျူကလီးယားအပြည့် ပိုင်ရှင် မြောက်ကိုရီးယားအကြား ပြန်လည်ပေါင်းစည်းရေးကို အပြည့်အ၀ မထောက်ခံကြပေ။ ခြုံငုံသုံးသပ်ကြည့်မည်ဆိုလျှင် ကိုရီးယားကျွန်းဆွယ် အခြေအနေမှာ အကောင်းမြင်ဖို့ထက် အန္တရာယ်က ပိုများနေဆဲရှိသည်။
ခန့်မှန်းရခက်နေမလား
“အမေရိကန်ဟာ ကိုရီးယားစစ်ပွဲကတည်းက ကမ္ဘာ့ပဋိပက္ခရေးရာတိုင်းမှာ အမှားမှားအယွင်းယွင်းနဲ့ တွက်ကိန်း ချတာချည်းပါပဲ။ တတိယကမ္ဘာစစ်ဖြစ်ဖို့ ကျနော်တို့ ဘယ်လိုမှန်းရမှာလဲဗျာ” ဟု အမေရိကန် စစ်ပွဲရေးရာ ကောလိပ်မှ ဗိုလ်မှူးကြီးတဦးက ကမ္ဘာ့အရေးနှင့် ပတ်သက်၍ မှတ်သားဖွယ် သဘောထားပေးသည်။
အင်အားကြီးနိင်ငံများက သံတမန်ရေး၊ စစ်ရေးနှင့် နိုင်ငံရေး အခင်းအကျင်းများနှင့် ပတ်သက်၍ သူတို့လက်ထဲ အရေးကြီးဆုံးအဖြစ် မှတ်ယူထားသည့် ပဋိပက္ခများကိုသာ စေ့ဆော်လိုကြသည်။
အင်အားကြီးနိုင်ငံများအတွက် အရေးမပါသည့် ပဋိပက္ခများဆိုလျှင် အာရုံစိုက်မှု နည်းသည့်သဘောက မည်သူမှ သတိမထားမိသော ကိစ္စရပ်များကို အပြင်းအထန် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာသည်အထိ ကြီးထွားလာအောင် တခါတရံ ဆွပေးတတ်ကြသည်။
ဘော်လတစ်ဒေသ၊ အဇာဘိုင်ဂျန်နိုင်ငံ၊ ကက်ရှ်မီးယားဒေသ (သို့မဟုတ်) ဗင်နီဇွဲလားနိုင်ငံများလည်း အဖျက်အမှောင့် ပဋိပက္ခများ ဖြစ်လာနိုင်သော်လည်း အမေရိကန်၊ တရုတ်နှင့် ရုရှားတို့ကသာ အထူး အာရုံစိုက်ရာ ဖြစ်သည်။
အကယ်၍ တတိယကမ္ဘာစစ်ဖြစ်လာခဲ့သည်ရှိသော် လုံးဝမျှော်လင့်မထားသော လားရာတခုခုမှ စတင်လာနိုင်စရာ အကြောင်းရှိ၏။
အဆုံးသတ်တွေးခေါ်မှုများ
လွန်ခဲ့သော တနှစ်ကထက် ယနေ့ကမ္ဘာကြီးက ပိုပြီး အန္တရာယ်များလာပြီလား။ တရုတ်နှင့်အမေရိကန် ဆက်ဆံရေး ပျက်ပြားမှုက အနာဂတ်အတွက် အလားအလာ မကောင်းလျှင်တောင်မှ ကမ္ဘာစစ် ထပ်ဖြစ်နိုင်စရာ မရှိပါချေ။
သို့သော်လည်း ကမ္ဘာလုံးဆိုင်ရာစနစ်တွင် အမေရိကန်က စစ်ရေး ဗိုလ်ကျ စိုးမိုးနိုင်မှု အခြေအနေ ယိုယွင်း လာခြင်းက မဝေးလှသော အနာဂတ်တွင် အန္တရာယ် ပိုကြီးလာနိုင်စရာ အကြောင်း ဖြစ်နေပါသည်။
(The National Interest ပါ 5 Places Where World War III Could Start in 2019 ကို ဘာသာပြန်ဖော်ပြသည်။)