ဆောင်းပါး

မောင်အောင်ပွင့် သို့မဟုတ် ငြိမ်းချမ်းရေးကို ဆာလောင် ငတ်မွတ်ခဲ့သူ

Want create site? Find Free WordPress Themes and plugins.

ပုသိမ်မြို့ သရောင်းချောင်း သုသာန် အတွင်း၌ အရိုးပြာများ ထည့်သွင်း မြှုပ်နှံထားသည့် ဂူမှတ်တိုင်လေးများ အစီအရီ ရှိနေကြသည်။

အဆိုပါ ဂူမှတ်တိုင်များ အနက် မှတ်တိုင် တခုမှာ ထူးထူးခြားခြားပင် ဂူပေါ်၌ “အသက်ဗူး” ဟူသည့် ကဗျာ တပုဒ် ရေးထိုး ထားသည်။ ထို ကဗျာပိုင်ရှင်မှာ မောင်အောင်ပွင့် ဖြစ်သည်။

အုတ်ဂူ အတွင်း၌ ကဗျာ ဆရာ မောင်အောင်ပွင့်၏ အရိုးပြာနှင့် ဇနီး ဖြစ်သူ ဒေါ်နန်းညွန့်ရွှေ တို့၏ အရိုးပြာတို့ကို ထည့်သွင်း မြှုပ်နှံထားသည်။

ဂူပေါ်တွင် ကဗျာဆရာ မောင်အောင်ပွင့် မကွယ်လွန်ခင် ၅ လကျော်က ရေးဖွဲ့ခဲ့သည့် “အသက်ဗူး” ကဗျာကို ကျန်ရစ် သူ မိသားစုများက ရေးထိုးပေးထားသည်။

မောင်အောင်ပွင့် ဆိုသည် ကဗျာနှင့် တသက်လုံး နေခဲ့သလို သေဆုံးချိန်တွင်လည်း ကဗျာနှင့် အတူ သေဆုံးခဲ့သည့် ကဗျာဆရာ ဖြစ်သည်။

ဘဝ တလျှောက်လုံး မြန်မာပြည် ငြိမ်းချမ်းစေချင်ကြောင်း တဖွဖွ ပြောခဲ့သူ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်သော ကဗျာ
အများအပြား ဖန်တီး ရေးဖွဲ့ခဲ့သည့် အတွက် မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းကရော စာပေလောက မှာပါ ငြိမ်းချမ်းရေး ကဗျာဆရာ တဦးအဖြစ် လူသိများ ထင်ရှားသည်။

ကဗျာဆရာ မောင်အောင်ပွင့်ကို ၁၉၄၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ် ခရိုင် သာပေါင်း မြို့နယ် ဘုရားကုန်း ကျေးရွာတွင် အဘ ဦးထွန်းမှိန်၊ အမိ ဒေါ်စာမတို့မှ မွေးဖွားခဲ့သည်။

မောင်အောင်ပွင့် လူမှန်း သိတတ်စ အရွယ်မှာပင် မြန်မာပြည်သို့ ကူးစက် လောင်ကျွမ်းခဲ့သည့် ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း မိခင်ဖြစ်သူ ဒေါ်စာမ ပျောက်ဆုံးသွားခဲ့သည့် အတွက် ငယ်ဘဝမှာပင် စစ်၏ ဆိုးကျိုးများကို အရွယ်နှင့် မမျှ အောင် ခံစားခဲ့ရသူ တဦးလည်း ဖြစ်လေသည်။

 

Burma Story Book မြန်မာ ပုံပြင် စာအုပ်(ဓာတ်ပုံ- ဆလိုင်း သန့်စင်/ဧရာဝတီ)

ကဗျာဆရာ မောင်အောင်ပွင့်၏ သမီးဖြစ်သူ မလုံမငြိမ်းချမ်းက“အဖေက စစ်အတွင်း ကာလမှာ မွေးတယ်။ အဖေ သိ တတ်စ အရွယ်ကတည်းက သူ့မှာ အမေ မရှိတော့ဘူး။ အမေက ဈေးရောင်းသွားမယ် ဆိုပြီး ထွက်သွားလိုက်တာ တခါမှ ပြန်မလာတော့ဘူး။ စစ်ကြီး အတွင်းမှာ ပျောက်သွားတာ။ စစ်က ပေးတဲ့ ဒဏ်ရာတွေ သူ့ရင်ထဲမှာ ဘယ်တော့မှ မပျောက် ဘူးလို့ အဖေက ပြောပြတယ်”ဟု ပြောပြသည်။

လူမှန်း သိစအရွယ်မှာ မိခင်မဲ့ခဲ့သည့် မောင်အောင်ပွင့် တယောက် သူများတွေ အမေ ခေါ်ကြချိန် သူ့၌ အမေခေါ်ချင် လွန်း၍ ဘုရားကုန်း ရွာဘေး မြစ်ထဲသွားပြီး အမေ ခေါ်ခဲ့သည့် ငယ်ဘဝ အဖြစ်အပျက်ကလည်း အမှတ်တရ ဖြစ်ခဲ့ သည်။

“သူများတွေ အမေခေါ်ကြတော့ သူ့မှာ အမေကလည်း ခေါ်ချင်၊ ခေါ်စရာ အမေကလည်း မရှိ၊ ရှက်လည်း ရှက်တော့ သူတို့ ဘုရားကုန်း ရွာဘေးက မြစ်ထဲမှာ ခေါင်းကို ရေထဲနှစ်ချပြီး အမေ ဆိုပြီးတော့ အားရပါးရ ငိုပြီး အော်ခေါ်တယ် တဲ့။ ရေထဲ ခေါင်းနှစ်ပြီး အော်တော့ ဘယ်သူမှ မကြားနိုင်ဘူးလေ။ အဲဒီလို ငိုခဲ့တဲ့ အဖြစ်မျိုး အဖေက ကျမတို့ကို ပြော ပြတော့ အဖေဟာ စစ်ကို ဒါကြောင့် မုန်းတယ် ဆိုတာ ကျမတို့ နားလည်ခဲ့တယ်”ဟု မလုံမငြိမ်းချမ်း က ရှင်းပြသည်။

ကလေး ဖြစ်သော်လည်း ကစားချိန် မရှိဘဲ ဘဝကို ရုန်းကန်ခဲ့ရသည့် မောင်အောင်ပွင့် အတွက် စာအုပ်စာပေများက သူ၏ ငယ်ဘဝတွင် အရင်းနှီးဆုံးနှင့် အကောင်းဆုံး သူငယ်ချင်းများ ဖြစ်ခဲ့သည်။

သူနေထိုင်ရာ ဘုရားကုန်းရွာရှိ စာကြည့်တိုက် သေးသေးလေးတွင် စာစောင်၊ မဂ္ဂဇင်းများ သွားရောက် မွှေနှောက် ဖတ် ရှုရင်း ကဗျာများကို သူ စတင် တွေ့ရှိခဲ့သည်။

ချက် နိုင်ငံသား ဒါရိုက်တာ Petr Lom နှင့် ကဗျာဆရာ ခင်အောင်အေးတို့ စီစဉ်သည့် Burma Story Book – မြန်မာ ပုံပြင် စာအုပ်တွင် ကဗျာဆရာ မောင်အောင်ပွင့်က ကဗျာကို သူစတင် တွေ့ရှိခဲ့ပုံကို ပြောပြသည်။

“ကျနော် ကလေးဘဝတုန်းက ကစားဖို့ အခွင့်အရေး၊ ပျော်ရွှင်ဖို့ အခွင့်အရေး ဆိုတာ မရခဲ့ပါဘူး။ ကံကောင်းစွာနဲ့ပဲ ရွာမှာ စာကြည့်တိုက် အသေးလေးတခု ရှိတယ်။ ကျနော် အဲဒီကိုသွားပြီး စာအုပ်တွေ ဖတ်တယ်။ အဲဒီစာအုပ်တွေက ကျနော့်ရဲ့ အနီးကပ်ဆုံးနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေပဲ။ သူတို့တွေက ဘဝရဲ့ ဒုက္ခတွေ ဆိုတာ ဘယ်လို ရင်ဆိုင်ရ မလဲ သင်ပေးခဲ့ တယ်။ ကဗျာတွေက ကျနော့်ကို အင်အားတွေ ဘယ်လို ရှာဖွေရမလဲ၊ ငြိမ်းချမ်းမှုကို ဘယ်လို ရှာဖွေရ မလဲ၊ ဘဝထဲမှာ ဘယ်လို ရှင်သန်ရမလဲ ဆိုတာ သင်ပေးခဲ့တယ်”ဟု မောင်အောင်ပွင့်က စာအုပ်ထဲတွင် ရှင်းပြထား သည်။

ကဗျာတွေထဲက ရရှိသည့် စိတ်ဓာတ် ခွန်အားများဖြင့် မောင်အောင်ပွင့် တယောက် အရွယ်ရောက်ပြီးသည့် နောက်စာပေ လောကသို့ ခြေစုံပစ်ဝင်ခဲ့ကာ ကဗျာဆရာ ဘဝကို ခံယူခဲ့သည်။

ကဗျာများ ရေးရာတွင်လည်း အမည်ရင်း မောင်အောင်ပွင့် အမည်ဖြင့်သာ ရေးသားခဲ့သည်။

သူ အသက် ၁၈ နှစ် အရွယ် တွင် ရေးသားသည့် “ညီမျှရန်” ကဗျာမှာ ၁၉၆၃ ခုနှစ်တွင် ထုတ်ဝေသည့် မိုးဝေ မဂ္ဂဇင်း အမှတ် ၄ တွင် ပထမဆုံး ပုံနှိပ် ဖော်ပြခြင်း ခံခဲ့ရသည်။
၁၉၇၂ ခုနှစ်တွင် ပထမဆုံး တကိုယ်တော် ကဗျာစာအုပ် ဖြစ်သည့် “အလွမ်းပင်တော” စာအုပ်ကို ထုတ်ဝေခဲ့ပြီး ကဗျာ ဆရာ အောင်ငြိမ်း၊ ကျော်ကျော်ခင် တို့နှင့် ပူးပေါင်း၍ “ဝါကြင့်ကြင့် နေ့ခင်းရှည်” ကဗျာစာအုပ်ကို ထုတ်ဝေခဲ့သည်။

ကဗျာဆရာ အဖြစ် စာပေနယ်ပယ်တွင် ဖြတ်သန်းမှု ကာလအတွင်း မောင်အောင်ပွင့် အနေဖြင့် အလွမ်းပင်တော၊ ကောင်း ကင်တော် တမ်းချင်း၊ ဧကစာ မီးခိုးများ၊ ဘဝ မာတိကာ၊ နိုင်ငံတော်သစ် မွေးဖွားခြင်း၊ ဥတုကျော် ဝေဒနာ ညည်းချင်း၊ ငရဲဟီသံနှင့် ငြိမ်းချမ်းရေး ညစာ စသည့် တကိုယ်တော် ကဗျာစာအုပ်များနှင့် “သမီးလေး လုံမငြိမ်းချမ်း ဖတ်ဖို့” စာအုပ် တို့ကို ရေး သား ထုတ်ဝေခဲ့သည့် အပြင် လစဉ်ထုတ် မဂ္ဂဇင်းများတွင် ကဗျာများ စဉ်ဆက်မပြတ် ရေးသားခဲ့သည်။

“ကဗျာ ဟူသည် လူထု ခံစားမှုကို ရေးဖွဲ့ရမယ်။ ကဗျာဆရာသည် လူထုပြောသော ဘာသာစကားကို နားလည်ရမယ်၊ နားလည် နိုင်အောင် ကြိုးစားရမယ်”ဟု ကဗျာဆရာ မောင်အောင်ပွင့်က ကဗျာအပေါ်ထားရှိသည့် ခံယူချက်ကို ဖော်ပြ ခဲ့သည်။

ထို့ကြောင့်လည်း သူ၏ စာပေလက်ရာ ကဗျာများတွင် လူထု၏ ဒုက္ခ၊ ပြည်တွင်းစစ်၏ ဒုက္ခ၊ မငြိမ်းချမ်းခြင်း၏ ဒုက္ခ၊ ချစ်ခြင်း မေတ္တာ၊ ကိုယ်ချင်းစာ တရား၊ ပရဟိတ စိတ်ထား၊ သဘာဝတရားကို ချစ်မြတ်နိုးမှုနှင့် ငြိမ်းချမ်းရေးကို ငတ်မွတ် တောင့်တသည့် ဆန္ဒကို အများဆုံး မြင်တွေ့ရမည် ဖြစ်သည်။

ကဗျာဆရာ မောင်အောင်ပွင့်တယောက် မိမိချစ်သည့် ကဗျာများ ရေးသားရင်း တဖက်တွင်လည်း သူ့ဘဝကို ကျောင်း ဆရာ၊ စာပြင် ဆရာ၊ စာအုပ်အဟောင်း ရောင်းသူ အဖြစ် ဝမ်းစာရှာ ဖြတ်သန်းနေခဲ့ရာမှ နိုင်ငံရေး ဆူပူရန် လှုံ့ဆော် ရေးသားသည် ဟူသော အကြောင်းပြချက်ဖြင့် ဗိုလ်ချုပ်ကြီး နေဝင်း၏ တော်လှန်ရေး ကောင်စီ အစိုးရ လက်ထက် ၁၉၆၇ ခုနှစ်တွင် ပထမဆုံး အကြိမ် ဖမ်းဆီး ထိန်းသိမ်းခံရခဲ့ပြီး ပုသိမ်ထောင်တွင် ထောင်ဒဏ် ၁ နှစ် ကျခံခဲ့ရသည်။

ထောင်က ပြန်လွတ်ပြီးနောက် ပုသိမ်မြို့တွင် နေထိုင်ရင်း ကျောင်းဆရာမ ဒေါ်နန်းညွှန့်ရွှေနှင့် အိမ်ထောင်ကျပြီး သား တ ယောက်၊ သမီးတယောက် ထွန်းကားခဲ့သည်။

ကဗျာဆရာ မောင်အောင်ပွင့်၏ ငြိမ်းချမ်းရေး လိုချင် တပ်မက်မှုကို ပထမဆုံး မွေးဖွားသည့် သားကြီးဖြစ်သူအား မောင်ကြီးငြိမ်းချမ်း၊ ဒုတိယမြောက် မွေးဖွားသည့် သမီးထွေးဖြစ်သူကို လုံမငြိမ်းချမ်း ဟူ၍ အမည် မှည့်ခေါ်ခဲ့သည်ကို ကြည့်ခြင်း အားဖြင့် သိသာစေပါသည်။

ကဗျာဆရာ မောင်အောင်ပွင့် အုတ်ဂူတွင် ရေးထိုးထားသော အသက်ဗူး ကဗျာ
(ဓာတ်ပုံ- ဆလိုင်း သန့်စင်/ဧရာဝတီ)

ထို့ပြင် သားနှင့် သမီးတို့မှ မွေးဖွားသည့် မြေးများကိုလည်း မောင်ငြိမ်းချမ်းခေတ်၊ မငြိမ်းချမ်းခေတ်သူ၊ မငြိမ်းချမ်း ခေတ်သူအောင် ဟူ၍ ငြိမ်းချမ်း ဟူသည့် အမည်များ ယှဉ်တွဲ မှည့်ခေါ်ခဲ့သေးသည်။

နိုင်ငံရေး လှုပ်ရှားမှုကြောင့် ပထမအကြိမ် ထောင်ကျပြီး ၁၀ နှစ် အကြာ ၁၉၇၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ဟောင်းဘဝမှ မြန်မာနိုင်ငံ၏ ၄ ဦး မြောက် သမ္မတ ဖြစ်လာခဲ့သည့် သမ္မတ ဦးနေဝင်း၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ အစိုးရက သူ့ကို ထပ်မံ ဖမ်းဆီးပြီး အင်းစိန်ထောင်တွင် ထောင်ဒဏ် ၁၇ လ ပြစ်ဒဏ် ချမှတ်ခဲ့ပြန်သည်။
အင်းစိန်ထောင်မှ ပြန်လွတ်ပြီးနောက် ပုသိမ်မြို့တွင် မိသားစုနှင့် အတူ နေထိုင်စဉ် ၁၉၈၈ ခုနှစ် သြဂုတ်လတွင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရကို ပြည်သူလူထု တရပ်လုံး အုံကြွဆန္ဒ ဖော်ထုတ်ကြသည့် ၈ လေးလုံး လူထု အရေး တော်ပုံကို မောင်အောင်ပွင့် ကြုံဆုံခဲ့ရသည်။

ဧရာဝတီတိုင်း၏ မြို့တော်ဖြစ်သည့် ပုသိမ်မြို့တွင်လည်း တပါတီ အာဏာရှင် မဆလ အစိုးရကို ဆန့်ကျင် ဆန္ဒပြမှု များ ဖြစ်ပွားခဲ့ရာ ပုသိမ်မြို့ရှိ နိုင်ငံရေး အင်အားစုများက ငြိမ်းချမ်းစွာ လူထု ဆန္ဒဖော်ထုတ်ရေး ကော်မတီကို
ဖွဲ့စည်း ခဲ့ကြပြီး အဆိုပါ ကော်မတီတွင် ကဗျာဆရာ မောင်အောင်ပွင့်က အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့သည်။

၈ လေးလုံး လူထုအရေးတော်ပုံကို ဗိုလ်ချုပ်ကြီးစောမောင်ဦးဆောင်သည့် အာဏာသိမ်းစစ်ကောင်စီက မြန်မာပြည် အနှံ့အပြားရှိ မြို့ကြီးများတွင် အကြမ်းဖက် ဖြိုခွဲမှုများ ပြုလုပ်ခဲ့သလို ဆန္ဒပြပွဲ ဦးဆောင်သူများနှင့် ပါဝင်သူများကို ပိုက်စိပ်တိုက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ လူထုဆန္ဒ ဖော်ထုတ်ပွဲ ဦးဆောင်သူ မောင်အောင်ပွင့် တယောက် မိသားစုနှင့် ပုသိမ်မြို့ကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသည်။

ပုသိမ်မြို့မှ ရှောင်တိမ်းနေရသည့် ကာလအတွင်း ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင်
ရုံး လုပ်ငန်းများကို ကူညီ လုပ်ကိုင်းရင်း ခေတ္တ နေထိုင်ခဲ့သလို အိပ်စရာမရှိသည့် အတွက် မိတ်ဆွေ ကဗျာဆရာများ
နေအိမ်တို့တွင် လှည့်လည် အိပ်စက်ခဲ့ရသည်။

မိသားစုကို သတိရလွန်းသည့်အချိန် ပုသိမ်မြို့သို့ တိတ်တဆိတ် ပြန်လာချိန်ကလွဲ၍ ကျန်သည့် အချိန်များတွင် ရန်ကုန်မြို့ ၌ ရှောင်တိမ်းနေခဲ့ရသည်။

၈ လေးလုံး လူထု အရေးတော်ပုံ ဖြိုခွင်းခံရပြီး နောက်ပိုင်း မောင်အောင်ပွင့်တယောက် ဘဝအမြင် တချို့ ပြောင်းလဲခဲ့ သည်။

မြန်မာပြည် အနှံ့အပြားတွင် ဖြစ်ပွားနေသည့် မတရားမှု၊ ဆင်းရဲ မွဲတေမှု၊ အဓမ္မခိုင်းစေမှုနှင့် ညှဉ်းပန်း နှိပ်စက်မှု အကြောင်းအရာများကို ဖော်ထုတ်ရန် ကဗျာရေးရုံဖြင့် မလုံလောက်တော့မှန်း မောင်အောင်ပွင့် နားလည်ခဲ့ပြီး သတင်း နှင့် ရုပ်သံမှတ်တမ်း (Documentary) ရိုက်ကူးသော အလုပ်ကို စတင်လုပ်ကိုင်ခဲ့သည်။

“ကျနော်တို့ တိုင်းပြည်က ဆင်းရဲ ဒုက္ခတွေနဲ့ ပြည့်နှက်နေတယ်။ တိုင်းရင်းသားတွေဟာ ဆိုးဆိုးဝါးဝါး ညှဉ်းပန်း နှိပ်စက် ခံရတယ်။ စစ်တပ်က မုဒိမ်းမှုကို လက်နက် အဖြစ် အသုံးပြုတယ်။ အဲဒီကိစ္စတွေကို ကျနော့် မျက်လုံးနဲ့ မြင်ခဲ့ ရတာပါ။ ကဗျာရေးရုံနဲ့ မလုံလောက်တော့တာကြောင့် ဒီကိစ္စထဲကို ဝင်ပါဖို့ ဆုံးဖြတ်ခဲ့တာပါ”ဟု Burma Story Book – မြန်မာပုံပြင် စာအုပ် စီစဉ်သူ ချက်နိုင်ငံသား ဒါရိုက်တာ Petr Lom၊ ကဗျာဆရာ ခင်အောင်အေး တို့နှင့် အင်တာဗျူး တွင် ကဗျာဆရာ မောင်အောင်ပွင့်က ပြောဆိုထားသည်။

ထို့ကြောင့် မောင်အောင်ပွင့် တယောက် ပြည်ပ အခြေစိုက် AV မီဒီယာ၊ ပိုင်အိုနီးယား မီဒီယာများနှင့် ချိတ်ဆက်ကာ
မြန်မာပြည် တလွှား ခရီးသွား၍ ဆင်းရဲမွဲတေမှု၊ အဓမ္မခိုင်းစေမှုနှင့် ညှဉ်းပန်းနှိပ်စက်မှု အကြောင်းများကို သတင်းနှင့် ရုပ်သံ မှတ်တမ်းများ ရိုက်ကူးပြီး မြန်မာပြည်၏ အခြေအနေမှန်ကို ကမ္ဘာသိအောင် ဖြန့်ချိခဲ့သည်။

ပြည်သူတို့၏ နား၊ မျက်စိနှင့် ပါးစပ်များသဖွယ် ဖြစ်သော စာပေ၊ ဂျာနယ်နှင့် မဂ္ဂဇင်း စသည့် မီဒီယာများကို အစွမ်းကုန် ဖိနှိပ်ထားသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ အတွက်တော့ ကဗျာဆရာ မောင်အောင်ပွင့်တို့ လုပ်ရပ်က ကြီးမားသည့် ရာဇဝတ်မှုကို ကျူးလွန်ခြင်းဟု သတ် မှတ်ခဲ့သည်။

ထို့ကြောင့် ၁၉၉၉ ခုနှစ်တွင် စစ်အစိုးရက ရုပ်သံ မှတ်တမ်း ရိုက်ကူးသူများ ဖြစ်သည့် ကဗျာဆရာ မောင်အောင်ပွင့်နှင့် ကဗျာဆရာ ငြိမ်းသစ်တို့ကို ဖမ်းဆီးခဲ့သည်။

မောင်အောင်ပွင့်ကို စာပို့စက် ဖက်စ် (Fax) တရားမဝင် လက်ဝယ် ထားရှိမှု၊ မတရားအသင်း ဆက်သွယ်မှုဖြင့် စစ်အစိုးရ က ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ပြီး ကဗျာဆရာ ငြိမ်းသစ်ကိုလည်း မတရား အသင်း ဆက်သွယ်မှုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့သည်။

ကဗျာဆရာ မောင်အောင်ပွင့် တတိယ အကြိမ်မြောက် ထောင်ကျချိန်တွင် အသက် ၅၅ နှစ် အရွယ်ရှိပြီ ဖြစ်သည်။ စစ် အစိုးရက သူ့ကို နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပဲခူးတိုင်း၊ သာယာဝတီ အကျဉ်းထောင်၌ အကျဉ်းချထားခဲ့သည်။

ကဗျာဆရာကို အကျဉ်းချတော့ “ရင်ပူည”၊ “မဟာကာလငရဲ” စသည့် နာမည်ကျော်ကဗျာများ မောင်အောင်ပွင့် ရင်ထဲ မှ ထွက်ပေါ်လာခဲ့သည်။ သာယာဝတီ အကျဉ်းထောင် အတွင်း ရေးသားခဲ့သည့် အဆိုပါ ကဗျာများကို လွယ်လွယ် ကူကူ ရခဲ့လေသည်တော့ မဟုတ်။

၁၉၉၈ ခုနှစ် သြဂုတ်လထုတ် အိပ်မက်ဖူး မဂဇင်းတွင် ဖော်ပြပါရှိသော ကဗျာဆရာ မောင်အောင်ပွင့်၏ ငါးရိုးနင်တဲ့ ငွေလမင်း ကဗျာ(ဓာတ်ပုံ- ဆလိုင်း သန့်စင်/ဧရာဝတီ)

ဆင်းရဲဒုက္ခများစွာ အရင်းအနှီး ပြုပြီးမှ ထွက်ပေါ်လာခဲ့သည့် အဖိုးတန် အနုပညာ ပစ္စည်းများ ဖြစ်သည်။ “မဟာ ကာလ ငရဲ” ကဗျာရှည်တွင် မောင်အောင်ပွင့်က ကဗျာအတွက် အရင်းပြုခဲ့ရသည့် ဒုက္ခများကို ထည့်သွင်း ရေးဖွဲ့ ဖော်ပြထား သည်။

“ဒီငရဲမှာ မကြာမကြာ ကျောက်ခဲ ဝါးခိုင်းတယ်
သံချိပ်၊ ပင်အပ်၊ သံရွေ ဘော်စ
အိမ်မြောင်၊ ပိုးဟပ်၊ ယင်ကောင်၊ ပုရစ်
တီကောင် အသေတွေ ဝါးခိုင်းတယ်။

ယင်မ မဲရိုင်း အသားပုပ်ဟောင် ခါးခါးကြီးဗျ
သဲတွေ ဖုန်တွေ ရောထည့် ကျွေးတော့
ထမင်းကို ရေစိမ်၊ ရွှေလိုကျင် သဲကိုထုတ်
အသက်ရှင်အောင် လုပ်ရတယ်”

(မဟာကာလ ငရဲ ကဗျာမှ ကောက်နုတ်ချက်)

လူ့အခွင့်အရေးနှင့် တရားမျှတမှု အတွက် ကိုယ်ကျိုးမဖက် ကြိုးပမ်း ဆောင်ရွက်မှုကြောင့် သာယာဝတီထောင်တွင် အကျဉ်း ကျနေစဉ် ကာလ ၂၀၀၂ ခုနှစ်တွင် မောင်အောင်ပွင့်အား အမေရိကန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ ကြီး ဖြစ်သည့် Human Rights Watch အဖွဲ့က Hellman Hammett Award – 2002 စာရေးဆရာဆု ချီးမြှင့်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် သတင်းသမား ကာကွယ်ရေး အဖွဲ့(CPJ) ကလည်း အပြည်ပြည်ဆိုင်ရာ သတင်း လွတ်လပ်ခွင့်ဆု တို့ကို ချီးမြှင့်ခဲ့သည်။

သာယာဝတီ ထောင်တွင် ထောင်ဒဏ် ၆ နှစ်ကျခံပြီးနောက် ၂၀၀၅ ခုနှစ် ဇူလိုင်လတွင် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လွတ်လာခဲ့သည်။

ထောင်က လွတ်ချိန်တွင် အကျဉ်းထောင်အတွင်း လူနေမှု အဆင့်အတန်း နိမ့်ကျစွာ နေထိုင် စားသောက်ခဲ့ရခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ကင်းမဲ့သည့် အခြေအနေများနှင့် ကြုံခဲ့ရခြင်း ဆို့ကြောင့် ကဗျာဆရာ မောင်အောင်ပွင့်၏ ကျန်းမာရေး အခြေအနေ ဆိုးရွားနေပြီ ဖြစ်သည်။

မလုံမငြိမ်းချမ်းက“အဖေက ၁၉၉၉ ခုနှစ် အဖမ်းခံရချိန်မှာ ဆီးချို စဖြစ်နေတဲ့ အချိန်။ အဲဒီတုန်းက ဆေးကုသချိန် မရ ဘဲ အဖမ်းခံ လိုက်ရတော့ ထောင်ထဲမှာ ကျန်းမာရေး ဆိုးသွားခဲ့တယ်။ အဖေထောင်က ထွက်လာတော့ လူက တုန်ပြီး ထွက် လာတာ။ ပိန်ချုံး နေတယ်။ ထောင်က ထွက်လာကတည်းက လူက ဘာမှ အဆင်မပြေတော့ဘူး။ အသက်ပဲ ပြန်ပါ လာတာ။ လူတကိုယ်လုံး ဝေဒနာချည်းပဲ”ဟု ပြောပြသည်။

ကျန်းမာရေး ချို့တဲ့နေသည့် မောင်အောင်ပွင့်ကို မိသားစုက လပေါင်းများစွာ ဆေးဝါး ကုသပေးကာ ပြုစု စောင့်ရှောက် ခဲ့ကြသည့် အတွက် ကျန်းမာရေး အခြေအနေ အနည်းငယ် ပြန်လည် ကောင်းမွန်ခဲ့သော်လည်း ထောင်အတွင်းမှ ရရှိခဲ့ သည့် ဝေဒနာများကြောင့် လမ်းမလျှောက်နိုင်တော့ဘဲ ပက်လက် ကုလားထိုင် တလုံးဖြင့် အချိန် ကုန်ဆုံးရသည့် နာတာ ရှည် ဝေဒနာသည် ဘဝကို ရောက်ရှိခဲ့သည်။

ကဗျာဆရာ မောင်အောင်ပွင့်က သူ့ကို ၃ ကြိမ်တိုင် အကျဉ်းချ၊ သားတကွဲ၊ မယား တကွဲဖြင့် ရှောင်တိမ်းခဲ့ရပြီး ကျန်းမာရေး ချို့တဲ့ကာ လူမမာဘဝ ရောက်အောင် လုပ်ဆောင်ခဲ့သည့် အစိုးရများ အပေါ် ထားရှိသည့် သဘောထား ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ က ပုသိမ်မြို့တွင် ကျင်းပသည့် အသက် ၇၀ ပြည့်မွေးနေ့ပွဲတွင် ဖွင့်ဟ ပြောဆိုခဲ့သည်။

“ကျနော့်အိမ်မှာ ဆရာကြီးမှိုင်း (သခင်ကိုယ်တော်မှိုင်း) ခေါင်းရင်းဖျားမှာ ရှိပါတယ်။ ဆရာကြီးမှိုင်းက ကျနော်တို့ တမျိုးသား လုံး သင်ပုန်း ချေကြ၊ လက်စား မချေနဲ့၊ အာဃာတ အမုန်းတွေ မထားနဲ့။ အဲဒီ စကား ကျနော့် တရားပဲ”ဟု
ကဗျာဆရာ မောင်အောင်ပွင့် က ပြောဆိုခဲ့သည်။

ကဗျာဆရာ မောင်အောင်ပွင့် နှင့် ဇနီး ဒေါ်နန်းညွန့်ရွှေ တို့ ၂ ဦး၏ အုတ်ဂူ
(ဓာတ်ပုံ- ဆလိုင်း သန့်စင်/ဧရာဝတီ)

ကျန်းမာရေး ချို့တဲ့သော်လည်း ကဗျာဆရာ မောင်အောင်ပွင့် တယောက် ကဗျာရေးခြင်းကို လက်မလျှော့ဘဲ သူထိုင် သည့် ပက်လက် ကုလားထိုင်ဘေးတွင် စာအုပ်နှင့်ဘောပင် အသင့် ဆောင်ထားကာ လက်တုန်တုန်ဖြင့် ကဗျာများ ချရေးသည်။

၂၀၁၇ ခုနှစ် အထိ ကဗျာများ ချရေးနိုင်သော်လည်း နောက်ပိုင်းတွင် ကျန်းမာရေး ဆိုးဝါးခဲ့သည့် အတွက် စာမရေး နိုင်တော့သည့် အချိန်တွင် ဇနီးဖြစ်သူ ဒေါ်နန်းညွန့်ရွှေကို ကဗျာများ နှုတ်တိုက်ချပေးကာ ရေးစေခိုင်းခဲ့သည် အထိ မောင်အောင်ပွင့် တယောက် ကဗျာအပေါ် တပ်မက် စွဲလမ်းမှု ပြင်းထန်ခဲ့သည်။

ပုသိမ်မြို့တွင် ကျင်းပသော ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အခမ်းအနားများ၊ ၈ လေးလုံး နှစ်ပတ်လည်ကဲ့သို့ နိုင်ငံရေး အခမ်းအနားများ ဆိုလျှင် လမ်းမလျှောက် နိုင်သော်လည်း ဆိုက္ကားတစီးဖြင့် အခမ်းအနား ရှိရာသို့ ကဗျာဆရာ မောင်အောင်ပွင့် မရောက် ရောက်အောင် သွားသည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်သော သူ၏ သဘောထား အမြင်များကိုလည်း ဖြန့်ဝေ ပြောဆိုသည်။

“အဖေက သူ့ တဘဝလုံး မြန်မာပြည် ငြိမ်းချမ်းရေး ရဖို့ မျှော်လင့်ခဲ့ပေမယ့် နောက်ပိုင်းကျတော့ သူလည်း စိတ်ကုန် သွားတယ် ထင်ပါတယ်။ ဒီလို လောဘ၊ ဒေါသ၊ မောဟတွေ များနေရင် ငြိမ်းချမ်းရေးက ဘယ်လို ရှာရမလဲ။
အရိမေတ္တယျ ဘုရားပွင့်ရင်တောင် မြန်မာပြည် ငြိမ်းချမ်းရေး ရှာတွေ့ပါ့မလား အဖေတွေးတော့တယ်တဲ့။ အဖေ့ဆီ က အဲဒီလို ကြားတော့ ကျမ တော်တော်လေး စိတ်မကောင်း ဖြစ်မိတယ်”ဟု မလုံမငြိမ်းချမ်းက ပြောပြသည်။

၂၀၁၈ ခုနှစ် ဇွန်လ ၁၂ ရက်တွင် ကဗျာဆရာ မောင်အောင်ပွင့်က သူ့ဘဝ၏ နောက်ဆုံးသော ကဗျာကို ရေးဖွဲ့ခဲ့သည်။ ကဗျာ အမည်က “အသက်ဗူး”။

ခက်ခဲကြမ်းတမ်းလွန်းသည့် ဘဝခရီးကို သူနှင့်အတူ ရင်ဆိုင် ကျော်ဖြတ်ခဲ့သူ ဇနီး ဒေါ်နန်းညွန့်ရွှေကို သူ၏ အသက်ဗူး အဖြစ် တင်စား ရေးဖွဲ့ထားသည့် ကဗျာ ဖြစ်သည်။

“အသက်ဗူး”

ဘဝ ခရီးဖော်ရေ
နံနက်ခင်း လမ်းလျှောက်ဖော်ရေ
ဒို့ ငယ်ငယ်က ငါပြောစကား မင်း မှတ်မိသေးလား
“မင်းမဲ့နိုင်ငံ” ဆိုတာ ရောက်တော့မယ်
မင်းမရှိတော့ရင် ငါဘယ်လိုနေ ကျန်ရမလဲ
မင်းမရှိရင် ငါမရှိတော့ဘူး

မောင်အောင်ပွင့် (၁၂.၆.၂၀၁၈)

အဆိုပါ ကဗျာ ရေးဖွဲ့ပြီးနောက် ၂ လ အကြာ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၁ ရက်တွင် ဒေါ်နန်းညွန့်ရွှေ ကွယ်လွန် ဆုံးပါးခဲ့ သည်။

ကဗျာဆရာ မောင်အောင်ပွင့်၏ လက်ရေးမူ ကဗျာ တပုဒ်
(ဓာတ်ပုံ- ဆလိုင်း သန့်စင်/ဧရာဝတီ)

သူ၏ ဘဝခရီးဖော် ကွယ်လွန်ခဲ့သည့် နောက်ပိုင်း မောင်အောင်ပွင့်၏ ကျန်းမာရေး အခြေအနေ ပိုမို ဆိုးရွားလာခဲ့ကာ သူ၏ အသက်ဗူး ကဗျာထဲက အတိုင်း မင်းမဲ့နိုင်ငံမှာ မနေလိုတော့သည့် မောင်အောင်ပွင့် တယောက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်တွင် သံသရာခရီး ထွက်ခွာသွားခဲ့သည်။

ကဗျာ၊ ကိုယ်ချင်းစာ တရားနှင့် ငြိမ်းချမ်းရေး လိုချင်တပ်မက်မှု ၃ ခုသာ ရှိသည့် ကဗျာ လူသား မောင်အောင်ပွင့် ကွယ်လွန် ချိန်တွင် အသက် ၇၄ နှစ် ရှိပြီ ဖြစ်သည်။

သခင် ကိုယ်တော်မှိုင်း၊ ဒဂုန် တာရာ၊ မောင်အောင်ပွင့်၊ ငြိမ်းချမ်းရေးကို တောင့်တ ငတ်မွတ်ခဲ့သူ စာပေ အနုပညာ ကြယ် ပွင့်ကြီးများ တယောက်ပြီး တယောက် မြန်မာပြည်မှ ကြွေလွင့်ခဲ့ကြသည်။

သူတို့ ချစ်သော မြန်မာ ပြည်ကား ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးဆဲ၊ ပြည်တွင်း စစ်မီး အလျှံညီးညီး တောက်လောင် နေဆဲ ဖြစ်ပါသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading