“ကချင်ပြည်နယ်မှ အခြေအနေများကို ဆွေးနွေးရေးအတွက်” မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang ဟုန်လျံ နှင့်တွေ့ဆုံရန် ဖိတ်ကြားမှုတခု ဒီဇင်ဘာလ အစောပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဘာသာရေးခေါင်းဆောင်နှင့် နိုင်ငံရေး ပါတီ ခေါင်းဆောင်များ လက်ခံရရှိခဲ့သည်။
ဖိတ်ကြားရာသို့ ရောက်ရှိလာချိန်တွင် ဖိအားများ၊ အပေါ်စီးကနေ ဆက်ဆံမှုများ ခံရလိမ့်မည်ဟု ဦးကွမ်ဂေါင်အောင်ခမ်း နှင့် သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်တို့ မျှော်လင့်မထားပါ။
သူတို့ ၂ ဦးလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် တိုက်ပွဲများကြောင့် ဒုက္ခသည်များ နေအိမ်စွန့်ခွာ ထွက်ပြေးရခြင်း အပါအဝင် သူတို့၏ ဇာတိမြေတွင် ရင်ဆိုင်နေရသော အရေးကြီးသည့် အကြောင်းများနှင့် ပတ်သက်၍ သေသေချာချာ ဆွေးနွေးရလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။
သို့သော်လည်း တရုတ်သံအမတ်က ဒီဇင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်နေ့များက မြစ်ကြီးနားမြို့ရှိ Palm Spring ဟိုတယ်တွင် ကချင်ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဌ ဦးကွမ်ဂေါင်အောင်ခမ်း နှင့် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) မှ ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် တို့ နှင့် တွေ့ဆုံခဲ့သည့်အခါ အနောက်တိုင်း သံတမန်များနှင့် နီးကပ်စွာ ပေါင်းသင်းဆက်ဆံခြင်း မပြုလုပ်ရန်နှင့် သို့မဟုတ်ပါက မလိုလားအပ်သော နောက်ဆက်တွဲများ ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်း သူက သတိပေးခဲ့သည်။ သံအမတ်က သူတို့ကို အထက် စီးဆန်သည့် အမူအရာဖြင့် ဆက်ဆံခဲ့ပြီး အငြင်းပွားဖွယ်ရာ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် ကချင်ပြည်နယ်မှ တရုတ်စီမံကိန်းများကို ဆန့်ကျင်ခြင်း မပြုရန် သတိပေးခဲ့သည်။
အမေရိကန်နှင့် ဗြိတိန် သံအမတ်များ ကချင်ပြည်နယ်သို့ လာရောက် လည်ပတ်ပြီး ၁ ပတ်အကြာတွင် ထိုသို့ ဖိတ်ကြားချက်ရောက်ရှိလာခြင်း ဖြစ်သည်။ မြစ်ကြီးနားမြို့၌ ကချင်နိုင်ငံရေးခေါင်းဆောင်များနှင့် ကချင်အသိုင်းအဝိုင်းမှ အခြား ထင်ရှားသည့် အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ်အတွင်း သံအမတ် ၂ ဦးလုံးက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ပြည်တွင်း စစ်ရှောင် ဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ အိမ်ပြန်နိုင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရေး နှင့် လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲများ အကြောင်းကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲများသို့ ဦးကွမ်ဂေါင်အောင်ခမ်း နှင့် သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် တို့ ၂ ဦးလုံး တက်ရောက်ခဲ့ကြသည်။ အပြုသဘော ဆောင်သည့် တွေ့ ဆုံမှုများ၏ ရလဒ်အနေဖြင့် ကချင်နိုင်ငံရေးသမားများက ဆက်ဆံရေးကို မြှင့်တင်ရန် မြစ်ကြီးနားတွင် ဆက်ဆံရေးရုံးများ လာရောက်ဖွင့်လှစ်ရန် သံအမတ်များကို ဖိတ်ခေါ်ခဲ့ကြသည်။

ထိုသို့ အပေါင်းလက္ခဏာ ဆောင်သည့် ဆက်ဆံရေးကို ဖော်ပြခြင်းက တရုတ်အစိုးရကို သိသိသာသာပင် စိတ်အနှောက်အယှက် ဖြစ်စေခဲ့သည်။ သူတို့၏ စီးပွားရေးနှင့် ပထဝီနိုင်ငံရေး အကြောင်းပြချက်များကြောင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံ တွင် အနောက်တိုင်း၏ တည်ရှိမှုကို မမြင်တွေ့ချင်ပါ။ အထူးသဖြင့် ကချင်ပြည်နယ်ကဲ့သို့သော တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တိုင်းရင်းသား ဧရိယာများတွင် ဖြစ်သည်။ ယခုအကြိမ်သည် တရုတ်နိုင်ငံက ကချင်ပြည်နယ်မှ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် သံတမန်ဆက်ဆံရေးတို့နှင့် ပတ်သက်၍ အများထက် ပို၍သြဇာလွှမ်းမိုးသည့် အနေအထားကို ဆက်ထိန်းရန် ပထမဆုံး လုပ်ဆောင်လာခြင်း မဟုတ်ပါ။ အသစ်ခန့်အပ်လိုက်သော တရုတ် သံအမတ်က “အမေရိကန် အနေဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို လေးစားသင့်သည်” ဟု ပြောဆို၍ အမေရိကန် သံအမတ်ကို ကချင်ပြည်နယ် သို့မဟုတ် ရှမ်းပြည်နယ် အရှေ့ပိုင်းသို့ သွားရောက်ခြင်း မပြုရန် ထပ်တလဲလဲ တိုက်တွန်းခဲ့ကြောင်း ၂၀၁၆ ခုနှစ် အစောပိုင်းတွင် United States Institute of Peace (USIP) က ပြောသည်။
“တကယ်လို့ ကျနော်တို့က အနောက်နိုင်ငံတွေနဲ့ မကြာခဏ ဆက်ဆံနေမယ်ဆိုရင် ခက်ခဲတဲ့ နောက်ဆက်တွဲ ရလဒ်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သူက သတိပေးခဲ့ပါတယ်” ဟု ဦးကွမ်ဂေါင်အောင်ခမ်း ကပြော သည်။
“အဲဒါ ဘာသဘောလဲ။ ဒါက ချိန်းခြောက်တဲ့သဘောပဲ” ဟု ကချင်ဒီမိုကရက်တစ်ပါတီရဲ့ဥက္ကဌလည်းဖြစ်သူ ကချင်ပြည်နယ်ပြည်သူ့ပါတီ (Kachin State People’s Party) ၏ ဒုတိယ ဥက္ကဌ အဖြစ် တာဝန်ယူထားသည့် ဦးကွမ်ဂေါင်အောင်ခမ်းကပြောသည်။ ကချင် ပြည်နယ်ပြည်သူ့ပါတီ သည် လူကြိုက်များသည့် ကချင်ပါတီ ၃ ခုကို မကြာသေးမီက ပူးပေါင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ကချင်ပြည်နယ်မှ တရုတ် အကျိုးစီးပွားများ
တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ကပ်လျက်တည်ရှိသော ကချင်ပြည်နယ်က တရုတ် သမ္မတ ရှီကျင့်ဖျင်၏ နိုင်ငံခြားရေး မူဝါဒ အမှတ်တံဆိပ် စီမံကိန်း ဖြစ်သော ခေတ်သစ်ပိုးလမ်းမ (BRI) တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံ အတွင်းတွင် မြေနှင့် ခြေကုပ်ရရှိရေးကို အဆင့်မြှင့်တင်ရန် အမြဲ ကြိုးစားနေခဲ့သည်။ ကချင် ပြည်နယ်တွင် အငြင်းပွားဖွယ်ရာ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအပါအဝင် စီမံကိန်းများ၌ တရုတ်နိုင်ငံက အနည်းဆုံး အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။
မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်၏ မြစ်ဆုံတွင် တည်ရှိပြီး အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ တန်သည့် စီမံကိန်းကို ဆည်၏ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်သည့် ပြည်သူလူထု၏ ဆန့်ကျင်ကန့်ကွက်မှုများကြောင့် ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်က ရွှေ့ဆိုင်းခဲ့သည်။ ဆည်တည်ဆောက်မည့် နေရာတွင် ကမ္ဘာပေါ်မှ အကောင်းဆုံး ဇီဝမျိုးကွဲများထဲမှ အချို့ ရှိနေပြီး စီမံကိန်းက ဧရာဝတီ မြစ်၏ သဘာဝအလှကိုလည်း ဖျက်ဆီးပစ်လိမ့်မည်၊ ရေစီးဆင်းမှုကိုလည်း အဟန့်အတား ဖြစ်စေလိမ့်မည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ပညာရှင်များက သတိပေးခဲ့ကြသည်။ စင်ကာပူနိုင်ငံ၏ အရွယ်အစားခန့် ရှိသည့် ဧရိယာကို ရေလွှမ်းမိုးနိုင်ပြီး အသက်မွေးမှုများကို ထိခိုက်စေလိမ့်မည်၊ လူ ၁၀၀၀၀ ကျော်ကို အိုးမဲ့အိမ်မဲ့ ဖြစ်စေလိမ့်မည် ဟု သူတို့ကပြောသည်။
ကချင်ပြည်နယ်တွင် BRI အစီအစဉ်များအရ မြန်မာနှင့် တရုတ် ၂ နိုင်ငံလုံးက ကချင်ပြည်နယ် အထူးဒေသ(၁) ရှိ ကန်ပိုက်တီးတွင် ဒေါ်လာ ၅ သန်းတန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန် တခု တည်ဆောက်ရန် စီစဉ်ထားပြီး ဖြစ်သည်။ အထူးဒေသ(၁) သည် ပြည်သူ့စစ် အဖွဲ့တခု ဖြစ်သည့် ကချင်ဒီမိုကရေစီသစ် တပ်မတော် ထိန်းချုပ်သည့် ဒေသ ဖြစ်ပါသည်။ မြစ်ကြီးနားမြို့တွင် တရုတ် ကျောထောက်နောက်ခံပေးသည့် စက်မှုဇုန်တခုကို စတင်တည်ဆောက်နေပြီ ဖြစ် ပြီး စုစုပေါင်း စီမံကိန်း ဧရိယာမှာ ၄၇၅၁ ဧက ကျယ်ဝန်း၍ အမေရိကန်ဒေါ်လာ ၃ သန်းကျော် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။
မြစ်ဆုံ ရေအားလျှပ်စစ်ဆည် အပြင် တရုတ်ကုမ္ပဏီအများအပြားက ၂၀၀၇ ခုနှစ်မှ စတင်၍ ဧရာဝတီ မြစ်တလျှောက်၊ အန်မိုင်ခ နှင့် မလိခ မြစ် များမှ ကြီးမားသည့် ရေအားလျှပ်စစ် စီမံကိန်း အနည်းဆုံး ၅ ခု တည်ဆောက်ရာတွင် ပါဝင် ပတ်သက်ခဲ့ကြသည်။ လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်စွမ်းက ၁၀၀၀ မီဂါဝပ်ကျော် ရှိငည်။ သို့သော်လည်း ကုန်ကျစရိတ် နှင့် ပတ်သက်၍ အသေးစိတ်က ယခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးပါ။
မြစ်ဆုံဆည် ပြန်လည်စတင်ရေး
ဒီဇင်ဘာလနှောင်းပိုင်းက တွေ့ဆုံမှုတွင် တရုတ်သံအမတ် ဟုန်လျံ က မြစ်ဆုံ စီမံကိန်း ပြန်လည်စတင်ရန် လိုအပ်ကြောင်း အကြိမ်ကြိမ် ဖိအားပေးပြောဆိုခဲ့သည်ဟု သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် က ပြောသည်။

တရုတ် သံအမတ်က မြစ်ဆုံ ရေအားလျှပ်စစ် ဆည်သည် BRI စီမံကိန်းများအတွက် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု ကချင်ပြည်နယ်တွင် သြဇာ ရှိသည့် ဘာသာရေးခေါင်းဆောင် ဖြစ်သော သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်က ဧရာဝတီသို့ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်က (အမှန်တကယ်အားဖြင့် တရုတ်စီမံကိန်း များကို တချိန်က ဆန့်ကျင်ပြောကြားခဲ့သည့်တိုင်) မြန်မာနိုင်ငံ၏ BRI ကော်မတီ ဥက္ကဌ အဖြစ်ဆောင်ရွက် နေပြီး တိုင်းပြည်ခေါင်းဆောင် တယောက်အနေဖြင့် ဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော်ရန် ဆန္ဒရှိနေကြောင်း တရုတ် သံအမတ်က သူ့ကို ပြောကြားခဲ့သည်။
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရေးနှင့် ပတ်သက်၍ ကချင်ပြည်သူများ၏ သဘောထားကို တရုတ်သံအမတ်က သူ့ကို မေးမြန်းခဲ့သည်ဟု ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ဥက္ကဌက ပြန်ပြောပြသည်။ ဒေါ်အောင်ဆန်းကြည်ပင်လျှင် ဖွံ့ဖြိုးရေးစီမံကိန်းများအပေါ် ယခင် အတိုက်ခံခေါင်းဆောင်ဘဝက ဆန့်ကျင်ခဲ့သော်လည်း ယခုအခါ စိတ်ပြောင်း သွားခဲ့ပြီဟု တရုတ်သံအမတ်ကပြောကြားခဲ့ကြောင်း ဆိုသည်။
“(တရုတ်နိုင်ငံနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးလုံး) ပြည်သူတွေရဲ့ အသံကို နားထောင် ဖို့လိုတယ်လို့ ကျနော်သူ့ကို ပြန်ပြောခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ မြစ်ဆုံက ကချင်ပြည်သူတွေ အတွက်ပဲ အရေးကြီးတာမဟုတ်ပါဘူး။ ဒီမြစ်က မြန်မာနိုင်ငံက ပြည်သူ အားလုံးအတွက်လည်း အရေးကြီးပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။
မြစ်ဆုံဆည် စီမံကိန်းစတင်သည့် အချိန်ကတည်းက ကချင်နှစ်ခြင်းအသင်းတော်က ၎င်းတို့၏ ခိုင်မာသော ကန့်ကွက်မှုကို ထုတ်ဖော်ပြသခဲ့သည်။
တရုတ်ရင်းနှီးမြှုပ်နှံသူများက ဆည်နှင့် ပတ်သက်၍ သည်းခံနိုင်မှုများ လျော့နည်းလာနေပြီး ကချင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှု အသစ်များပြုလုပ်ရန် နောက်တွန့်လာကြသည်ဟုလည်း ဟုန်လျံက သတိပေးခဲ့သည်။
သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်က မြစ်ဆုံဆည် ပြန်လည်စတင်ရေး တရုတ်သံအမတ်၏ တွန်းအား ပေး ခံရသည့် တဦးတည်းသောသူ မဟုတ်ပါ။
“သူက ကချင်ပါတီတွေက မြစ်ဆုံဆည်ကို မကန့်ကွက်ဖို့ ပြောတယ်။ မဆန့်ကျင်ရေးအတွက် ကချင်ပြည်သူတွေကို စည်းရုံးဖို့လည်း သူက ကျနော်တို့ကို ပြောပါတယ်” ဟု ဦးကွမ်ဂေါင်အောင်ခမ်း က ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်သူ ၈၅ ရာခိုင်နှုန်းက မြစ်ဆုံဆည်ကို ဆန့်ကျင်ကြောင်း ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်း က ၂၀၁၇ ခုနှစ် တွင် ကောက်ယူခဲ့သော သဘောထားစစ်တမ်းတခု အရသိရသည်။ အကယ်၍ ကချင်နိုင်ငံရေး နှင့် ဘာသာရေး ခေါင်း ဆောင်များက ဆည်စီမံကိန်းကို လက်ခံခဲ့လျှင်ပင် ပြည်သူလူထု၏ ဆန့်ကျင်ကန့်ကွက်မှုများ ပေါ်ပေါက်လာလိမ့်မည် ဖြစ်သည်။
ဒေသခံတို့၏ စိုးရိမ်မှုများ
ယခင် စစ်အစိုးရ အာဏာရှိစဉ်က အများပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း သို့မဟုတ် ဆွေးနွေးညှိနှိုင်းခြင်းမရှိဘဲ သဘာဝ အရင်းအမြစ်များကို ထုတ်ယူခဲ့ခြင်း၏ အမွေအနှစ်တခု အနေဖြင့် ကချင်ပြည်နယ်အတွင်းသာမက မြန်မာတနိုင်ငံ လုံးမှ တရုတ်ရင်းနှီးမြှုပ်နှံမှုများ အပေါ်တွင် ထောက်ခံမှု ဆုံးရှုံးစေခဲ့သည်။ ကချင်ခေါင်းဆောင်များက သူတို့ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများအကြောင်း တရုတ်သံအမတ်သို့ ပြောပြသည့် အချိန်တွင် အကယ်၍ တရုတ်စီမံကိန်းများ မတရားမှု တစုံတရာ တွေ့ရှိရပါက တရုတ်သံရုံးသို့တိုင်စာ ပေးပို့ရန်သာ သူက အကြံပြုခဲ့သည်။
ကချင်ပြည်နယ်တွင် တရုတ်လူမျိုး အသိုင်းအဝိုင်း၏ လွှမ်းမိုးမှုမြင့်တက်လာခြင်း အပေါ်တွင်လည်း ကချင်ပြည်သူများက စိုးရိမ်နေကြသည်ဟု ဦးကွမ်ဂေါင်အောင်ခမ်း ကပြောသည်။
“ဖိအားတွေပိုပြီး ပေးရမယ့် အချိန်မဟုတ်ပါဘူး။ အခုဆိုရင် တရုတ်နိုင်ငံရဲ့ လုပ်ရပ်က တရုတ်နဲ့ ကချင်ရဲ့ အနာဂတ်ဆက်ဆံရေး ခြိမ်းခြောက်မှု အသစ်ဖြစ်စေပါတယ်” ဟု ဦးကွမ်ဂေါင်အောင်ခမ်း ကပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပါဝင်ပတ်သက်မှု
စီးပွားရေး အပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ၎င်း၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်လာခဲ့သည်။ အထူးသဖြင့် တရုတ်-မြန်မာနယ်စပ်တလျှောက်မှ ပဋိပက္ခ ဧရိယာများနှင့် ပတ်သက်၍ ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ တရားဝင်ရပ်တည်ချက်မှာ “ငြိမ်းချမ်းရေးအတွက် စည်းရုံး၍ တွေ့ဆုံဆွေးနွေးမှုများ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးရင်း” ကြားဝင် မစွက်ဖက် ရေး မူဝါဒတခုကို လိုက်နာရန် ဖြစ်သည်။ သို့သော်လည်း လက်တွေ့မှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက တရုတ်ဘက်ခြမ်းမှ နယ်စပ်မြို့တမြို့ ဖြစ်သည့် ရွှေလီတွင် ပြုလုပ်သော ကချင်လွတ်မြောက်ရေးတပ်မတော် နှင့် အစိုးရ ကိုယ်စားလှယ်များကြားမှ ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် တရုတ်နိုင်ငံ ကြားဝင်ခဲ့သည်။ ထိုအချိန်မှ စတင်၍ ငြိမ်းချမ်းရေးဆွေးနွေးမှု တွေ့ဆုံပွဲများ အားလုံးတွင် တရုတ်နိုင်ငံမှ အထူးကိုယ်စားလှယ်တဦးက လေ့လာသူ သို့ မဟုတ် တက်ရောက်သူ အဖြစ် ပါဝင်လာသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA) ၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) မှ အဖွဲ့ဝင် များ နှင့် တပ်မတော်တို့ကြားတွင် ငြိမ်းချမ်းရေးပွဲစားအဖြစ် ဆောင်ရွက်ခြင်းအားဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ ၏ အခန်းကဏ္ဍက ၂၀၁၇ ခုနှစ်တွင် ပိုမိုခိုင်မာလာခဲ့သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အာရှရေးရာ အထူးကိုယ်စားလှယ်တဦးဖြစ်သည့် Sun Guoxiang ဆွန်ကော့ရှန် က FPNCC နှင့် ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် အတွက် ခရီးများ ခေါက်တုန့် ခေါက်ပြန်သွားခဲ့သည်။
စစ်၏ အကျိုးဆက်များကို စိတ်ပိုင်းဆိုင်ရာ အရရော ရုပ်ပိုင်းဆိုင်ရာ အရပါ ၇ နှစ်ကျော်ခံစားခဲ့ရပြီး ဖြစ်သည့် ကချင်ပြည်သူများအတွက် ငြိမ်းချမ်းရေးက ပထမဦးစားပေးထဲမှ တခုအဖြစ် တရုတ်သံအမတ်က သိသည်။ ဒီဇင်ဘာလ နှောင်းပိုင်းမှ တွေ့ဆုံမှုများအတွင်းတွင် သူက တပ်မတော်နှင့် KIA တို့ကြားမှ ဆွေးနွေးမှုများ အဆင်ပြေချောမွေ့အောင် ကူညီပေးမည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်မှ စတင်၍ ကချင်ပြည်နယ်မှ လက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်သူ ၁၂၀၀၀၀ ကျော် သူတို့၏ နေအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်ဟု ခန့်မှန်းရသည်။ ကချင်ခေါင်းဆောင်များက ကချင် စစ်ရှောင်ဒုက္ခသည်များ သူတို့၏ နေ အိမ်များသို့ ဘေးကင်းစွာ ပြန်သွားနိုင်ရေးအတွက် စိုးရိမ်မှုများကို ပြောပြသည့် အချိန်တွင် ဟုန်လျံက ကျေးရွာများမှ တပ်များကို ပြန်လည်ရုပ်သိမ်းပေးရေးအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖျောင့်ဖျ ပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။
ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC)က ပြည်တွင်းစစ်ရှောင် ဒုက္ခသည်များအတွက် အကူအညီများ ပို့ဆောင်ပေးရန် တပ်မတော်က ပိတ်ဆို့ထားသည့် အချို့နေရာများသို့ သွားရောက်ခွင့် ရရှိရေးအတွက် ကူညီမည်ဟုလည်း တရုတ်သံအမတ် က ကမ်းလှမ်းခဲ့သည်။
“ကျနော်တို့ ဘယ်လိုသဘောတူညီချက်တွေ၊ အပေးအယူတွေ မှ မပြုလုပ်ခဲ့ပါဘူး။ ဒါပေမယ့် သူက ပေးခဲ့တဲ့ ကတိတွေ အတိုင်းတကယ် လုပ်/ မလုပ်ကို ကျနော်တို့ စောင့်ကြည့်ရပါမယ်” ဟု သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။
သူ၏ အဖွဲ့အစည်းက မြစ်ဆုံဆည်အပါအဝင် ကချင်ပြည်နယ်မှ ဖွံ့ဖြိုးရေးစီမံကိန်းများကို လက်ခံရန် ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ထံသို့ စာတစောင်ရေးသား ပေးပို့ရန်လည်း ဟုန်လျံ က သူ့ကို အကြုံပြုခဲ့ကြောင်းလည်း ဆိုသည်။
တရုတ်အစိုးရ၏ တရားဝင် အစီအစဉ်အရ တရုတ်သမ္မတ ရှီကျင်ဖျင့် က ယခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသည်။ သမ္မတ၏ ခရီးစဉ်အတွင်းတွင် ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ပတ်သက်သည့် သဘောတူညီချက်များ ပြုလုပ်၍ ရနိုင်ရေးအတွက် လမ်းကြောင်းဖွင့်ရန် တရုတ်သံအမတ်က ကြိုးစားခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါ သည်။
သူ၏ ၂ ရက်ကြာ ခရီးစဉ်အတွင်းတွင် တရုတ်သံအမတ်က ကချင်နိုင်ငံရေးပါတီ ၃ခုမှ ခေါင်းဆောင်များ၊ ရှမ်းကော်မတီ ခေါင်းဆောင် တဦးနှင့် ပြည်နယ် အစိုးရတာဝန်ရှိသူ အချို့နှင့်တွေ့ဆုံခဲ့ပြီး အစိုးရမဟုတ်သည့် ခေါင်းဆောင်များသို့ သူပြော ကြားခဲ့သည့် သတင်းစကားမှာ အတူတူပင်ဖြစ်သည်။ ဟုန်လျံနှင့် ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံခဲ့သည့် အဆိုပါ ခေါင်းဆောင်များအတွက် သံအမတ်နှင့် ပတ်သက်၍ အနုတ်သဘောဆောင်သည့် အမြင်ကို ဖြစ်စေခဲ့သည်။
“ကျနော်တို့ကို ပြောဆိုတာတွေက တချိန်လုံး အထက်စီးဆန်တဲ့လေသံကို သုံးသွားတယ်။ သူက ကျနော်တို့ကို ခြိမ်းခြောက်နေသလိုမျိုးဖြစ်တယ်လို့ ကျနော်လည်း ခံစားရတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က အားနည်းတယ်လို့ သူက ယူဆပုံ ရပါတယ်” ဟု သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။
သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်က“တရုတ်နိုင်ငံက ကချင်ပြည်နယ်မှာ BRI စီမံ ကိန်းတွေ ပြီးမြောက်ဖို့ ဘာမဆို လုပ်လိမ့်မယ်။ မြစ်ဆုံဆည်ကို ပြန်စဖို့မဖြစ်မနေ ကြိုးစားလိမ့်မယ်” ဟု တွေ့ဆုံမှု၏ အနှစ်ချုပ်ပြီးပြောသည်။
သံအမတ်၏ ခရီးစဉ်နှင့် တွေ့ဆုံမှုများအတွင်း ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ဇန်နဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ တရုတ်သံရုံးသို့ ဧရာဝတီက တောင်းဆိုခဲ့သော်လည်း ဇန်နဝါရီ ၁၂ ရက်တွင် အကြောင်းပြန်လာပါသည်။
ပြန်ကြားချက်တွင် ကချင်ပြည်နယ် ဒေသခံတိုင်းရင်းသား ပြည်သူများသည် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မှု မရှိကြောင်း၊ စီမံကိန်းကို ကန့်ကွက်သည်မှာ ပြင်ပမှ လူနှင့် အဖွဲ့အစည်း ဖြစ်ပါသည်ဟု ကချင် ပြည်နယ် နိုင်ငံရေးပါတီ နှင့် လူမှုရေး အဖွဲ့အစည်းခေါင်းဆောင်များက သံအမတ်ကို ပြောကြားသည်ဟု ပါရှိသည်။
သို့သော် ကချင် ဒေသခံများက မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ မဆန့်ကျင်ကြောင်း ပြောဆိုသည်ဟု ရေးသားထားသည့် တရုတ် သံရုံး၏ ထုတ်ပြန်ချက်ပါ အချက်သည် မှားယွင်းနေကြောင်း ကချင် နိုင်ငံရေး ပါတီများက ပြောသည်။
ဆက်စပ်ဖတ်ရှုရန် – မြစ်ဆုံ စီမံကိန်းကို မဆန့်ကျင်ကြောင်း တရုတ် သံရုံး ထုတ်ပြန်ချက် မှားယွင်းနေ ဟုဆို
( Analysis: Behind the Threats and Warnings of Chinese Ambassador’s Kachin Visit ကို ဘာသာပြန်ဆိုသည်။)