ဇန်နဝါရီလ ၁၆ ရက်နေ့တွင် YBS ဟု အတိုကောက် ခေါ်ဝေါ်ကြသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ် လိုင်းစနစ်သစ် စတင်ခဲ့သည်မှာ ၂ နှစ် တိတိ ပြည့်ပြီ ဖြစ်သည်။
ပြည်သူ့အတွက် ဝန်ဆောင်မှုပေးနိုင်သည့် ဘတ်စ်ကားစနစ် ပေါ်ထွန်းရေး ရည်မှန်းချက်ဖြင့် အကောင်အထည်ဖော်ခဲ့သည့် ၂ နှစ်သား YBS ၏ အောင်မြင်မှု၊ ပြောင်းလဲတိုးတက်မှုများကို ပြန်လည်ဆန်းစစ်ရန် အချိန်ကောင်းလည်း ဖြစ်ပေသည်။
YBS သည် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွက် စိန်ခေါ်မှု ကြီးမားသော ပြုပြင်ပြောင်းလဲမှု တခုဖြစ်သကဲ့သို့ အခြေခံလူတန်းစားကို တိုက်ရိုက် သက်ရောက်မှု ရှိခဲ့သည့် ပြောင်းလဲမှု တခုဟုလည်း ဆိုနိုင်ပါသည်။
မထသ ဆိုသည့် ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ကြီးကြပ်လုပ်ဆောင်သော အဖွဲ့အစည်းကို ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) သို့ ပြောင်းလဲ၍ စီမံအုပ်ချုပ်မှုများကို ရန် ကုန်တိုင်း အစိုးရအဖွဲ့က တိုက်ရိုက် ကွပ်ကဲခဲ့သည်။
ယင်း YRTA တွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နာယကအဖြစ် တာဝန်ယူပြီး ဥက္ကအဖြစ် လျှပ်စစ်နှင့် စက်မှုလက်မှု လမ်း ပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က တာဝန်ယူခဲ့သည်။
ဆယ်စုနှစ်ပေါင်းများစွာ ဟောင်းနွမ်း စုတ်ပြတ်နေသည့် ကားများ၊ ရိုင်းစိုင်း ရန်လိုနေတတ်သည့် ယာဉ်မောင်း/ယာဉ်နောက် လိုက်များနှင့် နှစ်ပါးသွားခဲ့ရသည့် ရန်ကုန်မြို့နေ ဘတ်စ်ကားစီး ခရီးသွားပြည်သူ ၂ သန်းကျော်တို့သည် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ YBS စနစ်ကို မျှော်လင့်တကြီးဖြင့် ကြိုဆိုခဲ့ကြသည်။
သို့သော် အလျင်စလို ပြောင်းလဲမှု ပြုလုပ်ခဲ့သည့်အပေါ် ဝေဖန်သံများလည်း သောသောညံခဲ့သည်။
အကျိုးဆက်အနေဖြင့် YBS စတင်သည့် ၂၀၁၇ ဇန်နဝါရီ ၁၆ ရက် လွန်ခဲ့ သည့် ၂ နှစ် ယခုလို အချိန်တွင် ဘတ်စ်ကား လိုင်းသစ်များ၊ လမ်းကြောင်းသစ်များနှင့် မှတ်တိုင်အသစ်များအကြား အသားမကျသေးသည့် ခရီးသည်တို့ အခက်အခဲများ စွာ ကြုံတွေ့ခဲ့ရသည်။ အသိပညာပေးရန် အချိန်မယူခဲ့မှုကြောင့် အခက်တွေ့ကြရသည့် ခရီးသည်များကို စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီခဲ့သည်။
ရုံးတက် ရုံးဆင်းချိန်တွင် ပြေးဆွဲသည့် ယာဉ်အစီးရေ မလုံလောက်၍ မှတ်တိုင်တွင် ခရီးသည်များ စုပုံနေခြင်းကို ဧရာဝတီဘဏ်ကဲ့သို့ ဘဏ်များ၊ လုပ်ငန်းရှင်ကြီးများမှ အစ ကားပိုင်ရှိသည့် ပုဂ္ဂလိက စေတနာရှင်များ အဆုံး အခမဲ့ ပို့ဆောင်ပေးခြင်းဖြင့် ကူညီဖြေရှင်းပေးခဲ့ရသည်။
ယာဉ်လိုင်းများတွင် ဝင်ရောက်ပြေးဆွဲမည့် မော်တော်ယာဉ်များမှာလည်း ညတွင်းချင်း ယာဉ်များအား ပြန်လည်ပြုပြင်ခြင်း၊ တံဆိပ်များပြောင်းလဲ တပ်ဆင်ခြင်းတို့ ပြုလုပ်ခဲ့သော်လည်း အချိန်မမီမှုများ ဖြစ်ပေါ်ခဲ့သည်။ တံဆိပ်များ တဝက်တပျက် ကပ်လျက်ဖြင့် ပြေးဆွဲနေသည့် ယာဉ်လိုင်းတချို့ကိုလည်း မြင်တွေ့ခဲ့ရသည်။
ပြောင်းလဲလိုက်သည့် လမ်းကြောင်းသစ်များတွင် မောင်းနှင်ရမည့် ယာဉ်မောင်းများ အနေဖြင့်လည်း မည်သည့်လမ်း ကြောင်းတွင် ပြေးဆွဲရမှန်းမသိခြင်း၊ မှတ်တိုင်များနှင့် အသားမကျသေးခြင်းတို့ကြောင့် ခရီးသည်များက ပြောဆိုညွှန်ပြရ ခြင်းများလည်း ရှိခဲ့သည်။
ထိုအချိန်က ရန်ကုန်တိုင်း တတိုင်းလုံးရှိ လွှတ်တော်ကိုယ်စားလှယ်များပါမကျန် ရဲတပ်ဖွဲ့၊ လူမှုအသင်းအဖွဲ့များ၊ ကျောင်းသူကျောင်းသားများ၊ ပရဟိတ လုပ်သူများနှင့် တာဝန်သိပြည်သူများက YBS အရွေ့ကို ဝိုင်းကူ တွန်းခဲ့ကြရသည်ဆိုလျှင် မှားမည်မထင်။
ကြိုတင်ပြင်ဆင်မှု အားနည်းခြင်း၊ ငွေကြေးပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာမှု အပါအဝင် စီမံခန့်ခွဲမှု လိုအပ်ချက်များကြောင့် YBS စတင်ပြီး ၄ လကျော်လောက် အကြာတွင် “ပြည်သူ့အတွက် YBS” မှသည် “ပြည်သူစိတ်ပျက် YBS” ဟုပင် အမည် ကင်ပွန်း ပြောင်းတပ်ခြင်း ခံခဲ့ရသည်။
တိုင်းလွှတ်တော် ကိုယ်စားလှယ်များ၏ ဝေဖန် ထောက်ပြမှုများ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့သည်။
YBS ခရီးစဉ် လမ်းကြောင်းများ စတင်ထုတ်ပြန်ချိန်က လမ်းကြောင်း ၅၈ ခုသာ ထုတ်ပြန်ခဲ့သော်လည်း စတင်ပြေးဆွဲချိန်၌ ခရီးစဉ်လမ်းကြောင်း ၇၀ အထိ တိုးခဲ့ရပြီး ၂ နှစ် ပြည့်ချိန်တွင် ခရီးစဉ်လမ်းကြောင်း ၁၀၀ ကျော် ရှိပြီဖြစ်သည်။
YBS ၏ ပဲ့ကိုင်ရှင်ဟု ဆိုနိုင်သူ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ၂၀၁၈ ဇန်နဝါရီတွင် နိုင်ငံတကာအဆင့်မီ ဘတ်စ်ကား စနစ်သို့ ပြောင်းလဲ ပစ်နိုင်မည်ဖြစ်ကြောင်း YBS ၁ လပြည့် သတင်းစာရှင်းလင်းပွဲ၌ သူ့မျှော်မှန်းချက်ကို အတိအလင်း ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။
YBS တွင် ကားလိုင်းပြေးဆွဲနေသော Power Eleven ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ကိုတရုတ်လေးအနေဖြင့် YBS သယ်ယူပို့ဆောင်ရေးစနစ် နှင့်ပတ်သက်၍ အဆင့် ၄ ဆင့် ခွဲခြားထားပြီး လက်ရှိ အခြေအနေအရ ပထမ အဆင့်ဖြစ်သည့် စနစ်ပြောင်းလဲခြင်း၊ ကားသစ်များပြောင်းလဲ ခြင်းတို့ ဆောင်ရွက်နိုင်မှုကြောင့် ၂၅ ရာခိုင်နှုန်း ခရီးရောက်နေပြီဟု သုံးသပ်ပြောဆိုသည်။
အခြား နိုင်ငံများကဲ့သို့ ဘတ်စ်ကားလိုင်းများကို နည်းပညာ အသုံးပြု၍ စီမံခန့်ခွဲမှု ပြုလုပ်ခြင်း၊ အခြေခံ လမ်း/တံတား အဆောက်အဦပိုင်းများ ပြုပြင်တိုးချဲ့ခြင်းတို့ ပြောင်းလဲနိုင်ပြီဆိုပါက ၇၅ ရာခိုင်နှုန်းခန့် ခရီးရောက်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ကိုတရုတ်လေး ပြောသကဲ့သို့ပင် ရန်ကုန်တိုင်း အစိုးရအဖွဲ့သည် စနစ်ပြောင်းခဲ့သလို ကြံ့ခိုင်မှုအားနည်းပြီး ဟောင်းနွမ်းစုတ်ပြတ်နေသည့် မော်တော်ယာဉ်များကို ယာဉ်အသစ်များနှင့် အစားထိုးပြေးဆွဲရန် စီမံဆောင်ရွက်ခဲ့သည်။
ယာဉ်လိုင်းတော်တော်များ၏ အဲကွန်းဖွင့် ကားအသစ်များကြောင့် ခရီးသည်များ သက်တောင့်သက်သာ စီးနိုင်ပြီ ဖြစ်သည်။ ထို့ပြင် ယာဉ်လိုင်း လမ်းကြောင်းပြ မြေပုံများ စိုက်ထူခြင်း၊ ဘတ်စ်ကားမှတ်တိုင် အသစ် တည်ဆောက်ခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။
မော်တော်ယာဉ်များပေါ်တွင် စပယ်ယာမပါဘဲ ခရီးသည်များ ကိုယ်တိုင် ပုံးထဲသို့ ယာဉ်စီးခ ထည့်သွင်းသည့်စနစ်ကို ကျင့်သုံးခြင်းကြောင့် YBS ခရီးသည်များအဖို့ ရန်လိုနေသည့် စပယ်ယာများဘေးမှ ကင်းဝေးသွားစေခဲ့သည်။
ယာဉ်ပေါ်အတက်အဆင်း ပြုလုပ်ရာတွင် စနစ်တကျဖြစ်စေရန် ယာဉ်၏ ရှေ့ပေါက်မှတက်၍ နောက်ပေါက်မှ ဆင်းစေသည့် စနစ်ကို ဆောင်ရွက်ခဲ့ရာ အစပိုင်းက ကျင့်သားမရသေးသည့် ခရီးသည်များအဖို့ စိတ်မရှည်သော ယာဉ်မောင်းများ၏ ဆူပူ အော်ငေါက်မှုကို ခံခဲ့ကြရသော်လည်း ယခု အတော်လေး အသားကျ အဆင်ပြေနေပြီကို တွေ့မြင်နိုင်ပေသည်။
ယခင် မထသ စနစ်တွင် ယာဉ်ပိုင်ရှင်များအနေဖြင့် ယာဉ်စီးခများကို ကိုယ်ရကိုယ်ယူ စနစ်ဖြင့် ကျင့်သုံးခဲ့ရာ ယာဉ်မောင်းများ၏ အပြိုင်အဆိုင် လုယက်မောင်းနှင်ခြင်း၊ မှတ်တိုင်တွင် အချိန်ကြာမြင့်စွာ ခရီးသည်စောင့်ဆိုင်းခြင်း၊ ခရီးသည် နည်းပါးသည့် နေ့လယ်ခင်းအချိန်တွင် ကားတစီးနှင့် တစီး ပြောင်းပေးခြင်းတို့ ဖြစ်ခဲ့သည်။
ယခုအခါ ကိုယ်ရကိုယ်ယူ စနစ်အစား ဒရိုင်ဘာအား လစာပေးပြီး ပိုက်ဆံပုံးအတွင်းမှ ရလာသမျှ ဝင်ငွေကို ကုမ္ပဏီမှ သိမ်းသော စနစ် အစားထိုး ကျင့်သုံးခြင်းကြောင့် အဆိုပါ ပြဿနာများ အတော်အတန် ပျောက်ကွယ်ကုန်သည်။
ထိုအခြင်းအရာများကား ၂ နှစ်အတွင်း ပြောင်းလဲတိုးတက်လာသည့် YBS ၏ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ အောင်မြင်မှုများ ဟု မှတ်ယူနိုင်သကဲ့သို့ အဆင်မပြေမှု အချို့ ယနေ့ထိတိုင် ရှိနေသေးသည်ကိုလည်း လျစ်လျူရှုထား၍ မရပါ။
ညပိုင်း ပြေးဆွဲလျက်ရှိသော အောက်ဆိုက်ကားများ ပပျောက်စေရေးသည် YBS ၏ အဓိက ရည်ရွယ်ချက်များထဲမှ တခုဖြစ် သော်လည်း ၂ နှစ်ပြည့်ချိန်ထိ အောက်ဆိုက်ကားများ မင်းမူနေဆဲဖြစ်သကဲ့သို့ ခရီးသည်များမှာလည်း အိမ်ပြန်ခရီးအတွက် အောက်ဆိုက်ကားများကို အားကိုးနေရဆဲပင် ဖြစ်သည်။
YRTA က ခရီးသည်များ အဆင်ပြေစေရေးအတွက် ယာဉ်လိုင်းများကို နံနက် ၅ နာရီမှ ည ၉ နာရီ(အချို့ ၁၀ နာရီ)ထိ ပြေးဆွဲရန် သတ်မှတ်ထားသော်လည်း အချို့ယာဉ်လိုင်းများသည် ည ၇ နာရီ နောက်ပိုင်းဆိုလျှင် ကားအလာကျဲသွားပြီး မှတ်တိုင်တွင် လူများစုပုံလျက် ရှိသည်ကို တွေ့နိုင်သည်။
အချို့ကားများတွင် မှတ်တိုင် ပြောပေးသည့် အီလက်ထရောနစ်စက် မပါရှိသည့်အတွက် စီးနေကျ မဟုတ်သော ခရီးသည်များအဖို့ အနည်းငယ် အခက်ခဲ ဖြစ်စေသည်။
ခရီးသည်များ လုံခြုံစိတ်ချမှု ရှိစေရန် ရည်ရွယ်ပြီး ပြေးဆွဲနေသည့် ယာဉ်လိုင်းအားလုံးတွင် CCTV များ တပ်ဆင်ရမည်ဟု ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း လိုက်နာတပ်ဆင်မှု မရှိသေးသည့် ယာဉ်လိုင်းအချို့ကြောင့် လူကျပ်ချိန်တွင် မိန်းကလေးများအား မဖွယ်မရာ ပြုလုပ်လိုသူများ၊ ခါးပိုက်နှိုက်များအတွက် အခွင့်အရေးရနေဆဲ ဖြစ်သည်။
ယာဉ်လမ်းကြောင်းများ ရေးဆွဲခဲ့စဉ်က မြို့ပြင်ယာဉ်လိုင်းများအနေဖြင့် မြို့တွင်းသို့ ဝင်ရောက်စေခြင်းမရှိဘဲ သခင်မြပန်းခြံ၊ ဗိုလ်တထောင်ဘုရားတို့၌ စုရပ်အဖြစ်ထားကာ မြို့တွင်းသို့ သွားလာသူများအနေဖြင့် ယာဉ်လိုင်းများ ထပ်မံစီးနင်းရန် စီမံခဲ့ မှုကြောင့် မြို့ပြင်မှ မြို့တွင်းသို့ လာသူများအနေဖြင့် အနည်းဆုံး ကား ၂ ဆင့် စီးရမည်ဖြစ်ရာ ကုန်ကျစရိတ် ယခင်ထက် အနည်းငယ် ပိုသွားသည်။
အရှိန်မြှင့်မောင်းနှင်ခြင်း၊ ကားဆက်ပြတ်လွန်းခြင်း၊ ခရီးစဉ်အစအဆုံးမပြေးဆွဲခြင်း၊ ယာဉ်စည်းကမ်းဖောက်ဖျက်ခြင်း၊ မချေ မငံဆက်ဆံခြင်း၊ မှတ်တိုင်မရပ်ခြင်း၊ မှတ်တိုင်မဟုတ်ဘဲ လူတင်လူချလုပ်ခြင်း စသည်ဖြင့် ခရီးသည်တို့၏ YRTA သို့ တိုင် ကြားထားမှုများကလည်း စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်းအချို့ ရှိနေဆဲဟု မီးမောင်းထိုးပြနေသည်။
ယင်းပြဿနာ အစိတ်အပိုင်းအချို့ကို ဖြေရှင်းနိုင်ရေးအတွက် YRTA သည် ယာဉ်လိုင်းများ စနစ်တကျ ရပ်တန့်နိုင်မည့်၊ ခရီးသည်များ အဆင်ပြေချောမွေ့စေမည့်၊ လမ်းသွားလမ်းလာ ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေမည့် Pilot Project တခု ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ရှိ ဆူးလေကားမှတ်တိုင်တွင် စတင်ခဲ့သည်။
YBS ယာဉ်လိုင်း ၅ လိုင်း ပြေးဆွဲနေပြီး နေ့စဉ် ယာဉ်အစီးရေ ၁၀၀ ကျော် ရပ်တန့်နေသည့် ယင်းမှတ်တိုင်တွင် မော်တော် ယာဉ်တလိုင်းချင်းစီ ရပ်တန့်ရမည့် နေရာများကို သတ်မှတ်ထားပြီး ခရီးသည် အတက်အဆင်းလုပ်ရမည့် နေရာများကို သပ်သပ်စီ ခွဲခြားပေးထားခြင်း ဖြစ်သည်။
အဆိုပါစနစ် ၃ လ နီးပါးတွင် ယာဉ်မောင်းများ၊ ခရီးသည်များနှင့် သိပ်အသားမကျသေးသည်ကို ရုံးဆင်းချိန် မြင်ကွင်းများက မီးမောင်းထိုးပြနေသော်လည်း ယခင်ထက် ပိုမိုစနစ်တကျ ဖြစ်သွားစေပြီး ခရီးသည်များ အနေဖြင့်လည်း ကိုယ်စီးမည့် ယာဉ်လိုင်းကို ပြေးလွှားလိုက်နေစရာမလိုဘဲ သတ်မှတ်နေရာ၌ အိန္ဒြေရရ စောင့်ဆိုင်းနိုင်ပြီ ဖြစ်သည်။
YBS အပြောင်းအလဲ၌ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်းအချို့ ရှိနေဆဲဖြစ်သကဲ့သို့ တဖက်တွင်လည်း ခရီးသည်အချို့၏ ယာဉ်စီးခ ပေးမစီးခြင်း၊ အဲကွန်းကားကို တံခါးများ ဖွင့်စီးခြင်း၊ ခုံနေရာရလိုဇောဖြင့် အဆင်းပြုလုပ်ရမည့် ယာဉ်နောက်ပေါက်မှ အတင်း လုတက်ခြင်းများလည်း ရှိနေဆဲ ဖြစ်သည်။
ထိုအရာများကတော့ စနစ်ဆိုသည်ထက် လူတွေ၏ စိတ်နေသဘောထား၊ အလေ့အကျင့်များကို ပြောင်းလဲပစ်ရမည်ဖြစ်၍ အနည်းငယ် ခက်ခဲမည်ဖြစ်ကြောင်း၊ ယင်းအဆင့်ကို စတုတ္တအဆင့်အဖြစ် သတ်မှတ်ကြောင်း ကိုတရုတ်လေးက မှတ်ချက် ပြုသည်။
၂ နှစ်သားအရွယ် YBS နှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းခဲ့သည့် YBS ခရီးသည်များ၏ အပြောများဆုံးထဲတွင် ယာဉ်စီးခ အကြွေအခက်အခဲက ထိပ်ဆုံး ပါဝင်နေသည်။
အကြွေပြဿနာ ဖြေရှင်း နိုင်ရေးအတွက် ကတ်စနစ် Yangon Payment System (YPS) ဖြင့် ပေးချေနိုင်မည့် စနစ်ကို YBS ၂ နှစ် ပြည့်သည့်နေ့တွင် စတင် စမ်းသပ်သုံးစွဲတော့မည်ဆိုသော သတင်းများကိုတော့ သိုးသိုးသဲ့သဲ့ ကြားနေရသည်။
အဆိုပါ စနစ် ထွက်ပေါ်လာပါက လတ်တလော ခရီးသည်များ ကြုံတွေ့နေရသည့် အကြွေပြဿနာ ပြေလည်သွားမည် ဖြစ်သကဲ့သို့ ယာဉ်လိုင်းများ ပိုက်ဆံ အပြည့်အဝ မရသည့် ကိစ္စများလည်း အဆင်ပြေသွားမည်ဖြစ်ကြောင်း YRTA အတွင်းရေး မှူး ဒေါက်တာမောင်အောင်က ပြောသည်။
ကတ်စနစ် ကြန့်ကြာနေခြင်းသည် နည်းပညာအရမ်းမြင့်ခြင်း၊ ဘတ်စ်ကားတခုတည်း အတွက်သာမက ဈေးဝယ်သည်မှအစ ဘဏ်ကတ်များအဆုံး အသုံးပြုနိုင်ရေးအတွက် ရည်မှန်းထားသဖြင့် အချိန်ယူနေရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ယခုအချိန်တွင် YBS သည် လူမှုအကျိုးအမြတ် (Social Profit) အရ ကြည့်မည်ဆိုလျှင် အခြေအနေကောင်းသည်ဟု ဆိုနိုင်သော်လည်း ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးတွင် ထွက်ပေါ်လာခဲ့သော တိုင်း အစိုးရအဖွဲ့၏ ဘဏ္ဍာငွေသုံးစွဲမှုနှင့် ပတ်သက်သည့် စာရင်းစစ်ချုပ် အစီရင်ခံစာ အရဆိုလျှင် အရှုံးပေါ်နေသည်။
အစီရင်ခံစာအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်(YBPC) နှင့် ရန်ကုန်မြို့ပြအများပြည်သ ူသယ်ယူပို့ဆောင်ရေး အများပိုင် ကုမ္ပဏီလီမိတက်(YUPT) ၂ ခုစလုံးသည် ကျပ်သန်းပေါင်း ၃၅၀၀ ကျော် အရှုံးပေါ်နေကြောင်း သိရှိရသည်။
YBPC နှင့် YUPT တို့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ထည့်ဝင်ငွေ ကုမ္ပဏီ ၁ ခုလျှင် ရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၃၅ ဘီလီယံ စီဖြင့် စုစုပေါင်း ငွေကျပ် ၇၀ ဘီလီယံ ထည့်ဝင်ထားပြီး လုံလောက်မှုမရှိသဖြင့် ဧရာဝတီဘဏ်မှ ငွေကျပ် ၈ ဘီလီယံ ထပ်မံ ချေးယူထားကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းသို့ စီးပွားရေးအရ အရှုံးပေါ်နေခြင်းနှင့် ပတ်သက်၍ မည်သည့်နည်းလမ်းများဖြင့် ဆက်လက်လုပ်ဆောင် သွားမည်လဲ ဆိုသည်ကို ပြန်လည် စဉ်းစားသုံးသပ်ရန် လိုအပ်ကြောင်း၊ အစိုးရအနေဖြင့် YBS နှင့်ပတ်သက်၍ ပြည်သူကိုယ်စားပြု လွှတ်တော်အမတ်များ၏ အကြံဉာဏ်ရယူမှု အားနည်းနေခြင်းကို ပြုပြင်သင့်ကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ထောက်ပြသည်။
လက်ရှိတွင် YBS စနစ်၌ YBPC နှင့် YUPT အပါအဝင် Omni Focus ၊ ဗန္ဓုလ၊ Power Eleven၊ လူထုမိတ်ဆွေ စသည်ဖြင့် အများပိုင်ကုမ္ပဏီပေါင်း ၁၈ ခု၊ ပုဂ္ဂလိကအစုအဖွဲ့ပိုင် ၁၀ ခုမှ ယာဉ်အစီးရေ ၆၀၀၀ ခန့် မှတ်ပုံတင်ထားသော်လည်း မြေပြင်တွင် ယာဉ်အစီးရေ ၄၀၀၀ ကျော်၊ ယာဉ်လိုင်းပေါင်း ၁၀၀ ဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
အချို့မှာ ဘဏ်ချေးငွေဖြင့် ဘက်စ်ကားများ မှာယူတင်သွင်းပြေးဆွဲနေသော်လည်း ချေးယူစဉ်က စည်းကမ်းချက်များအတိုင်း ပြန်လည်ပေးဆပ်ခြင်း မရှိဟု သိရသည်။ ဘဏ်မှလည်း အများပြည်သူ ခရီးသွားလာရေး အဆင်မပြေ မဖြစ်စေလိုသည့်အတွက် စောင့်ဆိုင်းခဲ့သော်လည်း အများဆိုင်ရာ ငွေကြေးဖြစ်သဖြင့် တရားစွဲဆိုရန် စီစဉ်ဆောင်ရွက်နေလျှက် ရှိကြောင်း သိရသည်။
YBS ကို အဖက်ဖက်မှ ခြုံငုံသုံးသပ်ကြည့်မည်ဆိုလျှင် လက်ရှိ အနေအထားသည် ဝန်ကြီးချုပ် မျှော်မှန်းထားသလို နိုင်ငံတကာအဆင့်မီ ဘတ်စ်ကားစနစ် မဖြစ်သေးသည်ကတော့ ထင်ရှားနေသည်။
သို့သော်လည်း ပြည်သူ့အတွက် ဝန်ဆောင်မှု ပေးသည့်အပိုင်းတွင် ၅၀ ရာခိုင်နှုန်းကျော် အောင်မြင်နေပြီဟု YBS ကို အစဉ်တစိုက် ဝေဖန်ထောက်ပြမှုများ ပြုလုပ်ခဲ့သည့် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက မှတ်ချက်ပြုသည်။
ဒေါက်တာမောင်အောင်ကလည်း “ရန်ကုန်မြို့တွင်းမှာ YBS က တော်တော်လေး အသားကျလာပါပြီ။ ကျနော်တို့ရဲ့ ဆောင်ပုဒ်အရ Better Yangon, Better YBS ပေါ့။ ပိုကောင်းအောင်ပဲ ကြိုးစားနေတာပါ” ဟု ဆိုသည်။