မအိဖြူအောင်ရဲ့ အနုပညာသတင်းအဖွဲ့ ကြိုးစားဖန်တီးထားတဲ့ တေးသံရှင် တဦးရဲ့ အင်တာဗျူးသတင်း ဗီဒီယိုကလစ်နဲ့ အနုပညာသတင်းတွေ ကိုယ်ပိုင် Sunday news ရဲ့ ဝက်ဘ်ဆိုက်နဲ့ Facebook ပေါ် တက်ရုံ ရှိသေးတယ်၊ ၂၄ နာရီ မပြည့်ဘူး တခြား မမြင်ဖူးတဲ့ နာမည်ပေါင်းစုံနဲ့ လူမှုကွန်ရက် ပေ့ချ်တွေက သူတို့ သတင်းတင်ဆက်မှုကို ခိုးကူးပြီး ပြန်တင်တာတွေ ပွထနေတာကို မြင်လိုက်ရပါတယ်။
မြင်မြင်ချင်းမှာပဲ ဒေါသက အတော်လေးကို ရေချိန်မြင့်တက်သွားပြီး လက်ရှိ ရုန်းကန်နေရတဲ့ မိမိတို့ မီဒီယာလောကရဲ့ အနေအထားကို တော်တော်လေးကို မချင့်မရဲ ဖြစ်သွားရပါတယ်လို့ Sunday News အနုပညာ သတင်းအဖွဲ့ကို တည်ထောင်သူ မအိဖြူအောင်က ပြောပါတယ်။
သူ့ရဲ့ ကိုယ်ပိုင် Facebook အကောင့်မှာ မအိဖြူအောင်က သူတို့ စနစ်တကျ တည်ထောင်ထားခဲ့တဲ့ သတင်းအဖွဲ့က အပင်ပန်းခံ အကုန်ကျခံပြီး သီးသီးသန့်သန့် သွားမေးထားတဲ့ သတင်းလေး ဘယ်သူ့ဆီမှ မတက်သေးတဲ့အချိန် ပရိသတ်စိတ်ဝင်စားမှာလို့ ထင်ပြီး ကြိုးစားထားချိန်၊ တခြား မမြင်ဘူးတဲ့ ဝက်ဘ်ဆိုက် ပေါင်းစုံက အမျိုးမျိုး ခေါင်းစဉ်တွေ တပ်ပြီး ယူသုံးထားကြတာတွေ များလွန်းလို့ အင်မတန် စိတ်ပျက်ရကြောင်း ရေးသားပါတယ်။
မအိဖြူအောင်ရဲ့ သတင်းအဖွဲ့က အရင် ဆန်းဒေးဂျာနယ်အမည်နဲ့ ပုံနှိပ်ဂျာနယ်ထုတ်ကာ အနုပညာသတင်းများ တင်ဆက်ခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်တွေကစတင်ပြီး မရေရာတော့တဲ့ ဈေးကွက်ကြောင့် ပုံနှိပ်ဂျာနယ်ကို ရပ်ဆိုင်းပြီး အွန်လိုင်းကို အဓိက ဇောက်ချလုပ်လာခဲ့တာပါ။ ကိုယ်ပိုင်သတင်းထောက်တွေနဲ့ သတင်းဗီဒီယိုတွေ ထုတ်လုပ်ပြီး ရပ်တည်နေတာ ဖြစ်ပါတယ်။
အနုပညာရှင်တွေရဲ့ သတင်းတွေကို အဓိကဖော်ပြတာမို့ ပြောင်းလဲလာတဲ့ မီဒီယာရေစီးကြောင်းမှာ လူကြည့်များတဲ့ Like ပမာဏ ခုနစ်သိန်းကျော် ရရှိထားတဲ့ Facebook ဆိုရှယ်မီဒီယာ တခုကိုလည်း သူက ပိုင်ဆိုင်ထားပါသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစပြီး များပြားလာတဲ့ ဝက်ဘ်ဆိုက်အသစ်တွေနဲ့ ဆိုရှယ်မီဒီယာ Facebook ပေ့ချ်တွေကြောင့် ကူးယူခံရတဲ့ သူ့သတင်းတွေကိုကြည့်ပြီး သူ စိတ်မချမ်းမသာ ဖြစ်ရပါတယ်။
မြန်မာပြည်မှာ လူအများဆုံး စိတ်ဝင်တစား သုံးစွဲနေတဲ့ Facebook ရဲ့ Instant Article ဝန်ဆောင်မှု ကို သုံးပြီး သူများဟာ ခိုးကူးပြီး ပြန်တင်တဲ့ ငွေရှာသူများ အဆမတန် ပေါများလာတာမို့ ပင်မမီဒီယာတွေ ထိခိုက်လာနေပါတယ်။
၂၀၁၅ ခုနှစ်မှာ Facebook က မိတ်ဆက်ပေးလိုက်တဲ့ Instant Articles ဆိုတာ ဝက်ဘ်စိုက်တွေထိ သွားရမှာကို မသွားတော့ဘဲ စာရွက်တရွက် လှန်ဖတ်တာထက် မြန်တဲ့နှုန်းနဲ့ သတင်းကို အလွယ်တကူ အလျင်အမြန် ဖတ်နိုင်အောင် လုပ်ထားပေးတော့ အင်တာနက် အမြန်နှုန်းနှေးကွေးတဲ့ နေရာတွေ အရမ်းအဆင်ပြေလာပါတယ်။ စာဖတ်သူအဖို့လည်း မိုဘိုင်းဒေတာ သိပ်မစားတော့ ပိုက်ဆံလည်း သိပ်မကုန်ဘူးပေါ့။
သတင်းမီဒီယာ ပေါင်းစုံဆီက အချက်အလက်ပေါင်းစုံကို လူစိတ်ဝင်စားအောင် ပြန်လည်ရေးသားပြီး ကြော်ငြာ လက်ခံကာ စီးပွားရေးအရ ပြန်လည် ထုတ်လုပ်ပြီး ဆိုရှယ်မီဒီယာမှာ လူကြည့်များအောင် လုပ်နိုင်ပါတယ်။ လူကြိုက်များလာတဲ့ စာမျက်နှာဟာ မြန်မာပြည်မှာ အရောင်းအဝယ် လုပ်နိုင်ပါတယ်။ အဲဒီလို ငွေရှာတာ ခေတ်စားလာပါတယ်။
မူပိုင်ခွင့်နဲ့ ပတ်သက်လို့ Facebook လို ဆိုရှယ်မီဒီယာတွေမှာ စည်းကမ်းတင်းကျပ်မှုက အားအရမ်းနည်းပါတယ်။ ဒီအားနည်းချက်ကို အသုံးချ အမြတ်ထုတ်ပြီး သူများဟာတွေ ခိုးကူး ပြန်တင်တဲ့ ေ စာမျက်နှာတွေ ဖွင့်၊ လူကြိုက်များအောင် လုပ်၊ ပြီးရင် အရောင်းအဝယ်လုပ်ကြတော့တာပါပဲ။
Facebook စာမျက်နှာအပြင် ဝက်ဘ်ဆိုက်မှာလည်း ငွေရှာလို့ ရပါတယ်။ ဝက်ဘ်ဆိုက်မှာ လူကြည့်များလာရင် ကြော်ငြာရှာလို့ ရလာပါတယ်။ Facebook ပေ့ချ်က ခိုးကူးလို့ ရီပို့ထုရင် ပိတ်သွားတတ်ပါသေးတယ်။ ဝက်ဘ်ဆိုက်ကတော့ အန္တရာယ် ကင်းကင်းနဲ့ ခိုးတင်နိုင်ပါတယ်။
ဒီလိုနဲ့ မြန်မာကျပ်ငွေ ဆယ်သိန်းလောက် ရင်းနှီးပြီး ဝက်ဘ်ဆိုက် တခု ဆောက်၊ တနေကုန် အွန်လိုင်း ထိုင် တက်လာသမျှ သတင်းဆိုက်တွေ (ပင်မမီဒီယာတွေ) ဆီက သတင်းတွေ၊ နာမည်ကြီးသူတွေရဲ့ Facebook အကောင့်တွေက သတင်းအချက်အလက်တွေ ထိုင်ကြည့်ပြီး ပြန်လည်ကူးယူဖော်ပြလာမှုတွေက ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ နေ့ချင်းညချင်း မိုးဦးကျမှာထွက်လာတဲ့ မှိုတွေလို ပေါ်လာပါတော့တယ်။
ဒီလိုပေါ်လာချိန်မှာ လူအများစု စိတ်ဝင်စားတဲ့ အနုပညာရှင်တွေရဲ့ အတင်းအဖျင်း သတင်းတွေ၊ အကဲ ခတ်ဆတ်ဆတ် ရေးထားတဲ့ ခေါင်းစဉ်တွေနဲ့ သတင်းတွေဟာ Facebook ကွန်ရက်မှာ တလဟော ထိုးဖောက် ထွက်လာပါတော့တယ်။ သို့သော် အဲဒီလို ပေါ်ထွက်လာတဲ့ သတင်းတွေဟာ တင်နေတဲ့ အဆိုပါ ဆိုက်တွေက အမှန်တကယ် သွားရောက် သတင်းရယူ တင်ဆက်ထားတာတွေတော့ မဟုတ်ပါဘူး။
ပင်မ မီဒီယာဌာနတွေရဲ့ သတင်းဆောင်းပါး၊ ဗီဒီယိုကလစ်တွေကနေ ထပ်ဆင့် ခရက်ဒစ်ပေးပြီးသော် လည်းကောင်း၊ မပေးဘဲ ခပ်တည်တည်ရယူလို့သော် လည်းကောင်း တင်ပြနေကြတာပါ။
ဒီအချိန်မှာ မအိဖြူအောင်လိုပဲ တခြား အနုပညာ၊ လူမှုဘဝအခြေခံ သတင်းဖော်ပြနေတဲ့ မီဒီယာတွေက အကျိုးအမြတ် မရရှိဘဲ ပြန်လည် ခိုးယူခံနေရပါတယ်။
“ခံနေရတာတော့ လွန်ခဲ့တဲ့ ဂျာနယ်ကတည်းကပဲ။ အဲဒီတုန်းက အဲဒီလို မီဒီယာတွေက ကိုယ့်ဂျာနယ်က ဟာတွေကို ပြန်တင်တယ်။ ကိုယ် အွန်လိုင်းပြောင်းတော့ တခါ Video file တွေ ခိုးချကြပြန်ရော။ တကယ့်ကို အခံဘက်ကချည်း။ Online က သတ်လိုက်တော့ Print တွေ ခေတ်မကောင်းဘူး။ တရားဝင် လုပ်တဲ့ မီဒီယာတွေက အရမ်းကို ဒုက္ခရောက်ကုန်တယ်။ ပိတ်သွားတဲ့ မီဒီယာတွေလည်း အများကြီး။ ကျန်တဲ့ မီဒီယာတွေကလည်း ဝင်ငွေ ထွက်ငွေမမျှ၊ ကုန်ကျစရိတ်တွေ ဝန်ထမ်းစရိတ်တွေနဲ့ မနည်း ကျားကန်ရတယ်။”
ကြော်ငြာ ဝင်ငွေလို့ လောက်လောက်လားလား မရှိတဲ့ အချိန်မှာ၊ တရားဝင် ပြိုင်ဘက်တွေ အပြင်၊ တရားမဝင် ပေ့ချ် အတုအယောင်က အကုန်ခိုးချ၊ နည်းပညာ အကူညီနဲ့ ဝင်ငွေရအောင် လုပ်ပြီး အွန်လိုင်းမှာ ထပ်သတ် ပြန်တယ်။
ပုံနှိပ်ဖြန့်ချိခေတ်မှာ တကယ့်ကို အနုပညာရှင်တွေရဲ့ Information အတွက် မရှိမဖြစ် အရေးပါကြတဲ့ တရားဝင် မီဒီယာတွေဟာ ဒီခေတ်မှာတော့ မြောင်းထဲ ရောက်ပြီး ထောင်ချင်သလို ထောင်လို့ ရနေတဲ့ ဆိုရှယ် မီဒီယာက သူခိုးဆိုက်တွေနဲ့ အပြိုင် မျက်နှာငယ်ငယ်နဲ့ သတင်းတွေ လုယက် ယူရပြန်တယ်။ မလုဘဲ Exclusive သီးသန့် သတင်းဆိုရင် ၁ နာရီ မကြာဘူး၊ ဟိုပေ့ချ် ဒီပေ့ချ်မှာ ခေါင်းစဉ် အမျိုးမျိုးနဲ့ တွေ့ရပြန်ပြီပဲ။
“ကိုယ့်ထက်တောင် အောင်မြင်နေကြတော့ ရင်ဝ ဆောင့်ကန် ခံရသလိုပါပဲ” လို့ မအိဖြူအောင်က ပြောပါတယ်။
Oasis သတင်းဂျာနယ်ကို တည်ထောင်ထားတဲ့ အယ်ဒီတာချုပ် မဂျူလိုင်မိုးကလည်း အလားတူ အဖြစ်မျိုးတွေ ကြုံနေရတာဖြစ်လို့ ဘယ်လိုနည်းလမ်းနဲ့ ကာကွယ်ရမယ် မသိတော့ဘူးလို့ ညည်းညူ ပြောဆိုပါတယ်။
“တချို့က ကျတော့ ထပ်တောင် ဖြည့်လိုက်သေးတယ်။ ပုံတွေစာတွေ ထပ်ဖြည့်တာ။ သို့သော် ပုံတွေမှာက ကိုယ့်ရေစာ ပါတာတွေရော၊ မပါတာတွေရော ဖြစ်ကုန်တာပေါ့။ ရေစာဆိုလည်း ဖြတ်ထုတ်ပစ်ကြတာပဲ။ မူဗီတွေလည်း ကူးတာပဲ။ မူဗီကိုတောင် ရေစာပြန်ဖြတ်ထုတ်ကြတာရှိတယ်” လို့ ပေါ်ပြူလာ သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးဖိုးနိုင်လင်းက ဆိုပါတယ်။
“အဓိကကတော့ ပရိသတ်ပဲ။ ပရိသတ်ကိုက အဲဒီ ကူးချမီဒီယာတွေကို အားပေးနေကြတယ်။ တခြားသူတွေ မပြောနဲ့ ကိုယ့်မီဒီယာ အသိုင်းအဝိုင်းထဲက သတင်းသမား မဟုတ်တဲ့သူတွေတောင် အဲဒီ ကူးချမီဒီယာတွေကို အားပေးနေကြတာအများကြီး။ ကျနော့်အနားမှာကို ရှိတယ်။ ခဏခဏ ပြောနေရတယ်။ အဲဒါတွေကို မကြည့်ပါနဲ့၊ အဲဒါတွေဆီက သတင်းတွေ လာမပြောကြပါနဲ့လို့ ခဏခဏပြောနေရတယ်။ ဒီတော့ကာ တရားဝင် မီဒီယာတွေနဲ့ အဲဒီ ကူးချမီဒီယာတွေကို ပရိသတ် ကွဲကွဲပြားပြား သိသွားအောင် အစိုးရကပါ ဝိုင်းကူမှရမယ် ထင်တယ်” လို့ သူက ဆက်ပြောပါတယ်။
ဧရာဝတီသတင်းဌာန (မြန်မာပိုင်း) အကြီးတန်း အယ်ဒီတာ ဦးရဲနည်ကတော့ ခုလိုဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံ တခုတည်းသာ မဟုတ်ဘဲ၊ နိုင်ငံတကာမှာပါ ဖြစ်နေကြောင်း၊ သတင်းဌာနတွေတင်မက ရုပ်ရှင်၊ ဂီတ လောကမှာပါ ကြုံတွေ့နေရတာဖြစ်တယ်လို့ ပြောပါတယ်။
“Facebook ရဲ့ ပေးထားတဲ့ ဘောင်စနစ်အတွင်းက လုပ်နေကြတာမို့ ဒါကို Facebook ကိုယ်နှိုက်က မနှိပ်ကွပ်ဘူး။ Facebook ရဲ့ စည်းမျဉ်း စည်းကမ်းတွေအရ ကူးယူဖော်ပြမှုရုံတင်မက သူများဟာကို ယူသုံးပြီး ပြန်ဖန်တီးထားတာကိုတောင် ခွင့်ပြုထားတယ်။ သူ မနှိပ်ကွပ် မဖြစ် နှိပ်ကွပ်လာရတာက သတင်းတုနဲ့ အမုန်းစကားပဲ။ ဆိုရှယ်မီဒီယာ ကျယ်ပြန့်လာတာနဲ့အမျှ မူရင်းဖြစ်မှု တန်ဖိုးထက် လူသိပိုများမှု တန်ဖိုးက ရှေ့က ပိုရောက်လာသလို ဖြစ်နေတယ်။ ကျနော်တို့လို Brand value ရေရှည်တည်တံ့ချင်သူ မီဒီယာတွေကတော့ မူရင်း ဖြစ်မှုရော လူပိုသိဖို့ရော ၂ မျိုးစလုံးကို ချိန်ညှိ လုပ်ကိုင်ရတယ်” လို့ ဦးရဲနည်က ဆိုပါတယ်။
အရင် ပြန်ကြားရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဦးရဲထွဋ်ကတော့ အခုလိုပြဿနာတွေဟာ ဥရောပ နိုင်ငံတွေမှာပါ ဖြစ်ပွားလျက်ရှိပြီးတော့ ဥပဒေတွေနဲ့ ပြန်ကိုင်တွယ်ဖို့ ဆောင်ရွက်နေတာ ရှိတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံ မှာလည်း ဒီလိုအရေးတွေကို သေချာကိုင်တွယ်ဖို့ လိုနေပြီး အစိုးရအနေနဲ့ သတင်းမီဒီယာ ကောင်စီလို အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။
“ရေတိုအနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက သူ့ဆီမှာ ဥပဒေနဲ့အညီ မှတ်ပုံတင်ထားတာ မဟုတ်ဘဲ၊ သူများ သတင်းတွေကို ခိုးတင်နေတဲ့ ဆိုက်တွေကို ပိတ်ပင်ဖို့ ဆက်သွယ်ရေး၊ သတင်းမီဒီယာကောင်စီတို့နဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ လိုပါတယ်။”
“ဒုတိယ အဆင့်အနေနဲ့လည်း လက်ရှိ ရေးဆွဲနေတဲ့ အသိဉာဏ်ပစ္စည်းဆိုင်ရာ ဥပဒေကြမ်းမှာ အခုကိစ္စတွေနဲ့ ပတ်သက်ပြီး အကျုံးဝင်အောင် ထည့်ရေးဆွဲတာမျိုးနဲ့ ဥပဒေအတည် ဖြစ်လာတဲ့အခါ ဒီကိစ္စကို ကိုင်တွယ်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်တာမျိုးတွေ လုပ်ဖို့လိုမယ်” လို့ ဦးရဲထွဋ်က ပြောပါတယ်။