ဇန်နဝါရီလ ၂ ရက်နေ့တွင် တရုတ်သမ္မတ ရှီကျင်ဖျင့်က ထိုင်ဝမ်ကို တရုတ်နိုင်ငံနှင့် ပြန်လည်ပေါင်းစည်းရေး စစ်အင်အား အသုံးပြုမည်ဟု ပြောဆိုလိုက်ခြင်းသည် ကျွန်းနိုင်ငံ(ထိုင်ဝမ်) ၏ ပြည်မကြီးနှင့် ပူးပေါင်းလိုမှု မရှိခြင်းအပေါ် ဖိအားပေးရန် တရုတ် ခေါင်းဆောင်က ပထမဆုံးအကြိမ် ခြိမ်းခြောက်ခဲ့ခြင်း မဟုတ်ပါ။
သို့သော်လည်း နောက်ရက် အနည်းငယ်ကြာသည့်အခါ ရှီကျင်ဖျင့်က စစ်ပွဲတခုအတွက် ပြင်ဆင်မှုများ ပြုလုပ်ထားရန် သူ၏ တပ်များကို ပြောသည့် အချိန်တွင် ထိပ်တိုက်ရင်ဆိုင်မှုအတွက် ပြင်ဆင်ရန် တောင်းဆိုခြင်းက တရုတ်အစိုးရက သစ္စာဖောက် ပြည်နယ်တခုအဖြစ် မြင်သည့် ကျွန်းနိုင်ငံ အပေါ် ယခင်က ပြုလုပ်ခဲ့သည့် ခြိမ်းခြောက်မှုများနှင့် ရှင်းရှင်း လင်းလင်းပင် ကွဲပြားနေခဲ့သည်။
ရှီကျင်ဖျင့်က ခေတ်သစ်တရုတ်နိုင်ငံ၏ တတိယမြောက် ကွန်မြူနစ် အာဏာရှင်အဖြစ် ပေါ်ထွက်လာနေသည်။ သူ့၏ အရင်လူ ၂ ဦး (မော်စီတုံး Mao Zedong နှင့် တိန့်ရှောင်ဖိန် Deng Xiaoping ) ကဲ့သို့ပင် အမျိုးသား စည်းလုံးညီညွတ်မှုက အဓိက ဖြစ်သည်။
ကွန်မြူနစ်ပါတီက ဖန်တီးသည့် ပြည်သူ့သမ္မတ နိုင်ငံကို တည်ထောင်သူ မော်စီတုံးက တိဘက် ဒေသကို တရုတ်နိုင်ငံ၏ ဗဟိုအုပ်ချုပ်မှုအောက်သို့ ရက်ရက်စက်စက်ပင် ဆွဲသွင်းခဲ့သည်။ ပါတီ၏ ဒုတိယမျိုးဆက်ခေါင်းဆောင် ဖြစ်သည့် တိန့်ရှောင်ဖိန်က ဗြိတိသျှကိုလိုနီ ဟောင်ကောင်နှင့် ပေါ်တူဂီပိုင် မကာအိုတို့ကို ပြန်လည်ရယူရေး ညှိနှိုင်းရာတွင် ဦးဆောင်ခဲ့သည်။
သူ၏ ခေါင်းဆောင်မှု အဓိက တာဝန်များထဲမှ တခုမှာ ထိုင်ဝမ်ကို ပြန်လည်သိမ်းပိုက်ရေး ဖြစ်သည်ဟု ရှီကျင်ဖျင့်က ထင်ထင်ရှားရှား ယုံကြည်ထားသည်။ ထိုင်ဝမ်က တရုတ်ပြည်တွင်းစစ်တွင် ကွန်မြူနစ်ပါတီ အောင်ပွဲရခဲ့သည့် ၁၉၄၉ ခု နှစ်တွင် ပြည်မကြီးမှ ခွဲထွက်သွားခဲ့သည်။
“ထိုင်ဝမ်နိုင်ငံက ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ တရုတ်လိုလားတဲ့ ကူမင်တန်ပါတီ သမ္မတ နေရာနဲ့ လွှတ်တော်ကပါ ဖယ် ရှား ခံခဲ့ရပြီးနောက်ပိုင်း ရှီကျင်ဖျင့်က ကျူးကျော်ရေးပြောဆိုမှုတွေ တိုးလာခဲ့ပါတယ်။ (တိုက်ပွဲအတွက်) အသင့်ပြင်ထား မလား ဒါမှမဟုတ် စေ့စပ်ဆွေးနွေးရေး စားပွဲ ပြန်သွားမလားဆိုတာကို နောက်ဆုံး ဆုံးဖြတ်ချက်တခုချဖို့ ၂၀၂၀ ကို နောက်ဆုံး သတ်မှတ်ထားတယ်” ဟု ထိုင်ဝမ် အခြေစိုက် စစ်ရေး လေ့လာသုံးသပ်သူတဦး ဖြစ်သည့် Wendell Minnick က ပြောသည်။ သူက တရုတ်လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပတ်သက်၍ စာအုပ် အမြောက်အများ ရေးသားခဲ့သူ ဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီ စတင်တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်သည့် ၂၀၂၁ ခုနှစ်သည် ထိုင်ဝမ်အတွက် အရေးပါသည့် နှစ် တနှစ် ဖြစ်လာလိမ့်မည်ဟု အခြားသော တရုတ်နိုင်ငံ လေ့လာစောင့်ကြည့်သူများက ယုံကြည်ထားသည်။ လတ်တလော ပါတီတွင်း အာဏာ ကစားကွက်များနှင့် ထုတ်ပယ်မှုများမှ တဆင့် ရှီကျင်ဖျင့်က ထိုကဲ့သို့သော အမျိုးသားရေး လက္ခဏာပြ အခန်းအနားများ ကျင်းပသည့် အချိန် အာဏာ ဆက်လက် ရှိနေစေရေး သေချာအောင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
၂၀၁၈ ခုနှစ် မတ်လတွင် တရုတ်နိုင်ငံ၏ ဥပဒေပြုလွှတ်တော်က ရှီကျင်ဖျင့်ကို သမ္မတအဖြစ် ပြန်ခန့်အပ်ခြင်းကို အတည်ပြုခဲ့သည်။ သမ္မတနေရာအတွက် ၅ နှစ်သက်တမ်း ၂ ကြိမ်သာ ထမ်းဆောင်နိုင်သည့် ကန့်သတ်ချက်ကို ပယ်ဖျက် ပေးခဲ့သည်။ ရှီကျင်ဖျင့်၏ နောက်ထပ် အာဏာပြင်းသည့် ရာထူး ၂ ခုဖြစ်သော ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေး မှူးရာထူးနှင့် ပါတီ စစ်ကော်မရှင် ဥက္ကဌ ရာထူးတို့မှာ သက်တမ်းကန့်သတ်ချက် မရှိပါ။
သူက တိုင်းပြည်၏ အချက်အချာကျသည့် အစိတ်အပိုင်းတခု ဖြစ်သော အစိုးရ၏ စစ်ကော်မရှင် ဥက္ကဌ ဖြစ်နေခြင်းက လည်း သူ့ကို တရုတ်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်အဖြစ် ခိုင်မာစေခဲ့သည်။
ထိုင်ဝမ်ကို ဟောင်ကောင်နှင့် မကာအို တို့နှင့် အလားတူ သဘောတူညီချက် ရရှိရေးတွင် စစ်ရေးနည်းက ရှီကျင်ဖျင့်အတွက် နောက်ဆုံး ရွေးချယ်စရာ ဖြစ်လိမ့်မည်ဟု တရုတ်နိုင်ငံ အရေး စောင့်ကြည့်လေ့လာသူများက ယုံကြည်ထားကြဆဲ ဖြစ်သည်။ “နိုင်ငံတခု၊ စနစ် ၂ ခု” ဟု အမည်တွင်သည့် စနစ်ကြောင့် ဟောင်ကောင်နှင့် မကာအိုတို့တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတိုင်းအတာ အတော်များများ ရရှိထားသည်။
သို့သော်လည်း ဇန်နဝါရီလ ၂ ရက်နေ့က ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ထိုင်ဝမ် သမ္မတ ဆိုင်အင်းဝမ် Tsai Ing-wen က ထိုင်ဝမ်နိုင်ငံသား အများစုသည် အဆိုပါ သဘောတရားကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြပြီး သူတို့က ရှီကျင်ဖျင့်နှင့် ဘေဂျင်းမှ ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းက အဆိုပြုသည့် ပုံသေနည်းအောက်မှ အုပ်ချုပ်ရေးကို မည်သည့် အချိန်တွင်မျှ လက်ခံကြလိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီက ပြုလုပ်ခဲ့သည့် သဘောထား စစ်တမ်းကောက်ယူချက်တခုက ထိုင်ဝမ်နိုင်ငံသား ၈၀ ရာခိုင်နှုန်းက မည်သည့် ““နိုင်ငံတခု၊ စနစ် ၂ခု” ပုံစံမျိုးကိုမဆို ငြင်းပယ်ကြောင်း တွေ့ရှိခဲ့ရသည်။ ထိုင်ဝမ်နိုင်ငံသား ၆၁ ရာခိုင်နှုန်းက ရှီကျင်ဖျင့်အပေါ် ဆိုင်အင်းဝမ်၏ တုံ့ပြန်မှုကို သဘောကျ ကျေနပ်ခဲ့ကြသည်။ ထို့အပြင် အစိုးရချင်း ဆက်ဆံမှု တခုကို အခြေခံ၍ ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ချက် အပါအဝင် တရုတ်အစိုးရနှင့် ဆွေးနွေးမှုမှန်သမျှအတွက် ဆိုင်အင်းဝမ်၏ စည်းကမ်းချက်များကို ၈၅ ရာခိုင်နှုန်းက သဘောတူခဲ့ကြသည်။
ဆိုင်အင်းဝမ်က Democratic Progressive Party (DPP) ကို ကိုယ်စားပြုပြီး DPP က ထိုင်ဝမ်နိုင်ငံသည် အချုပ်အခြာ အာဏာပိုင် ဒီမိုကရေစီ နိုင်ငံ ဖြစ်၍ တရုတ်နိုင်ငံ၏ အစိတ်အပိုင်း မဟုတ်ဟု သဘောထားသည်။ သူ၏ ပါတီက ၂၀၁၈ ခု နှစ် ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် အစဉ်အလာအရ ပါတီ၏ အမာခံနယ် မြေဖြစ်သည် တောင်ပိုင်းဆိပ်ကမ်းမြို့တော် Kaohsiung အပါအဝင် နေရာအများအပြားတွင် ကူမင်တန် (KMT) ပါတီကို ရှုံးနိမ့်ခဲ့ရသည်။
အဆိုပါ ရလဒ်အတွက် အလုပ်သမားပြဿနာများ၊ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးများနှင့် စီးပွားရေးနှေးကွေးခြင်းတို့က အဓိက အကြောင်းရင်းများဖြစ်သော်လည်း တရုတ်နိုင်ငံက ရလဒ်ထွက်ပေါ်ပြီးသည့် အချိန်တွင် “ထိုင်ဝမ်၏ မြို့ကြီးများ၊ ခရိုင်များနှင့် ပြည်မကြီးတို့ကြားတွင် ပိုမို၍ ပူးပေါင်းဆောင်ရွက်မှု ရှိလာသည်ကို ကြိုဆိုကြောင်း” အလျှင်အမြန် ပြောကြား ခဲ့သည်။
ရွေးကောက်ပွဲပြီးသည့် အချိန်တွင် တရုတ်နိုင်ငံ ထိုင်ဝမ်ရေးရာရုံး၏ ပြောရေးဆိုခွင့်ရှိသူ မာ့ရှောင်ကွမ်း Ma Xiaoquang က မဲရလဒ်သည် “ထိုင်ဝမ်ရေလက်ကြား ဖြတ်ကျော် ဆက်ဆံရေး ငြိမ်းချမ်းစွာ တိုးတက်လာခြင်း၏ အကျိုးကျေးဇူးများကို ဆက်လက် ဝေမျှလိုသော ထိုင်ဝမ်ပြည်သူတို့၏ ခိုင်မာသော ဆန္ဒများကို ဖော်ပြနေခြင်း ဖြစ်သည်” ဟု ထင်ယောင်ထင်မှား ဖြစ်စေရန် ပြောဆိုခဲ့သည်။
တရုတ်သည် နိုင်ငံတခုတည်းသာ ဖြစ်ပြီး ထိုင်ဝမ်က ပြည်နယ်တခု ဖြစ်သည်ဟု KMT က အမြဲပြောဆိုခဲ့သည်။ သို့သော်လည်း သူတို့၏ တရုတ်နိုင်ငံမှာ (ယခုအချိန်အထိ ထိုင်ဝမ်၏ တရားဝင် နာမည်ဖြစ်သည့်) တရုတ်သမ္မတ နိုင်ငံ (ROC) ဖြစ်သည်။ ကွန်မြူနစ် အုပ်စိုးသော ပြည်မကြီးမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) နှင့် ကွဲပြားပါသည်။
တဘက်တွင် DPP က “ပြီးခဲ့သည့် ၁၂၃ နှစ်တွင် ပြည်မကြီးက ထိုင်ဝမ်ကို ၄ နှစ်သာ အုပ်ချုပ်ခဲ့ဖူးသည်၊ ထို့ကြောင့် ထိုင်ဝမ် က သီးခြား စရိုက်လက္ခဏာရှိသည်”ဟု ပြောဆိုထားသည်။ ထိုင်ဝမ်က ၁၈၉၅ မှ ၁၉၄၅ ဂျပန်တို့၏ အုပ်ချုပ်မှု အောက်တွင် ရှိနေခဲ့ပြီး ထို့နောက်တွင်မှ မော်စီတုံး၏ ကွန်မြူနစ်များ အာဏာရရှိလာသည့် ၁၉၄၉ ခုနှစ် အထိသာ ပြည်မကြီးနှင့် ပူးပေါင်းခဲ့သည်။
ထိုအချိန်မှစ၍ တရုတ်သမ္မတနိုင်ငံ (ROC) က ထိုင်ဝမ်ကျွန်းနှင့် တရုတ်ကမ်းရိုးတန်း အလွန်နှင့်တောင်ပိုင်းမှ ကျွန်းငယ်များ ပေါ်တွင်သာ ဆက်လက်ရှင်သန်ခဲ့တော့သည်။
DPP ၏ လတ်တလော ရွေးကောက်ပွဲ အဖြစ်ဆိုးက တရုတ်နိုင်ငံအတွက် ထိုင်ဝမ်နိုင်ငံတွင် သမ္မတသစ်နှင့် လွှတ်တော်ကို ရွေးချယ်မည့် ၂၀၂၀ တွင် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးနှင့် ဖြစ်နိုင်ဖွယ်ရာရှိသော ဆွေးနွေးမှုများအတွက် မျှော်လင့်ချက်များ သိသိသာပင် ဖြစ်စေခဲ့သည်။
“သမ္မတရာထူးက KMT သို့မဟုတ် တတိယပါတီက ကိုယ်စားလှယ်လောင်းဆီကို ရောက်သွားတာက တရုတ်နိုင်ငံ အ တွက် ကျူးကျော်ဝင်ရောက်မှုကို ရှောင်ရှားပြီး စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းကို ပြန်သွားဖို့ အခွင့်အလမ်းတခု ဖြစ်စေပါ လိမ့်မယ်” ဟု Wendell Minnick က ပြောသည်။
သို့သော်လည်း “တခုတည်းသော တရုတ်နိုင်ငံ” မူဝါဒကို ကိုင်စွဲထားသည့် KMT ကပင်လျှင် ဇန်နဝါရီလ ၃ ရက်နေ့တွင် ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ပြီး “နိုင်ငံတခု၊ စနစ် ၂ ခု” မူဘောင်က ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည့် ထိုင်ဝမ် အ တွက် လက်ခံဖွယ်ရာ မရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြည်သူအများစုက နှစ်ချိုက်ထောက်ခံမှု မရှိ၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သဘောထားကွဲပြားမှုက တရုတ်နိုင်ငံနှင့် ထိုင်ဝမ်တို့ ပိုင်ဆိုင်မှုအတွက် ယှဉ်ပြိုင်နေကြသည့် တောင်တရုတ်ပင်လယ်အထိ ကျယ်ပြန့်သွားခဲ့သည်။ တောင်တရုတ်ပင်လယ်မှ တရုတ်နိုင်ငံ၏ စစ်အင်အားက အရေးပါသည့် ရေကြောင်းလမ်းများကို ထိန်းချုပ်နိုင်မှု သေချာစေရေး ဗျူဟာ၏ အစိတ်အပိုင်းတခု အနေဖြင့် အဓိက မြင်ကြသော်လည်း နောက်ကွယ်တွင် ထိုင်ဝမ်နှင့်လည်း ပတ်သက်နေသည်ဟု လေ့လာဆန်းစစ်သူများက ပြောကြသည်။
“တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ဝင်ရောက်တဲ့အခါ လိုလိုမယ်မယ် သုံးလို့ရအောင် တောင်ဘက်စစ်နံကို လုံခြုံစေချင်တယ်” ဟု ဥရောပမှ တရုတ် အရေး ကျွမ်းကျင်သူ တဦးက ပြောသည်။ သူက ဒေသတွင်းမှ အဖြစ်အပျက်များကို လိုက်လံ လေ့လာနေသူ ဖြစ်ပြီး အကြောင်းအရာ၏ အကဲဆတ်မှုကြောင့် သူ့အမည်ကို ဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံခဲ့သည်။
အမေရိကန်က တရုတ်သမ္မတနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြောင်းလဲ အသိအမှတ်ပြုခဲ့သည့် ၁၉၇၉ ခုနှစ်တွင် အမေရိကန် အစိုးရက ထိုင်ဝမ် ဆက်ဆံရေးဥပဒေ (Taiwan Relations Act) ပြဌာန်းခဲ့ပြီး အဆိုပါ ဥပဒေ၌ အမေရိကန် ပြည်ထောင်စုနှင့် ထိုင်ဝမ်တို့ကြားတွင် သံတမန် မဟုတ်သည့် ဆက်ဆံရေးကို သတ်မှတ်ခဲ့သည်။
အဆိုပါ ဥပဒေတွင် အကယ်၍ တရုတ်နိုင်ငံက ထိုင်ဝမ်ကို တိုက်ခိုက် သို့မဟုတ် ကျူးကျော်ခဲ့လျှင် အမေရိကန်က စစ်ရေး အရ ဝင်ရောက် စွက်ဖက်မည်ဟု အာမခံချက်ပေးထားခြင်း မရှိပါ။ သို့သော်လည်း “သပိတ်မှောက်ခြင်း၊ ကုန်သွယ်မှုကို ပိတ်ပင်ခြင်း များအပါအဝင် ငြိမ်းချမ်းသည့် နည်းလမ်းများဖြင့် မဟုတ်ဘဲ ထိုင်ဝမ်နိုင်ငံ၏ အနာဂတ်ကို ဆုံးဖြတ်ရန် အားထုတ်မှု မှန်သမျှကို ပစိဖိတ်အနောက်ပိုင်း ဧရိယာ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတခု၊ အမေရိကန်နိုင်ငံ အတွက် အရေးတကြီး စိုးရိမ်စရာတခုအဖြစ် အမေရိကန်ပြည်ထောင်စုက ယူဆသွားမည်” ဟု ဖော်ပြထားသည်။
“ထိုင်ဝမ်ပြည်သူတို့၏ လုံခြုံရေး၊ သို့မဟုတ် လူမှုရေး သို့မဟုတ် စီးပွားရေးစနစ်ကို ထိခိုက်ပျက်စီးစေမည့် မည်သည့် အင်အားစု သို့မဟုတ် လက်နက်များ သို့မဟုတ် အခြားသော အကျပ်ကိုင်မှု ပုံစံများကိုမဆို ခုခံတွန်းလှန်နိုင်ရေးအတွက် ” ထိုင်ဝမ် နိုင်ငံသို့ လက်နက်များ ထောက်ပံ့မည် ဖြစ်ကြောင်းလည်း အမေရိကန်က ကတိပြုခဲ့သည်။
စက်တင်ဘာလအတွင်းတွင် အမေရိကန်က ထိုင်ဝမ်နိုင်ငံ၏ ကာကွယ်ရေး စွမ်းဆောင်ရည် သိသိသာသာ မြင့်တက်စေ မည့် လက်နက် ဒေါ်လာ သန်း၃၃၀ ဖို့ ရောင်းချရန် အတည်ပြုခဲ့သည်။ အဆိုပါ သဘောတူညီချက်တွင် ထိုင်ဝမ်၏ F-16၊ C-130 နှင့် F-5 စစ်လေယာဉ် အုပ်စုများနှင့် အခြားစနစ်များအတွက် အစိတ်အပိုင်းများ ပါဝင်သည်။
အမှန်တကယ်ဖြစ်မလာသေးသော်လည်း အရေးကြီးသည့် မေးခွန်းက ထိုင်ဝမ်နိုင်ငံက ဖြစ်လာနိုင်ဖွယ် ရှိသော ပြည်မကြီး၏ ကျူးကျော်ဝင်ရောက်မှုကို မည်သည့် အတိုင်းအတာအထိ ခုခံနိုင်လိမ့်မည်နည်း။ ထိုင်ဝမ်နိုင်ငံတွင် အမေရိကန်လုပ် လက်နက်များ ဖောဖောသီသီ တပ်ဆင်ထားသည့် ခေတ်မီစစ်တပ်တခု ရှိပြီး အဆိုပါတပ်က ပြည်မကြီး၏ ကျူးကျော်မှုကို အလွန်အန္တရာယ်များအောင် ပြုလုပ်လိမ့်မည် ဖြစ်သည်။
ထိုင်ဝမ်က နိုင်ငံခြားသို့ တင်ပို့ရန် မျှော်လင့်ချက်ဖြင့် ၎င်း၏ ကိုယ်ပိုင် ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်း စွမ်းဆောင်ရည် တိုးတက်လာအောင် ပြုလုပ်နေသည်။ ထို့ကြောင့် စစ်တပ်ကို ကိုယ်တိုင်လက်နက်တပ်ဆင်ရန် ကုန်ကျစရိတ်ကို လျော့ကျ စေခဲ့သည်။ “ထိုင်ဝမ်နိုင်ငံရဲ့ စစ်ရေးကို နှစ်ပေါင်း ၂၀ ကြာအောင် လေ့လာခဲ့တာ နိုင်ငံတကာ ဈေးကွက်မှာ သူတို့တွေ အရမ်းတက်ကြွနေတာကို ကျနော် တခါမှ မမြင်ဖူးဘူး” ဟု Wendell Minnick က ပြောသည်။
ပြီးခဲ့သည့် နှစ်အနည်းငယ် အတွင်းတွင် ရေဒါများ၊ ဒုံးပျံများနှင့် အာရုံခံကိရိယာများ တီထွင်ထုတ်လုပ်နေသည့် ထိုင်ဝမ် နိုင်ငံမှ National Chungshan Institute of Science and Technology က အရှေ့အလယ်ပိုင်း ၊ ဥရောပ နှင့် အာရှ တို့ တွင် ကာကွယ်ရေးဆိုင်ရာ ပြပွဲများ ပြုလုပ်ခဲ့သည်။
သို့သော်လည်း တရုတ်အစိုးရဘက်မှ စစ်စကား ပြောဆိုမှု ပိုများလာသည်နှင့် အမျှ ဗျူဟာလေ့လာဆန်းစစ်သူများက ထိုင်ဝမ်နိုင်ငံ၏ ကျယ်ပြန့်သည့် ကာကွယ်ရေး အနေအထား အသေးစိတ်ကို တရုတ်နိုင်ငံနှင့် ယှဉ်၍ သုံးသပ်လာကြသည်။
ထိုင်ဝမ်နိုင်ငံ၏ တချိန်က အခိုင်အမာ ခံတပ်များဖြစ်ခဲ့သည့် ရှေ့တန်းကျွန်းများ ဖြစ်သည့် Kinmen နှင့် Matsu တို့က ယခုအခါတွင် စစ်အင်အား မရှိသလောက် နီးပါးဖြစ်နေသည်။ တရုတ်သမ္မတနိုင်ငံ (ROC) ၏ ဖုကျန့် Fujian ပြည်နယ်အဖြစ် သတ်မှတ်ထားသည့် အဆိုပါ ကျွန်းများသည် ယခင်က တရုတ်ပြည်မကြီးတပ်များနှင့် ပြင်းထန်သော တိုက်ပွဲများ တိုက်ခိုက်ခဲ့သည့် နေရာဖြစ်သည်။
ထိုင်ဝမ်တပ်များ တပ်စွဲထားဆဲ ဖြစ်သော်လည်း ၎င်းတို့ကို များသောအားဖြင့် ကျွန်းများဆီသို့ ပြည်မကြီးမှ တံငါသည်များ ကျူးကျော် ဝင်ရောက်မလာစေရန်နှင့် တရားမဝင် ရောက်လာသူများကို ပြန်မောင်းထုတ်ရန် တာဝန်ချထားခြင်း ဖြစ်သည်။ တချိန်တည်းမှာပင် ထိုင်ဝမ်က တရုတ်နိုင်ငံကို ရည်ရွယ်၍ ကျွန်းများပေါ်တွင် ထိုင်ဝမ်၏ ကာကွယ်ရေး စနစ်အတွက် အရေးပါသည့် ခေတ်မီလေ့လာစောင့်ကြည့်ရေး စနစ်များကို ထိန်းသိမ်းထားခဲ့သည်။
ထိုင်ဝမ်က တောင်တရုတ်ပင်လယ်ရှိ Taiping သို့မဟုတ် Itu Aba ကျွန်း နှင့် မြောက်ဘက်မှ Pratas သို့မဟုတ် Dongsha ကျွန်းများကိုလည်း ထိန်းချုပ်ထားသော်လည်း ကမ်းခြေစောင့်တပ်ဖွဲ့များသာ တပ်စွဲထားသည်။
ထို့ကြောင့် ထိုင်ဝမ်နှင့် တရုတ်ပြည်မကြီးကြားတွင် Penghu ကျွန်း နှင့် Matsu ကျွန်း၏ မြောက်ဘက်မှ Dongyin ကျွန်း တို့သာလျှင် တရုတ်သမ္မတနိုင်ငံ (ROC)၏ ပင်မကျွန်းသို့ ၎င်း၏ ကျူးကျော်ရေး တပ်များ မရောက်ရှိနိုင်မီ စိုးရိမ်စရာ အဖြစ် ကျန်နေစေခဲ့သည်။
ထိုင်ဝမ်က တာဝေး မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံ စခန်းတခုကို Dongyin ကျွန်းတွင် ဆက်လက်ထားရှိခဲ့သည်။ တရုတ်ပြည်မ ကြီး Fujian ကမ်းရိုးတန်းမှ ၄၅ ကီလိုမီတာသာ ဝေးသည့်နေရာတွင် ဖြစ်သည်။ စက်တင်ဘာလအတွင်းတွင် ထိုင်ဝမ်ရေတပ်က တရုတ်နိုင်ငံ၏ ကျူးကျော်ဝင်ရောက်လာနိုင်မှုမှ ကျွန်းကို ကာကွယ်ရန် သင်္ဘောဖျက် ဒုံးပျံများပါဝင်သည့် အမြန်တိုက်ခိုက်ရေး သင်္ဘောများ ရှာဖွေနေခဲ့သည်ဟု သိရသည်။
ထိုင်ဝမ်နိုင်ငံသား မျိုးဆက်သစ်တခု ပေါ်ထွက်လာခဲ့ပြီး Wendell Minnick ၏ စကားအတိုင်းဆိုလျှင် “ကွန်ပျူတာများ၊ အသင့်စား အစားအစာများနှင့် ရပိုင်ခွင့် အခွင့်အရေး ခံစားချက်”တို့ နှင့် အတူ လက်နက်များဝယ်ယူခြင်းက တိုင်းပြည် ဘဏ္ဍာ ငွေများကို ဖြုန်းတီးခြင်းဖြစ်ပြီး ပညာရေးကဲ့သို့သောနေရာများတွင် ဘဏ္ဍာငွေကို သုံးစွဲသင့်သည်ဟု မြင်လာကြသောကြောင့် တရုတ်နိုင်ငံက ထိုင်ဝမ်၏ ကာကွယ်ရေးသည် နှစ်ကြာလာသည်နှင့် အမျှ အားပျော့လာပြီး ကျုးကျော် ဝင်ရောက်ခြင်းက လျှင်မြန်လွယ်ကူလိမ့်မည်ဟု ထင်ကောင်းထင်နိုင်ပါသည်။
ထိုင်ဝမ်၏ အာဏာရှိသူ အသိုင်းအဝိုင်းအတွင်းတွင်မူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် Donald Trump ၏ အစိုးရက ကုန်သွယ်ရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် သဘောတူညီချက်တခု ရယူရန် ဆန္ဒရှိကောင်းရှိနေနိုင်ပြီး အဆိုပါ သဘောတူညီချက်ထဲတွင် အမေရိကန်နိုင်ငံက ထိုင်ဝမ်နိုင်ငံ၏ ဒီမိုကရေစီကို ကာကွယ်ပေးခြင်း ရပ်တန့်ရန် ကတိလည်း ပါဝင်နိုင်သည်ဟု စိုးရိမ်မှုများ ရှိနေကြောင်း ထိုင်ဝမ်နိုင်ငံမှ အရင်းအမြစ်များ၏ အဆိုအရ သိရသည်။
တဘက်တွင်မူ ဒေါ်နယ်ထရမ့်က လက်နက်များရောင်းချခဲ့သည်။ တရားဝင် ဖလှယ်မှုများကို အားပေးခဲ့သည်။ ထိုင်ဝမ်ကို ထောက်ခံ၍ တရုတ်ကို ဆန့်ကျင်သော ဂျွန်ဘိုလ်တန် John Bolton ကို အမျိုးသား လုံခြုံရေး အကြံပေးအဖြစ် မကြာသေးမီက ခန့်အပ်ခဲ့သည်။
မည်သို့ပင် ဖြစ်စေ ထိုင်ဝမ်၏ နည်းပညာမြင့်သည့် စစ်တပ်က တရုတ်၏ စစ်ရေးလုပ်ရပ် မှန်သမျှအတွက် ကောင်းစွာပြင် ဆင်ထားသည်။ အကယ်၍ (ထိုင်ဝမ်)ကျရှုံးခဲ့လျှင် တရုတ်နိုင်ငံ နောက်ဆုံး ပြန်လည် ပေါင်းစည်းရေးဟု သူမြင်သည့် အရာကို သွေးစွန်းခံပြီး ရယူခဲ့သော ခေါင်းဆောင်အဖြစ် ရှီကျင်ဖျင့်ကို သမိုင်းတွင်စေနိုင်လိမ့်မည်။ ပြည်တွင်းတွင် စီးပွားရေး ဖိအားများ ရှိနေခြင်းနှင့်အတူ အဆိုပါ အမြင်ကို ဖြည့်ဆည်းရေးနှင့် သူ၏ အမွေအနှစ်ကို ပိုမိုခိုင်မာအောင်ပြုလုပ်ရေး စွန့်စားမှုရယူရန် ရှီကျင်ဖျင့်တွင် ဆန္ဒရှိကောင်းရှိနေနိုင်သည်။
( Asia Times ပါ Bertil Lintner ၏ Why a China invasion of Taiwan would fail ကို ဘာသာပြန်သည်။)