အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်၍ လူဦးရေ ၂၆၅ သန်း ရှိသည့် စီးပွားရေးဖြစ်သော အင်ဒိုနီးရှားနိုင်ငံ တွင် Facebook က မမျှော်လင့်ထားသည့် လမ်းဆုံးနှင့် ရင်ဆိုင်တွေ့နေရပုံရှိသည်။
တက္ကသိုလ်က အစပြုခဲ့သော Facebook သည် ကမ္ဘာတလွှားတွင် ၁၂ နှစ် ကြာ အင်အားလွှမ်းမိုး ကြီးထွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၁၄ ဘီလီယံတန် ဈေးကွက်ကို သိမ်းပိုက်နိုင်ခဲ့သည်။
ယခုတော့ အသက်ကြီးသူများ ရွေးချယ်သော ဆိုရှယ်မီဒီယာ တခု ဖြစ်လာနေသည်။ Facebook က ၎င်း၏ အမာခံဖောက်သည်များ(လူငယ်များ၊ ပညာတတ်များနှင့် ဘဝအခြေအနေ တိုးတက်မြင့်မားလာသူများ) ကို ဆွဲဆောင်ထားနိုင်မှု ဆုံးရှုံးနေရသည့် အသွင်ရှိသည်။
လက်တွေ့တွင်လည်း လူငယ်အများအပြားက Facebook သို့ ဝင်ထားခြင်းကို ရပ်တန့်ခဲ့ကြပြီ ဖြစ်သည်။ အဘယ်ကြောင့်ပါနည်း။
ရှင်းပါသည်။ လူငယ်များက Facebook ကို ခေတ်နောက်ကျနေပြီဟု သိသိသာသာပင် ထင်မြင်နေကြသည်။ စိတ်ဝင်စားစရာ ကောင်းသည့် အကြောင်းအရာများထက် မိသားစုနှင့် မိတ်ဆွေများကို ပို၍ ဦးစားပေးသည့် ငြီးငွေ့ဖွယ်ရာ စနစ်တခုကို အခြေပြုထား၍ ဖြစ်သည်။
Facebook က စိုးမိုးထားဆဲ ဖြစ်သည့် ဈေးကွက်များ ရှိနေဆဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူများ၏ ၉၁ ရာခိုင်နှုန်းက Facebook ကို အများဆုံး အသုံးပြုကြသည်။ ရန်ကုန်၊ မန္တလေးနှင့် အခြားသောနေရာများမှ အင်တာနက် သုံးစွဲသူများက ပိုမို၍ ခေတ်မီလာကြသည်နှင့်အမျှ ထိုနှုန်းထားကို ဆက်ထိန်းထားနိုင်မည်လား ဆိုသည်က နောက်ထပ် အကြောင်းတခု ဖြစ်ပါသည်။
နေရာတိုင်းတွင် လူပြောများသည့် အချက်အလက် လုံခြုံမှု ပြဿနာနှင့် အမုန်းစကားများကို Facebook က မဖြေရှင်းနိုင်ခဲ့ပါ။ သို့သော် အာဆီယံက ထိုကဲ့သို့ စိုးရိမ်စရာများကို စာရင်းသွင်းခဲသည်။ ဂျကာတာမှ သို့မဟုတ် ကွာလာလမ်ပူမှ Facebook သုံးစွဲသူများသည် “lean in” အမည်ရှိစာအုပ်ကို ရေးသားခဲ့ခြင်းကြောင့် ကျော်ကြားသော Sheryl Sandberg (Facebook ၏ လုပ်ငန်းခွင် အရာရှိချုပ်-COO) အပေါ် စွပ်စွဲချက်များ အကြောင်းကို အနည်းငယ်မျှသာ သိခဲ့ကြသည်။ ကျနော်တို့သည် ကျနော်တို့ သတိပြုမိရန် ခဲယဉ်းသည့် ကြောင်သူတော်များနှင့် များစွာ အသားကျနေခဲ့သည်။
သို့သော်လည်း Facebook ၏ တကယ့်ပြဿနာမှာ ငြီးငွေ့ဖွယ်ရာ ကောင်းလာခြင်း ဖြစ်သည်။
ဒီဂျစ်တယ် သင်းချိုင်းသို့ ပို့ထားခဲ့ကြပြီးဖြစ်သော Myspace၊ Bebo နှင့် Friendster တို့ကဲ့သို့သော အွန်လိုင်း ဒိုင်နိုဆောကြီးများနည်းတူ Facebook ၏ အဆုံးသတ်က စတင်နေပြီလား။
အင်ဒိုနီးရှားနိုင်ငံ၏ အဆင့်မြင့်တက္ကသိုလ်များထဲတွင် တခုအပါအဝင် ဖြစ်သည့် အင်ဒိုနီးရှား အနုပညာ မြို့တော် ဂျော့ဂျကာတာ Yogyakarta ရှိ ဂတ်ဂျာမာဒါ Gadjah Mada တက္ကသိုလ်မှ ကျောင်းသားတဖွဲ့နှင့် အတူ ပြီးခဲ့သည်နှစ် ဒီဇင်ဘာလ အတွင်းက ကျနော် နေ့လည်စာ စားဖြစ်ခဲ့ပါသည်။ မာ့က်ဇူကာဘတ် Mark Zuckerberg ၏ လုပ်ငန်းအသစ်ကလေးတခု အဖြစ်မှနေ လူနေမှုပုံစံ၏ သင်္ကေတဖြစ်လာသော Facebook အပေါ် သူတို့၏ အမြင်များက အလွန်ကို ရှင်းလင်းပါသည်။
အသက်၂၀ အရွယ် တက္ကသိုလ် ကျောင်းသားတဦး ဖြစ်သည့် ရူလီဆတ်ထရီယာ Rully Satria က Facebook ကို ခေတ်မမီတော့ဟု ယူဆသည်။ “ကျနော် အဲဒါကို ခဏတဖြုတ်တောင် မသုံးဘူး။ ရှားရှားပါးပါး သုံးခဲ့မယ်ဆိုရင် ကျနော့် မိသားစုနဲ့ ဆွေမျိုးတွေ ဘာတွေလုပ်နေခဲ့ကြသလဲ ဆိုတာကို လိုက်ကြည့်နေရလိမ့်မယ်။”
အင်ဒိုနီးရှားတွင် အင်တာနက် သုံးစွဲသူများ၏ ၅၀ ရာခိုင်နှုန်းမှာ အသက် ၁၉ နှစ်မှ ၃၄ နှစ် အတွင်း ရှိသူများ ဖြစ်ကြသည်။ ရူလီဆတ်ထရီယာ ကဲ့သို့ ထောင်စုနှစ်လူငယ်(၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် မွေးဖွား သို့မဟုတ် လူလားမြောက်လာသူ) အများစုက အင်တာနက်နှင့်အတူ ကြီးပြင်းခဲ့ကြရသည်။ သို့သော်လည်း ၂၀၁၈ ခုနှစ် တွင် Facebook သုံးစွဲသူသစ် အများစုမှာ အသက် ၄၅ မှ ၅၅ နှစ် အရွယ်အတွင်း ရှိသူများ ဖြစ်နေခဲ့ကြသည်။ Facebook က ထောင်စုနှစ်လူငယ်များ၏ မိဘများနှင့် ဘိုးဘွားများ၏ နယ်မြေဖြစ်လာနေသည်။
“ကျနော့် မိဘတွေ၊ အဒေါ်တွေနဲ့ ဦးလေးတွေကတော့ သုံးနေကြတုန်းပဲ” ဟု ရူလီဆတ်ထရီယာက ထပ်ပြောသည်။
Facebook သည် အဓိကအားဖြင့် ကွန်ပျူတာ သုံးစွဲသူများအတွက် ပြုလုပ်ထားသော ဝက်ဘ်ဆိုက် ပလက်ဖောင်းတခု ဖြစ်သည်။ အသစ်ပေါ်သည့် ဆိုရှယ်မီဒီယာများမှာ စမတ်ဖုန်းများအတွက်သာ ဖြစ်ပြီး ကွဲပြားခြားနားသော ကျွမ်းကျင်မှုမျိုး လိုအပ်သည်။ ထို့ပြင် ပိုမို၍ ရှုပ်ထွေးသည့် စမတ်ဖုန်းများက ထောင်စုနှစ် လူငယ်များကို ကျယ်ပြန့်သော လုံခြုံရေးကို ပေးသည်။
လွတ်လပ်စွာ ပြောဆိုခြင်းကို ကာကွယ်ပေးမှုတွင် တခါတရံ Facebook က အလျှော့ပေးသည်၊ လူ့အခွင့်အရေးကို ထိခိုက်နစ်နာစေသည်။
ဗီယက်နမ်တွင် အဆိပ်အတောက်ဖြစ်စေသည့် အစိုးရကို ဆန့်ကျင်သော အကြောင်းအရာများကို Facebook ၌ ပိတ်ပင်တားမြစ်ခြင်းက တက်ကြွလှုပ်ရှားသူများကို စိတ်ပျက်စေခဲ့သည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု ကို အသံတိတ်စေခဲသည်။
မြန်မာနိုင်ငံတွင် အမုန်းစကား ဖြန့်ဝေမှုကို ကနဦးက အရေးမယူပေ။ နောက်ပိုင်း ဖိအားများလာမှ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် အကောင့်များစွာကို ပိတ်ပစ်ခဲ့သည်။
သတင်းအချက်အလက်များကို အစုအပြုံလိုက် ရိတ်သိမ်းရယူနေသည့် ခေတ်တွင် လုံခြုံ လျှို့ဝှက်မှုရှိရေးက အင်တာနက် အသုံးပြုသူများအတွက် ဦးစားပေးချက်တခု ဖြစ်ခဲ့၏။ အငြင်းပွားဖွယ်ရာ Cambridge Analytica (သန်းနှင့် ချီသော Facebook အသုံးပြုသူများ၏ ကိုယ်ရေး အချက်အလက်များကို နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ရယူခဲ့သည့် ဗြိတိန်ကုမ္ပဏီ) အရှုပ်တော်ပုံ ကဲ့သို့သော သတင်းများက Facebook ၏ ကောင်းသတင်းကို မှေးမှိန်စေခဲ့သည်။
မာ့က်ဇူကာဘတ်၏ ဖန်တီးမှု Facebook က ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကြော်ငြာ ကုမ္ပဏီများသို့ ရောင်းချသည်ဟု သိရခြင်းက မယုံကြည်မှုကို ပို၍ နက်ရှိုင်းစေခဲ့သည်။ တဘက်တွင် Twitter နှင့် Instagram တို့က ကိုယ်ရေးကိုယ်တာ အချက်အလက်ပေါ်တွင် မမှီခိုခြင်းက ပိုမိုလုံခြုံသော ခံစားမှုကို ပေးနေသည်။
“ကျနော့်ရဲ့ လူမှုရေးဘဝနဲ့ ပတ်သက်လို့ သူတို့ မသိစေချင်ဘူး” ဟု ရူလီဆတ်ထရီယာက ထပ်ပြောသည်။
ထို့ကြောင့် လူတိုင်း ဘယ်ကို သွားနေကြပါသနည်း။ အင်ဒိုနီးရှားတွင် Instagram၊ LINE နှင့် Twitter တို့က များစွာ ပို၍ စတိုင်ကျသည်၊ သုံးရ အဆင်ပြေသည်ဟု ယူဆနေကြသည်။ ထို့ပြင် သုံးစွဲသူ အများစုက Facebook ၏ အစီအစဉ်များက ကြုံရာ ကျပန်းနိုင်လွန်းပြီး အဆက်အစပ်မဲ့ကြောင်း တွေ့ရှိခဲ့ကြသည်။
မကြာသေးမီက ဘွဲ့ရခဲ့သော အသက် ၂၃ နှစ်အရွယ် ပရိုဘို Probo က“ နိုင်ငံရေး သမားတွေနဲ့ ထင်ရှား ကျော်ကြားတဲ့သူတွေကလည်း Twitter မှာ ပိုပြီး တက်ကြွကြတယ်။ စာလုံးရေ ၁၄၀ ကန့်သတ်ထားတာ ကြောင့် ဖတ်ရတာ ပိုပြီး အဆင်ပြေတယ်” ဟု ပြောသည်။
ဂျပန်ပိုင် စာတိုပို့ ဝန်ဆောင်မှုတခု ဖြစ်သည့် LINE က ထိုင်းနိုင်ငံတွင် အလွန် လူကြိုက်များလာနေသည်။ ၎င်း၏ နေ့စဉ်သတင်း ပလက်ဖောင်းတခုဖြစ်သည့် LINE TODAY က အရှေ့တောင်အာရှနိုင်ငံ (ထိုင်း) တခုတည်းမှာပင် သုံးစွဲသူ ၃၂ သန်း ကျော်အောင် မြှင့်တင်ပေးခဲ့သည်။
တဘက်တွင်မူ ပြီးခဲ့သည့် နှစ်က စတင်ခဲ့သော Facebook ၏ “News Literacy” အစီအစဉ်က စိတ်လှုပ်ရှားမှုများစွာ မပေးနိုင်ခဲ့ပါ။
ဥပမာ ပြရလျှင် ရူလီဆတ်ထရီယာက နေ့စဉ်သတင်းများအတွက် Instagram ကို အားကိုးသည်။ “Tirto.id၊ Opini.id နဲ့ Beritagar တို့ကလည်း သတင်းတွေတင်ပေးတယ်။ အဲဒါတွေက အချက်အလက် ပိုစုံတယ်။ ကျနော့်အတွက် စိတ်ဝင်စားစရာ ကောင်းတယ်။”
အရှေ့တောင်အာရှ အခြေစိုက်သည့် ဆိုရှယ်မီဒီယာ ဈေးကွက်မြှင့်တင်ရေး အမှုဆောင်တဦး ဖြစ်သည့် အဒရစ်အရစ်ဖင် Adryz Ariffin က Facebook မှနေ ပြောင်းလာကြခြင်းက ဒီဂျစ်တယ် ဈေးကွက်မြှင့်တင်ရေး အပေါ်တွင် ချက်ချင်း သက်ရောက်မှု မရှိခဲ့ကြောင်း ပြောသည်။ “Facebook က တုန့်ပြန်မှု၊ သက်ရောက်မှု အများဆုံး ရှိနေတုန်းပါပဲ။ အရှေ့တောင် အာရှနိုင်ငံ အများစုအတွက် Facebook က အင်တာနက်ကို သူတို့ ပထမဆုံး ထိတွေ့ဆက်သွယ်တဲ့ နေရာပါ။”
အရှေ့တောင်အာရှ၏ အွန်လိုင်း ကြော်ငြာဈေးကွက်များတွင် Facebook နှင့် Google က ဆက်လက် လွှမ်းမိုးထားဆဲ ဖြစ်သည်။
“အင်ဒိုနီးရှားက အရှေ့တောင်အာရှမှာ အကြီးဆုံး အွန်လိုင်းဈေးကွက်ပါ။ ဗီယက်နမ်နဲ့ မြန်မာလည်း တိုးတက် လာနေပါတယ်”
သို့သော် အဒရစ်အရစ်ဖင်သည်ပင်လျှင် Facebook ကို ထားခဲ့ပြီဖြစ်ကြောင်း ဝန်ခံခဲ့သည်။ နောက် လာမည့် ၅ နှစ် သို့မဟုတ် ၅ နှစ် ကျော်တွင် Facebook က နံပါတ် ၁ ဖြစ်နေတော့မည် မဟုတ်ဟုလည်း သူက ခန့်မှန်းလိုက်သည်။
Facebook သည် ဆိုရှယ်မီဒီယာ၏ ဘုရင်ဖြစ်ခဲ့ပါသည်။ သို့သော်လည်း မည်သည့်အချိန် ထွက်တော်မူ နန်းကခွာမည်နည်း။ ကျနော်တို့ စောင့်ကြည့်ကြရပါမည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)