၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် ဥရောပစစ်မီး အာရှသို့ ကူးစက်ပြန့်ပွားပြီး တကယ့် ကမ္ဘာ့စစ်ကြီး ဖြစ်လာတော့မှ ကျနော် လည်း သတင်းစာလောကသို့ ခြေစုံပစ်၍ ရောက်ရှိလာရပါတော့သည်။
ဂျပန်က အင်္ဂလိပ်၊ အမေရိကန်ကို စစ်ကြေညာ တိုက်ခိုက်လိုက်သည်နှင့် ရန်ကုန်တက္ကသိုလ်ကြီးကို ရက်အကန့် အသတ် မရှိ ပိတ်ပစ်လိုက်ရသည်တွင် တတိယနှစ် ဝါဏိဇ္ဇ ဝိဇ္ဇာသင်တန်းတွင် တက်ရောက် သင်ကြားလျက်ရှိသော ကျနော့် အနေ နဲ့ ကျောင်းစာကို ကျောခိုင်းကာ ကျနော့်ဖခင်၏ မန္တလေးသူရိယ နေ့စဉ် သတင်းစာတိုက်တွင် နိုင်ငံခြား သတင်း အယ်ဒီတာ ဖြစ်လာရပါတော့သည်။
ထိုစဉ်က မန္တလေးသူရိယသည် ရိုက်တာ (Reuters) သတင်းဌာနကို နှစ်စဉ်ကြေးပေး၍ နိုင်ငံခြားသတင်းများကို ရယူခဲ့ ရပါသည်။ ရိုက်တာ၏ မြန်မာပြည်ဌာနခွဲမှာ ရန်ကုန်တွင် ရှိသဖြင့် ရန်ကုန် သတင်းစာတိုက်များအား သတင်းကို နေ့စဉ် ထုတ်ေ၀ ဖြန့်ဖြူးရန် မခဲယဉ်းသော်လည် မန္တလေးသူရိယ အတွက်မူ တမျိုး စီစဉ်ခဲ့ရပေသည်။
နေ့တိုင်းပင် ရန်ကုန်မှ မန္တလေးသို့ ရိုက်တာသတင်းများကို ကြေးနန်းဖြင့် ပေးပို့ခဲ့ရသည်။ သတင်းစာကြေးနန်းဖြစ်၍ ချိုသာသော နှုန်းထားပေးဆောင်ရသဖြင့် သာလျှင် ကြေးနန်းစရိတ်ကို ခံနိုင်ရည် ရှိခဲ့ရပါသည်။
ကျနော်သည် ကြေးနန်းဝင်လာလျှင် ဝင်လာချင်း နိုင်ငံခြား သတင်းများကို မြန်မာပြန်ရသည်။ ဝေါဟာရ အခက်အခဲ များ ကို အဘိဓာန်လှန်၍ ရှင်းရသည်လည်း ရှိသည်။ လူကြီးမျာကို မေးမြန်းယူရသည်လည်း ရှိသည်။ (Tank) ကို (တန့်) ဟူ၍ လည်းကောင်း၊ အီရန်နှင့် အီရတ်ကို အိုင်ရန်နှင့် အိုင်ရတ်ဟူ၍လည်းကောင်း ကျနော် ရေးခဲ့သည်ကို သတင်းစာ အဟောင်း များကို ပြန်လည်ဖတ်ကြည့်မိတော့မှ သတိရပြီး တကိုယ်တည်း ပြုံးမိပါတော့သည်။
ကြေးနန်း သတင်းများကိုသာမက မီးရထားဖြင့် ရောက်ရှိလာသော ရန်ကုန်ဂေဇက်နှင့် ရန်ကုန်တိုင်း အင်္ဂလိပ် သတင်း စာ ကြီးများတွင် ဖော်ပြပါရှိသည့် နိုင်ငံခြားသတင်းများကိုပါ ကောင်းနိုးရာရာ မြန်မာပြန် ပေးခဲ့ရပါသည်။ ကိုယ့်ဘာသာ ပြန်သည့် သတင်းများကို သင့်လျော်သလို ကိုယ်တိုင် ခေါင်းစီးတပ်ပြီး စာစီခန်းသို့ ပေးခဲ့ရပါသည်။ နိုင်ငံခြားသတင်းနှင့် ယှဉ်တွဲဖတ်ရှု ရန် မြေပုံများ ကူညီရေးဆွဲခဲ့ရသည့်အပြင် နိုင်ငံခြားခေါင်းဆောင်များ၏ ရုပ်ပုံ ဘလောက်များကိုလည်း ရွေးချယ် ပြုလုပ်စေခဲ့ ရပါသည်။
ဂျပန်ခေတ်တွင် မန္တလေးသူရိယကို ပြန်လည်ထုတ်ဝေသောအခါ ဖခင် ကွယ်လွန်ခဲ့ပြီးဖြစ်၍ ကိုယ်တိုင် တိုက်အုပ်လုပ် ၍ ထုတ်ဝေခဲ့ရပါသည်။ ဂျပန်ခေတ်တွင် နိုင်ငံခြားသတင်းအတွက် ရန်ကုန် ရေဒီယိုကိုသာလျှင် အားကိုးအားထားမှု ပြုခဲ့ရ ပါသည်။
ရန်ကုန် ရေဒီယိုမှ လာသောသတင်းကို ဖမ်းယူနားထောင်ပြီး သတင်းစာတွင် ထည့်သွင်း ဖော်ပြရပါသည်။ သတင်းစာ တိုက် တွင် ရေဒီယို ဖမ်းခွင့်၊ သတင်းယူခွင့်ကို ဂျပန်အာဏာပိုင်များက ခွင့်ပြုထားခဲ့သော်လည်း ရန်ကုန်မှအပ အခြား အသံလွှင့်ဌာန များ၊ အထူးသဖြင့် အင်္ဂလိပ်၊ အမေရိကန်အသံကို လုံး၀ ဖမ်းယူနားထောင်မှု မပြုလုပ်နိုင်ရန် ဂျပန် စစ်အုပ်ချုပ်ရေးအရာရှိ များ က ရေဒီယိုလှိုင်း ကိရိယာများကို ပြုပြင် ပြင်ဆင်ထားကြသည်။
သူတို့ ပြင်ထားသည့် ရေဒီယိုကို မဖွင့်စေလိုသော သဘောဖြင့် ဂျပန်စာဖြင့် ရေးထားသော လက်လေးလုံးခန့် စက္ကူ နှစ်ရွက်ကို ရေဒီယို နောက်ကျောဘက် အဖုံးတွင် ကော်သုတ် ကပ်ထားသည်။ ၎င်းစက္ကူများ မကွာစေရဟူ၍လည်း သတိပေးထားသည်။
ပြဿနာ ပေါ်ချင်တော့ ကော်ကလည်း အညံ့စား၊ အညာ ရာသီဥတုကလည်း ပူပြင်းလွန်းလှသည်မို့ တစတစနှင့် ဂျပန် စာပါ စက္ကူများ ကွာ၍ လာပါတော့သည်။ ကိုယ့်အလုပ်နှင့် ကိုယ်ရှုပ်ပြီး ရေဒီယိုထိန်းစက္ကူ ကွာနေသည်ကို သတိမပြု မိသော်လည်း ဂျပန်ကင်ပေတိုင် အရာရှိက ရှောင်တခင် ဝင်ရောက်စစ်ဆေး တွေ့ရှိသွားသောအခါ ကင်ပေတိုင် ရုံးချုပ် ကို ခေါ်ယူခံခဲ့ရပြီး တနေကုန် စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရပါတော့သည်။
အလျှောက် ကောင်း၍သာ အထောင်းသက်သာပြီး “နောင် ဒီလို မဖြစ်စေနဲ့” ဆိုသည့် သတိပေးသံကို နာခံပြီး ပြန်ခဲ့ရ ပါသည်။
တကြိမ်တွင် ရန်ကုန်ရေဒီယိုမှ လွှင့်သော သတင်းတပုဒ်ကို ဖမ်းယူ ဖော်ပြမိခဲ့ပါသည်။ သတင်းမှာ လစ္စဘွန်း (ပေါ်တူဂီနိုင်ငံ) မှ လာသော သတင်းဖြစ်၍ အင်္ဂလိပ်နှင့် ဂျာမန်တို့ စစ်ပြေငြိမ်းရန် စေ့စပ်ဆွေးနွေးနေကြပြီ ဆိုသော သတင်း ဖြစ်ပါသည်။ သတင်းစာထွက်၍ နာရီဝက်ကျော်ကျော်တွင် ကျနော့်ကို ကင်ပေတိုင်မှ လာခေါ်ပါတော့သည်။
တပ်မှူးကိုယ်တိုင် “ဒီသတင်း ဘယ်ကရသလဲ၊ ဘာကြောင့် ထည့်တာလဲ” စသည့် မေးခွန်းပေါင်း သောင်းခြောက် ထောင် မေးမြန်းပါတော့သည်။ ရန်ကုန်ရေဒီယိုမှ ဖမ်းယူရရှိပါသည်ဟု ရှင်းပြသော်လည်း သူတို့ လက်မခံကြပါ။
ဂျပန်တပ်မှူး ကိုယ်တိုင်က“ဂျာမနီနဲ့ စစ်ပြေငြိမ်းရင် ဂျပန်တဦးတည်းပဲ ကျန်တော့မယ်။ ဂျပန်တဦးတည်းကို ဝိုင်းတိုက် ကြတော့မှာမို့ ဂျပန်စစ်ရှုံးဖို့ပဲ ရှိတော့မယ် ဆိုတဲ့သဘော ဖြစ်မနေဘူးလား”ဟု တင်းတင်းမာမာ ပြောပါတော့သည်။
ကျနော့်အနေနှင့် ဘယ်လိုရှင်းပြ၍မှ မရသဖြင့်“ရန်ကုန် ဌာနချုပ်ကို မေးကြည့်ပါ။ ကျနော် မှားရင် ကြိုက်သလို အရေး ယူပါ”ဟူ၍သာ ပြောနိုင်ခဲ့ပါသည်။
ကံကောင်းချင်တော့ ရန်ကုန်မှ ရောက်ရှိလာသော သူရိယနှင့် မြန်မာ့အလင်း သတင်းစာများတွင် မျက်နှာဖုံးမှာ ၎င်း သတင်း ကို ထပ်တူထပ်မျှ ဖော်ပြထားသဖြင့် ကျနော် ကင်ပေတိုင်အချုပ်ခန်း မစံမြန်းရတော့ဘဲ သက်သာရာ ရခဲ့ပါ တော့သည်။
သို့သော် ရေဒီယို ထားရှိခွင့်နှင့် ဖမ်းယူခွင့်ကို လုံး၀ ပိတ်ပင်လိုက်ပြီး ကင်ပေတိုင်ရုံးသို့ နေ့တိုင်း သွားရောက်၍ သူတို့ ရှေ့မှောက်တွင် ရေဒီယိုနားထောင် သတင်းယူခဲ့ရပါတော့သည်။
နောက်ပိုင်းတွင် အမေရိကန် လေယာဉ်ပျံများက ပို၍ပို၍ ဗုံးကြဲတိုက်ခိုက် လာကြသဖြင့် ကင်ပေတိုင်ရုံး ဗုံးခိုကျင်း အတွင်း ဆင်းချည်တက်ချည် လုပ်ရဖန်များလာသောကြောင့် ရေဒီယိုကို အချိန်မှန် ဖမ်းယူနားမထောင်နိုင်ဘဲ ဖြစ်လာ ရပါတော့သည်။
ဤတွင် ဂျပန်စစ်တပ်အတွင်း ဖြန့်ဝေသည့် ဂျပန် ခ-တ-ဂ-န အက္ခရာဖြင့် ရေးထားသော စစ်သတင်းများကို ဖတ်ရှု ဘာသာပြန်ပြီး သတင်းစာတွင် ထည့်သွင်း ဖော်ပြခဲ့ရပါသည်။
မန္တလေးမှ ဂျပန်အပြေး အင်္ဂလိပ်အဝင် ကက်စ်ဘီခေတ်တွင် မန္တလေးသူရိယကို ပြန်လည် ထုတ်ဝေသောအခါ နိုင်ငံခြား သတင်းများအတွက် ရေဒီယို အသံလွှင့်ချက်ကို လက်ကိုင်ပြု ခဲ့ရပါသည်။
ဟီရိုရှီးမားနှင့် နာဂါးဆားကီး မြို့ကြီးများတွင် အမေရိကန် အဏုမြူဗုံး ကြဲချခြင်း သတင်းများနှင့် ဂျပန်က ခြွင်းချက်မရှိ လက်နက်ချခြင်း သတင်းများကို ရေဒီယိုမှ ဖမ်းယူနားထောင်ပြီး သတင်းစာတွင် စာလုံးမည်းကြီးများဖြင့် ဖော်ပြခဲ့ရပါ တော့သည်။
ယခု ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်တွင် စနစ်တကျ ဖွဲ့စည်းထူထောင်ထားရှိသည့် မြန်မာ့ သတင်း စဉ် ဌာနကြီး ရှိနေပြီးဖြစ်ရာ ရိုက်တာ၊ အေအက်ဖ်ပီ၊ ယူပီအိုင်၊ တက်စ် စသော ကမ္ဘာ့သတင်းဌာနကြီးများမှ သတင်းများကို သာမက ပြည်တွင်းသတင်းများကိုပါ စနစ်တကျ ဖြန့်ဖြူးရရှိနေခြင်းမှာ တိုးတက်လာသော အသွင် လက္ခဏာပင် ဖြစ်ပါတော့သည်။
နေ့စဉ်သတင်းစာ ထုတ်ဝေရာတွင် မပါလျှင် မဖြစ်သည့် ကုန်ကြမ်းတခုမှာ စက္ကူပင် ဖြစ်သည်။ ရှေးက စက္ကူကို နိုင်ငံ ခြား မှ လုံး၀ မှာယူတင်သွင်းရသည်။ ကျနော့်ဖခင်သည် ဘာဘူတန်းစက္ကူဆိုင်မှ နေ့စဉ် အကြွေးယူ၊ လစဉ်ရှင်းစနစ်ဖြင့် အိန္ဒိယ တိုင်းရင်းသား အရင်းရှင်အား မှီခိုအားထားခဲ့ရသည်။
ဥရော စစ်ရိပ်စစ်ငွေ့များ အာရှသို့ပျံ့နှံ့မည့် အရိပ်အယောင် ပြသလာသောအခါ ကျနော့်ဖခင်သည် ဘဏ်မှ ငွေချေး၍ နိုင်ငံခြားမှ စက္ကူထုပ် အမြောက်အမြား မှာယူခဲ့ပါသည်။ မှာယူတင်သွင်းခဲ့သည့် စက္ကူထုပ်များကိုပင် ဘဏ်တွင် အပေါင် ပစ္စည်း ပြန်ထားပြီး နည်းနည်းချင်း ငွေသွင်း၍ စက္ကူကို ထုတ်ယူခဲ့ရပါသည်။
ဂျပန်လက်တွင်းသို့ ရန်ကုန်မြို့တော် ကျဆင်းလုလုအချိန်တွင် ကိုမင်တန်တရုတ်များက သတင်းစာစက္ကူကို အလု အယက် ဝယ်ယူခဲ့ကြသဖြင့် စက္ကူဈေးနှုန်းမှာ တထုပ် နှစ်ဆယ်ကျော်ကျော်မှ တရာကျော်အထိ နေ့ချင်းညချင်း ဈေးခုန် တက် သွားခဲ့ပါသည်။ တရုတ်တို့က ရသမျှစက္ကူကို သိမ်းကျုံးဝယ်ယူပြီး လားရှိုးမှတဆင့် ကူမင်း၊ ချုံကင်းသို့ ကားကြီး များဖြင့် တင်ပို့ခဲ့ကြသည်။
ပိုက်ဆံချမ်းသာ၍ မဟုတ်ဘဲ ဝါသနာကြောင့် သတင်းစာတိုက်ပိုင်ရှင် လုပ်လာရသော ကျနော့် ဖခင်မှာ တရုတ်တို့ မတန်တဆ ဈေးပေး၍ ဝယ်ယူခဲ့သော စက္ကူထုပ်ကျေးဇူးကြောင့် စစ်ပြေးသောအခါ ငွေထုပ် ပိုက်ကာ စားရေး သောက်ရေး အတွက် ပူပင်စရာမလိုဘဲ အဆင်ပြေခဲ့ရပါသည်။
တဖန် ဂျပန်ဝင်စကာလတွင် ဈေးနှုန်း သက်သက်သာသာဖြင့် ရောင်းချကြသော စက္ကူထုပ် အမျိုးမျိုးကို ဝယ်ယူ စုဆောင်းထားသဖြင့် စက္ကူအတွက် အသက်ရှုချောင်ခဲ့ရပါသည်။ ဗုံးကြား၊ စက်သေနတ်ကြားမှ ဂိုထောင်များကို ဖောက်၍ သယ်ယူထားကြသော ဖောက်သည်များထံမှ ဝယ်ယူခဲ့ခြင်းဖြစ်၍ ဈေးနှုန်း သက်သာခဲ့ခြင်း ဖြစ်ပါသည်။
သို့သော် ဂျပန်ခေတ် သုံးနှစ်လုံးလုံး ဘယ်နိုင်ငံခြားကမှ စက္ကူ တချပ်တလေပင် ဝင်မလာခဲ့သဖြင့် အစိုးရရုံးများမှ နည်း အမျိုးမျိုးဖြင့် ရရှိကြသည့် အသုံးပြုပြီး တဖက်ဗလာ စက္ကူများကိုပင် စာအုပ်ပုံနှိပ်ထုတ်ဝေရာတွင် အသုံးပြုခဲ့ကြရပါ သည်။
သတင်းစာကိုမူ တဖက် ဗလာစက္ကူနှင့် ပုံနှိပ်ရန် မဖြစ်နိုင်သဖြင့် စုဆောင်းထားသည့် စက္ကူကိုသာ ခြိုးခြံသုံးစွဲခဲ့ ရပါ သည်။ တဖြည်းဖြည်း တစစနှင့် သတင်းစာ စာမျက်နှာ လျှော့လာရသည်သာမက အရွယ်ကိုပါ ကျုံ့၍ ချုံ့၍ ဖြစ်သလို ထုတ်ဝေခဲ့ရပါသည်။
ဂျပန်ခေတ် နောက်ပိုင်းနှင့် အင်္ဂလိပ် ပြန်အဝင် ကာလပိုင်းတွင် မန္တလေး မီးခြစ်စက်ဂိုထောင်မှ ရရှိသည့် မီးခြစ်ထုတ် ရာတွင် အသုံးပြုသော အပြာရောင်၊ အညိုရောင်၊ အစိမ်းရောင် စက္ကူလိပ်ကြီးများဖြင့် သတင်းစာ ထုတ်ဝေခဲ့ရပါသည်။
တရွက်ချင်း ဖြတ်ယူရသည့်အတွက် လက်ဝင်သည့်အပြင် အဖြူရောင် မဟုတ်ခြင်းကြောင့် ဖတ်ရှုရာတွင် ကသိ ကအောက် ဖြစ်ခဲ့ကြရပါသည်။ အညိုရောင်နှင့် အစိမ်းရောင်ထက် ဖတ်ရခက်သည်မှာ အပြာရောင်စက္ကူပင် ဖြစ်ပါ သည်။ ပြာမှောင်မှောင် စက္ကူအရောင်ပေါ်တွင် မင်အနက်တင်၍ ပုံနှိပ်ထားခြင်းကြောင့် မျက်စိကို အတော်လေး ဒုက္ခ ပေးခဲ့ပါ သည်။
ယခုအခါ စစ်တောင်းစက္ကူစက်၊ ရေနီစက္ကူစက်တို့၏ ကျေးဇူးကြောင့် တကြောင်း၊ ပုံနှိပ်ထုတ်ဝေရေး ကော်ပိုရေးရှင်း၊ စာနယ်ဇင်း ကော်ပိုရေးရှင်းနှင့် စက္ကူဓာတ်ပုံ ကုန်သွယ်ကော်ပိုရေးရှင်းတို့က လိုအပ်သလို နိုင်ငံခြားမှ စနစ်တကျ မှာယူ တင်သွင်းလျက် ရှိသောကြောင့် တကြောင်း ပုံနှိပ်ထုတ်ဝေသူများ အနေဖြင့် စက္ကူအတွက် အသက်ရှုချောင်ကြရသည် ဟု ယူဆမိပါတော့သည်။ ။
ဤဆောင်းပါးကို စိတ်ကူးချိုချို စာပေ က ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ပြန်လည် ထုတ်ဝေသော စာဆိုနှင့်စာ စာအုပ်မှ ကူးယူ ဖော်ပြ ပါသည်။ ၁၉၈၀ ဒီဇင်ဘာလထုတ် စာပေလုပ်သား မဂ္ဂဇင်းတွင် ပါရှိသည့် ဆောင်းပါး ဖြစ်ကြောင်းလည်း စာအုပ် တွင် ဖော်ပြထားပါသည်။