ပျူယဉ်ကျေးမှု အဖွဲ့တဖွဲ့ တရုတ်နိုင်ငံကို ရောက်ရှိခဲ့တယ်ဆိုတာ တရုပ်ရဲ့ သမိုင်း အမှတ်အသားတွေအရ သိရ ပါတယ်။ ခရစ်နှစ် ၈၀၂ ခုနှစ်မှာ သရေခေတ္တရာက ပျူမင်း ယုန်ချန်က စေလွှတ်လိုက်တဲ့ အဆို၊ အတီး၊ အက ပညာရှင် (၃၅) ယောက်ပါ ပျူယဉ်ကျေးမှုအဖွဲ့ဟာ တရုတ်ပြည် ထန်မင်းဆက် ရုံးစိုက်ရာ ချီအန်မြို့တော်က တရုတ် ဧကရာဇ် တဲကျန်း ရှေ့မှောက်မှာ ဖျော်ဖြေခဲ့တယ်လို့ မှတ်တမ်းတွေမှာ တင်ပြထားတာ မှတ်သားဖူးပါတယ်။
သက္ကရာဇ် ၈၃၂ ခုနှစ်မှာ တရုတ် နန်ချောင်မင်းရဲ့ စစ်သည်တွေဟာ အခုရွှေဘိုမြို့အနီးက ပျူမြို့ပြ ဟန်လင်း (ဟလင်း)၊ သက္ကရာဇ် ၈၃၅ ခုနှစ်မှာ ပဲခူး၊ သထုံ ဒေသတွေကို တိုက်ခိုက်ပြန်ပါတယ်။ ပျူတွေပျက်စီးပြီး စစ်သုံ့ပန်းအဖြစ် နန်ချောင်ကို အပို့ခံရတယ်ဆိုတဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။
အဲဒီမှာ ပျူယဉ်ကျေးမှု သုခုမပညာသည်တွေလည်း ပါဝင်သွားဖွယ်ရှိပါတယ်။ အဲဒီထက် ရှေးကျတဲ့ ခေတ်တွေမှာလည်း အိန္ဒိယက စောင်း၊ ညင်း၊ ပတ်သာ၊ ခွက်ခွင်း (လင်းကွင်းငယ်) စတဲ့ တူရိယာတီးမှုတ် သီဆိုကခုန်မှုတွေဟာ ဗုဒ္ဓယဉ်ကျေးမှု၊ ကုန်စည်စီးဆင်းမှုများနဲ့ မြန်မာနိုင်ငံဘက်ကို ရောက်ရှိခဲ့ကြတာ သမိုင်းစာတွေအရ သိရှိနိုင်ပါတယ် (ယဉ်ကျေးမှုအနုပညာ – ဇော်ဂျီ)။
တောင်ငူခေတ် ဘုရင့်နောင် လက်ထက်ကတည်းက ယိုးဒယားပညာသည် အမျိုးမျိုး ဟံသာဝတီကို ခေါ်ဆောင် ခဲ့တာက စလို့ ယိုးဒယားသီချင်းတွေနဲ့ ထိတွေ့ခဲ့တဲ့ မြန်မာတို့ဟာ အင်းဝဆင်ဖြူရှင်မင်း လက်ထက်တော်မှာလည်း ဇင်းမယ်နဲ့ အယုဒ္ဓယကို အောင်နိုင်ခဲ့ကြပြီး ယိုးဒယား (ထိုင်း) ယဉ်ကျေးမှု အနုသုခုမ ပညာရှင်တွေ အမြောက်အမြား မြန်မာ့ နန်းတွင်းကို လာရောက်ခစားခဲ့ရတဲ့ အဖြစ်အပျက်တွေကြောင့် အနုပညာ ဆင့်ပွားစီးကူးမှုတွေက တဆင့် ပေါ်ပေါက်လာတဲ့ ယိုးဒယားသီချင်းတွေဟာ နိုင်ငံ လူမျိုးအချင်းချင်း ကူးလူးဆက်ဆံမှုရဲ့ အထင်ရှားဆုံး သက်သေတွေ ဖြစ်ပါတယ်။
ကမ္ဘာစစ်အတွင်းက စကော့တစ်ရှ် လူမျိုးများရဲ့ Bag pipe တူရိယာဟာလည်း ကချင်ပြည်နယ် အစွန်အဖျားက တိုင်းရင်းသားများ ထံမှာ ကျန်ရှိပြီး ယနေ့အချိန်မှာ ကချင်ရိုးရာ အသံများအဖြစ် ဆက်လက်တီးမှုတ်နေကြသေးသလို၊ အိုင်းရစ် လူမျိုးများရဲ့ Concertina တူရိယာဟာလည်း ရှမ်းပြည်နယ်က တိုင်းရင်းသား ပအိုဝ်း လူမျိုးများထံမှာ “ခရာ” တူရိယာအဖြစ် ရိုးရာ အခမ်းအနားတွေမှာ ပုံစံပြောင်း အသုံးပြုနေကြတာ တွေ့ရမှာဖြစ်ပါတယ်။
အခုခေတ်မှာလည်း ယဉ်ကျေးမှု အနုသုခုမ ပညာရှင်တွေရဲ့ နိုင်ငံရပ်ကျော် ဖျော်ဖြေတင်ဆက်မှုတွေ စဉ်ဆက်မပြတ် ကြားသိနေရသလို သိပ်မကြာသေးခင် ၂၀၁၂ ခုနှစ်ထဲမှာ ထူးထူးခြားခြား ယဉ်ကျေးမှု ဖလှယ်ခဲ့ကြတဲ့ ပွဲတပွဲမှာ ပါဝင် ဖြစ်ခဲ့တဲ့ အကြောင်း သတိရမိပါတယ်။
ဂျပန်ဖောင်ဒေးရှင်းရဲ့ ဦးစီးဦးဆောင်မှုနဲ့ (အာဆီယံနိုင်ငံစုံ မပါဝင်ပေမယ့်) ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်း၊ မြန်မာနဲ့ ဂျပန်နိုင်ငံက ရိုးရာ ဂီတပညာရှင်တွေကို စုစည်းပြီး ထိုင်းနိုင်ငံ ဟွာဟင်း ပင်လယ်အပန်းဖြေ မြို့နဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွေမှာ တကြိမ်ကိုတပတ်ကြာ နှစ်လခွဲပြီး အလုပ်ရုံ ဆွေးနွေးပွဲ နှစ်ကြိမ် ပြုလုပ် သီချင်းတိုက်ကြ ပါတယ်။
ဒီအစီအစဉ်ကို ဦးဆောင်သူ ဂျပန်လူမျိုး မစ္စတာ အီတိုးက တနိုင်ငံစီ ကိုယ်တိုင် ကြိုတင်သွားရောက်လေ့လာပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးက သင့်တော်တဲ့ ပညာရှင် နှစ်ဦးစီကို ရွေးချယ်လာတာပါ။ ဂျပန်နိုင်ငံကလည်း ဂျပန် “ထိုက်ကို” ဗုံပညာရှင် အမျိုးသမီးတဦးနဲ့ ဂျပန် မန်းဂလို့ခေါ်တဲ့ ကာတွန်းရုပ်ရှင် နောက်ခံဂီတတွေ ရေးစပ်တဲ့ နာမည်ကျော် တေးရေးဆရာမ “မီချီရု” ကိုလည်း ဖိတ်ကြားပါဝင်စေခဲ့တာမို့ အတော့်ကို ထူးခြားတဲ့ စုစည်းမှုကြီး ဖြစ်ခဲ့ပါတယ်။
တကယ်တော့ မြန်မာ၊ ထိုင်းနဲ့ အင်ဒိုချိုင်းနားနိုင်ငံတွေက ယဉ်ကျေးမှုတွေဟာ နီးစပ်မှုတွေရှိသလို ကွဲပြားမှုတွေလည်း အများကြီးပါ။ ပါဝင်တဲ့ တနိုင်ငံစီက ပညာရှင်တွေကလည်း သက်ဆိုင်ရာ နိုင်ငံတိုင်းမှာ ထိတ်ထိတ်ကြဲတွေမို့ အချင်းချင်း ဖလှယ်ကြတဲ့အခါ စိတ်ဝင်စားစရာတွေ အများကြီး ရခဲ့ကြပါတယ်။ ကိုယ့်ရိုးရာတူရိယာကို ကိုယ်တီးပြ၊ သဘော သဘာဝနဲ့ နောက်ခံ အခြေအနေတွေ ရှင်းပြကြတာတွေကို ကျနော်တို့လို ဘာသာပြန်ပေးသူများကတဆင့် ပညာရှင် အသီးသီးက အချိန်တိုအတွင်းမှာ ခံစားနားလည်သွားကြပါတယ်။
ဂီတတွေမှာလည်း နန်းတွင်းဂီတ၊ ကျေးလက်ဂီတ၊ သားချော့တေး၊ နတ်ချင်းဂီတ စတဲ့ သက်ဆိုင်ရာ နိုင်ငံများရဲ့ ရိုးရာဓလေ့စရိုက် များကို ဖော်ကျူးနိုင်အောင် အမယ်စုံ ပါဝင်နေတာကလည်း ထူးခြားချက်ပါပဲ။
မြန်မာ့ဂီတရဲ့ သဘောသဘာဝနဲ့ အခြေခံ သဘောသဘာဝ တွေကို ရှင်းပြပြီး မြန်မာပြည် ကိုယ်စားပြု ပါဝင်ရတဲ့ မြန်မာပြည်ကိုကျောက်စိမ်းရဲ့ ဆိုင်းလက်သံကို နားထောင်ရတဲ့ အခါမှာတော့ အားလုံးသော ရိုးရာဂီတ ပညာရှင်များဟာ မြန်မာ့ဂီတရဲ့ အတိမ်အနက်ကို နားလည်သွားကြ ပါတော့တယ်။ ဘရူနိုင်းက ဂီတပညာရှင် မစ္စတာယူစရင်း ကတော့ မြန်မာပြည်ကျောက်စိမ်းရဲ့ ဆိုင်းလက်သံကို အမေရိကန် ဂျက်ဇ် ဂီတပညာရှင် Chik Corea ရဲ့ အလုံးစိတ်စိတ်နဲ့ သွက်လက်မြန်ဆန်တဲ့ စန္ဒရား တေးဂီတ အသံတွေလို့ပဲ အားရပါးရ ချီးကျူးပြောဆို ခဲ့ပါတယ်။
တကယ်တော့ နိုင်ငံတိုင်းက တူရိယာတွေနဲ့ တီးဟန်တီးကွက် ရိုးရာယဉ်ကျေးမှုတွေက တမျိုးစီ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဗီယက်နမ်နိုင်ငံက ကြိုးတချောင်းတည်းပါတဲ့ တန်ဘောင်ဝ် (Dan Bau) တူရိယာနဲ့ ဝါးပတ္တလားကို ဒေါင်လိုက် ထောင်ထားသလို တီးရတဲ့ Dan Trung တူရိယာတွေဟာလည်း မြင်သူတိုင်း အံ့အားသင့်ရတဲ့ အသံတွေကို ဖန်တီး တီးခတ်နိုင်တာ တွေ့ရပါတယ်။ တချို့ တူရိယာတွေဖြစ်တဲ့ လာအို၊ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေက အိုးစည်တွေဟာ ကျနော်တို့ မြန်မာ့အိုးစည်နဲ့ အသွင်အပြင်ရော သဘောသဘာဝပါ တူညီပေမယ့် သူတို့ရဲ့ ရိုးရာ နရီ၊ တီးကွက်တွေကြောင့် သူတို့ ရိုးရာအသွင် ပေါ်လွင်နေပါတယ်။
အားလုံးသိကြတဲ့ ထိုင်းက ရာနလို့ခေါ်တဲ့ တူရိယာဟာလည်း မြန်မာ့ ပတ္တလားနဲ့ဆင်တူတဲ့ အသွင်အပြင်ရှိပေမယ့် တီးခတ်ပုံ သဘောသဘာဝ ခြားနားတာကြောင့် အသံနဲ့ နားအရသာ ကွဲပြားနေပြန်ပါတယ်။ ထူးထူးခြားခြား နောက်ထပ်တွေ့ရတဲ့ ထိုင်း တူရိယာတမျိုးကတော့ ဂလောန် (Glong) လို့ခေါ်တဲ့ ဗုံ (၇) လုံးပါတဲ့ ဂငယ်ပုံ (Cemi circle) တူရိယာပါ။ မြန်မာ့ဆိုင်းလို အသံစုံအောင်တော့ တီးလို့မရပေမယ့် တမျိုးတဘာသာပါ။ ပွဲက “Drums and voices” လို့ပြောပေမယ့် ဗီယက်နမ်ကတော့ ဝါး တူရိယာနဲ့ ကြိုးတပ်တူရိယာတွေ ပါဝင်နေတာက ထူးခြားပါတယ်။
တပတ်လောက် ဂျပန်တေးရေးဆရာမ မီချီရုက တူရိယာတွေနဲ့ ရိုးရာဂီတ သဘောသဘာဝတွေကို လေ့လာပြီးတဲ့နောက် တလလောက် အကြာမှာ သီချင်း အသစ်တွေ ရေးစပ်ခဲ့ပါတယ်။ သူရေးစပ်တဲ့ တေးသီချင်းတွေက အာဆီယံ ရိုးရာ အသံတွေကို အခြေခံပြီး ခေတ်သစ်အမြင် သူ့အတတ်ပညာတွေနဲ့ ပေါင်းစပ်ထားတာမို့ တချို့ ရစ်သမ်တွေဟာ ထူးထူးခြားခြား လှပနေတာကို သတိပြုမိပါတယ်။
ဆရာမ မိချိရုနဲ့ တခြားရိုးရာ ဂီတပညာရှင်တွေ တခဲနက် သတိပြု အံ့သြရတာ တခုက မြန်မာ့ဆိုင်းဝိုင်းနဲ့ ကြေးဝိုင်းတွေ တီးတဲ့အခါ အော့ဖ်ဘိ လို့ခေါ်တဲ့ အကျတွေမှာ မဟုတ်ဘဲ up အကြွတွေမှာ သွက်သွက်လက်လက် တီးတာကိုပါပဲ။ အဲဒီတီးလုံးကို ကမ္ဘောဒီးယားနဲ့ ထိုင်းပညာရှင်တွေ ပါဝင် တွဲဖက်တီးခတ်တဲ့အခါ ခက်ခက်ခဲခဲကို လေ့ကျင့်ရတာလည်း သတိပြုမိပါတယ်။
လေ့ကျင့်မှုတွေ မနေမနား ပြုလုပ်ပြီးတဲ့အခါမှာတော့ ဒီအဖွဲ့ကြီးဟာ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မြန်မာ (အမျိုးသားဇာတ်ရုံ (ရန်ကုန်) နဲ့ နေပြည်တော် နှစ်ပွဲပြုလုပ်ပါတယ်) နဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့တွေမှာ လှည့်လည် ကျင်းပခဲ့ပါတယ်။ ပွဲတိုင်းမှာလည်း ပရိသတ်ရဲ့ တခဲနက် အားပေးချီးမြှောက်တာ တွေ့ရပါတယ်။ ပါဝင် တီးခတ်ကြတဲ့ ပညာရှင်တဦးစီဟာလည်း ကိုယ့်နိုင်ငံ ကိုယ့်နယ်ပယ်မှာ တကယ့် ထိတ်ထိတ်ကြဲ ပညာရှင်တွေ ဖြစ်လင့်ကစား သီချင်းတွေ တီးကြတဲ့အခါ တလုံးပဲတီးရတီးရ၊ တကြောင်းပဲဆိုရဆိုရ ကိုယ်ကျတဲ့ နေရာမှာ အကောင်းဆုံးပူးပေါင်း ပံ့ပိုး တီးခတ်ကြတာ တွေ့ရတာလည်း တကယ့်ကို ကြည်နူးအားကျ အတုယူစရာ စိတ်ဓာတ်တွေပါ။
ဒီအစီအစဉ်ကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့အတွက် နိုင်ငံများအကြားမှာ ရင်းနှီး ချစ်ကြည်ရုံတင်မက ဂီတ အနုသုခုမ ပညာရပ်များကိုလည်း အပြန်အလှန် နှီးနှောဖလှယ် ရတာမို့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံကိုယ်စီ ရရှိခဲ့ကြပါတယ်။
(အာဆီယံ – ဂျပန် ဗုံနှင့် အသံများ ပေါင်းစပ်ဖန်တီးမှု ဂီတအနုပညာပြပွဲ)
ဒီလို အပြန်အလှန် ဖလှယ်နည်းနဲ့ပဲ ဟာဝိုင်အီက ဂီတာဟာ မြန်မာ့ပုံစံ ဟန်ပန်နဲ့တီးတဲ့ ဂီတာကြီးအဖြစ် စစ်ပြီးခေတ် တလျှောက်လုံး မြန်မာ့တူရိယာသဖွယ် ရင်းနှီးခဲ့ရသလို၊ အီတလီက ပီယာနိုဟာလည်း မြန်မာ့ပုံစံ ဟန်ပန်နဲ့ တီးတဲ့ စန္ဒယားကြီး ဖြစ်ခဲ့တာ ယနေ့ထက်တိုင်ပါပဲ။ လူမျိုးအဖုံဖုံတို့ ကူးလူးဆက်ဆံ အမွေခံကြရင်းက ယဉ်ကျေးမှု အသီးသီး ပြန့်နှံ့ ကြီးထွားခဲ့ကြတာပါပဲ။
လက်ရှိ ဥရောပက ကလပ်စစ် တေးဂီတတွေတီးတဲ့ ဪခက်စတြာတွေမှာ အီတလီက တီထွင်ခဲ့တဲ့တူရိယာ၊ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်စတဲ့ ဥရောပ နိုင်ငံစုံက တူရိယာတွေ နှစ်ပေါင်းများစွာ ပေါင်းစပ်ရောနှော တီးကြရင်း ယနေ့ ပုံစံအတိုင်း ပြည့်စုံလာတာပါ။ ကျနော်တို့ အရှေ့တောင်အာရှ နိုင်ငံတွေက တူရိယာတွေ ပေါင်းစပ် တီးခတ်ကြရင်း အနာဂတ် ဪခက်စတြာ ပုံစံတမျိုးဖြစ်လာဖို့လည်း ဒီဒေသက ပညာရှင်တွေ ဝိုင်းဝန်းစဉ်းစား အကြံဉာဏ်ထုတ် နေကြပါပြီ။
တကယ်တော့ အနောက်တိုင်း ဥရောပ ပုံစံယဉ်ကျေးမှုတွေထက် အရှေ့တောင်အာရှ ဒေသနိုင်ငံ အချင်းချင်းဟာ သဘောသဘာဝတွေ အရ ပိုပြီးနားလည်မှု ရရှိနိုင်ပါတယ်။
ဒီလိုနဲ့ ဘာသာစကား၊ ယဉ်ကျေးမှု နောက်ခံသမိုင်းတွေ မတူကွဲပြားပေမယ့် ဂီတသုခုမ ပညာရပ်တွေအပေါ်မှာ ချစ်ခင်တဲ့ စိတ်တွေကတော့ တူညီနေတာမို့ ပညာရှင်တွေဟာ တယောက်နဲ့တယောက် နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့တဲ့ တကယ့် ညီရင်းအစ်ကို မောင်ရင်းနှမတွေလို တစည်းတလုံးတည်း ဖြစ်နေခဲ့တာတွေကိုတော့ မှတ်တမ်းမပြုဘဲ မနေနိုင်တော့ပါဘူး ခင်ဗျား။
စာကိုး – ဇော်ဂျီ (စာရှုခင်း – ၁)၊ ညိုမြ (ကုန်းဘောင်ရှာပုံတော်)၊ မောင်ခင်မင် – ဓနုဖြူ (မြန်မာစာပေခရီး)၊ ဦးရဲဒွေး -အမြင့်သဘင် (မြန်မာ့ရိုးရာ သဘင် အနုပညာရပ်များ)၊ မောင်သိန်းနိုင် (မြန်မာ့ဇာတ်သဘင်သမိုင်း)
(စာရေးသူသည် ရန်ကုန်အခြေစိုက် ဂီတမိတ် သင်တန်းကျောင်း၏ မန်နေဂျာနှင့် အဆိုရှင်တဦး ဖြစ်သည်။)