ဆောင်းပါး

ကလေးစာပေ ဘာလဲ၊ ကလေးစာပေ ဘယ်လဲ

Want create site? Find Free WordPress Themes and plugins.

ထီးကလေးနဲ့ မနီ

ရေးသူ – တင်မိုး

ထုတ်ဝေသူ – လင်းကြက် စာအုပ်တိုက်

တန်ဖိုး – ၂ ကျပ်

“ကလေး စာပေ” ဟူသော ဝေါဟာရ ခေတ်စားလာသည်မှာ အနှစ် ၂၀ ကျော်ပေပြီ။

ကလေးစာပေ ဆိုတာ ဘာလဲဟု မေးလျှင် လွယ်လွယ်နှင့် အဖြေထွက်တတ်သည်။ ကလေးစာပေ ဆိုတာ ကလေးတွေ ဖတ်ဖို့ စာပေပေါ့။ ကလေးဆိုတာ ဘယ်အရွယ်လဲဟု မေးပြန်သော် ကလေးပေါ့၊ အိုးပုတ်ကလေးနဲ့ ကစားတဲ့ အရွယ်ပေါ့ ဟု ဖြေရုံနှင့် မရပေ။

ယနေ့ခေတ်၌ ၁၂ နှစ်အထိ သက်တမ်းကို ကလေးဟု သတ်မှတ်ကြသည်။ ၁၂ နှစ်အထက် အရွယ်ကို လူငယ်ဟု သတ်မှတ်ကြသည်။ ကမ္ဘာပေါ်ရှိ လူငယ်အဖွဲ့အစည်းများက လူငယ်ကို ၄၅ အထိ အရွယ် သတ်မှတ်ကြသည်။ ၁၂ နှစ် အရွယ်အထက်ကို လူငယ် ခြုံခေါ်လည်း ရသည်။

ဆိုရှယ်လစ် နိုင်ငံများ၌ ၉ နှစ်မှ ၁၃ နှစ် အရွယ်ကို “ရှေ့ဆောင်သူများ” ဟု ခေါ်ဝေါ်ကြသည်။ ကလေးဟုလည်း မသတ်မှတ်၊ လူငယ်ဟုလည်း မသတ်မှတ်။ ရှေ့ဆောင်သူများဟု ခေါ်ခြင်းမှာ သူတို့၏ အနာဂတ်လောကတွင် ရှေ့ဆောင်မည့်သူ၊ လမ်းထွင်သွားရမည့်သူ ဟူသော အဓိပ္ပာယ်ဖြင့် တင်စားခေါ်ခြင်း ဖြစ်သည်။

လီနင်ဂရက်၊ မော်စကို၊ ပီကင်း၊ ရှန်ဟိုင်း စသော မြို့ကြီးများ (မြို့တိုင်းလိုလို ဆိုပါတော့) ၌“ရှေ့ဆောင်သူများ၏ နန်းတော်”ဟူသော ဌာနများ ရှိသည်။

အနုပညာ၊ သိပ္ပံပညာ စသောဘက်များ၌ လွတ်လပ်စွာ တိုးတက်ဖွံ့ဖြိုးစေရန် ဖွင့်လှစ်ထားသော နေရာများ ဖြစ်သည်။ ပန်းပုထုဆောက်၊ အကဝတ်စုံ၊ ပန်းချီဆေး၊ စုတ်တံ၊ စန္ဒရား၊ တယော၊ တံတားဆောက် ကိရိယာ၊ လေယာဉ် ပစ္စည်း၊ ဝန်ချီစက်ငယ် စသဖြင့် မိမိကို ဖန်တီးကွန့်မြူးနိုင်သော အရာများ အားလုံး ပေးထားသည်။ မိမိတို့ သန်ရာ လုပ်ကြပေရော့။ လည်စည်းအနီကလေးများ တလွင့်လွင့်နှင့် အနာဂတ်ကို တည်ဆောက် ဖန်တီးကြပေရော့။

နေပြည်တော်တွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ အတွင်းက ကျင်းပသော ကလေးစာပေပွဲတော် (ဓာတ်ပုံ – သမ္မတရုံး)

စစ်မဖြစ်မီခေတ် လွတ်လပ်ရေး တိုက်ပွဲကာလ “တက်လူ” ဟူသော ဝေါဟာရ ပေါ်လာသည်။ ဆုတ်ယုတ်နေသူ မဟုတ်၊ တိုးတက် ဖွံ့ဖြိုး နေသောလူ ဟူသော အဓိပ္ပာယ်ဖြင့် လူငယ်ကို တင်စားခေါ်ခြင်းဖြစ်သည်။ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုတွင် လူငယ်အင်အားကို စည်းရုံးသော ဝေါဟာရ တခု ဖြစ်သည်။

ယနေ့ လှုပ်ရှားနေသော ကမ္ဘာကြီး၌ လူငယ်များ၏ ကဏ္ဍသည် ပို၍ပို၍ အရေးပါလာသည်။ ယနေ့ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုများ၌ လူငယ်များ ရှေ့တန်းက တက်ကြွစွာ ပါဝင်နေကြသည်။ ယနေ့ နိုင်ငံရေး ခေါင်းဆောင်မှု ရနေသူများမှာ စစ်မဖြစ်ခင်ခေတ် ၁၉၃၀ ပတ်ဝန်းကျင်က ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များအသင်း၊ ဒို့ဗမာ အစည်းအရုံး၊ ကျောင်းသားသမဂ္ဂ စသော လူငယ်များ အဖွဲ့အစည်းများမှ တက်လူများပင် မဟုတ်ပင်လော။

ထိုခေတ်က ‘ယနေ့ ကျောင်းသား လူငယ်သည် မနက်ဖြန် ခေါင်းဆောင် ဖြစ်ရမည်’ ဟု ကြွေးကြော်ခဲ့ကြသည် မဟုတ်လော။

အနာဂတ်ကို လူငယ်များ စိုးပိုင်သည် မဟုတ်လော။

ကလေးငယ်သည် ကြီးပြင်းလာရင်း လူငယ် ဖြစ်လာရသည်။ ထို့ကြောင့် ကလေးသည် အရေးအကြီးဆုံး ဖြစ်သည်။ ထို့ကြောင့် လူငယ်ကို လေးစားရမည်။ လူငယ်ထက် ပို၍ ကလေးကို လေးစားရမည်။ ရှင်းပါအံ့။

လူကြီးက ကလေးကို မည်သို့ သဘောထားမည်နည်။ ယင်းသည် ယနေ့ ကလေးစာပေ၏ သဘောတရားပင် ဖြစ်သည်။ လူကြီးနှင့် ကလေး ဆက်ဆံရေးသည် ယနေ့ ကလေးစာပေပင် ဖြစ်သည်။

လူကြီးက ကလေးကို လူလို သဘောထားရမည်။ တန်းတူ သဘောထား၍ ကလေးကို လေးစားရမည်။ ကလေးက မေးလျှင် မိဘက ကလေး နားလည်အောင် ပြောပြရမည်။ ဒါ ကလေးအရာ မဟုတ်ပါဘူးဟု ငေါက်ပစ်လျှင် ကလေးကို နှိမ့်ချရာ ကျသည်။ ရိုက်လျှင်ကား ဖိနှိပ်ခြင်းပင်။

လူကြီးများက ကလေးနှင့် ယှဉ်၍ သူတို့ တတ်သည်၊ ရင့်ကျက်သည်ဟု ထင်နေတတ်ကြသည်။ အသက်ကြီးတိုင်း တတ်သည်၊ ရင့်ကျက်သည် မဟုတ်ပေ။ အသက်ကြီးလျှင် သံချေးပင် တက်တတ်၍ အချွတ်ရခက်သေးသည်။ ကလေးသည် သန့်စင်သည်။

ရန်ကုန်မြို့ Myanmar Event Park တွင် ဇန်နဝါရီ ၁၈ ရက်မှ ၂၈ ရက်အထိ ကျင်းပသော နိုင်ငံတကာ စာအုပ် ဈေးရောင်းပွဲ၌ တွေ့ရသည့် ကလေးစာပေ စာအုပ်များ (ဓာတ်ပုံ – ကိုစိုး/ဧရာဝတီ)

လူကြီးက ကလေးကို ကလေးဟူ၍ အခြောက်တိုက် အထင်သေးတတ်ကြသည်။ ကလေးကို လူလို သဘောမထား တတ်ကြ။ အမှန်က ကလေးမှာ ရုပ်ခန္ဓာအားဖြင့် ငယ်သော်လည်း သူ့၌ လူ၏ စွမ်းအားအကုန်ရှိသည်။ ကလေး၌လည်း သူ့အယူအဆနှင့်သူ၊ သူ့ဆုံးဖြတ်ချက်နှင့်သူ၊ သူ့အတွေးအခေါ်နှင့်သူ၊ သူ့အဘိဓမ္မာနှင့်သူ။ ဆိုပါစို့ သူ့ခံစားမှုနှင့် သူရှိသည်။ ယင်းတို့ကို လေးစားရမည်။

ကလေးအယူအဆ၊ ဆုံးဖြတ်ချက်၊ အတွေးအခေါ်နှင့် ခံစားမှုတို့ကို လူကြီးက နားမလည်ကြ။ အမှန်အားဖြင့် လူကြီးက ကလေးကို နားလည်အောင် ကြိုးစားရမည်။ ငါက အသက်ကြီးသည်၊ ငါက လူကြီးဟူ၍ အသက်ဂိုဏ်းဂဏ အစွဲဖြင့် ကလေးကို သဘောထားလျှင် ကလေး၏ ပုန်ကန်မှုဒဏ်ကို ခံရလိမ့်မည်။ ကလေး ငိုခြင်းသည် လူကြီးက ကလေးဆန္ဒ (ဝါ) ကလေး ခံစားမှုကို မလေးစား၍ ဖြစ်ပေမည်။

အမှန်အားဖြင့် ကလေးသည် လူကြီးအသေးစားပင် ဖြစ်သည်။ ကလေးသည် လူကြီးကဲ့သို့ပင်၊ တနည်း လူကဲ့သို့ပင် အာရုံခံစားတတ်သည်။ မြင်-ကြား-မွှေး-ချို-ခါး-ထိတွေ့တတ်သည်။ အနူးညံ့ဆုံးသော လိင် အသိပင်ရှိ၏။

သူ့ပတ်ဝန်းကျင်နှင့်သူ အတွေ့အကြုံရှိ၏။ အတွေ့အကြုံထဲမှ သင်ခန်းစာယူသည်၊ သဘောတရားထုတ်သည်။ သို့သော် ထူးသည်မှာ လူကြီးထက် ရဲရင့်သည်၊ သန့်ရှင်းသည်၊ ကိုယ်ကျိုးစွန့်သည်။ လူကြီးက ကြီးလာလေ ကိုယ်ကျိုး ကြည့်လေ။

လူကြီးက စောဒက တက်လိမ့်မည်။ ကလေးဆိုတာ အဆိုးအကောင်းမှ မခွဲခြားတတ်ပဲ။ လူကြီးက ညွှန်ပြရမှာပေါ့။ လောက၌ အဆိုးအကောင်းဆိုတာ ဘာလဲ။ လူသတ်လက်နက် အနုမြူဗုံးသည် ကောင်းသလော။ စစ်ကို ကလေးများ မဖန်တီးကြ။ လူသတ်လက်နက်ကို ကလေးများ မကိုင်ကြ။

ထို့ကြောင့် ကလေးစာပေ ဆိုသော သဘောတရားကို သုံးသပ်သင့် ပြီ။ ကလေးစာပေ ရေးသင့်သည် ဆိုလျှင် “လူကြီး” များ ဖတ်ဖို့ထက် ပိုအရေးကြီးသည်။

ပို၍ သစ္စာတရား ပြည့်လျှမ်းဖို့ လိုသည်။ စစ်မှန်ဖို့ လိုသည်။ စတင်နစ်စကီး မည်သော ပြဇာတ်ဆရာက “ကလေးအတွက် ပြဇာတ်ကို လူကြီးပြသလိုပင် ပြရမည်၊ ပို၍ပင် ကောင်းအောင် ပြရမည်’ ဟု ဆိုဖူးသည်။

လူကြီးက ကလေးကို လမ်းညွှန်ရမည်ဟု တရားသေသဘောထားလျှင် လူကြီးလမ်းမှားနေက ဘယ်လို လုပ်ကြမည် နည်း။

ကလေးစာပေ ဖွံ့ဖြိုးရေး မျက်နှာဖုံးနှင့် တွေ့ရသော ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလထုတ် သုတပဒေသာ စာစောင်

ကလေးစာပေကို လူကြီးက ရေးသင့်သလော။ လူကြီး၌ ကလေး ခံစားချက် ရှိနိုင်ပါမည်လော။ ကလေး စာပေရေး ဆရာက ကလေးဆိုသည်မှာ သြော်…ကလေးက ဒီလို ခံစားမှာပဲ ဟု သူ့စိတ်ကူးထဲက ရှိသော စိတ်ကူးကလေးကို တွေးရေးလျှင် မခက်ပါလော။ ခံစားမှု အတုဖြင့် ရေးလျှင် မခက်ပါလော။ လူကြီးရေးသော ကလေး စာပေ ရှိသင့်ပါ သလော။

ကျနော့် အထင်တော့ ကလေးများ ကိုယ်တိုင်က ရေးသော စာပေ၊ ကလေးများ ကိုယ်တိုင် ဖန်တီးသော ပန်းချီ စသည် တို့သာလျှင် ကလေးစာပေ၊ ကလေး အနုပညာဟု ဆိုချင်သည်။

ကလေးစာပေ သုခမိန်များ ဆင်ခြင်ကြပါကုန်။

“အမေ့ကျောင်း” ကဗျာရေးသူ တင်မိုးက “ ထီးကလေးနဲ့ မနီ” ကဗျာ ရေးလိုက်ပြန်ပေပြီ။

တင်မိုးသည် ကလေးကိုချစ်သူ။ သို့သော် တင်မိုးသည် ကလေးကို မည်သို့ သဘောထားသနည်း။ မည်သည့်အနေဖြင့် လေးစားသနည်း။ ယင်းသည် တင်မိုး၏ ကလေးစာပေ ဝါဒ ဖြစ်ပေသည်။

တင်မိုးသည် ကလေးများ ပျော်စေချင်ဟန် ရှိသည်။ စာ၌ စိတ်ဝင်စားစေချင်ဟန် ရှိသည်။ ကဗျာသံ၊ ကာရန်ဟန်၊ ဂီတသံများဖြင့် ရင်းနှီးစေချင်ဟန် ရှိသည်။ ယင်းတို့သည် လူသားအတွက် (ကလေးချည်း သက်သက်သာမက) ကောင်းသော စေတနာ ဖြစ်သည်။

ရန်ကုန်မြို့ Myanmar Event Park တွင် ဇန်နဝါရီ ၁၈ ရက်မှ ၂၈ ရက်အထိ ကျင်းပသော နိုင်ငံတကာ စာအုပ် ဈေးရောင်းပွဲ၌ တွေ့ရသည့် ကလေးစာပေ စာအုပ်များ (ဓာတ်ပုံ – ကိုစိုး/ဧရာဝတီ)

သို့သော် အသိတရားကိုကား ဘဝကသာ ပေးပေလိမ့်မည်။ ကလေး၌လည်း သူ့အတိုင်းအတာ အလျှောက် သူ့ဘဝနှင့် သူ ရှိသည်။ ယင်းဘဝကပင်လျှင် ကလေးသည် အသိတရား ရပေလိမ့်မည်။

ကလေးများကို လွတ်လွတ်လပ်လပ် ကြီးပြင်းစေခြင်းသည် အကောင်းဆုံးဖြစ်သည်။ သပြေသီးမှည့်၊ ကြွက်၊ ကြောင် စသည်တို့သည် ကလေးများ၏ ဘဝက သိထားသော မျက်မြင် အရာများ ဖြစ်သည်။ လူကြီးက ညွှန်ပြမှ သိရမည့် အရာများ မဟုတ်တော့။

တင်မိုးကဗျာ၌ ပါသော လွတ်လပ်ရေး၊ နယ်ချဲ့၊ ပြည်ထောင်စုသား၊ ပဒေသာပင်၊ အာဏာအဆိပ်၊ မင်္ဂလာပါ စသော စကားလုံးများသည် လူကြီးများပင် မသိသော သဘောတရားများဖြစ်သည်။ မသိသော ဟူရာ၌ စကားလုံး အဓိပ္ပာယ် အရ သိခြင်း မဟုတ်ဘဲ ကျင့်သုံးသော သဘောကို ဆိုလိုခြင်း ဖြစ်သည်။ အသိဟူသည် လက်တွေ့ကျင့်သုံးသော ဘဝအသိ ဖြစ်သည်။ စာလုံးဖတ်တတ်သော အသိမဟုတ်ပေ။

ကလေးများကို လွတ်လပ်စွာ ကြီးပြင်းစေခြင်းသည် ဘဝ အသိကို ခိုင်ခိုင်မာမာ ရနိုင်သော အခြေအနေပင် ဖြစ်သည်။

ကလေးများသည် အမှန်တရားကို ချစ်တတ်ခြင်း၊ အလှအပကို ချစ်တတ်ခြင်း စိတ်ဓာတ်များ ရှိသင့်သည်။ အမှန်တရား ကို ချစ်ခြင်းအားဖြင့် ဝေဖန်သောသဘော၊ လုပ်အားသဘော၊ အလှအပကို ချစ်ခြင်းဖြင့် အနုပညာ ကိန်းဝပ်ရာ ငြိမ်းချမ်း ရေးကို မြတ်နိုးခြင်း သဘော၊ ပြည်သူကို ချစ်တတ်ခြင်းသည် နိုင်ငံရေး စိတ်ဓာတ်သဘော၊ လုပ်အားဖြင့် စုပေါင်းသော သဘော တို့ကို ဆောင်ပေသည်။

ယင်းသို့ ကလေးကို လူတယောက်ကဲ့သို့ တန်းတူ သဘောထားခြင်းသည် ကလေးစာပေ၏ သဘောတရား မဖြစ်သင့် ပါ သလော။ ။

ဤဆောင်းပါးကို တတိယ မျိုးဆက် စာပေ က ထုတ်ဝေသော စာပေ စစ်တမ်း၊ စာပေ ရှုထောင့် စာအုပ်မှ ထုတ်နုတ် ဖော်ပြပါသည်။ ၁၉၇၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေသည့် ရှုဒေါင့် ဂျာနယ် အမှတ် ၃၇ တွင် ဆရာ ဒဂုန်တာရာ က ဗညားနွဲ့ အမည်ဖြင့် ရေးသားထားခြင်း ဖြစ်ကြောင်းလည်း စာအုပ်တွင် ပါရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading