လွန်ခဲ့သော နှစ်အနည်းငယ် နွေရာသီတညက မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်တွင် ထိုစဉ်က အသက် ၂၁ နှစ်သာ ရှိသေးသော ကိုသန်းတိုးအောင်သည် အိပ်မပျော်ဘဲရှိနေသည်။ ထို့ကြောင့် အိပ်မပျော်သူ အများစု လုပ်လေ့ ရှိသည့် ထုံးစံအတိုင်း Facebook အသုံးပြုနေမိသည်။
ဘော့စတွန် အခြေစိုက် ကဗျာဆရာမ ပေါ်ရှာ အိုလေရီဝိုလာ၏ ဒေါသကြီးသော လူမည်းအမျိုးသမီးကဗျာ ရွတ်ဆို ဖျော်ဖြေမှုကို သူကြည့်ရှုခံစားသည်။
အားမရသေးသောကြောင့် Youtube တွင် Poetry slam ဟု ရိုက်ရှာပြီး ဗီဒီယိုများကို တခုပြီးတခု ကြည့်သည်။ “နာရီ တော်တော်ကြာအောင် ကြည့်နေမိတယ် ထင်တယ်” ဟု သူက ပြောသည်။
မိဘများ၏နေအိမ် အခန်းတွင် တဦးတည်းသာ ရှိနေသောကြောင့် ကိုသန်းတိုးအောင်သည် ခရစ်စတယ် ဗယ်လင်တိုင်း၏ မဲနက်သော အခွင့်ထူး အပါအဝင် အမေရိကန် လူမျိုးရေးအကြောင်း ကဗျာရွတ်ဆို ဖျော်ဖြေမှု ဗီဒီယိုများကို တခုပြီးတခု ကြည့်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး အသွင်ကူးပြောင်းမှုတွင် ကဗျာနှင့်ပတ်သက်သော သမိုင်းများစွာ ပါဝင်သည်။ မြန်မာနိုင်ငံ လွှတ်တော်ရှိ ကဗျာဆရာ ၁၁ ဦးတို့သည် တက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ ဖြစ်ကြသည်။
သို့သော် ကိုသန်းတိုးအောင်သည် ထိုသို့သော စည်းချက်၊ စွမ်းအားနှင့် ကဗျာရွတ်သည်ကို မကြားဖူးပေ။ ထိုသို့ရွတ်ဆိုသော ကဗျာပုံစံများသည် အမေရိကန်နိုင်ငံသား အခွင့်အရေးနှင့် လူမည်းတို့၏ ဘဝများ အရေးပါသည် ဟူသော လှုပ်ရှားမှုများတွင် နက်ရှိုင်းစွာ အမြစ်တွယ်ခဲ့သည့် တိုက်ပွဲနှင့် လူမှုမမျှတမှုများတွင် ပေါ်ပေါက်လာသော ကဗျာပုံစံမျိုး ဖြစ်သည်။
“ကဗျာရွတ်တာ ကြားရတာ အရမ်းကိုခံစားရတယ်။ ကျနော် မျက်ရည်တောင် ဝဲလာတယ်။ ကျနော်လည်း ဒီလိုမျိုး လုပ်သင့်တယ်လို့ ထင်လာတယ်” ဟု သူက ပြောသည်။
ကိုသန်းတိုးအောင်သည် အိုလေရီဝိုလာနှင့် ဗယ်လင်တိုင်းတို့၏ လူမျိုးရေး မတရားမှု သတင်းစကားများနှင့် ဆက်သွယ်မိလာပြီး Youtube တွင် သူကြားဖူးသော ကဗျာများကို ဖန်တီးလိုလာသည်။

မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးအောက်တွင် လူလားမြောက်ခဲ့သော အခြားသူများကဲ့သို့ပင် ကိုသန်းတိုးအောင်သည် ရွေးကောက်ခံ ဒီမိုကရေစီ အစိုးရအောက်တွင် ဘဝသည် ပိုမိုကောင်းမွန်လာမည်ဟု ထင်ခဲ့ဖူးသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင် ပြောင်းလဲမှု အများအပြား လုပ်ဆောင်လာပြီး ပိုမိုဒီမိုကရေစီကျပြီး အားလုံးအကျုံးဝင်သော လူ့အဖွဲ့အစည်းအတွက် မျှော်လင့်ချက်များ ပေးလာသည်။ သို့သော် မြန်မာနိုင်ငံမှ လူမျိုးရေး၊ ဘာသာရေး လူနည်းစုများ၊ အထူးသဖြင့် မွတ်စလင်များအတွက် အခြေအနေမှာ ပိုမိုဆိုးရွားလာသည်ဟု ကိုသန်းတိုးအောင်က ပြောသည်။
ကုလသမဂ္ဂအေဂျင်စီများက ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ မွတ်စလင် ၇ သိန်းကျော် ထွက်ပြေးစေသော လူမျိုးတုံးသတ်ဖြတ်မှုဟု ခေါ်ဝေါ်ကြသည်။ ကိုသန်းတိုးအောင်ကဲ့သို့ ခေတ်မီသော မြို့ကြီးများတွင် နေထိုင်ကာ ဗုဒ္ဓဘာသာ အများစုနိုင်ငံ၏ ပိုမိုသိမ်မွေ့သော အစ္စလမ် မုန်းတီးမှုကို ရင်ဆိုင်နေရသူများလည်း ရှိသည်။
“အမေရိကန်ပြည်ထောင်စုမှာ ကြုံရတဲ့ အသားရောင်ခွဲခြားမှု၊ လူမျိုးရေး ခွဲခြားမှုက မြန်မာနိုင်ငံမှာ မွတ်စလင်တွေ ကြုံရတဲ့ လူမျိုးခွဲခြားမှုနဲ့ မတူဘူး၊ မကိုက်ညီဘူး။ ဒါပေမယ့် ဆက်စပ်နေတယ်လို့ ခံစားရတယ်” ဟု သူက ပြောသည်။
ကိုသန်းတိုးအောင် ကလေးဘဝက စာသင်ခန်းတွင် တဦးတည်းသော မွတ်စလင်ဖြစ်ပြီး သူ့ကို ကုလားဟု ခေါ်ကြောင်း ပြောပြသည်။
“ကုလားဆိုတာ အမေရိကန်က နစ်ဂါး (နီဂရိုး) ဆိုတဲ့စကားနဲ့ အနည်းနဲ့အများ တူတယ်။ အတန်းထဲမှာ ကျနော့်ကို အမည်မခေါ်ဘဲ ကုလားလို့ ခေါ်ကြတယ်” ဟု သူက ပြောသည်။
သူ့ကို ကုလားဟု ခေါ်သည်မှာ အတန်းဖော်ကလေးများသာ မကဘဲ ဆရာ၊ ဆရာများကလည်း သူ့ကို ကုလားဟု ခေါ်ကြသည်။ သူ၏ ကျောင်းဖတ်စာအုပ်များတွင်ပင် ထိုစကားလုံးကို ပုံနှိပ်ထားသည်။ ကလေးတဦးအနေဖြင့် သန်းတိုးအောင်သည် သူ၏ မဲသောအသားအရောင်ကို ပိုမိုညစ်ပတ်သည်ဟု ခံစားခဲ့ရသည်။
“ကျနော် ဘာလို့ ဒီအသားအရောင်နဲ့ မွေးလာရတာလဲ။ ကျနော် ဘာဖြစ်လို့ ဗုဒ္ဓဘာသာ မဖြစ်တာလဲ။ ဘာဖြစ်လို့ ကျနော်က နိမ့်ကျနေရတာလဲ” ဟု သူက မေးသည်။
အာဖရိကန်အမေရိကန် အမျိုးသမီးများ ရွတ်ဆိုရသော ကဗျာများကို သန်းတိုးအောင်တွေ့သောအခါ ထိုကဗျာများတွင် သူလည်း ဇာတ်ကောင်ဖြစ်နေကြောင်း သူခံစားရသည်။ ထိုညမှာပင် စာရေးဘက် သူငယ်ချင်းများထံ ဆက်သွယ်ပြီး ရန်ကုန်တွင် ကျင်းပမည့် ကဗျာရွတ်ဆို သရုပ်ဆောင်ပွဲသို့ တက်ရောက်လိုခြင်း ရှိ၊ မရှိ မေးသည်။
နောက်တပတ် ကြာသောအခါ လူ ၉ ဦးအထိ စုမိလာသည်။ ကိုသန်းတိုးအောင်သည် ဗုဒ္ဓဘာသာ သူငယ်ချင်း တဦး ဖြစ်သော ကိုအောင်ကောင်းမြတ်နှင့် ပူးပေါင်းပြီး ဗုဒ္ဓဘာသာဝင်အဖြစ် လူလားမြောက်ရခြင်း၊ မွတ်စလင်အဖြစ် လူလားမြောက်ရခြင်း တို့၏ မတူညီသော အတွေ့အကြုံများကို ရေးသားသည်။ ထိုကဗျာသည် အခွင့်ထူးများ အကြောင်း ကဗျာဖြစ်သည်။
ကိုသန်းတိုးအောင်နှင့် ကိုအောင်ကောင်းမြတ် တို့သည် ရန်ကုန်ရှိ လူအများရှေ့တွင် ထိုကဗျာကို အတူ သရုပ်ဖော် ရွတ်ဆိုကြသည်။
“အဲဒီကဗျာထဲက စကားလုံးတွေက ကျနော့်အထဲကို ဝင်လာသလို ခံစားရတယ်။ အော်ရွတ်ဖတ်ရင်း တစစီဖြစ်တော့မလို ခံစားရတယ်။ လူတွေက တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေပြီး အာရုံစိုက်ကြတယ်။ ကဗျာရွတ်လို့ ပြီးသွားမှ အားရပါးရ ချီးကျူးကြတယ်” ဟု သူက ပြောသည်။
ထိုကဗျာ သရုပ်ဖော် ရွတ်ဖတ်ခြင်းကို ဗီဒီယိုရိုက်ပြီး Facebook တွင်တင်ရန် သူငယ်ချင်း တယောက်က အကြံပေးသော အခါ ကိုသန်းတိုးအောင်၏ အိမ်တွင် ရိုက်ကူးပြီး တင်သည်။ ကြည့်ရှုသူ ၂၁၀၀၀ ကျော် ရှိသည်။
ကိုသန်းတိုးအောင်သည် ဗုဒ္ဓဘာသာနှင့် မွတ်စလင် သူငယ်ချင်းများနှင့် ကဗျာရွတ်ဆို သရုပ်ဖော်ပွဲ ၉ ပွဲအထိ ဆက်လက်ကျင်းပပြီး လူမျိုးခွဲခြားမှု၊ တရားမျှတမှုနှင့် မေတ္တာတရားအကြောင်းများကို သရုပ်ဖော်သည်။
နောက် လအနည်းငယ်ကြာသော ညတညတွင် ကိုသန်းတိုးအောင်သည် သူ၏ ကဗျာများအကြောင်း စဉ်းစားရင်း အိမ်သို့ လမ်းလျှောက် ပြန်လာသည်။ မြို့လယ်ရှိ စည်ကားသော နေရာတခုမှ လမ်းမီးတိုင်အောက်တွင် ရပ်လိုက်သောအခါ သူ့အနီးတွင် ဗင်ကားတစီးရပ်လာပြီး ကားပေါ်မှ ရဲ ၆ ဦးဆင်းလာကာ သူ့ကို ပြေးဖမ်းလှဲချပြီး လက်ထိပ်ခတ်လိုက်သည်။ ထိုသူများ မူးနေပုံရသည်ဟု သူပြောသည်။
“အဲဒီနေ့က သေမယ်ထင်တာ။ သူတို့က ကျနော့်ကို ကားထဲမှာထည့်ပြီး လူတယောက်က ကျနော့်နံရိုးကို ခဏခဏ ကန်နေတယ်။ နာလွန်းလို့ အသက်တောင်ရှူလို့မရဘူး” ဟု သူက ပြောသည်။
ထိုနောက်သူ့ကို ရဲစခန်းတခုသို့ ခေါ်သွားပြီး စစ်မေးသည်။ မည်သည့်အတွက် ဖမ်းသည်ကို သူမသိရပေ။ နောက်ဆုံးတွင် ဖခင်ဖြစ်သူက ရဲကိုလာဘ်ထိုးပြီး ကိုသန်းတိုးအောင်ကို အိမ်ပြန်ခေါ်နိုင်ခဲ့သည်။ ထိုဖြစ်ရပ်ကိုလည်း မည်သူ့ကိုမျှ မပြောရန် ဖခင်က သူ့ကို တိုက်တွန်းသည်။
“ကျနော့် သူငယ်ချင်း တက်ကြွလှုပ်ရှားသူတွေနဲ့ ပြောလိုက်တော့ သူတို့က ဒီကိစ္စကို ထုတ်ဖော် ပြောဆိုရမယ်လို့ ပြောတယ်။ ကျနော့်အတွက် အခက်အခဲ ဖြစ်နေတာပေါ့” ဟု သူက ပြောသည်။
ထိုအကျပ်အတည်းသည် မွတ်စလင် တသန်းခန့် ခံစားနေရသော ခွဲခြားဆက်ဆံမှု၊ ချိုးဖောက်မှု၊ အကြမ်းဖက်မှုများနှင့် ပတ်သက်နေသည်။ တုံ့ပြန်ရမည့် နည်းလမ်းများကို စဉ်းစားသောအခါ မိသားစုအကြောင်းကိုလည်း ထည့်သွင်း စဉ်းစားရသည်။
“ကျနော့်ရင်ထဲမှာလည်း လွန်ဆွဲနေရတယ်။ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် လူ့အခွင့်အရေး ကာကွယ်သူအဖြစ် စဉ်းစားလိုက်တယ်။ နောင် အသက်ကြီးတဲ့အခါ ဒီဖြစ်ရပ်ကို ပြန်စဉ်းစားရင် ဘာမှ ထုတ်မပြောလို့ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိမယ်” ဟု သူက ပြောသည်။
ထုတ်ဖော်ပြောဆိုရန် ကိုသန်းတိုးအောင် ဆုံးဖြတ်လိုက်သည်။ ဖမ်းဆီးခံရပြီးနောက် ၆ ရက်ကြာသော ညတွင် ဖြစ်ရပ်အသေးစိတ်ကို Facebook တွင် ရေးသားပြီး ဖူးရောင်နေသောသူ၏ ခန္ဓာကိုယ်ကိုလည်း ဓာတ်ပုံရိုက်တင်သည်။ ထို ပို့စ်ကို အကြိမ် ၅ သောင်းမျှဝေပြီး ဝေဖန်ရေးသားမှု ၂၅၀၀ ရှိသည်။
“ကောမန့်တွေ အများကြီး ရေးကြတယ်။ လူမျိုးရေး ထိခိုက်တာတွေလည်း ပါတယ်။ ကုလား၊ မင်းကို ငါတို့သတ်ပစ်မယ်။ ဘယ်သူမှ မင်းကို မကူနိုင်ဘူး။ မင်းဘာဖြစ်သွားလဲဆိုတာ ဘယ်သူမှ သိလိုက်မှာမဟုတ်ဘူး” ဟု သူက ပြောသည်။
မြန်မာနိုင်ငံတွင် Facebook သည် အင်တာနက်သဖွယ် ဖြစ်နေသည်။ သတင်းအချက်အလက် လိုသောအခါ ဂူဂယ်လ်ကို ကျော်ပြီး Facebook တွင် ရှာကြသည်။
ကိုသန်းတိုးအောင်ကို ဖမ်းဆီးသည့် ကျောက်တံတားရဲစခန်းသည် ကိုသန်းတိုးအောင် လိမ်လည်သည်ဟုဆိုကာ ရှည်ရှည်လျားလျား ရေးသည်။ ကိုသန်းတိုးအောင်သည် စိတ်ဖောက်ပြန်ဖူးသည်ဟု သူ့ဖခင်က ပြောကြောင်း ထို ရဲစခန်းကရေးပြီး မွတ်စလင်ဖြစ်သည် ဟူသောအချက်ကို အာရုံစိုက်မိအောင် လုပ်သည်။ သူ၏ မှတ်ပုံတင်နံပါတ်နှင့် မိသားစု လိပ်စာကို Facebook တွင် ရေးသားဖွင့်ချသည်။
“လူမျိုးရေးသမားတွေက ကျနော့်ကိုသတ်ချင်ရင် လွယ်သွားတာပေါ့” ဟု သူက ပြောသည်။
မိဘများ၏ လုံခြုံရေးကို စိုးရရိမ်သောကြောင့် မိဘများကို အနီးရှိမြို့တမြို့မှ ဆွေမျိုးများထံတွင် ပြောင်းထားရသည်။ သူကိုယ်တိုင်မှာမူ သူငယ်ချင်းများ၏ ကွပ်ပျစ်တွင် အိပ်ရသည်။ သူ၏ မိခင်မှာ လွန်စွာ ပူပန်နေပြီး မိခင်ကို ထိုသို့ တွေ့ရသည့်အတွက် စိတ်တွင် နာကျင်ရသည်။
“သူ့မျက်ကွင်းတွေ ညိုနေတယ်။ အမေ မအိပ်ရတာ ရက်တွေကြာနေမှန်း ကျနော်သိတယ်” ဟု သူက ပြောသည်။
ရက်အတန်ကြာသောအခါ ရဲတပ်ဖွဲ့က ထိုရေးသားချက်များကို ဖြုတ်ချလိုက်ပြီး ကျောက်တံတား ရဲစခန်းအကြီးအကဲက ထိုသို့ ရေးသားခြင်း မရှိကြောင်း ပြောသော်လည်း ပြည်တွင်းသတင်းများတွင် ထိုစာကို ဓာတ်ပုံရိုက်ကူးထားသော ပုံများ ပါလာသည်။
“ဒီလုပ်ရပ်တွေအတွက် သူတို့ တောင်းပန်မယ်လို့ မထင်သလို၊ တရားမျှတမှု ရမယ်လို့လည်း မထင်ဘူး။ ဒါပေမယ့် နည်းပညာ လူမှုကွန်ရက်က သာမန်ပြည်သူတွေအတွက် တရားမျှတမှု တောင်းဖို့ လက်နက်ကို ပေးတယ်လို့ ထင်တယ်” ဟု သူက ပြောသည်။
Facebook သည် ကိုသန်းတိုးအောင် အပါအဝင် ဗုဒ္ဓဘာသာနှင့် မွတ်စလင် မြန်မာကဗျာဆရာများ အတွက် ရွတ်ဆိုရသော ကဗျာအမျိုးအစားသစ်နှင့် မိတ်ဆက်ပေးပြီး စင်ပေါ်တက်ကာ မတရားမှုများကို ဖော်ထုတ် ပြောဆိုရန် တွန်းအားပေးသည်။
ရဲနှင့်ထိပ်တိုက်တွေ့ပြီး Facebook တွင် အငြင်းပွားနေရသောကြောင့် ကဗျာကို တနှစ်ခန့် နားထားရသည်။ သို့သော် သူသည် လွန်ခဲ့သောလက သူ၏ ကဗျာရွတ်အဖွဲ့နှင့် ပြန်ဆုံပြီး စင်ပေါ်ပြန်တက်ခဲ့သည်။ အမေရိကန် ကဗျာဆရာ နီးလ် ဟိုင်ဘွန်၏ စိတ်ကျန်းမာရေးနှင့် ပတ်သက်သော ကဗျာကို သူ ရွတ်ဆိုသရုပ်ဖော်သည်။
ကဗျာဆရာမ အိုလေရီဝိုလာက သူ၏ ဒေါသထွက်နေသော လူမည်းအမျိုးသမီး ကဗျာသည် ဘော့စတွန်မှ မြန်မာနိုင်ငံသို့ ရောက်ပြီး ကိုသန်းတိုးအောင်အပေါ် ရိုက်ခတ်သည်ကို သိရသောကြောင့် အံ့သြနေသည်။
“ဒီလောက် အဝေးကြီးက လူတယောက်က ကျမရဲ့ စာပေနဲ့ ထိတွေ့ပြီး ကျမကို တွေ့မယ်လို့ ထင်မထားဘူး။ ဝမ်းနည်းစရာ ကောင်းတယ်။ လူတယောက် ဖြစ်တည်ခွင့်မရှိဘူးဆိုတာ အရမ်းကို ဒေါသထွက်စရာပဲ” ဟု သူက ပြောသည်။ ကိုသန်းတိုးအောင်၏ ဇာတ်လမ်းကို ကြားရသောကြောင့် နာကျင်ရသည်ဟုလည်း သူက ဆိုသည်။
မြန်မာနိုင်ငံမှ လူမျိုးရေးဝါဒသည် လွန်စွာ အစွန်းရောက်ပြီး ကဗျာဖြင့် ပြောင်းလဲအောင် လုပ်ရန်မဖြစ်ဟုပင် သံသယ ဝင်သည်။ ရေပုံးအတွင်းမှ ရေစက်တစက်ကဲ့သို့သာ ဖြစ်သည်။ အိုလေရီဝိုလာက ကိုသန်းတိုးအောင်အတွက် ပေးသော အကြံမှာ အသိုင်းအဝိုင်း တည်ထောင်ရန်ဖြစ်သည်။ ထိုရေစက်ငယ်ကလေးများ ပူးပေါင်းလိုက်သောအခါ ရေစက်ကြီး ဖြစ်လာမည်၊ ထိုရေစက်များသည် ရေလှိုင်းများ ဖြစ်လာလိမ့်မည်။
(www.pri.org ပါ Shaina Shealy ၏ A spoken word poet in Myanmar speaks out against hate and injustice ကို ဆီလျော်အောင် ဘာသာပြန်သည်။)