၎င်း၏ အလွန်ပြင်းထန်သော ရနံ့နှင့် စေးကပ်သော အသားအတွက် ဝယ်လိုအား (အထူးသဖြင့် တရုတ်စားသုံးသူများ ထံမှ) မြင့်တက်လာခြင်းက အရှေ့တောင်အာရှ တလွှားမှ ဈေးနှုန်းများကို မြင့်တက်စေခဲ့သည်။ ၂၀၁၃ မှ ၂၀၁၇ အတွင်း တွင် လူကြိုက်များသည့် မျိုးစပ်ဒူးရင်း ဖြစ်သော မူဆန်ဘုရင်(Musang King)(အခွံလှစ်ထားပါက မြင်ရသော အသားထူ သည့် အမွှာများ၏ ပုံစံကို အစွဲပြု၍ Mao Shan Wang သို့မဟုတ် “အိပ်ပျော်နေသောကြောင်” ဟုလည်း သိကြသည်) ၏ ဈေးနှုန်းက တကီလိုလျှင် ၉ အမေရိကန် ဒေါ်လာမှ ၂၂ ဒေါ်လာသို့ ၃ ဆနီးပါး တက်သွားခဲ့သည်။
တန်ဖိုးကြီးသည့် ထိုသစ်သီးကို နိုင်ငံခြားတင်ပို့မှု တိုးလာသည့် အချိန်တွင် ထိုင်းနိုင်ငံက ၂၀၁၆ ခုနှစ်တွင် (ဒူးရင်းသီး တင် ပို့ခြင်းမှ) အမေရိကန်ဒေါ်လာ ၄၉၅သန်း ဖြင့် ရှေ့က ဦးဆောင်နေခဲ့သည်။ ထိုအချိန်တွင် မလေးရှားနိုင်ငံက အမေရိကန် ဒေါ်လာ ၁၈ သန်းမျှသာ ရရှိခဲ့သည်။ သို့သော်လည်း ၂၀၁၇ အစောပိုင်းတွင်မူ မလေးရှားနိုင်ငံက လူဦးရေ ၁.၄ ဘီလီယံ ရှိ သည့် တရုတ်နိုင်ငံဈေးကွက်သို့ ဒူးရင်းသီးများတင်ပို့ရန် သဘောတူညီချက် ရယူနိုင်ခဲ့သည်။ တချိန်တည်းမှာပင် ဒူးရင်းက အမြတ်အစွန်း အလွန်အမင်း ရရှိနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ မြေ ၁ ဟက်တာ( ၂ဧကခွဲ နီးပါး) တွင် ဆီအုန်းစိုက်ပျိုးပါက ရရှိနိုင်မည့် ပျမ်းမျှ တနှစ်ဝင်ငွေ ဒေါ်လာ ၄၂၀၀ ထက် ၉ဆ ပိုများပါသည်။
ကော်ပိုရေးရှင်းများက ဒူးရင်းသီး စိုက်ပျိုးရေးအတွင်းသို့ အင်တိုက်အားတိုက် ဝင်ရောက်လာခြင်းနှင့် အတူ အခွင့်အရေး နောက်သို့ အလောတကြီးလိုက်ကြခြင်းက မလိုလားအပ်သော မြေသိမ်းယူမှုများကို ပေါ်ပေါက်စေခဲ့သည်။ မလေးရှား တနိုင်ငံတည်းမှာပင် စပ်မျိုး ဒူးရင်း အမျိုး ၂၀၀ နီးပါးရှိနေသည့် အချိန်တွင် ကီလန်တန် Kelantan ပြည်နယ်၏ သီးသန့်နေရာဖြစ်သော ဂွာမူဆန် GuaMusang ခရိုင်တွင် အဓိက စိုက်ပျိုးသည့် မူဆန်ဘုရင်က ဝယ်လိုအား အများဆုံးဖြစ်သည်။
အမှတ်တကယ်မှာမူ ဒူးရင်းသီးချစ်သူများက ဂွာမူဆန်ခရိုင်၏ ထူးခြားကွဲပြားသည့် သဘာဝပတ်ဝန်းကျင် (ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝသည့် မြေဆီလွှာနှင့် အင်းဆက်ပိုးများ ပေါများခြင်း) ကို တန်ဖိုးထားကြခြင်း ဖြစ်သည်။
ယခုအချိန်အထိ ကီလန်တန် ပြည်နယ်သည် မလေးရှားနိုင်ငံ၏ ခေတ်နောက်အကျဆုံးနှင့် အုပ်ချုပ်ရေး အားအနည်းဆုံး ပြည်နယ်များထဲတွင် တခု ဖြစ်နေဆဲ ဖြစ်သည်။ ပြီးခဲ့သည့် ၂၉ နှစ်လုံး အစ္စလမ်မစ်ပါတီ PAS က အုပ်ချုပ်ခဲ့သည့် ပြည်နယ်က လူသားဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းများတွင် သီရိလင်္ကာထက် နောက်ကျကျန်နေသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ထက်ပင် နောက်ကျနေ၏။
ဆင်းရဲနွမ်းပါးမှုနှင့် စီးပွားရေးတိုးတက်မှု အားနည်းခြင်းကို ဆယ်စုနှစ်များစွာ ခံစားခဲ့ရခြင်းကြောင့် လတ်တလောတွင် ဒူးရင်း တခေတ် ဖြစ်လာခြင်းက ကြီးမားသော အပြောင်းအလဲများကို ပေါ်ထွက်စေခဲ့သည်။ အောင်မြင်သူများရော ဆုံးရှုံးသူများပါ ပေါ်ထွက်လာစေခဲ့၏။
ဥပမာပြရလျှင် ဒူးရင်း စိုက်ပျိုးရေး အကြီးအကျယ်ပြုလုပ်ရန် သူတို့၏ ဘိုးဘွားပိုင်သစ်တောများကို ခုတ်ထွင် ရှင်းလင်းခြင်းကြောင့် ဂွာမူဆန်မှ သီးခြား အထီးကျန်နေတတ်သည့် တီမီအာ Temiar လူမျိုးစုသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ၏ သားကောင်ဖြစ်ရသည်။
မလေးရှားနိုင်ငံ၏ ဌာနေတိုင်းရင်းသား မျိုးနွယ်များ သို့မဟုတ် Orang Asli ၁၇၈၀၀၀ ဦး (စုစုပေါင်းလူဦးရေ၏ ၁ ရာခိုင်နှုန်းထက် နည်း) သည် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည့် လူနည်းစု ဖြစ်သည်။ ကျွန်းဆွယ် တလျှောက်လုံးတွင် နေထိုင်ကြသည့် သူတို့က မွတ်ဆလင် မဟုတ်သူ အများစုဖြစ်ပြီး မျိုးနွယ်စု အများအပြားဖြင့် ဖွဲ့စည်းထားသည်။ တီမီအာက ကြီးမားသည့် လူမျိုးစုများထဲမှ တခုဖြစ်သည်။
တီမီအာ ခေါင်းဆောင်များက သူတို့၏ ရပ်တည်ချက်ကို တပြားမှ မလျှော့ပါ။ အသက် ၃၁ နှစ်အရွယ် မူစတာဖာအလောင်း Mustafa Along က “ဒါက ကျနော်တို့မြေပါ။ လွတ်လပ်ရေး မရခင်ကထဲက ကျနော်တို့ရဲ့ ဘိုးဘေးတွေနဲ့ သက်ဆိုင်ခဲ့တဲ့ ရိုးရာမြေပါ ” ဟု ပြောသည်။
ဒူးရင်း စိုက်ပျိုးရေးနှင့် ဆက်စပ်နေသည့် မြေရှင်းလင်းမှုများရပ်တန့်ရေး လှုပ်ရှားမှုတခုတွင်လည်း မူစတာဖာအလောင်း က ရှေ့ တန်းမှ ပါဝင်နေခဲ့သည်။ “ကုမ္ပဏီတွေက ကျနော်တို့မြေကို လာပြီးတော့ သူတို့ရဲ့ ဒူရင်းပင်တွေအတွက် သစ်ပင်တွေ ရှင်းလင်းတာကို တားဆီးဖို့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဂွာမူဆန်မှာ ကျနော်တို့ ပိတ်ဆို့မှုတခု ပြုလုပ်ခဲ့ပါတယ်။”
ကလေး ၃ ယောက်အဖေ မူစတာဖာအလောင်းမှာ ပိတ်ဆို့တားဆီးခြင်းကို ဦးဆောင်ခဲ့သည့်အတွက် တရားရင်ဆိုင်နေရသည်။
“ဒီမြေက ကျနော်တို့ဟာပါ။ ဥပဒေထဲမှာ ရေးသားထားတာ မရှိပေမယ့် မလေးရှား အစိုးရနဲ့ ကျနော်တို့ ဘိုးဘေးတွေကြား နှုတ်အားဖြင့် သဘောတူညီထားခဲ့ကြပါတယ်။ ကျနော်တို့နဲ့ ဆက်နွယ်နေတာ နှစ်ပေါင်း ထောင်နဲ့ ချီပြီး ရှိပါပြီ။ ဌာနေတိုင်းရင်းသား တယောက်ကို တောခုတ်ဓားတလက်နဲ့ မီးခြစ် တလုံးပေးပြီး တောထဲမှာသွားပစ်ထားလိုက်၊ သူ အသက်ရှင်လိမ့်မယ်။ ဒါပေမယ့် သူ့ကို မြို့ပေါ်မှာ သွားထားမယ်ဆိုရင် သေချာပေါက် သူသေသွားလိမ့်မယ် ဆိုတဲ့ စကားက မှန်ပါတယ်။”
တားဆီးပိတ်ဆို့သည့် ဆီသို့၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် Ceritalah အဖွဲ့က သွားရောက်ခဲ့ပါသည်။ ဒေသတွင်းမှ မြစ်များ က နောက်ကျိ၍ ကော်ဖီရောက်ပေါက်နေသည်။ သစ်ထုတ်လုပ်မှုမှ ထွက်လာ စုပုံနေသည့် အနည်အနှစ်များကြောင့် ရေက သောက်သုံး၍ မရပါ။
ယခင်က သစ်တောအတွင်းတွင် ဆေးဖက်ဝင် အပင်များ ပေါက်ရောက်ခဲ့ကြသည်။ အများစုကို Orang Asli များက ခူးဆွတ် ရောင်းချခဲ့ကြသည်။ ယခုအချိန်တွင်မူ အမြစ်များကိုပါ တူးထုတ်ထားပြီး မြေလွှာက ခြောက်သွေ့နေသည်။ မိုးထိ တိုက်ကြီးများသဖွယ် အုပ်မိုး၍ သဘာဝတောရိုင်းတိရိစ္ဆာန်များကို ကာကွယ်ပေးခဲ့သော သက်တမ်းရာနှင့် ချီသည့် သစ်ပင် ကြီးများမှာ ဒူးရင်းပင် စိုက်ပျိုးရန် အတွက် ခုတ်လှဲခြင်းခံခဲ့ရသည်။ ဒူးရင်းပင်များကို ဆယ်မီတာစီ ခြား၍ အတန်းလိုက် စိုက်ပျိုးမည် ဖြစ်သည်။ ပြောရမည်ဆိုလျှင် မြင်ကွင်းက စိတ်ပျက်ဖွယ်ပင်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးဆောင်လှုပ်ရှားသူတဦး ဖြစ်သည့် ရှာရစ်ဖာ ဆာဘရီနာ ဆာယိ အကေး Shariffa Sabrina Syed Akil အငြင်းပွားမှုကို ဝင်ရောက် ဖြေရှင်းပေးရန် ကြိုးစားခဲ့သည်။
“ကျမရဲ့ ပင်မ ရည်မှန်းချက်က တိုင်းပြည်ရဲ့ သစ်တောတွေကို ပြုန်းတီးမှုကနေ ကာကွယ်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် မဆင်မခြင် သစ်ထုတ်လုပ်ခြင်းကနေ ကာကွယ်ဖို့ ဖြစ်ပါတယ်။ တကယ်လို့ သစ်တောကို ကာကွယ်တယ်ဆိုရင် Orang Asli တွေကို ကာကွယ်တာပါပဲ။”
အပြုသဘောဆောင်သည့် တိုးတက်မှု အချို့လည်း ရှိပါသည်။ အပြောင်းအလဲဖြစ်ခဲ့သည့် ၂၀၁၈ ခုနှစ် မေလ ရွေး ကောက်ပွဲ အပြီး ၃ လ အကြာတွင် ရှာရစ်ဖာ ဆာဘရီနာ ဆာယိ အကေး နှင့် မူစတာဖာအလောင်း တို့က ဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာ မိုဟာမက် ထံသို့ စာရေးသားပေးပို့၍ ဖက်ဒရယ် အစိုးရက ပါဝင် ပတ်သက်ပေးရန် မေတ္တာရပ်ခံခဲ့ကြသည်။
ကျေးဇူးတင်စရာကောင်းသည်မှာ သူတို့၏ စည်းရုံးမှုနှင့် လှုပ်ရှားမှုက ရလဒ်အချို့ကို ထွက်ပေါ်စေခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဒေါက်တာ မဟာသီယာ မိုဟာမက်၏ အစိုးရက ကီလန်တန် ပြည်နယ် အစိုးရကို တရားစွဲဆို ခဲ့သည်။ ဂွာမူဆန် မှ Orang Asli တို့၏ မြေကို ကာကွယ်ပေးရန် ပျက်ကွက်ခဲ့သည့် အတွက် ဖြစ်သည်။
အဆိုပါ ဖြစ်ရပ်က မူစတာဖာအလောင်း အတွက် တိုးတက်မှု ဖြစ်သည်။
“ဒါက အရေးကြီးတဲ့ တိုးတက်မှုတခု ဖြစ်ပါတယ်။ အစိုးရက Orang Asli တွေရဲ့ အရေးနဲ့ ပတ်သက်လို့ ဂရုစိုက်တယ် ဆို တာ ကို ဖော်ပြနေပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်တွေကထဲက ဖြစ်ခဲ့သင့်ပါတယ်။ ကျနော်တို့ရဲ့ သစ်တောတွေ ထိခိုက် ပျက်စီးမှုက ပြန်ပြင်ဆင်လို့ မရနိုင်တော့ပါဘူး။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးက အားလုံးကို ခြုံငုံ၍ ဆောင်ရွက်သည့် အားထုတ်မှုတခု ဖြစ်ရမည် ဟု ရှာရစ်ဖာ ဆာဘရီနာ ဆာယိ အကေးက ထပ်ပြောသည်။
“အစိုးရကို ကျမ ချီးကျူးပါတယ်။ အဲဒါမျိုး အရင်က မရှိခဲ့ပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ သာမန် မလေးရှားပြည်သူတွေ ကိုယ်တိုင် အသိပညာ ရှိရပါမယ်။ ကျမတို့ကို ဘုရားပေးတဲ့ သဘာဝတရားကို ထိန်းသိမ်းစောင့်ရှောက်ရပါမယ်။ အစိုးရ အပေါ်မှာချည်းပဲ ကျမတို့ မှီခိုနေလို့ မရပါဘူး။ သစ်တောတွေက ကျမတို့ အားလုံးနဲ့ ဆိုင်ပါတယ်။”
တရုတ် ဝယ်လိုအားက အရှေ့တောင် အာရှအသိုင်းအဝိုင်းငယ်လေးများကို ပျက်စီးသွားစေနိုင်သော၊ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေနိုင်သော အစွမ်းရှိနေသည်။ မြောက်ပိုင်းမှ နိုင်ငံကြီး၏ ဝယ်လိုအားကို ဖြည့်ဆည်းမှုများ အလောတကြီး မပြု လုပ်မီ အနုတ်သဘောဆောင်သော သက်ရောက်မှုများ(သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ) ကို ကျနော်တို့ သတိထားဖို့ လိုပါသည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)