ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲကို ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင် မတ်လ ၃၁ ရက်၌ ပြုလုပ်တော့မည် ဖြစ်သည်။
မြန်မာ ငွေကျပ် ၂ ဘီလီယံ (ကျပ်သန်း ၂ ထောင်) နီးပါး အကုန်အကျ ခံမည့် အဆိုပါ စည်ပင် ရွေးကောက်ပွဲတွင် အနိုင် ရမည့် ကိုယ်စားလှယ်များ၏ သက်တမ်း၊ ရွေးချယ်မည့် အခြေအနေများ အပေါ်သုံးသပ်ပြီး စည်ပင် ရွေးကောက် ပွဲသည် ပြည်သူ လူထု အတွက် တွက်ခြေကိုက်သည့် အခြေအနေ ရှိမရှိ အပေါ် ဆန်းစစ် ဝေဖန်မှုများလည်း ပေါ်ထွက်လျက် ရှိ သည်။
ဘီလီယံနှင့် ချီ၍ အသုံးစရိတ် သုံးစွဲထားသော်လည်း စည်ပင် ကော်မတီဝင်များ၏ သက်တမ်းမှာ နှစ်နှစ်ခန့်သာ ဖြစ်ခြင်း၊ ဒု မြို့တော်ဝန် ရွေးချယ်မည့် အခြေအနေတွင် အစိုးရဘက်က အားသာချက် ရှိနေခြင်း၊ ပါတီဝင်များ ယှဉ်ပြိုင်မည်ဖြစ် သဖြင့် တသီးပုဂ္ဂလများ အတွက် ယှဉ်ပြိုင်နိုင်မှု အခြေအနေကို စိုးရိမ်နေရခြင်း စသည့် အချက်များ အပေါ် အခြေပြု၍ ဝေဖန်နေ ကြခြင်းလည်း ဖြစ်သည်။
ရန်ကုန် စောင့်ကြည့် အဖွဲ့မှ ထူထောင်သူ ဒေါ်ညိုညိုသင်း က “NLD ကပုဂ္ဂိုလ်တွေ အများဆုံး ပါဝင်ပြီးသားမို့လို့ ရွေးချယ် ခံရတဲ့ ၆ ယောက်ဆိုတာလည်းပဲ ဒီပါတီကပဲ ပြန်နိုင်တယ် ဆိုရင်တော့ ထိန်းကျောင်းနိုင်မှု အပိုင်းမှာ အရမ်း အားနည်း သွား လိမ့်မယ်” ဟု ပြောသည်။
ဆက်လက်ပြီး ဒေါ်ညိုညိုသင်းက “ပြည်သူ လူထုရွေးကောက် တင်မြှောက်ပေမယ့် အာဏာရ ပါတီက လူတွေပဲ ဖြစ်တဲ့ အတွက်ကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ အစိုးရအဖွဲ့ကို ထိန်းကျောင်းခွင့်တွေ ဆိုတာ အကန့်အသတ်နဲ့ပဲ ဖြစ်သွားမှာပေါ့။ အဲဒါဆိုရင်တော့ ရွေးကောက်ပွဲ လုပ်ရကျိုးလည်း နပ်မှာ မဟုတ်ဘူး။ ဒု မြို့တော်ဝန် ရှိရကျိုးလည်း နပ်မှာ မဟုတ်ဘူး” ဟု ဆိုသည်။
ယင်း ရွေးကောက်ပွဲတွင် NLD နှင့် ကြံ့ခိုင်ရေး ပါတီကြီးနှစ်ခုမှ ကိုယ်စားလှယ်လောင်းများက မြို့နယ် အားလုံးနီးပါးတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး NLD အနေဖြင့် မြို့တော် ကော်မတီဝင် ၆ ဦး အပါအဝင် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၉၃ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။ယှဉ်ပြိုင်ရမည့် မြို့နယ် ၃၃ မြို့နယ်တွင် ကြည့်မြင်တိုင်မှ အပ ကျန်မြို့နယ်များတွင် ပါတီ ကိုယ်စားပြုသူများ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားပြု အဖြစ် ကော်မတီဝင် ၆ ဦး အပါအဝင် ကိုယ်စားလှယ် ၉၄ ဦး ဝင် ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှသိရသည်။ USDP ပါတီမှ မြို့နယ် နေရာတွင် သင်္ဃန်းကျွန်းမြို့နယ်မှ အပ ကျန်မြို့နယ် အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
စည်ပင် ရွေးကောက်ပွဲတွင် ရွေးကောက်ခံနိုင်ခွင့် ရှိသည့် ကိုယ်စားလှယ်များကို ဖေ ဖော်ဝါရီလ ၁၄ မှ ၁၇ ရက် အထိ အတည်ပြု ကြေညာမည် ဖြစ်ပြီး ဝင်ရောက် ယှဉ်ပြိုင်မည့် သူများသည် လာမည့် ဖေဖော် ဝါရီလ ၂၈ ရက်မှ မတ်လ ၂၉ ရက် အတွင်း မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
ဒု မြို့တော်ဝန် အပါအဝင် ကော်မတီဝင် ၆ ဦး နေရာ အတွက် ၂၇ ဦး၊ မြို့နယ် စည်ပင် ဥက္ကဋ္ဌ နေရာအတွက် ၁၀၁ ဦး ၊ မြို့နယ် အဖွဲ့ဝင် (၁) နေရာအတွက် ၇၄ ဦး နှင့် အဖွဲ့ဝင် (၂) နေရာအတွက် ၇၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ရန် လျှောက်လွှာ တင်ထားကြောင်း ရန်ကုန် စည်ပင်ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့ပြီး မြို့နယ်နှင့် ခရိုင် အလိုက် ပြည်သူလူထု ကိုယ်စားလှယ် ၁၁၅ ဦး ရွေးချယ် ခန့်ထားခဲ့သည်။ သို့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက် ၂၀၁၆ ခုနှစ် မေလတွင် အဆိုပါ ကိုယ်စားလှယ်များကို တာဝန် ပြန်လည် ရုပ်သိမ်းခဲ့သည်။
ထို့နောက်တွင် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ဥပဒေကို ပြန်လည် ရေးဆွဲခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်လတွင် ပြဋ္ဌာန်း ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ရန်ကုန် မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲကို ဒုတိယ အကြိမ်မြောက် ပြန်လည် ကျင်းပခြင်း ဖြစ်ပြီး ဥပဒေ သစ်တွင် ဒုတိယ မြို့တော်ဝန်ကို ပြည်သူ လူထု ရွေးကောက်သည့် ကိုယ်စားလှယ်များထဲမှ ရွေးချယ် ခန့်ထားရန် သတ်မှတ် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သည့် စည်ပင် ရွေးကောက်ပွဲတွင် တအိမ်ထောင်လျှင် လူတဦးသာ မဲပေး ပိုင်ခွင့်ရှိသည့် စနစ်မှ ယခု ၂၀၁၉ ခုနှစ်တွင် အသက် ၁၈ နှစ်ပြည့်ပြီး သူတိုင်း မဲပေးပိုင်ခွင့် ရရှိမည်ဟု စည်ပင်သာယာ ဥပဒေ အသစ်တွင် ပြ ဋ္ဌာန်း ထားသည်။
ထိုကဲ့သို့ ၁၈ နှစ်ပြည့်ပြီး သူတိုင်း မဲပေးခွင့် ရှိသွားမည် ဖြစ်သည့် အတွက် လုပ်ငန်းစဉ် များပြားလာကာ ကုန်ကျမှုမှာလည်း များပြားလာရခြင်း ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက သုံးသပ် ပြောဆိုသည်။
“မဲရုံ ဆိုရင် အရင်တုန်းက မြို့နယ် တမြို့နယ်မှာ မဲရုံ ၃ ၊ ၄ ရုံလောက်ပဲ လုပ်ရတဲ့ နေရာတွေ ရှိတယ်။ အခုဆိုရင် မဲရုံက ၇၀ ကျော် တချို့ဆိုရင် ၁၀၀ ကျော်လောက် လုပ်ရမယ့် အခြေအနေ ဖြစ်သွားပြီ။ အဲဒီအပေါ်မှာ လိုက်ပြီးတော့ ကုန်ကျမယ့် စရိတ်တွေက များပြားလာတာ ရှိတယ်။ ဒါနဲ့ ကိုက်ညီအောင်လို့ လက်ရှိ ၂ ဘီလီယံကတော့ သုံးသင့်ပါတယ် သုံးရမှာပါ” ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲတွင် အနိုင်ရသည့် ကော်မတီဝင်များ၊ ကိုယ်စားလှယ်များသည် လက်ရှိ အစိုးရ သက်တမ်း ကုန်ချိန် အထိ တာဝန် ထမ်းဆောင်ခွင့် ရှိမည် ဖြစ်သဖြင့် နှစ်နှစ်ကျော်ခန့်သာ တာဝန် ထမ်းဆောင်ခွင့်ရမည် ဖြစ်သည်။
သို့ဖြစ်ရာ အဆိုပါ ရွေးကောက်ပွဲသည် ထမ်းဆောင်ရမည့် ကာလနှင့် နှိုင်းယှဉ်လျှင် ကုန်ကျစရိတ် ကြီးမားသဖြင့် တန်ဖိုး ကြီးမားသော ရွေးကောက်ပွဲ ဖြစ်ကြောင်း စောင့်ကြည့် လေ့လာသူများက ဝေဖန်လျက် ရှိသည်။
စည်ပင်သာယာ ရေး ကော်မတီဝင်ဟောင်း တဦးဖြစ်ပြီး ယခုကျင်းပမည့် စည်ပင်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း လျှောက်လွှာ တင်ထားသူ ဇောတိက ဦးခင်လှိုင် က “အမှန်တကယ် ၅ နှစ်သက်တမ်း ဖြစ်ရမှာကို အခုက၂ နှစ်ပဲ ဖြစ်တဲ့ အတွက် ဘီလီယံလောက် ချီပြီးတော့ ပိုက်ဆံတွေ သုံးပြီး လုပ်ရမှာကြောင့် ရလာတဲ့ result ကလည်း လူထုကို တကယ် အကျိုးပြုရင် ကောင်းမှာပေါ့” ဟု ပြောသည်။
ရွေးကောက်ခံ ကော်မတီဝင်များ အနက်မှ ဒု မြို့တော်ဝန်ကို ရွေးချယ်မည်ဖြစ်ရာ စည်ပင်၏ လက်ရှိ စွမ်းဆောင်ရည်များ တိုးတက်လာ ရန်မှာ ဒုတိယမြို့တော်ဝန် ရွေးကောက် တင်မြှောက်နိုင်မှုကလည်း အရေးပါလျက် ရှိသည်။
ဒု မြို့တော်ဝန် ရွေးချယ်မှုနှင့် ပတ်သက်ပြီး ဒေါ်ညိုညိုသင်းက “ဒုမြို့တော်ဝန်ကတော့ ပြည်သူလူထုဘက်က ရွေးကောက် တင်မြှောက်တဲ့ထဲကနေ ပါလာမယ် ဆိုတော့ အစိုးရ ခန့်တဲ့ မြို့တော်ဝန် အပေါ်မှာ အနည်းငယ် ထိန်းကျောင်း နိုင်မယ့် အနေအထား ရှိတယ်။ သက်တမ်း တိုပေမယ့်လည်း ကြိုဆိုရမယ့် အနေအထား ဖြစ်တယ်”ဟု သုံးသပ် ပြောဆိုသည်။
ဒု မြို့တော်ဝန် ဖြစ်လာရန်မှာ ပြည်သူလူထု၏ ရွေးချယ်မှု သာမက ကော်မတီ ဖြစ်လာမည့်သူများ၏ သဘောထားလည်း အရေးကြီးကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ က ဆိုသည်။
ဦးကျော်ဇေယျက “ပေါ်လာမယ့် ကော်မတီဝင် ၆ ဦး ပြည်သူက အမှန်တကယ် တင်မြှောက်လိုက်တဲ့ ၆ ဦးဟာ သူတို့ ညီညွတ်ဖို့ လိုတယ်။ သူတို့ထဲက တကယ် တော်တဲ့သူက ဒု မြို့တော်ဝန်ဖြစ်မယ် သူတို့ပြန်ပြီး ညှိနှိုင်းသင့်တယ် ဘာဖြစ်လို့ လဲဆိုတော့ ဒု မြို့တော်ဝန်ကို ကိုယ့်မဲကိုယ် ပြန်ထည့်လိုက်ရင် အခု လက်ရှိ ကော်မတီဝင် ဖြစ်နေတဲ့ အစိုးရ ခန့်ထားတဲ့ ၅ ဦး ကြိုက်တဲ့သူက ဒု မြို့တော်ဝန် ဖြစ်သွားနိုင်တယ်” ဟု သုံးသပ်သည်။
ထိုသို့သော အခြေအနေတွင် စည်ပင် ရွေးကောက်ပွဲသည် လူထု စိတ်ဝင်စားမှု နည်းပါးနိုင်သည့် အခြေအနေတွင် ရှိနေ ကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့က ယူဆလျက် ရှိပြီး အချို့ကမူ လူထုက စိတ်ဝင်တစား စောင့်ကြည့်နေမည် ဟုလည်း မျှော်လင့်ကြသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက “ပြည်သူ လူထုကတော့ တော်တေ်ာများများ စိတ်ဝင်စားမှု မရှိသလောက်ပဲ။ အရင်လုပ်ခဲ့တဲ့ သက်တမ်းတွေမှာ စည်ပင်က အရေးပါမှု မရှိဘူး လူထုက အားကိုးရ လောက်တဲ့ အဖွဲ့အစည်း တခုအနေနဲ့ ဖြစ်မလာတဲ့ အတွက်ကြောင့် လူထုက ဒီလုပ်ငန်းစဉ်ကို စိတ်မဝင်စားတာပါပဲ”ဟု ဆိုသည်။
ဆိပ်ကမ်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးအောင်ကမူ “ စည်ပင် ရွေးကောက်ပွဲတင် မဟုတ်ဘူး ရွေးကောက်ပွဲ တိုင်း ရွေးကောက်ပွဲတိုင်းမှာ မဲဆန္ဒရှင် ၉၀ ရာခိုင်နှုန်းကျော် မဲပေးတဲ့ မြို့နယ် ဖြစ်ပါ။ ဒါပေမယ့် ပြိုင်ပွဲဖြစ်တဲ့ အတွက် ၁ မဲ နိုင်ရင်လည်း နိုင်တာပဲ။ ပညာရှိ တယောက်ပြောတဲ့ စကားရှိတယ် ကိုယ်နဲ့တန်တဲ့ အစိုးရပဲ ကိုယ်ရမယ် တဲ့။ အစိုးရ မကောင်းဘူး ကောင်းတယ်ကို ထည့်မပြောနဲ့ ကိုယ်နဲ့ တန်တဲ့ အစိုးရပဲ ကိုယ်ရမယ် လို့ ပြောတာ။ အဲဒီတော့ ကိုယ့် အရပ် ဒေသကို ကောင်းအောင် လုပ်မယ့်သူ လိုချင်တယ်ဆိုရင် ကိုယ်ကလည်း အဲဒီလူကို သွားရွေးပေး”ဟု တိုက်တွန်း ပြောဆို သည်။
၂၀၁၈ ခုနှစ် ဇွန်လက ပြဋ္ဌာန်းခဲ့သော စည်ပင်သာယာရေး ကော်မတီ ဥပဒေပါ ပြဋ္ဌာန်းချက်များသည် အလွန်အားကောင်း သော်လည်း အကောင်အထည် ဖော်နိုင်မှု အားနည်းနေခြင်း အပါအဝင် လက်ရှိ မြို့တော်ဝန်နှင့် စည်ပင်သာယာရေး ကော် မတီ၏ စွမ်းဆောင်ချက်များ အပေါ်တွင် ပြည်သူ လူထု သာမက ပါတီတွင်း၌ပင် အားမရမှုများ ရှိနေသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းကပင် စမ်းချောင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦး က ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးကို “ငဖြီးကြီး”ဟု ခေါ်ဝေါ်ပြီး အလုပ်မလုပ်သော မြို့တော်ဝန် အဖြစ် ဝေဖန်ခဲ့သေးသည်။
ဦးဘိုဘိုဦးက “ မြို့တော်ဝန် ဆိုတာ မြို့တော် စည်ပင်သာယာရေးနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝ၊ အရပ်ရပ်ဟာ သူ့တာဝန်ပေါ့။ သူက အကြီးဆုံးပဲလေ။ သူ့အနေနဲ့ ဒီကိစ္စကို နိုင်နိုင်နင်းနင်း စီမံခန့်ခွဲပြီး လုပ်နိုင်ရမယ်။ အဲဒါတွေကို မလုပ်ဖူးလို့ မြင်နေ လို့ပါ”ဟု ပြောဆိုသည်။
စည်ပင် သာယာရေး ဥပဒေသစ်သည် မြို့ပြ စီမံကိန်းများ၊ မြေယာ စီမံခန့်ခွဲမှုများမှ စပြီး အများပြည်သူ နေရာများတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ အထိ အသေးစိတ် ထည့်သွင်း ပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်ပြီး အားကောင်း မောင်းသန် ဥပဒေသစ် တရပ်ဟု လေ့လာသူများက ယူဆလျက်ရှိပြီး အလျင်အမြန် အကောင်အထည် ဖော်ရန် ပြည်သူများ လိုလားလျက် ရှိသည်။
ဥပဒေ ပြဋ္ဌာန်းစ အချိန်တွင် ဥပဒေပါ တားမြစ်ချက်များ၊ ပြစ်ဒဏ်များကြောင့် ပြည်သူ လူထု ကိုယ်တိုင် အလေးထား စောင့် ကြည့်နေသော်လည်း အကောင်အထည် ဖော်မှုများ လုံလုံလောက်လောက် မတွေ့ခြင်းကြောင့် ဝေဖန်မှုများလည်း ရှိခဲ့သည်။
ယင်းသို့သော အခြေအနေတွင် ဒု မြို့တော်ဝန်သည် မည်သည့် ပုဂ္ဂိုလ်ဖြစ်လာမည်ကို လေ့လာသူများက စိတ်ဝင်တစား စောင့်ကြည့် နေကြသည့် အပြင် ပြည်သူများက အလုပ်လုပ်သည့် ကော်မတီဝင်များကိုသာ ရရှိလိုကြသည်။
ထိုသို့ အလုပ် လုပ်ကိုင်သည့် ကော်မတီဝင်များကို ရရှိရန် ပြည်သူ လူထုလက်ထဲတွင် ရှိပြီး ပြည်သူမှ မဲပေးရွေးချယ် ကြရန် အရေးကြီးဆုံး ဖြစ်ကြောင်း စည်ပင်ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများက တိုက်တွန်း ပြောဆိုကြသည်။
ဦးလှဌေးက “ပြည်သူကတော့ စိတ်မဝင်စားပါဘူး ငါတို့နဲ့ မဆိုင်ပါဘူး ပြီးပြီးရော ဖြစ်သလို လုပ်လိုက်ရင်တော့ ပြီးပြီးရော ဖြစ်သလိုတန်တဲ့ ကော်မတီဝင်တွေပဲ ရရင် သူတို့ နစ်နာမယ်။ အဲဒီအချိန်ကျရင် ပြည်သူလူထုကလည်း စိတ်ပူနေတဲ့ သုံးစွဲ လိုက်တဲ့ ပမာဏနဲ့ ကိုက်ညီမှု မရှိတဲ့ စနစ် တစ်ခုကိုပဲ ရသွားလိမ့်မယ် ဒါကို တန်ဖိုးဖြတ်ရမှာက ပြည်သူပဲ အရမ်း အရေး ကြီးတယ်” ဟု ပြောသည်။
လက်ရှိ စည်ပင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူ လူထုကြား စိတ်ဝင်စားမှု လျော့နည်းနေသော်လည်း အထင်ကရ ပုဂ္ဂိုလ်များ ဝင်ပြိုင်ရန် ပါလာသည့် အတွက် ပြောဆိုနေကြမှုများ ရှိလာသည်ဟု ပြည်သူများက ဆိုသည်။
ဒဂုံဆိပ်ကမ်းနေ အိမ်ရှင်မ တဦး ဖြစ်သူ ဒေါ်ခင်နု က “စည်ပင်ရွေးကောက်ပွဲ အကြောင်းတော့ ကျမတို့ ရပ်ကွက်မှာ ကြားပဲ ကြားနေတာ။ သိပ်တော့ နားမလည်ကြသလို မသိကြဘူး။ ရပ်ကွက်မှာက လွှတ်တော်အမတ်တောင် သိပ်မြင်ဖူးကြတာ မဟုတ်ဘူး။ စည်ပင်အတွက်လည်း ဘယ်သူတွေ ပြိုင်မလဲ ဆိုတာလည်း မသိကြဘူး။ မဲဆွယ်တဲ့ အချိန်ကျရင်တော့ တ ချက် ကြည့်ပြီးမှ တကယ် ပြည်သူ့ အကျိုးအတွက် အလုပ်လုပ်မယ်လို့ ထင်ရသူကိုပဲ မဲပေးရမှာပေါ့” ဟု ပြောသည်။
ထို့ပြင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရုပ်မြင်သံကြား အစီအစဉ်များက တဆင့် နေ့စဉ် ထုတ်လွှင့်မှုများ ပြု လုပ်သင့်ကြောင်းလည်း အကြံပြု ပြောဆိုကြသည်။
အလုံမြို့နယ်နေ ဦးဌေးအောင်က “ပြည်သူတွေ အနေနဲ့က စည်ပင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သတင်းတွေ အတိအကျ မရသေးဘူး။ မရသေးတဲ့ အတွက် စိတ်ဝင်စားမှုကလည်း မရှိသေးဘူးလို့ ပြောရမယ်။ တကယ်ဆိုရင် ဒီအချိန်မှာ ပြည်သူ တိုင်းက မဲပေးသင့်တယ်ဆိုတဲ့ သက်ဆိုင်ရာ သူတွေက message ပေးရမယ်” ဟုပြောသည်။
ဆက်လက်၍ ၎င်းက “တကယ်လို့ ရွေးချယ်ပွဲကို တို့ပြည်သူတွေများ စိတ်မဝင်စားဘူး ဆိုရင် တို့ပြည်သူတွေ လက်မခံနိုင် တဲ့သူက ကိုယ်စားလှယ် ဖြစ်လာမယ် ဆိုရင် ပြည်သူတွေပဲ ပြန် အုပ်ချုပ်ခံရမယ်။ အဲဒီတော့ ပြည်သူတွေ ရွေးကောက်ပွဲကို စိတ်ဝင်စားပါ မဲသွားထည့်ပါ ကိုယ်ကြိုက်တဲ့သူ တာဝန်ထမ်းဆောင် ခွင့်ရအောင်” ဟု ဆိုသည်။
ကျပ်ငွေ ဘီလီယံနှင့် ချီပြီး အကုန်အကျခံ ရွေးကောက် တင်မြှောက်ရမည့် စည်ပင် ကိုယ်စားလှယ်များသည် စည်ပင် ဥပဒေသစ်ကို အားကောင်း မောင်းသန် ထိန်းကျောင်း နိုင်မည်လား ဆိုသည်ကိုတော့ မကြာမီ အချိန်၌ပင် မြင်တွေ့ကြရ တော့မည် ဖြစ်သည်။