ကျနော်တို့ခရီးစတော့မည့် အချိန်ကလေးမှာပင် သက်လတ်ပိုင်းအရွယ် ဒေသခံအမျိုးသားက ယခုခရီးကို စီစဉ်သည့် ကျနော့် မိတ်ဆွေကို သူမလိုက်နိုင်တော့ကြောင်းနှင့် သူ့အစား သူတို့၏ တပ်ခွဲမှုးလိုက်မည်ဖြစ်ကြောင်း ပြောလာသည်။ “ဘာမှ စိုးရိမ်စရာ မရှိပါဘူး။” ဟု သူက ဆိုသည်။
ထို့နောက် ပျော်တတ်ပုံရသည့် အသက် ၂၀ ကျော် အရွယ် ကိုယ်လုံးတောင့်တောင့်နှင့် အမျိုးသားတယောက် ကျနော်တို့၏ ကားပေါ်သို့ တက်လာပါသည်။ သူက ပြောက်ကျားဘောင်းဘီနှင့် အပြာရောင်ဂျာကင်တထည်ကို ဝတ်ဆင်ထားပြီး ခါးတွင် ပစ္စတိုတလက် ချိတ်ထားပါသည်။ ကျနော်တို့ ခရီးစဉ်လည်း စတင်ခဲ့၏။
ကယားပြည်နယ်၏ မြို့တော် လွိုင်ကော်နှင့် ၃ နာရီ ခရီးအကွာခန့်တွင် ရှိသော ကျေးရွာတခုဖြစ်သည့် ဆီးဘူးတွင် ကျနော်တို့ ရောက်ရှိနေကြခြင်း ဖြစ်ပါသည်။ ရွာက ရှမ်းပြည်နယ် အတွင်းတွင် တည်ရှိသော်လည်း တရွာလုံးနီးပါးမှာ ကယန်းတိုင်းရင်းသားများ ဖြစ်ကြပါသည်။
ထိုကဲ့သို့သော ကျေးရွာမျိုးကို မြင်တွေ့ရခြင်းက မြန်မာနိုင်ငံတွင် အထူးအဆန်းမဟုတ်ပါ။ တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးစုများနှင့် ကိုးကွယ်ရာဘာသာ အမျိုးမျိုးတို့ ရှိသည့် ကွဲပြားခြားနားသော ဒေသများနှင့်အတူ မည်မျှအထိ စုံလင်ကွဲပြားမှုရှိသည်ကို ဖော်ပြနေခြင်း ဖြစ်ပါသည်။ ကယန်းတိုင်းရင်းသားများသည် သူတို့၏ အချို့သော လည်တိုင်ရှည် အမျိုးသမီးများ ဝတ်ဆင်ကြသည့် ကြေးကွင်းများကြောင့် လူသိများပါသည်။
ကျနော်တို့၏ ကားက တောင်ပေါ်သို့ ကျဉ်းမြောင်းသော လမ်းတခုအတိုင်း အရှိန်မြှင့်၍ မောင်းတက်သွားနေသည်။ ကျနော်တို့၏ ညာဘက်တွင် ကျောက်တုံးထူထပ်သည့် တောင်များရှိ၍ ဘယ်ဘက်တွင် မတ်စောက်သောချောက် ကမ်းပါးတခုရှိပါသည်။ ကားပြတင်းများမှတဆင့် ဝင်ရောက်လာသည့် အေးမြသော တောင်ပေါ်လေအေးက ကားအတွင်းမှ လေထုကို လတ်ဆတ်စေသည်။ အစိမ်းရောင် တောင်ကုန်းများက လန်းဆန်းသော မြင်ကွင်းတခုပင်။

သို့သော်လည်း ကယန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (Kayan New Land Army – KNLA) မှ တပ်ခွဲမှူးသာ ကျနော်တို့နှင့်အတူ ပါမလာလျှင် ကျနော်တို့ ရွာအတွင်းသို့ သွားနိုင်လိမ့်မည် မဟုတ်ပါ။ ရွာက KNLA တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့က ထိန်းချုပ်သည့် နယ်မြေအတွင်းတွင် ရှိသောကြောင့် ဖြစ်သည်။ KNLA က ၁၉၉၀ ဝန်းကျင်တွင် ယခင်စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။
တောထဲတောင်ထဲတွင် သွားနေရသည့် ကျနော်တို့ ခရီးသည် နဂိုက စိုးရိမ်ခဲ့သလိုမျိုး မဟုတ်ကြောင်း စတင်၍ တွေ့ရှိလာရသလိုပင် ဖြစ်သည်။ ရှုခင်းက ပသာဒရှိသည်။ လမ်းက ကြမ်းတမ်း၍ မတ်စောက်၏။ ရာသီဥတုက အေးမြနေသည်။ အခြေအနေက ငြိမ်းချမ်းသာယာနေ၏။ လမ်းတလျှောက်တွင် ဝါးဖြင့် လုပ်ထားသည့် ဂိတ်တံခါးများ၌ ကျနော်တို့ကား ၂ ကြိမ် ရပ်တန့်ခဲ့ရသည်။ တပ်စုမှူးက ဖျတ်လတ် သွက်လက်စွာပင် ကားပေါ်မှ ခုန်ချ၍ ဂိတ်ကို ဖွင့်ပေးသည်။ ပြန်ပိတ်ပေးသည်။ အစောင့်အကြပ် သို့မဟုတ် စစ်တပ်ရှိနေသည့် အခြားသို့ လက္ခဏာများ မတွေ့ရပါ။
ကျနော်တို့ အနေဖြင့်လည်း လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်မြေတခုတွင် ရောက်ရှိနေသည်ဟု မခံစားကြရပါ။ ထိုနေရာက လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုခန့်ကကဲ့သို့ စစ်ရေးလှုပ်ရှားမှုရှိသည့် ဧရိယာတခု မဟုတ်တော့ပါ။ ကျနော်တို့ ခရီးစဉ်၏ တခုတည်းသော ရည်မှန်းချက်မှာ ခရီးသွားအများစု မရောက်ဖူးသေးသည့် နယ်မြေတခုကို အလည်သွားရန်သာ ဖြစ်သည်။

တောင်ပေါ်သို့ မတက်မီ ဒေသထွက် ဟင်းခတ် အမွှေးအကြိုင်များဖြင့် ချက်ပြုတ်ထားသည့် ကယန်းလက်ရာစစ်စစ် တောဝက်သားဟင်း နှင့် နေ့လည်စာ စားခဲ့ကြပါသည်။ ကျနော်တို့ စားပြီးသည့်အချိန်တွင် ဆီးဘူးကျေးရွာမှ ကျနော်တို့၏ အိမ်ရှင်က ရွာအနောက်ဖက်က တောင်များကို ညွှန်ပြ၍ “အရင်တုန်းက အစိုးရတပ်တွေနဲ့ ကယန်းလက်နက်ကိုင်တွေ တိုက်ပွဲတွေ ဖြစ်ရင် အဲဒီတောင်တွေမှာ ကျနော်တို့ သွားပုန်းခဲ့ရတာ” ဟု ကျနော့်ကို ပြောပါသည်။ “တခါပုန်းရင် နှစ်ရက်၊ သုံးရက်။ တခါတလေ တပတ် နှစ်ပတ်ကြာတယ်။ တခါတော့ တခြားရွာသားတွေလိုပဲ အစိုးရတပ်က ပေါ်တာဆွဲသွားတာ ခံခဲ့ရတယ်။ ကံကောင်းလို့ မသေတာ” ဟု ကျနော်တို့ အိမ်ရှင်က ပြောပြသည်။
“အခုတော့ တိုက်ပွဲတွေ မရှိတော့ဘူး” ဟု သူက ဆက်ပြောသည်။ ယခု အသက် ၅၀ ကျော်ပြီ ဖြစ်သောသူက သူ၏ဇနီး၊ သမီးများနှင့် အတူ မိသားစုဖြင့် ပျော်ရွှင်စွာ နေထိုင်နေသူတယောက် ဖြစ်သည်။ သူက ရွာတွင် ဟင်းချက်အကောင်းဆုံးဟု ကျနော့် မိတ်ဆွေက ပြောပါသည်။ ဖြစ်နိုင်ပါသည်။ သို့သော်လည်း သူ့ မိန်းမချက်သည့် တောဝက်သားဟင်း ကတော့ အင်မတန် အရသာရှိပါသည်။ ကယန်းဟင်းလျာအားလုံးတွင် ထူးခြားကောင်းမွန်သော အနံ့အရသာတခု ရှိသည်။ ဒေသတွင်းတွင် ထွက်သော မတ်ခါးသီးကို အသုံးပြုခြင်းကြောင့် ထိုအသီးက လျှာကို အနည်းငယ်မျှ ထုံသွားစေပြီး ဇီချွမ် ငရုပ်ကောင်းကို သတိရစေ၏။
ယခုအချိန်အထိ ဆီးဘူးက KNLA နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ကယန်းပြည်သစ်ပါတီ(KNLP) ၏ အမာခံစခန်းတခု ဖြစ်နေဆဲ ဖြစ်သည်။ KNLA နှင့် KNLP တို့၏ ဌာနချုပ်များက အဆိုပါကျေးရွာတွင် တည်ရှိသည်။ ဌာနချုပ်များအနီးမှ ခမ်းနားသည့် ကယန်းဂူဗိမ္မာန်တခုတွင် ၎င်းတို့၏ ကွယ်လွန်သူခေါင်းဆောင် ဦးရွှေအေးကို မြှုပ်နှံထားသည်။ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီး နှစ်နှစ် အကြာ ၁၉၆၄ တွင် သူက KNLP ကို စတင်တည်ထောင်ခဲ့သည်။
မြေလမ်းတလျှောက်တွင် တနာရီခွဲကြာ တောင်တက်တောင်ဆင်း မောင်းနှင်ခဲ့ပြီးနောက် ကျနော်တို့ ဦးတည်ရာဖြစ်သော ရန်းခူကျေးရွာသို့ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း ကျနော်တို့ကို နေ့လည်စာဖြင့် ဧည့်ခံသူက ညွှန်ပြပါသည်။ ရန်းခူကျေးရွာသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ ခန့်ရှိသည့် တောင်ထိပ်တခုတွင် တည်ရှိပြီး အခြားတောင်များက ဝိုင်းရံထားသည်။

ရန်းခူဆိုသည်မှာ ကျောက်တောင်ဟု အဓိပ္ပါယ်ရပါသည်။ လူမျိုးစုတိုက်ပွဲများနှင့် သဘာဝဘေးအန္တရယ်များမှ ခိုလှုံရာ နေရာတခုအနေဖြင့် ကျေးရွာကို လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ခန့်က တောင်တန်းများပေါ်တွင် တည်ထောင်ခဲ့သည် ဟုဒေသခံများက ပြောကြပါသည်။
ကျောက်တောင်များထိပ်နှင့် ကြီးမားသော ကျောက်တုံးကြီးများပေါ်တွင် အိမ်များ တည်ဆောက်ထားကြပုံကို မြင်သည့်အခါ ကျနော်တို့ ပါးစပ်အဟောင်းသား ဖြစ်ကြရသည်။ တရွာလုံးကို ကျောက်ဆောင်များပေါ်နှင့် ကျောက်တုံးကြီးများကြားတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ရွာတွင် အိမ်ထောင်စု ၆၀ ခန့်နှင့် လူဦးရေ ၃၀၀ ကျော်ရှိပါသည်။ သူတို့ အားလုံးသည် ကယန်းတိုင်းရင်းသားများ ဖြစ်ကြသော်လည်း မျိုးနွယ်စုခွဲ အမျိုးမျိုးရှိနေသည်။ အားလုံးနီးပါးမှာ ကက်သလစ် ဘာသာဝင်များဖြစ်ကြသည်။
ကလေးငယ်များနှင့် အခြားရွာသားများက ကျနော်တို့ကိုစောင့်မျှော်နေသည့် အသွင်ရှိပါသည်။ ကျနော်တို့၏ ကားရပ်လိုက်သည့် အချိန်တွင် ရွာလယ်သို့ စုရုံးလာကြသည်။ အပြုံးများနှင့် ဆီးကြိုနေကြသည်။ ကျနော်တို့ရောက်သည့် အချိန်တွင် နေဝင်ခါနီးပြီ ဖြစ်သည်။ ထို့ကြောင့် ကျနော်တို့အဖွဲ့က ရွာအလယ်ထိပ်ရှိ ရန်းခူစန်တာဆီသို့ တက်ခဲ့ကြသည်။ ထိုနေရာက အိမ်အများစုထက် ပို၍မြင့်သည့်တောင်ထိပ်တွင် ရှိပါသည်။
ညရောက်သည့်အခါ ခရစ်ယန်ဘုန်တော်ကြီးအပါအဝင် လူလတ်ပိုင်းနှင့် လူကြီးရွာသားအချို့ ကျနော်တို့နှင့် လာ၍ စကားစမြည် ပြောကြပါသည်။ ကျေးရွာသားအများအပြားက ကျနော်တို့နှင့်လာ၍ စကားပြောလိုကြကြောင်းနှင့် ဧည့်သည်များကို မနှောက်ယှက်ရန် ပြောထားရကြောင်း သူတို့က ပြောပြသည်။ ပြောဆိုဖြစ်သည့် အကြောင်းအရာအများစုမှာ သူတို့၏ ကျေးရွာတိုးတက်ရေးအတွက် သူတို့ မည်သို့လုပ်နိုင်မည် ဆိုသည့်ကိစ္စကို ဦးတည်သည်။
သူတို့ ၏ အသက်မွေးဝမ်းကျောင်းက စိုက်ပျိုးရေးပေါ်တွင် လုံးလုံးလျားလျား အခြေခံသည်။ အထူးသဖြင့် စပါး၊ ငရုပ်နှင့် အခြားသီးနှံ အချို့ဖြစ်သည်။ ရပ်ရွာအခြေပြုသည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကို စိတ်ဝင်စားကြောင်း သူတို့ကပြောသည်။ ခရီးသွားလုပ်ငန်းက ကျေးရွာအတွက် အခြားသော ဝင်ငွေလမ်းကြောင်းတခုအနေဖြင့် အလားအလာရှိသည်ဟု သူတို့က ယုံကြည်ကြသည်။ အခြားသော လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် ရွာများတွင် သူတို့မြင်တွေ့ရသည့် ဖွံ့ ဖြိုးတိုးတက်မှုမျိုးကို ဖော်ဆောင်ရန် သူတို့ စိတ်အားထက်သန်နေကြသည်။ စကားဝိုင်းတွင် နိုင်ငံရေးအကြောင်း မပြောဖြစ်သလောက်ပင်။
နောက်တနေ့မနက် ရောက်သည့်အခါ ကြက်တွန်သံများကြောင့် ကျနော် အိပ်ရာမှ နိုးလာသည်။ ကြက်ဖများက အတွန် ပြိုင်ပွဲလုပ် နေကြသလိုပင်။ ကျနော်၏ အိပ်ရာ(Sleeping bag) ထဲမှ ထွက်လိုက်သည်နှင့် ရန်းခူရွာလယ်တဝိုက်နှင့် ရွာတွင်းမှ အိမ်အမိုးများပေါ်တွင် စုရုံးနေကြသည့် တိမ်လွှာဖြူဖြူများကို တွေ့လိုက်ရသည်။ မကြာမီမှာပင် ရွာအတွင်းသို့ ထူထပ်သော တိမ်များ အလုံးအရင်းလိုက် ဝင် လာသည်ကို ကျနော်တို့အဖွဲ့ အံ့သြတကြီး မြင်တွေ့ကြရသည်။ တရွာလုံးနှင့် အနီးအနားမှ တောင်ထိပ်များမှာ တိမ်ပင်လယ်တခုအတွင်းတွင် နစ်မြုပ်သွားသည်။ တိမ်ပင်လယ်တွေကြောင့် ကျနော်လေထုထဲတွင် လွင့်မျောသွားသလိုမျိုး ခံစားလိုက်ရသည်။ ပတ်ဝန်းကျင် အခြေအနေက ကျနော့်ကို John Lennon ၏ Imagine သီချင်းမှ စာသားအချို့ကို ပြန်ပြီး သတိရမိစေ၏။
“နိဗ္ဗာန်ဘုံဆိုတာ မရှိဘူးလို့ စိတ်ကူးယဉ်ကြည့်လိုက်ပါ
မင်းကြိုးစားမယ်ဆိုရင် လွယ်ကူပါတယ်
ငါတို့အောက်မှာ ငရဲဆိုတာ မရှိဘူး
ငါတို့အထက်မှာ ကောင်းကင်ပဲ ရှိတယ်
လူတွေ အားလုံးက ဒီနေ့အတွက်ပဲ နေထိုင်နေတယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်ပါ။”
ထိုအခိုက်အတန့်အတွက် ထိုစာသားများက အလိုက်ဖက်ဆုံး ဖြစ်ပါသည်။ အထက်တွင် နိဗ္ဗာန်ဘုံမရှိသော၊ အောက်တွင် ငရဲမရှိသော နေရာတခုတွင် တိမ်ပင်လယ်တခုအတွင်း၌ လွင့်မျောနေရသော ကျနော်၏ ခံစားချက်ကို အတိုရှင်းဆုံး အထိရောက်ဆုံးဖော်ပြခြင်း ဖြစ်ပါသည်။
ထိုတောင်ထိပ်မှ ရွာထဲသို့ ငုံ့ကြည့်လိုက်မည်ဆိုလျှင် အလွန် အေးချမ်းငြိမ်သက်နေပါသည်။ “Imagine” ၏ ဆိုလိုချက်ကို ကျနော် မနေ့က ထိုရွာသို့ရောက်သည့် အချိန်မှ စတင်၍ သတိထားမိခဲ့သော တစုံတရာက အားဖြည့်ပေးနေသည်။ ရွာထဲတွင် မည်သည့် နိုင်ငံရေးပါတီ ရုံးမှ မရှိပါ။ လူကြိုက်များသော အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အလံများ သို့မဟုတ် ရုံးများ မရှိပါ။ အငြိမ်းစား ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မရှိပါ။ လုံးဝ မရှိပါ။ ထိုနေရာက တိုင်းပြည်၏ အခြားသော နေရာများနှင့် အလှမ်းကွာဝေးကြောင်း ဖော်ပြနေသည့် အသွင် ဖြစ်ပါသည်။
သို့သော် ကျေးရွာသားများက နိုင်ငံရေးကို စိတ်မဝင်စားကြဟု ဆိုလိုခြင်း မဟုတ်ပါ။ ရန်းခူစန်တာတွင် အခြားသော ကယန်းကျေးရွာများ၌ မြင်တွေ့နိုင်သည့် အတိုင်းပင် ဓာတ်ပုံအများအပြားကို ချိတ်ဆွဲထားပါသည်။ ထိုပုံများထဲတွင် အဓိ က ၃ ခုမှာ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ သူ၏ သမီးဖြစ်သူတိုင်းပြည်၏ လက်ရှိခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နှင့် ကွယ်လွန်သူ ကယန်းခေါင်းဆောင် ဦးရွှေအေးတို့ကို ဖြစ်ပြီး အစီအစဉ်အတိုင်း ချိတ်ဆွဲထားပါသည်။ အဆိုပါ ဓာတ်ပုံ ၃ ခုကို ကယန်းကျေးရွာအများစုတွင် မြင်တွေ့ရကြောင်း ကျနော့် မိတ်ဆွေက ပြောပြပါသည်။ ဆီးဘူးနှင့် ရန်းခူတွင် သမ္မတဟောင်း ဦးသိန်းစိန် သို့မဟုတ် လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကဲ့သို့သော ယခင်နှင့် ယခုစစ်ဘက်ခေါင်းဆောင်များ၏ ရုပ်ပုံများကို ကျနော် မမြင်တွေ့ခဲ့ရပါ။
တောင်ပေါ်မှ ပြန်ဆင်းလာသည့် လမ်းတွင် ကျနော်က တောင်များပေါ်တွင် ဘိန်းခင်းများရှိနေသေးသလားဟု မေးကြည့်မိပါသည်။ ကယန်းအမျိုးသားယာဉ်မောင်း “အခုတော့ ကျနော်တို့ဆီမှာ ဘိန်းခင်းတွေ အများကြီး ပိုနည်းသွားပါပြီ” ဟုဖြေသည်။
မြေလမ်းတလျှောက်တွင် မောင်းရင်း သူက ဒေသတွင်း ဟာသတခုကို ပြောပြသည်။ “ကျနော်တို့ ဒီမှာပြောလေ့ ပြောထ ရှိကြတယ်။” မုန့်ညင်းစေ့တွေစိုက်တာ ဘိန်းပင်တွေ ပေါက်လာတယ်၊ ဘာမှ မတတ်နိုင်ဘူး။” ထိုဟာသကို ကျနော်တို့ အားလုံးရယ်မောခဲ့ကြသည်။
ထိုခရီးစဉ်က မည်သို့ ဘယ်လိုပျော်စရာကောင်းပြီး ကြည်နူးဖွယ်ကောင်းကြောင်း ပြန်တွေးရင်း John Lennon က Imagine သီချင်းတွင် ရည်ညွှန်းခဲ့သော စိတ်ကူးယဉ်သူတယောက်လို ကျနော်ခံစားရသည်။ သီချင်းကို တကိုယ်ကြားညည်းရင်း ကျနော့်တိုင်းပြည် အကြောင်းနှင့် ယနေ့တိုင် တိုင်းပြည်တွင် ရင်ဆိုင်နေရဆဲ ဖြစ်သည့် ပြဿနာအများအပြားအကြောင်းကို တွေးနေမိသည်။
“တိုင်းပြည်တွေ မရှိဘူးလို့ စိတ်ကူးယဉ် ကြည့်လိုက်ပါ
အဲဒါလုပ်ဖို့ မခက်ပါဘူး။
အဲဒီအတွက် သတ်စရာ၊ သေစရာလည်း မရှိတော့ဘူး
ဘာသာရေးလည်း မရှိတော့ဘူး။
လူတွေအားလုံးက
ငြိမ်းချမ်းတဲ့ ဘဝမှာနေထိုင်ကြတယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်ပါ။
စိတ်ကူးယဉ်တဲ့သူတယောက်လို့ မင်းက ငါ့ကိုပြောကောင်းပြောမယ်။
ဒါပေမယ့် ငါတယောက်တည်း မဟုတ်ပါဘူး။
တနေ့မှာ မင်းလည်း ငါတို့နဲ့အတူ ပါဝင်ဖို့ ငါမျှော်လင့်ပါတယ်။”
(Kyaw Zwa Moe ၏ Imagining a Better World in a Kayan Mountain Village ကို ဘာသာပြန်ဆိုသည်။)