ဇီးခေါင်းချောင်း ရေပြင်သည် ငြိမ်သက်စွာစီးဆင်းနေပြီး ဝန်းကျင်တခုလုံးတွင်လည်း မြူနှင်းများ အုံ့ဆိုင်းနေသည်။ မနက် ၉ နာရီ ကျော်နေပြီ ဖြစ်သော်လည်း အအေးဓာတ်က အရှိန်ရနေဆဲပင်။
ထိုချောင်း၏ဘေးတွင် အသားညိုညို၊ ခန္ဓာကိုယ် ပိန်ပါးပါး အသက် ၃၀ အရွယ် အမျိုးသားတဦးမှာ ခြေဗလာဖြင့် ကမ်းစပ်က ရွှံ့ဗွက်များကို နင်းဖြတ်ပြီး လျှောက်သွားနေသည်။ နွမ်းဖတ်ညိုညစ်နေသည့် စွယ်တာ အင်္ကျီနှင့် ပုဆိုးတိုတို ဝတ်ဆင်ထားသည့် ယင်းအမျိုးသား၏ ဆံပင်များမှာလည်း ငှက်သိုက်သဖွယ် ရှုပ်ပွလိုနေသည်။
ထိုအမျိုးသားမှာ ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှ ကိုကျော်ကျော်နိုင် ဖြစ်ပြီး ရေတက်ချိန် ငါးဖမ်းရန်အတွက် အရုဏ်တက်ချိန် ကတည်းက ပိုက်လိုက်ချနေခြင်း ဖြစ်သည်။ တံငါသည် အချို့လှေဖြင့် ပိုက်ချနေသော်လည်း ကိုကျော်ကျော်နိုင်မှာ လှေမဝယ်နိုင်သဖြင့် လမ်းလျှောက်၍ ပိုက်ချနေခြင်း ဖြစ်သည်။
ငါးထောင်ရန် ပိုက်ချနေမှုကို အပြီးသတ်နေချိန်မှာပင် “ဂျိမ်း” ဆိုသည့် ကျယ်ကျယ်လောင်လောင် ပေါက်ကွဲသံတခု ကြားလိုက်ရသည်။ ထိုပေါက်ကွဲသံ လာရာဘက်သည် ၎င်း၏ ရွာဖြစ်သည့် သမီးလှရွာဘက်မှဖြစ်သည်။ တဆက်တည်းမှာ ပေါက်ကွဲသံများ၊ သေနတ် ပစ်ခတ်သံများ အဆက်မပြတ် ကြားလာရသည်။
“ပထမတော့ ပေါက်ကွဲသံတခုကြားရတော့ ဒီလိုပဲ ကြောက်လန့်ပြီး လက်နက်ကြီး ထုတယ်ထင်နေတာ။ နောက်တော့ လက်နက်သံတွေ အဆက်မပြတ် ကြားလာရတယ်။ ကျနော် ရွာဘက်ကို ကြည့်လိုက်တော့ ကျည်ဆံ သွားနေတာတွေကို မြင်ရတယ်။ ရွာထဲမှာ လက်နက်ကြီး ပေါက်ကွဲတာတွေ ကိုလည်း မြင်ရတော့ မဖြစ်တော့ဘူးဆိုပြီး ရွာကို ကျနော် ပြေးဝင်သွားတာ” ဟု ကိုကျော်ကျော်နိုင်က သမီးလှရွာသစ်၌ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို ပြန်ပြောပြသည်။
သူ၏ ဘဝ တလျှောက်တွင် မည်သည့်အခါမှ မကြုံဘူးသော အဖြစ်အပျက်ကို မြင်တွေ့လိုက်ရသည့်အတွက် တံငါ လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုနေသော ကိုကျော်ကျော်နိုင်မှာ မိမိအသက်ကို မငဲ့တော့ဘဲ မိသားစုအရေးကို တွေးပူလျှက် ရွာထဲသို့ပြေးဝင် သွားသည်ဟု ဆိုသည်။
“ရွာထဲကို ဒီလောက် ပစ်ခတ်နေတော့ ဝင်လို့ကော ရပါဦးမလားဆိုပြီး တွေးပူခဲ့တယ်။ ခေါင်းပေါ်က ကျည်ဆံတွေ ဝီ … ဝီနဲ့ ဖြတ်သွားတာကိုပဲ သိတယ်။ ကျနော့် အသက်ရော ရှင်ပါဦးမလားဆိုပြီးတောင် တွေးမိတယ်။ ကျနော် သေရင်လည်း သေပါစေ ဆိုပြီးတော့ ခေါင်းငုံ့ပြီး ပြေးတယ်” ဟု ကိုကျော်ကျော်နိုင်က သူ၏ တွေ့ကြုံခဲ့ရသည့် အခြေအနေကို ပြန်လည် ပြောပြသည်။
ရွာထဲသို့ ကျည်ဆံမိုးများ ရွာသွန်းနေသည့်ကြားက လဲကျလိုက်၊ ထပ်ပြေးလိုက်သည်နှင့် အိမ်နီးနားချင်း ရွာသားတဦးက ပြောဆိုသော သတင်းစကားကို ကြားလိုက်ရတော့ ကိုကျော်ကျော်နိုင်မှာ ခန္ဓာကိုယ်မှာ လဲပြိုသွားမတတ်ဖြစ်ကာ ရင်ထဲတွင် ဗလောင်ဆူသွားခဲ့ရ ပြန်သည်။
“အိမ်ဘေးနားက ရွာသားတယောက်က ကျော်ကျော်နိုင် မင်းအိမ်ချင်မ (အမျိုးသမီး) ကျည်ထိသွားပြီ ဆိုပြီး ကျနော်ကို ပြောတယ်။ ကျနော် အဲဒီ စကားကို ကြားလိုက်တော့ ရင်တွေပူလာတယ်။ မတ်တပ်ရပ်လို့တော့ မမြဲတော့ဘူး” ဟု ကိုကျော်ကျော်နိုင်က ရွာပစ်ခတ်ခံရမှု အချိန်က သူ၏မိသားစုဝင်များ အတွက် သောကရောက်ခဲ့ရပုံများကို ပြောပြသည်။
ကိုကျော်ကျော်နိုင် တယောက် သူ၏နေအိမ်ရှေ့ကို ရောက်သွားသည့်အခါ သွေးသံရဲရဲဖြင့် ဇနီးသည်၏ ရင်ခွင်ထဲတွင် သားလေး မောင်နိုင်စိုးမှာ သတိလစ်နေသည်ကိုသာ တွေ့လိုက်ရပါ တော့သည်။
“အမျိုးသမီးက ကျနော့်ကိုနာမည်ကို ခေါ်ပြီးတော့ ကချေ (ကလေး) ကျည်ဆံထိသွားပြီလို့ ငိုပြီး ပြောတယ်။ အဲဒီ အချိန်မှာ ကျနော် အသဲတွေ မရှိသလိုပဲ ခံစားရတယ်” ဟု ကိုကျော်ကျော်နိုင်က လက်နက်ကြီး ကျည်ဆံ ထိမှန်ပြီး သတိလစ်နေသည့် သားအား တွေ့ရှိခဲ့စဉ်က ခံစားခဲ့ရပုံကို ပြောပြသည်။
ထိုအချိန်တွင် သမီးလှရွာသစ်၌ ကျည်ဆံများသည် မိုးရွာသကဲ့သို့ အဆက်မပြတ် ကျရောက်နေသဖြင့် ရွာသားများမှာ ခေါင်းဖော်ချိန်ပင် မရတော့ဘဲ၊ နေအိမ်အောက်၌ ပြားပြားဝပ်လျှက် နေခဲ့ကြရသည်ဟုလည်း ရွာသားများက ပြောသည်။
ပစ်ခတ် ပေါက်ကွဲသံများ တိတ်သည်နှင့် တပ်မတော်သားများသည် ရွာသားများနေအိမ်ရှေ့သို့ ရောက်ရှိလာကြပြီး ရွာသားများကို နေအိမ်ထဲမှ တယောက်မကျန် ထွက်လာကြရန် ခေါ်ထုတ်ပြီး ရွာ၏ အနောက်ဘက်တွင် ရှိသည့် စာသင်ကျောင်းတွင် တရွာလုံးကို စုထားခဲ့သည်ဟု ရွာသားများက ဆိုသည်။
“သေနတ်ပစ်သံ ရပ်တာနဲ့ စစ်သားတွေ ရွာထဲကို ဝင်လာပြီးတော့ ရွာသားတွေ ဘယ်ရောက်သွားတာလဲ၊ အကုန်လုံး ထွက်လာခဲ့၊ မထွက်ရင် ပစ်သတ်မယ်။ အိမ်ကိုပါ မီးရှို့ ပစ်မယ်ဆိုပြီး ခေါ်ထုတ်ပါတယ်။ ကျမတို့ နားထင်ကို သေနတ်ပြောင်းတွေနဲ့ တေ့ထားပြီး စာသင်ကျောင်းကို ခေါ်ပါတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ သမီးလှကျေးရွာနေ မနွယ်နွယ်ဦးက ဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်း မီဒီယာများကို ဖွင့်ဟပြောကြားသည်။
သားလေး မောင်နိုင်စိုးဦး ခေါင်းပေါ်တွင် လက်နက်ကြီးကျည်အစ ထိမှန်ထားဖြင့် ကိုကျောက်ကျော်သည် မည်သို့ လုပ်ကိုင်ရမှန်း မသိ။ ရင်ထဲတွင် ဗလောင်ဆူပြီး ပျာယာခတ်နေသောအချိန် တပ်မတော်သားများ နေအိမ်ရှေ့သို့ ရောက်ရှိလာကြသည်။
“စစ်သားတွေက တယောက်မကျန် ထွက်လာခဲ့ဆိုပြီး ခေါ်ထုတ်လာပါတယ်။ ကျနော်က ဒဏ်ရာနဲ့ သတိလစ်နေတဲ့ သားကို ပွေ့ပြီး ထွက်သွားပြီးတော့ ကလေး ကျည်ဆံမှန်သွားတယ်ဆိုတာ ပြတော့ စစ်သားတွေက ဆေးထည့်လိုက်ရင် ကောင်းသွား မှာပါ။ ဘာမှ မစိုးရိမ်နဲ့၊ ခင်ဗျားတို့ ဒီမှာနေရာဆို မလုံခြုံဘူး။ စာသင်ကျောင်းမှာ အားလုံး သွားကြဆိုပြီး ခိုင်းပါတယ်” ဟု ကိုကျော်ကျော်နိုင်က ပြန်ပြောပြသည်။
မောင်နိုင်စိုး ရရှိထေားသော ဦးခေါင်းဒဏ်ရာ ပြင်းထန်လွန်းဖြင့် သတိမေ့မျောနေသည်။ မိသားစုဝင်များ ငိုကြွေးနေသည်ကို ကျေးရွာသားများက မကြည့်ရက်တော့သည့်အတွက် စာသင်ကျောင်းထဲတွင် ရှိသော တပ်မတော်သားများ ထံသို့ ဆေးရုံတင်ခွင့် ပြုရန် ဝိုင်းဝန်း တောင်းပန်ကြသည်ဟု ကျေးရွာသားများက ဆိုသည်။
ယင်းနောက် တပ်မတော်သားများက အဆင့်ဆင့်သတင်းပို့ကာ မောင်နိုင်စိုးကို ရသေ့တောင်ဆေးရုံသို့ သွားရောက်ကုသခွင့်ကို ရရှိခဲ့ကြောင်းလည်း ရွာသားများက ဆိုသည်။
သို့သော်လည်း မိဘနှစ်ပါးက လွဲပြီး မည်သူ့မှ လိုက်ပါခွင့်မပြုကြောင်း တပ်မတော်သား များက ကန့်သတ်ထားပြန်သည် ဟုလည်း သိရသည်။
“သူတို့ (တပ်) က လူနှစ်ဦးပဲ လိုက်ရမယ်ဆိုတော့ ကျနော့်မိန်မက နို့စို့ကလေးရှိနေတော့ လူနာကို ထမ်းဖို့နဲ့ လိုအပ်တာတွေကို လုပ်ကိုင်ပေးဖို့ အဆင်မပြေဘူး။ အဲဒါနဲ့ သူ့နေရာမှာ ရွာသားတယောက်ကို အစားထိုးခေါ်ပြီးတော့ ရသေ့တောင်ဆေးရုံသို့ စက်လှေနဲ့ ဆင်းလာခဲ့ရတာပါ” ဟု ကိုကျော်ကျော်နိုင်က ပြောပြသည်။
မောင်နိုင်စိုးအတွက် ဆေးရုံတင်ခွင့်ရသည့် အချိန်သည် မွန်းလွဲ ၁ နာရီပင် ထိုးနေပြီ ဖြစ်သည်။
ရသေ့တောင် ဆေးရုံကို သယ်ယူခွင့် ရရှိခဲ့သော်လည်း ခရီးလမ်းမှာ ချောမောခဲ့သည့် အခြေအနေတော့ မဟုတ်ပေ။ လမ်းတွင် အဆင့်ဆင့် စစ်ဆေး မေးမြန်းခြင်းကို ခံခဲ့ရသည်ဟု ဖခင်ဖြစ်သူ ကိုကျော်ကျော်နိုင်က ရှင်းပြသည်။
ညနေ ၃ နာရီ ကျော်အချိန်တွင် မောင်နိုင်စိုးသည် ရသေ့တောင် ဆေးရုံသို့ ရောက်ရှိခဲ့ပြီး သတိပြန်လည် ရရှိလာခဲ့သည်။ သို့သော်လည်း ကလေး ရရှိထားသည့် ဦးခေါင်းဒဏ်ရာမှာ ပြင်းထန်ပြီး စိုးရိမ်ရသည့် အခြေအနေကြောင့် ရသေ့တောင်ဆေးရုံမှ တဆင့် စစ်တွေဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်ခဲ့ရသည်။
ယင်းနေ့ ညနေ ၈ နာရီကျော်အချိန်တွင် စစ်တွေ ဆေးရုံသို့ ရောက်ရှိကာ မောင်နိုင်စိုး၏ ဒဏ်ရာကို ဆေးဝါးကုသမှုများ လုပ်ဆောင်ခဲ့သည်။ စစ်တွေဆေးရုံတွင် အရပ်ဖက် အဖွဲ့အစည်းများက ဂရုဏာသက်ကာ လာရောက် ထောက်ပံ့မှုနှင့်အတူ အားပေးစကားများ ပြောဆိုကြသည့်အတွက် ဖခင်ဖြစ်သူ ကိုကျော်ကျော်နိုင်သည် အနည်းငယ် စိတ်ဖြေသာမှု ရရှိခဲ့သည်။
ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းတွင်မူ သားကလေး၏ ကျန်းမာရေး အခြေအနေမှာ ကိုကျော်ကျော်နိုင် မျှော်လင့်ထားသလို ဖြစ်မလာ တော့ပေ။ သားကလေး မောင်နိုင်စိုးတယောက် လူနာကုတင်ပေါ်တွင် တချက်တချက် လူးလွန့်ပြီး ဝေဒနာကို ခံစား နေရသည်။
မောင်နိုင်စိုး၏ ဦးခေါင်းဒဏ်ရာအား ဓာတ်မှန်ရိုက်ချက်အရ ဦးနှောက်သွေးကြောများ ယိုစိမ့်နေသည်ဟု ယူဆရသဖြင့် ရန်ကုန်ဆေးရုံသို့ ပြောင်းရွှေ့ကုသရန် တာဝန်ကျ ဆရာဝန်များက လာရောက် ပြောကြားလာကြောင်းလည်း ကိုကျော်ကျော်နိုင်က ပြန်ပြောပြသည်။
ထိုနေ့ည ၈ နာရီကျော် အချိန်တွင်တော့ သမီးလှရွာသား မောင်နိုင်စိုးတယောက် စစ်တွေမှ ရန်ကုန်သို့အသွား ကျောက်တော်မြို့အနီးသို့ အရောက် လူနာတင်ကားပေါ်၌ ဘဝတပါးသို့ ကူးပြောင်းသွားခဲ့ရ လေသည်။
ဖခင် ဖြစ်သူ ကိုကျော်ကျော်နိုင်တယောက် သေဆုံးသွားသည့် သားကလေး မောင်နိုင်စိုးကို ဖက်လျှက် တယောက်တည်း ကြိတ်ငိုရုံမှတပါး မတတ်နိုင်တော့ပေ။
ရသေ့တောင်မြို့နယ် သမီးလှရွာသစ် ကျေးရွာအနီးတွင် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက တပ်မတော် စစ်ကြောင်း ဖြတ်သွားစဉ် မိုင်းခွဲတိုက်ခိုက် ခံခဲ့ရကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုကို ရွာသားများ လုပ်သည်ဆိုသည့် မသင်္ကာမှုဖြင့် ရွာထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တပ်မတော်က ပစ်ခတ်ခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။
ယင်းအပြင် ကျေးရွာသားများကို တယောက်မကျန် ရွာအနောက်ရှိ စာသင်ကျောင်းထဲသို့ စုရုံးခေါ်ယူကာ တပ်မတော်သားများ နေအိမ်ပေါ်သို့ ဝင်မွှေပြီး ရပ်သူရွာသားများ ပိုင်ဆိုင်သည့် ရွှေ၊ ငွေနှင့် ပစ္စည်းများကို ယူဆောင်သွားခဲ့သည် ဟုလည်း ကျေးရွာသားများက ဝိုင်းဝန်း ပြောကြားသည်။
သမီးလှရွာသစ် ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဝဏ္ဏသီရိကလည်း တရွာလုံးကို အနောက်ဘက်ရှိ စာသင်ကျောင်းဆောင်သို့ ခေါ်ယူလျှက် အိမ်ပေါ်တက်မွှေကာ ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း ဧရာဝတီသို့ ပြောပြသည်။
ရွာသားများ နေအိမ်ပေါ်တွင် တက်မွှေသွားသည့် တပ်မတော်သားများမှာ မိုင်းခွဲတိုက်ခိုက်ခံရသည့် တပ်မတော် စစ်ကြောင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ရွာသားများက ဆိုကြသည်။
“ရွာသားတွေကို ရွာအနောက်ဘက်မှာ ရှိတဲ့ စာသင်ကျောင်းမှာ စုထားပြီးတော့ လူမရှိတဲ့အချိန် အိမ်ပေါ်က ပစ္စည်းတွေ ယူသွားတာက တကြိမ်ပါ။ နောက် နယ်ခြားစောင့်ရဲနဲ့ တပ်မတော်သားတွေ လာပြီး ဝင်မွှေတာက တကြိမ်။ နှစ်ကြိမ် အိမ်ပေါ်ကို တက်မွှေတာ။ ပစ္စည်းယူသွားတာက ပထမတကြိမ် ဝင်မွှေတဲ့ တပ်က ယူသွားတာပါ” ဟု သမီးလှရွာသစ် ကျောင်းထိုင် ဆရာတော် ဦးဝဏ္ဏသီရိကလည်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး မိန့်သည်။
ယင်းသို့ ရွာသားများ ပိုင်ဆိုင်သည့် ပစ္စည်းများကို တပ်မတော်က ယူဆောင်သွားခဲ့သည် ဆိုသည့် သတင်းစကားကြောင့် ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်အမတ် ဦးဦးသန်းနိုင်နှင့် ဒေသခံ အရပ်ဖက် လူမှုအဖွဲ့အစည်းများသည် ဇန်နဝါရီလ ၂၇ ရက်နေ့က ထိုသမီးလှရွာသစ်သို့ သွားရောက်ကာ ကွင်းဆင်းလေ့လာခဲ့ပြီး ရွာသားများ ဆုံးရှုံး သွားသည့် ပစ္စည်းများကို စာရင်းပြုစု လာခဲ့ကြောင်းလည်း သိရသည်။
တပ်မတော်က ယင်းသို့ ပစ္စည်းများကို ယူဆောင်သွားသည့်အတွက် ရွာသားများ၏ ဆုံးရှုံမှု တန်ဖိုးမှာ ကျပ်သိန်း ၁၅၀ မှ သိန်း ၂၀၀ အကြားတွင် ရှိကြောင်း ၎င်းကျေးရွာသို့ ကိုယ်တိုင် ကွင်းဆင်း လေ့လာခဲ့သူ ရသေ့တောင်ဒေသခံ ပြည်နယ် လွှတ်တော်အမတ် ဦးဦးသန်းနိုင်က ပြောသည်။
“ရွာသားတွေကို ကျောင်းထဲမှာထည့်ပြီး အပြင်ကနေ ဝိုင်းထားတာပေါ့။ အဲဒီအချိန်မှာ သူတို့ (တပ်) က ရွာထဲကိုဝင်ပြီး သေနတ်ဒင်နဲ့ သေတ္တာတွေကို ရိုက်ဖွင့်တယ်။ ရှိသမျှကို ယူတာပါပဲ။ ခန့်မှန်းခြေ ကတော့ ရွှေရောငွေပါဆိုရင် သိန်း ၁၅၀ နဲ့ သိန်း ၂၀၀ ကြားလောက် တော့ရှိတယ်” ဟု ပြည်နယ်လွှတ်တော်အမတ် ဦးဦးသန်းနိုင်ကို သမီးလှရွာသစ် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇန်နဝါရီလ ၂၈ ရက်နေ့က ဆက် သွယ်မေးမြန်းစဉ် ၎င်းတွေ့ရှိချက်ကို ပြောဆိုသည်။
သမီးလှရွာသစ် ကျေးရွာသားများသည် တပ်မတော်၏ စစ်ဆေးမေးမြန်းခြင်းကို ခံရသဖြင့် ထိုနေ့ တနေ့လုံး ထမင်းမစားရဘဲ၊ စာသင်ကျောင်းထဲတွင် မနက်ပိုင်း ၉ နာရီကျော် အချိန်မှနေ၍ ညနေ ၇ ကျော်အထိ အစစ်ခံခဲ့ရကြောင်း ရွာသားများက ပြောသည်။
သို့သော်လည်း ထိုရွာသားများ၏ ပြောကြားချက်အပေါ် တပ်မတော်ဘက်က ငြင်းဆိုထားပြီး ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရသေ့တောင်မြို့နယ် သမီးလှရွာသစ် ဖြစ်စဉ်နှင့် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အုန်းချောင်း ကျေးရွာ ဖြစ်စဉ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ကျေးရွာရှိ ရပ်မိ၊ ရပ်ဖများနှင့် ပူးပေါင်း၍ ဝင်ရောက် စစ်ဆေးခြင်းသာ ဖြစ်သည်ဟု သတင်း ထုတ်ပြန်ထားသည်။
ထိုသို့ စစ်ဆေးခဲ့ရာတွင်လည်း အဖိုးတန်၊ လက်ဝတ်ရတနာများနှင့် ပစ္စည်းများ ယူဆောင်မှုနှင့် ပစ္စည်းများ ပျောက်ဆုံးမှု ရှိမရှိကို ရွာသားများအား ပြန်လည်စစ်ဆေးစေ၍ စုံလင်မှုရှိကြောင်းကို ကျေးရွာရပ်မိရပ်ဖများ ရှေ့၌ စနစ်တကျ လက်မှတ်ရေးထိုး ခြင်းများကို ဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
ယင်းအပြင် ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင်များသည် ဒေသခံ ပြည်သူများအသွင်ဖြင့် ဝင်ရောက်ပုံဖျက် လှုပ်ရှားကာ တပ်မတော် စစ်ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းလည်း တပ်မတော်ဘက်က သတင်း ထုတ်ပြန်ထားသည်။
ဒေသခံ ကျေးရွာသားများကမူ တပ်မတော် သတင်းထုတ်ပြန်ချက်အပေါ် လက်မခံပေ။ ဇန်နဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော သမီးလှရွာသစ် ဖြစ်စဉ်တွင် တပ်မတော်နှင့် AA တို့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ မရှိကြောင်းလည်း ရွာသားများက ဆိုသည်။
“အဲဒီနေ့က နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တာ မရှိဘူး၊ ရွာနားမှာ ဗုံးခွဲခံရတဲ့အတွက် ရွာကို အငြိုးနဲ့ ကျည်မိုး ရွာသွားတာပါ” ဟု ဆရာတာ် ဦးဝဏ္ဏသီရိက မိန့်ကြားသည်။
သမီးလှရွာသစ် ဖြစ်စဉ်တွင် ကိုမောင်ဝင်းလှိုင်နှင့် ကိုညီပုချေတို့ ရွာသား ၂ ဦးမှာ စစ်ဆေးမေးမြန်းခြင်း ခံရစဉ် ရိုက်နှက်ခံခဲ့ရပြီး အမျိုးသမီး ၂ ဦးနှင့် ကလေးငယ်တဦး၊ စုစုပေါင်း ရွာသား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို ၅ ဦးထဲတွင် အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးမှာ ဦးခေါင်းညာဘက်ခြမ်းတွင် လက်နက်ကြီးအစ ထိမှန်သည့် ဒဏ်ရာဖြင့် စစ်တွေဆေးရုံမှနေ၍ ရန်ကုန်သို့ ကားဖြင့် သယ်ယူရန် ကျောက်တော်မြို့အနီး အရောက် ကားပေါ်၌ ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် သေဆုံသွားခဲ့သည်။
ဇန်နဝါရီလ ၃၀ ရက်နေ့တွင် မောင်နိုင်စိုး၏ ရုပ်အလောင်းကို ၎င်းမွေးဖွားရာ သမီးလှရွာ၌ သြင်္ဂိုဟ်ခဲ့သည်။
ထိုကလေး သေဆုံးမှုနှင့် ပတ်သက်ပြီး ပြည်နယ် အစိုးရအဖွဲ့နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာတို့က ကျပ်ငွေ ၄ သိန်းခွဲအား ဇန်နဝါရီလ ၃၁ ရက်နေ့က ရသေ့တောင်ထွေအုပ်မှ တဆင့် ထောက်ပံ့ပေးခဲ့သော်လည်း မိဘနှစ်ပါးက စိတ်မသန့်သည့်အတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လက်မခံဘဲ ပြန်ပေးခဲ့သည်။
“ငွေကို ယူလာကတည်းက ကျနော် စိတ်မချမ်းသာဘူး။ ကျနော်က ပြည်သူတယောက်၊ သူတို့က အစိုးရဖြစ်နေတော့ မယူရင် ဖမ်းချုပ် ထားမှာကိုလည်း ကြောက်တယ်။ ကျနော် အတွေ့အကြုံလည်း မရှိဘူး။ စာအိတ် နှစ်အိတ်နဲ့ ထည့်ပြီး ပေးတာ။ အဲဒီစာအိတ်အတိုင်း ပြန်သွားပေးလိုက်တယ်” ဟု ကိုကျော်ကျော်နိုင်က ဧရာဝတီသို့ ပြောသည်။
ရသေ့တောင်မြို့နယ် သမီးလှရွာသစ်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အဖြစ်မှန်ကို စုံစမ်း ဖော်ထုတ်ပေးရန် တောင်းဆိုသွားမည် ဖြစ်သလို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်ကလည်း လာမည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မေးခွန်းများ မေးမြန်းသွားမည်ဟု ဆိုသည်။
စစ်တွေမြို့ ပြည်သူ့ဆေးရုံဘေးနားတွင် ကပ်လျှက်ရှိသည့် နာရေးရုံးတွင် ဇန်နဝါရီလ ၂၉ ရက်နေ့ မနက်ပိုင်း ဝေလီဝေလင်း အချိန်ကတည်းက လူများ ပြည့်နှက်နေသည်။ မောင်နိုင်စိုး၏ ရုပ်အလောင်း ဘေးတွင် ထိုင်လျှက် ဆို့နှင့်ကြေကွဲနေသော ကိုကျော်ကျော်နိုင်အား လာရောက် သူများက နှစ်သိမ့်ကြသည်။
ကိုကျော်ကျော်နိုင်သည် ထိုနေ့ရက်က ငါးရှာရန် ဇီးခေါင်းချောင်းထဲသို့ မသွားမီ သူ့သားလတ် မောင်နိုင်စိုး တယောက် အငယ်ဆုံး ညီမလေးကို ပွေ့ချီထားသော အစ်ကိုဖြစ်သူနှင့် မီးဖိုဘေးတွင် ဆော့ကစား နေသည့် မြင်ကွင်းကို မြင်ယောင်နေသည်။
“ကျနော်က ငါးရှာတယ်။ ကျနော့် အမျိုးသမီးက အုန်း (ဓနိ) အငှားထိုးပြီး တနေ့စာတနေ့ ရှာစားနေသူတွေပါ။ ကျနော့် မိသားစုမှာ ဘာအပြစ်ရှိလို့လဲ” ဟု ကိုကျော်ကျော်နိုင်က စစ်တွေ နာရေးရုံးတွင် သားကလေး ရုပ်အလောင်းကိုကြည့်ရင်း ရင်ထဲက အပူမီး တောက်လောင်နေသည့် တပိုင်းတစကို ဖွင့်ဟသည်။
ထိုနေ့မွန်းလွဲပိုင်းတွင် မောင်နိုင်စိုး ရုပ်အလောင်အား စစ်တွေမှနေ၍ နာရေးကားဖြင့် ၎င်းမွေးဖွားရာ သမီးလှရွာသစ်သို့ သယ်ယူခဲ့ရာ မိခင်ဖြစ်သူ မဘုမ တယောက် ယင်းအချိန်အထိ သူ၏ သားကလေး သေဆုံးသည်ကို မသိရှိပေ။
မိခင်ဖြစ်သူ မဘုမ တယောက် မျှော်လင့်ချက်များစွာဖြင့် သားကလေး မောင်နိုင်စိုး၏ သတင်းကို နားစွင့်နေခဲ့သော်လည်း ရွာသားများ ဝိုင်းအုံပြီး ရုပ်အလောင်း သယ်လာသည်ကိုသာ မြင်တွေ့လိုက်ရသည့်အတွက် အရုပ်ကြိုးပြတ် လဲကျသွားခဲ့သည်။
“ကလေး ဆေးရုံတက်တဲ့ အချိန် တရွာလုံး ဖုန်းအသိမ်းခံရတဲ့အတွက် သူ့အမေကို ဖုန်းမဆက်ခဲ့ရဘူး။ ကလေးဆုံးတဲ့ အချိန်မှာလည်း ကလေးဆုံးတာကို သူသိသွားရင် စိတ်ထိခိုက်ပြီး တခုခု ဖြစ်မှာ စိုးလို့ ကျနော် မပြောဘူး” ဟု ကိုကျော်ကျော်နိုင်က ရှင်းပြသည်။
ကိုကျော်ကျော်နိုင်တယောက် ထောင်ထားသည့် ပိုက်များကို ယနေ့အထိ မဖြုတ်သိမ်းနိုင်သေး။